Breaking News

နှစ်စဥ် လုပ်နေကျအတိုင်း ကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ မာဒူရို ဖမ်းဆီးခံရတဲ့ အဖြစ်နဲ့ ခေတ်သစ်ကိုလိုနီစနစ်ရဲ့ မျက်နှာဖုံးတချပ် ကွာကျခြင်း


မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၄ မြင်ကွင်း

မိုးမခ၊ ဇန်နဝါရီ ၅၊ ၂၀၂၆

 

နှစ်စဥ် လုပ်နေကျအတိုင်း ကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ မာဒူရို ဖမ်းဆီးခံရတဲ့ အဖြစ်နဲ့ ခေတ်သစ်ကိုလိုနီစနစ်ရဲ့ မျက်နှာဖုံးတချပ် ကွာကျခြင်း 

နှစ်စဥ် လွတ်လပ်ရေးနေ့ သင်္ကြန်နှစ်ဆန်း ၁ ရက်နေ့တို့လို နေ့ရက်တွေမှာ အုပ်ချုပ်တဲ့ အစိုးရတွေရဲ့ လုပ်နေကျ အကျဥ်းသား ပြစ်ဒဏ် လျှော့ပေါ့ လွတ်ငြိမ်းခွင့်ကို ဒီနှစ် လွတ်လပ်ရေးနေ့မှာလည်း အာဏာသိမ်းစစ်အစိုးရက ကြေညာခဲ့ပါတယ်။ အကျဥ်းသား ၆၁၀၀ ကျော် ကို ပြစ်ဒဏ်လျော့ပေါ့ကာ လွတ်ငြိမ်းခွင့်ပေးတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ လွတ်ငြိမ်းခွင့်ပေးတဲ့နေ့မှာ လွတ်မြောက်မယ် ဆိုတဲ့ ပြစ်ဒဏ်ကျ အကျဥ်းသားတွေထဲမှာ လူသတ်မှု၊ မုဒိမ်းမှု၊ မတရားအသင်းဆက်သွယ်မှု၊ အဂတိလိုက်စားမှု၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အပြစ်ပေးခံရသူ၊ လက်နက်နဲ့ ပေါက်ကွဲစေတတ်သော ပစ္စည်းဆိုင်ရာ ဥပဒေတွေအရ ပြစ်ဒဏ်ချမှတ်ခံရသူ၊ မူးယစ်ဆေးဝါး ပုဒ်မတွေနဲ့ ပြစ်ဒဏ်ပေးခံရသူ၊ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေနဲ့ အပြစ်ပေးခံရသူတွေ မပါဝင်ဘူးလို့လည်း ဖေါ်ပြထားတာ တွေ့ရပါတယ်။

 ဒီလို ကန့်သတ်ချက်တွေက ယခင် ကြေညာတဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေမှာ ပါဝင်နေတာမို့ ထူးခြားတာတော့ မဟုတ်ပါဘူး။ လက်နက်နဲ့ ဆန့်ကျင်တိုက်ခိုက်တဲ့ သူတွေ၊ မတရားသင်းနဲ့ ဆက်သွယ်မှုကြောင့် ပြစ်ဒဏ်ပေးခံရသူတွေ၊ လူသတ်မှုနဲ့ ပြစ်ဒဏ်ပေးခံရသူတွေ မပါဝင်အောင် ချွင်းချက်ထည့်သွင်းခြင်းဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်း စစ်အာဏာသိမ်းမှုကို လက်နက်ကိုင် ဆန့်ကျင်ကြသူတွေ၊ ၄င်းတို့နဲ့ ဆက်နွယ်ပတ်သက်မှုကြောင့် စွဲဆိုပြစ်ဒဏ်ချခံသူတွေ၊ ဖောက်ခွဲရေးနဲ့ လျှပ်တပြက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ပြီး ပြစ်ဒဏ်ချခံရတဲ့ မြို့ပြပြောက်ကျား အဖွဲ့ဝင်တွေ လျှော့ပေါ့ခွင့်နဲ့ လွတ်ငြိမ်းခွင့်မှာ မပါဝင်အောင် ကန့်သတ်တဲ့ သဘောလည်း ဖြစ်ပါတယ်။ 

ဒီလို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ထုတ်ပြန်ကြေညာတဲ့အခါမျိုးမှာ လူသိများထင်ရှားသူတွေထဲက တဦးစ၊ နှစ်ဦးစလည်း ပါဝင်အောင် တမင်တကာ ရွေးချယ်ထည့်သွင်းလေ့ရှိတာ ဖြစ်ပါတယ်။ ဒါမှသာ သတင်းဌာနတွေအနေနဲ့ လူသိများ ထင်ရှားသူ လွတ်မြောက်လာကြောင်း သတင်းအဖြစ်နဲ့ ဖေါ်ပြကြမှာ ဖြစ်ပြီး စစ်အစိုးရရဲ့ လွတ်ငြိမ်းခွင့် ကြေညာချက်ကို ပေါ်လွင်အောင် လူအများက လက်ခံအောင် ရည်ရွယ်လုပ်ဆောင်လေ့ရှိတာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင်တော့ သူတို့ကြေညာတဲ့ လွတ်ငြိမ်းခွင့်နဲ့ ပတ်သက်ပြီး သတင်းတွေဖေါ်ပြကြရာမှာ ဝေဝေဆာဆာဖြစ်ဖို့ စိတ်ဓါတ်စစ်ဆင်ရေး သဘော၊ ဝါဒဖြန့်ချိရေး သဘောနဲ့ လုပ်ဆောင်ခြင်းသာ ဖြစ်ပါတယ်။

ဒီနေ့ လွတ်လာတဲ့ သူတွေအနက် လူသိများထင်ရှားတဲ့ သူတွေထဲက ပြန်ကြားရေး ဝန်ကြီးဟောင်း နဲ့ သမ္မတဦးသိန်းစိန် လက်ထက် သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ခဲ့တဲ့ ဦးရဲထွဋ် နဲ့ မော်ဒယ် နန်းမွေစံတို့ ၂ဦးပါဝင်တာတွေ့ရပါတယ်။ ဦးရဲထွဋ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၁၂၄(က) တို့နဲ့ စွဲဆိုကာ ထောင်ဒဏ် ၁၀ နှစ်ပြစ်ဒဏ်ချခံခဲ့ရတာ ဖြစ်ပါတယ်။ အလားတူပုဒ်မမျိုးနဲ့  ထောင်ဒဏ် ၁၀ နှစ်ကျခံနေရတဲ့ သူတွေအများအပြားရှိတဲ့ အနက်က ဦးရဲထွဋ်ကို ရွေးချယ် လွှတ်ပေးခြင်းက ၄င်းတို့ကြေညာတဲ့ လွတ်ငြိမ်းခွင့်ကို လူအသိအမှတ်ပြုခံရအောင် ကြိုးစားမှု တခုဖြစ်တယ်ဆိုတာ ထင်ရှားတယ်လို့ ဆိုရမှာပါ။

ဒီနေ့အဖို့ စိတ်ဝင်စားစရာ နောက်အကြောင်းအရာ တခုက ကမ္ဘာ့သတင်းတွေမှာ ထိပ်ဆုံးသတင်းဖြစ်နေတဲ့ ဗင်နီဇွဲလား သမ္မတကို ဖမ်းဆီးပြီးအမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ထိန်းသိမ်းရေးစခန်းဆီ ခေါ်ဆောင်လာခြင်း၊ ဗင်နီဇွဲလား နိုင်ငံရဲ့ ရွေးကောက်ပွဲ ကျင်းပပြီး ရွေးကောက်ခံ အစိုးရတာဝန်ယူနိုင်တဲ့ အချိန်ကာလထိ အမေရိကန်က အုပ်ချုပ်ရေးကို တာဝန်ယူသွားမယ်ဆိုတဲ့ သမ္မတ ထရန့်ရဲ့ ပြောဆိုချက်၊ ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံလုပ်ငန်းကောင်းစွာ လည်ပတ်ထုတ်လုပ်နိုင်အောင် အမေရိကန် ရေနံကုမ္ပဏီကြီးတွေက ငွေကြေးရင်းနှီးစိုက်ထုတ်ကာ လုပ်ကိုင်ကြမယ်ဆိုတဲ့ သတင်းတွေ နဲ့ ပတ်သက်ပြီး မြန်မာလူထု၊ နိုင်ငံရေးအင်အားစုတွေကြားထဲ အမြင်အမျိုးမျိုး ရှုမြင်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ 

အမေရိကန် သမ္မတ ထရန့်ဟာ အခြားသော အမေရိကန်သမ္မတတွေနဲ့ မတူပဲ သူ့အစိုးရ အဖွဲ့အနေနဲ့ လုပ်ဆောင်မှုတွေရဲ့ ရည်ရွယ်ချက်ကို ပြောင်ကျကျ ထုတ်ဖေါ်ပြောဆိုလေ့ရှိသူ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ၂အမေရိကန်ကုမ္ပဏီကြီးများ၊ လုပ်ငန်းရှင်ကြီးများရဲ့ အကျိုးစီးပွားကို မျက်နှာဖုံးစွပ်ဖုံးကွယ်ခြင်း မပြုဘဲ ဘွင်းဘွင်းပြောတတ်တာက ၄င်းရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံ သမ္မတကို ဖမ်းဆီးရတဲ့ အကြောင်းရင်းဖြစ်တဲ့ အမေရိကန်ကို တရားမဝင် မူးယစ်ဆေးဝါး တင်ပို့တယ်ဆိုတဲ့ အကြောင်းပြချက်က အခုအခါမှာ နောက်ရောက်သွားပြီး ဗင်နီဇွဲလားနိုင်ငံရဲ့ ရေနံ ထုတ်လုပ်မှုကနေ အမေရိကန် ရေနံကုမ္ပဏီကြီးတွေ အကျိုးရှိစေမယ့် အချက်ကို မီးမောင်းထိုးပြောဆိုနေတာ တွေ့ကြရပါတယ်။ 

ဒုတိယ ကမ္ဘာစစ်ပြီးကာလက နေ အခုလက်ရှိအချိန်ထိ အမေရိကန် ပြည်ထောင်စု အနေနဲ့ ကမ္ဘာ့ပေါ်က နိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှုတွေ အနည်းဆုံး ၁၀၀ ဝန်းကျင်လောက်ရှိခဲ့တယ်လို့ ဘောဂဗေဒ ပညာရှင်နဲ့ အမေရိကန်အစိုးရတွေရဲ့ မူဝါဒ၊ လုပ်ဆောင်မှုတွေကို ဝေဖန်ပြောဆိုသူ ပါမောက္ခ ဂျက်ဖရီဆက်ချ်က မေးမြန်းခန်းတခုမှာ ပြောဆိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ အမေရိကန် အကျိုးစီးပွားနဲ့ မကိုက်ညီတဲ့ သမ္မတ၊ ဝန်ကြီးချုပ်တွေ ပြုတ်ကျအောင်၊ အမေရိကန် စီအိုင်အေက တိတ်တဆိတ် အားပေးကူညီခဲ့တာတွေ၊ အမေရိကန်ရဲ့ သြဇာခံ စစ်ဗိုလ်ချုပ်တွေ အာဏာသိမ်းအောင် ကူညီတာ၊ ရွေးကောက်ခံအစိုးရတွေ ပြုတ်ကျအောင်၊ စစ်အာဏာရှင်တွေ အာဏာရအောင် လုပ်ဆောင်ခဲ့တာ ရာဂဏန်းနီးပါး ရှိပြီး အနည်းငယ်သော လုပ်ဆောင်မှုတွေက အောင်မြင်ခဲ့ပေမယ့် မလိုလားတဲ့ သမ္မတ၊ ဝန်ကြီးချုပ်၊ အာဏာရှင်တွေကို ဖယ်ရှားပြီး အဲဒီနိုင်ငံက အဖက်ဖက်က ပျက်စီးကာ၊ ထိန်းသိမ်းမရတော့တဲ့ အခြေဆိုက်ခဲ့တဲ့ သာဓကတွေ အများအပြားရှိခဲ့တာပါ။ 

လူသိများတဲ့ အဖြစ်အပျက် မဝေးသေးတဲ့ကာလမှာဖြစ်ပျက်ခဲ့တဲ့ ထင်ရှားတဲ့ အဖြစ်အပျက် ၃ ခုရှိပါတယ်။ အမေရိကန်က ၁၉၉၀ ခုနှစ် နှောင်းပိုင်းကနေ ၂၀၂၁ ခုထိ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တဲ့ နိုင်ငံ အာဖဂန်နစ္စတန်က ဆိုဗီယက်ရုရှ ထောက်ခံအားပေးခဲ့တဲ့ နဂျစ်ဘူလာအစိုးရဖြုတ်ချရေးနဲ့ နောက်ပိုင်း တာလီဘန် အစိုးရဖြုတ်ချရေးဖြစ်ရပ်၊ ၂၀၀၀ ခုနှစ် အစပိုင်းကနေ ဆယ်စုနှစ်တခုကျော်ကြာပါဝင်ပတ်သက်ခဲ့တဲ့ အီရတ် အာဏာရှင် ဆက်ဒမ်ဟူစိန်ဖြုတ်ချရေး ဖြစ်ရပ်၊ လွန်ခဲ့တဲ့ ဆယ်စုနှစ် တခုကျော်ကျော်က ဖြစ်ပွားခဲ့တဲ့ လစ်ဗျား နိုင်ငံအာဏာရှင် မွမ်မာဂဒါဖီ ဖြုတ်ချရေး တို့ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်တွေ မတိုင်ခင် ဆယ်စုနှစ် ၂ ခုနီးပါး စစ်ပွဲဆင်နွှဲပြီး ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ဗီယက်နမ်စစ်ပွဲ (ဗီယက်နမ်ဘက်က အခေါ်အဝေါ်က အမေရိကန်စစ်ပွဲ) တွေလည်း ရှိခဲ့တာပါ။ 

ဗီယက်နမ် စစ်ပွဲက ပြင်သစ်လက်ထဲက လွတ်လပ်ရေးရတော့မယ့် ဗီယက်နမ်နိုင်ငံကို ကွန်မြူနစ်နိုင်ငံ မဖြစ်ရေး အတွက် အမေရိကန်က ငွေကြေး၊ လက်နက်၊ လူအင်အားအမြောက်အများ သုံးပြီး ဆယ်စုနှစ် ၂ ခု နီးပါး ဝင်ရောက်စွက်ဖက်ခဲ့တာ ဖြစ်ပေမယ့် အီရတ် နဲ့ လစ်ဗျား နိုင်ငံတွေက အာဏာရှင်ဖြုတ်ချရေးတွေရဲ့ ရည်ရွယ်ချက်က ရေနံ သယံဇာတကို ချယ်လှယ်လုပ်ကိုင်ခွင့် ရဖို့ သြဇာခံ အစိုးရတွေအာဏာရအောင် ဝင်ရောက်စွက်ဖက်ခဲ့တာ ဖြစ်ပါတယ်။ 

အမေရိကန် အစိုးရတွေ အနေနဲ့ ဗီယက်နမ်စစ်ပွဲမှာကတည်းက အခြားနိုင်ငံရဲ့ ပြည်တွင်းရေးမှာ စစ်ရေးအရ ဝင်ရောက်စွက်ဖက်တာဟာ ဆုံးရှုံးမှု၊ နာမည်ပျက်မှုနဲ့ သာ အဆုံးမှာ ကြုံတွေ့ကြရတဲ့ အချက်ကို သင်ခန်းစာယူသင့်ပေမယ့် နောက်ဆယ်စုနှစ် တခုကျော် အာဖဂန်အရေးမှာ ထပ်မံပါဝင်ပတ်သက်ခဲ့ပြန်ပါတယ်။ အာဖဂန် ပြည်တွင်းစစ် နဲ့ အမေရိကန် သြဇာခံအစိုးရတွေ မရပ်တည်နိုင်တဲ့အဖြစ်ကို နှစ်ပေါင်း ၂၀ ကျော်ကြာမှာ သက်သေပြခဲ့ ပြန်ပါတယ်။ ဒီကာလအတွင်းမှာ အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်စွမ်းရှိတဲ့ လက်နက်၊ ဓါတုလက်နက်တွေ ရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အီရတ်အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချပြီး အီရတ်စစ်ပွဲ ဆင်နွှဲခဲ့ပြန်ပါတယ်။ အီရတ်နိုင်ငံဟာ အာဏာရှင် ဆက်ဒမ်ဟူစိန် လက်အောက်က လွတ်မြောက်ပေမယ့် အခြားသော ဘာသာရေးအခြေခံ အစွန်းရောက် အိုင်အက်စ် အဖွဲ့တွေလိုမျိုး အားကောင်းလာအောင် အမေရိကန် ကျူးကျော်စွက်ဖက်မှုက ဖြစ်ပေါ်စေခဲ့တာပါ။ ၁၉၈၀ ခုနှစ် ကျော်ကာလတွေက အမေရိကန် စီအိုင်အေက လက်နက်ထောက်ပံ့ သင်တန်းပေး၊ ငွေကြေးပံ့ပိုးပေးခဲ့တဲ့ ဘင်လာဒင် ဦးဆောင်တဲ့ အယ်လ်ကေဒါအဖွဲ့ကို နှိမ်နှင်းဖို့ အကြောင်းပြပြီး အာဖဂန်ကို အမေရိကန်၊ အနောက်ဥရောပ မဟာမိတ် စစ်တပ်တွေ ဝင်ရောက်ခဲ့တာ ဆယ်စုနှစ်တခုကျော်ကြာမြင့်တဲ့ ပြည်တွင်းစစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ အာဖဂန်က နေဆုတ်ခွာခဲ့ပြန်ပါတယ်။ 

အခု ဗင်နီဇွဲလား နိုင်ငံရဲ့ သမ္မတကို ဖမ်းဆီးပြီးနောက် အမေရိကန်ရဲ့ အစီအစဥ်နဲ့ ကျင်းပမယ့် ရွေးကောက်ပွဲ၊ ကြားဖြတ်အစိုးရက ဘယ်လိုပုံသဏ္ဍာန်နဲ့ ပေါ်ထွက်လာမလဲ ဆိုတာ မကြာခင်ရက်အနည်းငယ်အတွင်း ပုံပေါ်လာလိမ့်မယ်လို့ ယူဆရပါတယ်။ မာဒူရိုဦးဆောင်တဲ့ အစိုးရအဖွဲ့က ဒု-သမ္မတနဲ့ အမေရိကန်နောက်ကွယ်မှာ ညှိနှိုင်းမှု ရှိသလား မရှိသလားတော့ လောလောဆယ် မသိနိုင်သေးပါဘူး။ အကယ်၍ နောက်ကွယ်က ညှိနှိုင်းသဘောတူမှုတွေ မရှိခဲ့ရင် အမေရိကန် အနေနဲ့ သြဇာခံ ကြားဖြတ်အစိုးရ ဖွဲ့စည်းဖို့ မြေပြင်တပ်တွေ ပါဝင်ကောင်းပါဝင်လာနိုင်တာ ဖြစ်ပါတယ်။ 

အကယ်၍သာ မြေပြင်တပ်တွေ ပါဝင်လာခဲ့ရင် ၂၀၂၁ ခုနှစ် အာဖဂန်နစ္စတန်ကနေ အမေရိကန် တပ်တွေ ဆုတ်ခွာပြီးနောက်ပိုင်း ပထမဆုံးသော မြေပြင်တပ်တွေ ပါဝင်တဲ့ အရေးကိစ္စတရပ်ဖြစ်လာမှာ ဖြစ်ပြီး ဗင်နီဇွဲလားနိုင်ငံမှာ ပြည်တွင်းစစ်၊ ပြည်ပကကျုးကျော်ဝင်ရောက်လာတဲ့ တပ်တွေကို ခုခံစစ်လိုမျိုးလည်း ဖြစ်ပွားနိုင်ချေရှိလာမှာ ဖြစ်ပါတယ်။ 

အမေရိကန်ရဲ့ ဗင်နီဇွဲလားကို ဝင်ရောက်စွက်ဖက်မှုဟာ ရေနံ သယံဇာတကြောင့်ဆိုတာ ရှင်းလင်းထင်ရှားနေချိန်မှာ မြန်မာနိုင်ငံက အချို့သော နိုင်ငံရေးသမား၊ နိုင်ငံရေး အကဲခတ်၊ တက်ကြွလှုပ်ရှားသူတွေက ခေတ်သစ် ကိုလိုနီဝါဒရဲ့ အန္တရာယ် ကို မြင်နိုင်ခြင်း မရှိဘဲ မြန်မာစစ်အာဏာရှင်ကိုလည်း ဗင်နီဇွဲလား သမ္မတလို ဖမ်းဆီးပေးဖို့ လိုလားကြောင်း သဘောထားတွေ ရှိနေကြတဲ့ အဖြစ်က အံ့သြစရာကောင်းပါတယ်။ 

အာဏာရှင် တဦး၊ စစ်ခေါင်းဆောင်တဦးကို စနစ်တခုရဲ့ ကိုယ်စားပြုသူ၊ သူ့နောက်မှာ ရှိနေတဲ့ အင်အားစုတွေ အယူအဆတွေအထိ ရှုမြင်နိုင်ခြင်း မရှိဘဲ လူတဦးတယောက်ကို ဖယ်ရှားလိုက်ရုံနဲ့ အားလုံး ကောင်းမွန်သွားမယ်ဆိုတဲ့ နိုင်ငံရေး အမြင်အယူအဆတွေ ကိုင်စွဲပြောဆိုနေကြတာ ၊ မြန်မာနိုင်ငံကို ကမ္ဘာ့ပထဝီနိုင်ငံရေး ကစားကွက်ထဲက နိုင်ငံအဖြစ် ကျရောက်ဖို့ တိုက်တွန်းနေကြတာတွေက အမြော်အမြင်နည်းပါးလွန်းတဲ့ အယူအဆတွေလို့ ဆိုရမှာလည်း ဖြစ်ပါတယ်။ 

မြန်မာ့ နိုင်ငံရေးသမားတွေ အနေနဲ့ မဝေးတဲ့ ကမ္ဘာ့သမိုင်းက အဖြစ်အပျက်တွေကို လေ့လာသုံးသပ်ပြီး၊ အမေရိကန်လည်း ပါဝင်နေတဲ့ ခေတ်သစ်ကိုလိုနီ နိုင်ငံကြီးတွေရဲ့ အန္တရာယ်ကို မြင်နိုင်ပါမှ ကမ္ဘာ့ပထဝီနိုင်ငံရေးရဲ့ ကျားကွက်ထဲ မကျရောက်ဖို့ နိုင်ငံရေးအရ ပါးနပ်စွာ ရှောင်တိမ်းနိုင်ဖို့ အမြော်အမြင်ရှိဖို့ အရေးကြီးတာ လည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar