Breaking News

လေးလေး - ဦးလှရဲ့ စိတ္တဇပုံပြင်များ

လေးလေး - ဦးလှရဲ့ စိတ္တဇပုံပြင်များ

မိုးမခ ၊ ဇန်နဝါရီ ၅ ၊ ၂၀၂၆


လူထုဦးလှဟာ ပြောစမှတ်ပြုလောက်အောင် ပုံပြင်ထောင်ပေါင်းများစွာ စုစည်းရေးသား ထုတ်ဝေခဲ့တဲ့ စာရေးဆရာ၊ သတင်းစာဆရာတယောက်၊ အားလုံး အသိ၊ ဒါပေမဲ့ အဲဒီလိုမျိုး ပုံပြင်တွေထောင်နဲ့ ချီစုဆောင်း ရေး သားတင်ဆက်ခဲ့သလိုမျိုး အပြင်မှာလည်း ပုံပြောကောင်းသူတယောက်၊ ပုံပြင် အရေးကောင်းသူတယောက် ဆိုတာတော့ သိသူ နည်းပေလိမ့်မယ်။ လူထုဦးလှနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့သူ စာရေးဆရာတွေက ပြန်ရေးပြ၊ ပြောပြမှ သိနိုင်လောက်တာမျိုး။

လူထုသတင်းစာမှာ ပေါ့ပေါ့ပါးပါး ဆိုပြီး ဦးလှ ဒိုင်ခံရေးခဲ့တဲ့ သောင်းပြောင်းထွေလာ ရေးချင်ရာရာ စာတွေ အတော်လေး ဖတ်ဖူး၊ မှတ်ဖူးထားမှ ဦးလှဟာ အပြင်မှာလည်း ပုံပြောကောင်းသူပါလား ဆိုတာ ရိပ်စားမိနိုင်ကြမှာပါ။ အချီးတွေ များသွားပြီ။ ၁၉၅၃ ခုနှစ်၊ ဖဆပလ အစိုးရလက်ထက်မှာ ဦးလှ ထောင်သုံးနှစ်ကျပြီး ပြန်လွတ်လာတော့ ရန်ကုန်မှာရှိတဲ့ သူ့မိတ်ဆွေတွေက ဧည့်ခံပွဲတခု လုပ်တယ်။ အဲဒီပွဲမှာ ဦးလှက သူ့ထောင်အတွေ့အကြုံတွေကို ပြောပြရင်း ပုံပြင်တခုခုလို ပြောခဲ့တယ်။

“တခါတုန်းက တက္ကသိုလ်က စိတ်ပညာကျောင်းသားတချို့ စိတ္တဇဆေးရုံကို သွားပြီး လက်တွေ့သင်တန်းဆင်းကြ တယ်။ ဟိုရောက်တော့ သူတို့ကို စိတ္တဇဆေးရုံက တာဝန်ကျတဲ့ လူတယောက်က စိတ်ရောဂါသည်တွေကို လိုက်ပြတယ်။ သူကဖြင့် မယားတရူး ရူးနေတဲ့သူ၊ သူက ဥစ္စာရူး ရူးနေတဲ့သူ၊ သူကတော့ ဘဝင်မြင့်ပြီး ရူးနေတဲ့သူ၊ သူကတော့ ဂီတရူး ရူးနေတဲ့သူ၊သူကတော့ ရုပ်ရှင်မင်းသားရူး ရူးနေတဲ့လူ စသဖြင့် စိတ်ရောဂါသည်တွေကို တခန်းပြီး တခန်း လိုက်ပြတယ်။ ကျောင်းသားတွေ ကျောင်းသူတွေကလည်း မှတ်စုစာအုပ်ကလေးတွေကို ဖွင့်ပြီး လိုက်မှတ်ကြတယ်။ မေးချင်တာ၊ သိချင်တာတွေကို မေးကြတယ်။ တာဝန်ကျတဲ့လူကလည်း သူတို့မေးသမျှ စိတ်ရှည်ရှည်နဲ့ ရေလည်ပတ်လည် ရှင်းပြတယ်။ ဒါနဲ့ ကျောင်းသားကျောင်းသူတွေလည်း ရေးမှတ်စရာရှိတာကို ရေးမှတ်၊ ကြည့်စရာရှိတာတွေကိုကြည့်ပြီး ပြန်ခါနီးတော့ သူက အပေါက်ဝကို လိုက်ပို့တယ်။ ကျောင်းသားကျောင်းသူတွေကလည်း ကျေးဇူးတင်စကား ပြောကြားပြီး နှုတ်ဆက်ကြတယ်။ ဒီတင် ကျောင်းသားတယောက်က ခုလို ကျနော်တို့ကို စိတ်ရှည်လက်ရှည် လိုက်ပြပြီး ရှင်းပြလို့ ကျေးဇူးတင်ပါတယ်။ နောင်ကြီးရဲ့ နာမည်လေးကိုလည်း ကျနော်တို့ တဆိတ် သိပါရစေလို့ ပြောတယ်။ ဒီတော့ အဲဒီလူက ရင်ကို ကော့ပြီး ကျနော်က ပြင်သစ်ဧကရာဇ် နပိုလီယန်ပါလို့ ပြောသတဲ့။”

ဒီအကြောင်း ပြန်ပြောင်းရေးပြခဲ့တဲ့ မြသန်းတင့်က “သူ စကားပြောပုံက လေသံအေးအေး၊ သို့ရာတွင် ပျင်းစရာ မကောင်း၊ ဦးလှသည် စင်မြင့်တွင် စကားပြောလျှင် ပရိသတ်ကို အထက်စီးကြီးဖြင့်လည်း မပြော၊ အောက်ကျို့၍လည်း မပြော၊ နှစ်ယောက်တည်း စကားပြောသကဲ့သို့ ခင်မင်ရင်းနှီးစွာ ပြောသည်”လို့ မှတ်တမ်းဖွဲ့ ရေးခဲ့တာ ဖတ်ရတယ်။

ဦးလှ ပြောတဲ့ စိတ်ပညာပုံပြင်ကတော့ ဒီလို။

ကုမ္ပဏီပိုင်ရှင်သူဌေးက သူ့အတွင်းရေးမှူး ခန့်ဖို့ စိတ်ပညာရှင်တယောက်ကို ရွေးစေတယ်။ အလုပ်လာလျှောကတဲ့ မိန်းကလေး သုံးယောက်ကို စိတ်ပညာရှင်က မေးခွန်းတခုပဲ မေးတယ်။ နှစ်နဲ့ နှစ်နဲ့ဆို ဘာဖြစ်နိုင်မလဲ။ ပထမမိန်းကလေး ကလေးလို့ ခပ်သွက်သွက် ဖြေတဘ်။ ဒုတိယက နှစ်ဆယ့်နှစ် ဖြစ်နိုင်တယ်လို့ ဖြေတယ်။ တတိယမိန်းကလေးကကျတော့ ”နှစ်ဆယ့်နှစ်လည်း ဖြစ်နိုင်တယ်၊ လေးလည်း ဖြစ်နိုင်ပါတယ်လို့ ဖြေတယ်။ စိတ်ပညာရှင်က စိတ်ပညာဆိုတာ ဒါပဲ။

ပထမလူ ဖြေတာမျိုးက သူငယ်တန်းကျောင်းသူလည်း ဖြေနိုင်တာပဲ၊ ဒုတိယတယောက်ကျ ပါးပါးနပ်နပ်၊ ရိုးရိုးဆိုလေးပေါ့၊ ဒါ မေးတာဖြစ်မယ် ဆိုပြီး ဖြေသွားတာ၊ တတိယက သတိအလွန်ထားပြီး မလွတ်အောင် ဖြေသွားတယ်။ သူဌေးက ဘယ်မိန်းကလေးကို သဘောကျပါသလဲ။

သူဌေးမှာ အဖြေရှိပြီးသား…

“ကိုယ်လုံးကိုယ်ပေါက် ကောင်းကောင်း အချောဆုံး မိန်းကလေးကို ရွေးလိုက်ပါ”

စာကိုး။ ။ ဦးလှ လျှောက်ခဲ့သောလမ်း (မြသန်းတင့်)

-သောင်းပြောင်းထွေလာ ရေးချင်ရာရာ (၂) ဦးလှ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar