Breaking News

ကိုသန်းလွင် - ကောင်းမွန်သောဘဝ နှင့် အဓိပ္ပါယ်ရှိသောဘဝ

ကိုသန်းလွင် - ကောင်းမွန်သောဘဝ နှင့် အဓိပ္ပါယ်ရှိသောဘဝ

(မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၂၆

(၁) 

ဘဝပြီးဆုံးတော့မည့် လူနှစ်ဦးအကြောင်း ကို စဉ်းစားကြည့်ပါ။ တစ်ယောက်သောသူသည် ဘဝမှာပြည့် စုံစွာနေရသည်။ ခင်မင်ကြသော မိသားစုနှင့် မိတ်ဆွေများ ဝိုင်းရံနေသည်။ သူ၏ဘဝတွင် ပျော်ရွှင်မှုအောင်မြင်မှု အမျိုးမျိုး ရခဲ့သည်။ ဒုတိယလူမှာ သူ့ဘဝ၌ မတရားမှုများကို ဆန့်ကျင်ခဲ့သည်။ အောင်မြင်သော လူမှုရေးပြောင်း လဲမှုများကို ပြုလုပ်နိုင်ခဲ့သည်။ ထိုနှစ်ဦး၏ ဘဝနှစ်ခုတွင် မည်သည့်ဘဝကို သင်အားကျပါသနည်း။

(၂)

သင့်အဖြေသည် ပိုမိုကောင်းမွန်သောနေထိုင်ခြင်းဆိုသည်မှာဘာကိုဆိုလိုသည်ဆိုသော အချက်အပေါ် ပေါ်တွင် မူတည်မည်ဟုထင်ပါသည်။ ဖီလိုဆိုဖာများက ဘယ်ဘဝသည်ကောင်းပါသည်ဆိုသော အချက်ကိုဆွေး နွေးခဲ့ကြသည်။ ဘဝတစ်ခုတွင်အောင်မြင်မှုဆိုသည်မှာစိတ်ဓာတ်ရေးရာအောင်မြင်မှု(moral good)ကိုရည်ညွှန်း နိုင်ပါသည်။ သူသည် အဘယ်မျှ မြင့်မြတ် (virtue) ပါသည်။ သူ့ဘဝတွင် ပျော်ရွှင်ချမ်းမြေ့စရာများကို မည်မျှကြုံ တွေ့ခဲ့ရပါသည်။ သို့သော် ဘဝကို အဓိပ္ပါယ်ရှိရှိ နေနိုင်ရမည်ဆိုသောအချက်ကို မေ့ထား၍မရပါ။

အဓိပ္ပါယ်ရှိသောဘဝနှင့် ကောင်းသောဘဝသည် ဆင်တူပါသည်။ သို့သော် ဤဘဝနှစ်ခုသည်ဘယ်နေ ရာတွင်ခြားနားကြပါသနည်း။ ဘဝနှစ်ခုစလုံးတွင် အချစ်၊ ဗဟုသုတ၊ အောင်မြင်မှု၊ Asthetic experience ခေါ် အလှအပတရားကိုခံစားရရှိမှုတို့ရှိရပါမည်။ အဓိပ္ပါယ်ရှိသောဘဝ ဆိုသည်မှာ ကောင်းသောဘဝကိုပင် အခြား အမည်တစ်မျိုး ပြန်ခေါ်ခြင်းလား၊ ဘဝတစ်ခုတွင် အဓိပ္ပါယ်ကင်းမဲ့နေပြီဆိုလျင် ကောင်းသောအစိတ်အပိုင်းတစ် ခု ကင်းမဲ့နေပြီလား ဆိုသည့်မေးခွန်းဖြစ်ပါသည်။

ဘဝနှစ်ခုဆင်တူသည်ဆိုလျင် အဘယ့်ကြောင့် ကွဲပြားနေရပါသနည်း။ ဖီလိုဆိုဖာများက နည်း ၃ နည်း ဖြင့် ရှင်းပြရန် ကြိုးစားကြပါသည်။

ပထမနည်းမှာ ကောင်းသောဘဝတွင် ပျော်ရွှင်မှုများရှိရမည်ဟု ဆိုသည်။ ပျော်ရွှင်မှုသည် (subjective) အငြင်းပွားဖွယ်ဖြစ်သည်။ အဓိပ္ပါယ်ရှိသော ဘဝတွင်မူ အောင်မြင်မှုများ ရှိရမည်ဟုဆိုသည်။ အောင်မြင်မှုမှာ (objective) အငြင်းမပွားနိုင်ပါ။

ဒုတိယနည်းမှာအဓိပ္ပါယ်ရှိသောဘဝတွင်ပျော်ရွှင်ချမ်းမြေ့မှုသည်လိုအပ်ချက်မဟုတ်ပါ။ လူတစ်ယောက် သည် မဆုံးနိုင်သောတီဗွီဇာတ်လမ်းတွဲတွေကိုကြည့်နေမည်ဆိုလျင် အဓိပ္ပါယ်ရှိသောဘဝကို ထူထောင်ရန်မဖြစ် နိုင်တော့ပါ။

တတိယနည်းမှာ အဓိပ္ပါယ်ရှိသောဘဝသည် သူ၏နေထိုင်နည်းကိုယ်တိုင်က ပျော်ရွှင်စရာကိုရှာဖွေဘို့မ လိုအောင် ဖန်တီးပြီးဖြစ်သည်။ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေသူတစ်ဦး၏ဘဝတွင် ပျော်ရွှင်ချမ်းမြေ့စရာ သည်အလိုလိုရှိနေပြီးဖြစ်သည်။

ဗန်ဂိုး (Vincent van Gogh) ၏ ဘဝကို စဉ်းစားကြည့်ပါ။ သူအသက်ရှင်စဉ်က အနီရောင်စပျစ်ခြံ (The Red Vineyard) ဟူသော ပန်းချီကားတစ်ချပ်ကိုသာ ရောင်းချခဲ့ရသည်။ သူကွယ်လွန်ပြီးမှသာ သူ၏လှပသော ပန်းချီကားအတွက် ဂုဏ်ပြုလွှာများမှာ တစ်ခုပြီးတစ်ခု ရောက်လာခဲ့ကြသည်။

ဤဥပမာများတွင် လွတ်လပ်ရေးကြိုးပမ်းသူအဖို့ သူ့ဘဝကောင်းဖို့ မကောင်းဖို့ထက် စိတ်ဓာတ်ခွန်အား ကို ပို၍အရေးကြီး သောနေရာမှာသုံးခဲ့သည်။ ဗန်ဂိုး ၏ အတွေ့အကြုံမှာ သူ့အောင်မြင်မှုအဓိပ္ပါယ်ရှိသောဘဝကို သူအသက်ရှင်စဉ်တွင် သိမသွားပါ။ သို့သော် သူကွယ်လွန်သောအခါမှ ပြည့်စုံလာသောသူ့အလုပ်၏ အောင်မြင် မှုများကြောင့် သူ့ဘဝသည် အဓိပ္ပါယ်ရှိသည်ဟု မှတ်ယူရန်သာရှိသည်။

ထိုဘဝနှစ်ခုတွင်ရှာဖွေနေကြသည့်အကြောင်း ဖေါ်ပြခဲ့ပြီးပါပြီ။ အချစ်၊ ဗဟုသုတ၊ အောင်မြင်မှုနှင့်အလှ အပတရားစသည်တို့ဖြစ်သည်။ အခြေခံအားဖြင့်ရှာဖွေနေကြသည်မှာတူညီကြသော်လည်း ထိုတန်ဖိုးများအချင်း ချင်းစုပေါင်း၍ အဖြေထွက်လာပုံမှာ ကွဲပြားသည်။ ကောင်းမွန်သောဘဝကို ရထားသူအဖို့ ထိုကောင်းမြတ်သော အရည်အသွေးများသည် တစ်ခုနှင့်တစ်ခု ညီမျှချေ (balance) တွင် ရှိနေဖို့လိုသည်။ လူတစ်ဦးသည် စိတ်ဓါတ် ရေးရာအားဖြင့် ခေါင်းဆောင်ဖြစ်နေပြီးသူသည် အခြားအချိန်များ၌ လူအချင်းချင်းဆက်ဆံရေး၊ စိတ်ကူးဉာဏ် ကျက်စားရာသို့ လိုက်စားမှုရှိနိုင်သည်။ တချိန်တည်းမှာပင် လူတစ်ဦး၌ အားလုံး ခြုံကြည့်လျင် ကောင်းသော အမူအကျင့်များနှင့် ပြည့်စုံသည်။ အထိုက်အလျောက် အောင်မြင်မှုရှိသည်။ 

လီယိုနာဒိုဒါဗင်ချီ (Leonardo da Vinci) ၏ဘဝကိုစဉ်းစားကြည့်ပါ။ သူသည် အနုပညာ၊ သိပ္ပံ၊ အင်ဂျင် နီယာပညာနှင့် ဖီလိုဆိုဖီတို့ကို ဟန်ချက်ညီညီ ရှာဖွေခဲ့သည်။ သူ့ဘဝကို အိုင်းစတိုင်း၏ဘဝနှင့် နှိုုင်းယှဉ်ကြည့် ပါ။ အိုင်းစတိုင်းသည် ရူပဗေဒနှင့်သင်္ချာပညာ တို့ကို စူးစိုက်လေ့လာခဲ့သည်။ လူနှစ်ယောက်လုံးသည် အလွန် အဓိပ္ပါယ် ရှိသော ဘဝများကို နေထိုင်သွားကြပါသည်။ လီယိုနာဒို ၌ လေ့လာစရာတွေများခြင်းကြောင့် သူ့ဘဝ မှာပိုမိုအဓိပ္ပါယ်ရှိသည်ဟု မဆိုနိုင်ပါ။ ထိုနည်းတူ ဂန္ဓီ၊ မာရီကျူရီ၊ ပတ်ဗလို ပီကာဆို တို့၏ဘဝများကိုကြည့်လျင် ဘက်တစ်ဘက်အမြင်တစ်ခုကိုသာ အားကိုး၍ ဘဝများကို တည်ဆောက်ခဲ့ကြသည်။ သူတို့ဘဝများသည် သူတို့ အတွက် အလွန်တန်ဖိုးထားသော အကြောင်းအရာများအတွက် မြင့်မြတ်ခြင်း၊ ဗဟုသုတ၊ အနုပညာ၏အလှအပ တို့ကို သဘောပေါက်ခဲ့ကြသည်။

ချားလ်စ်ဒါဝင် (Charles Darwin) ၏ ဘဝမှာတစ်မျိုးဖြစ်သည်။ သူ၏ သိပ္ပံဆိုင်ရာအလုပ်များကို တစိုက် မတ်မတ် လုပ်ဆောင်ခဲ့မှုများကြောင့်ထူးခြားသော အီဗော်လူးရှင်းသီအိုရီကို ဖေါ်ထုတ်ခဲ့ပြီး ၄င်းသည် သူ့ဘဝကို လွန်စွာအဓိပ္ပါယ် ရှိစေခဲ့ပါသည်။ ဒါဝင်ကိုယ်တိုင်ကသူ့သမီးကို ပြောရာတွင် သူ့ဘဝကိုဤသို့ ကိစ္စတစ်ရပ်တည်း ၌သာ အာရုံစိုက်နေခဲ့ခြင်းကို နောင်တရမိကြောင်း ပြောဆိုခဲ့သည်။ ကဗျာနှင့် စာပေကဲ့သို့သောတချိန်က သူ့ကို နှစ်သိမ့်မှုပေးနိုင်သည့် အရာများကို မလေ့လာခဲ့ရခြင်းက သူ့ကို နောင်တရစေခဲ့ပါသည်။

ဒါဝင် သို့မဟုတ် သူ့ဘဝ၌ အီဗော်လူးရှင်းသိီအိုရီကို ထုတ်ဖေါ်နိုင်ခဲ့ခြင်းအပေါ်အားရကျေနပ်သူ တို့တွင် ဘယ်သူကမှန်ပါသနည်း။ ကျွန်တော်ကမူ နှစ်ဦးစလုံးမှန်သည်ဟုသာ ပြောလိုပါသည်။ ဘဝသည် အဓိပ္ပါယ်ရှိ ရ မည်ဆိုသော အယူအဆဖြင့် သူ့ကိုချစ်မြတ်နိုးသူတို့က မှန်ပါသည်။ သူ၏ စူးရှသောအမြင်က လူသားတို့အပေါ် များစွာအကျိုးဖြစ်ထွန်းစေခဲ့ပါသည်။ ဒါဝင်ဘက်မှကြည့်လျင်လည်း သူ့ဘဝတွင် တခြားစိတ်ဝင်စားစရာများကို စွန့်လွှတ်ခဲ့ရခြင်းအတွက် နောင်တရသည်ဆိုသည်မှာ သဘာဝကျပါသည်။

ဒါရက်ပါဖစ် (Derek Parfit) (၁၉၄၂-၂၀၁၇) ၏ ဘဝအကြောင်းကို စဉ်းစားကြည့်ပါ။ သူသည် အလွန် သြဇာလွှမ်းမိုးမှုရှိသော ဖီလိုဆိုဖာတစ်ယောက် ဖြစ်ပါသည်။ သူငယ်စဉ်ကစ၍ ဘက်ပေါင်းစုံတွင် ထူးချွန်ခဲ့သည်။ ကျောင်းမဂ္ဂဇင်းအယ်ဒီတာဖြစ်ခဲ့ပြီး ထရန်ပက်မှုတ်သည်။ ကျောင်းသားနိုင်ငံရေးတွင် ပါဝင်ခဲ့သည်။ ကောင်းမွန် ကျယ်ပြန့်သော အတွေးအမြင်များဖြင့် ဘဝကို ကောင်းကောင်းနေနိုင်ပါသည်။ ကြီးလာသောအခါ ဖီလိုဆိုဖီကို စိတ်ဝင်စားပြီး သွားတိုက်ရင်းပင် စာအုပ်ဖတ်သည်။ အချိန်မကုန်စေရန် အစားအသောက်ကို တစ်မျိုးတည်းပင် နေ့တိုင်းစားသည်။ သူသည် လူ့ကျင့်ဝတ်ဆိုင်ရာ စာအုပ်ရေးခဲ့ပြီး ဝါဒအသစ် ထူထောင်နိုင်ခဲ့ပါသည်။ သို့သော် ဤအချက်ကြောင့်ပင် သူ့ဘဝသည် နေထိုင်စရာအကောင်းဆုံးဘဝကို ရခဲ့ပါရဲ့လား။

လူအများက သူ၏တဖက်စောင်းနင်းနိုင်သောဘဝကို ရှုံ့ချကြပါသည်။ သို့သော် ဤသို့နေခြင်းဖြင့် ကမ္ဘာ ကြီးအတွက် ဝါဒ အသစ်ကို ချန်ထားနိုင်ခဲ့ပါသည်။ သူ့ရွေးချယ်မှုသည် အဓိပ္ပါယ်ပြည့်ဝခဲ့သော်လည်း သူ့ဘဝက တော့ အကောင်းဆုံးမဖြစ်ခဲ့ပါ။ ဤကဲ့သို့ ဘက်နှစ်ဘက်ညှိနှိုုင်းရခြင်းကို ကမ္ဘာကြီးတွင် အမြဲတွေ့နေရပါသည်။ မိမိအလုပ် (Career) နှင့် ဝါသနာပါသောအလုပ်ရွေးချယ်မှုတွင် တခါတရံ အဓိပ္ပါယ်ရှိသောအလုပ်ကို ရွေးချယ်ရ ပါသည်။ တခါတရံ ပညာပေါင်းစုံ၊ ဘက်ပေါင်းစုံ ညီမျှသော ကောင်းမွန်သောဘဝကို ရွေးချယ်ကြရပါသည်။

ဤဆန်းစစ်မှုကြောင့် ပြသနာသည် ပြေလည်သွားမည်မဟုတ်ပါ။ ပြသနာကို ပိုမို၍ထင်ထင်ရှားရှား မြင် လာနိုင်ပါသည်။ အရေးကြီးသည်မှာ နေရာတကာတွင် ဘက်ပေါင်းစုံကြည့်တတ်ရန် လိုပါသည်။ တချို့လူများက ပုဂ္ဂိုလ်ရေးနစ်နာချက်များကို လက်သင့်ခံပြီး လူ့ဘဝအတွက် ကောင်းမွန်အဓိပ္ပါယ်ရှိသောလမ်းကို ရွေးချယ်ကြပါ သည်။ ထိုနှစ်ခုကို ရွေးချယ်တတ်ခြင်းဖြင့် ဘဝတွင် မည်သို့နေထိုင်ရမည်ကိုဖြေရှင်းနိုင်မည်မဟုတ်ပါ။ ရှင်းလင်း စွာ တွေးခေါ်နိုင်ရေးအတွက်သာ အထောက်အကူပြုပါသည်။ 

(၃)

ဘဝကို အဓိပ္ပါယ်ရှိအောင် လုပ်ဆောင်သောသူကိုပတ်ဝန်းကျင်က လေးစားချစ်ခင်ကြပါသည်။ မိမိဘဝ ကောင်းအောင်လုပ်နေခြင်းအတွက်လည်းရှုံ့ချရန်အကြောင်းမရှိပါ။ နှစ်ဖက်လုံးသည် တန်ဖိုးတစ်ခုအတွက် အလုပ်လုပ် နေရခြင်းဖြစ်ပါသည်။ မိမိဘယ်လိုနေထိုင်ရမည်ဆိုသည်မှာ မေးခွန်းနှစ်မျိုးဖြစ်သည်။ မိမိဘဝကို အဓိပ္ပါယ် ရှိစေရန် ဘယ်လိုနေထိုင်ရမည်နည်း ? နှင့် မိမိဘဝကိုအကောင်းဆုံးဖြစ်အောင် မည်သို့နေထိုင်ရ မည်နည်း? ဆိုသော မေးခွန်းနှစ်ခုဖြစ်ပါသည်။ တခါတရံထိုမေးခွန်းနှစ်ခုအဖြေသည် အတူတူဖြစ်ပါသည်။ တခါတရံ၌မူ တစ်ခုနှင့်တစ်ခ ုအားပြိုင်၍ လွန်ဆွဲနေကြပါသည်။

ဤသို့သော ကွဲပြားချက်ကိုသိသဖြင့်အလုပ်ရွေးချယ်ရာတွင်  အသိဉာဏ်ရှိစွာ ဆုံးဖြတ်နိုင်ပါလိမ့်မည်။ ဘယ်အရာတွင်ရှုံး၍ ဘယ်အရာတွင်မြတ်သည်ဟုအဖြေထွက်ပေါ်လာပါလိမ့်မည်။ အမှားနှင့်အမှန် မသိ မခွဲခြား တတ်အောင် အဓိပ္ပါယ်ပိတ်ဖုံးနေသောကမ္ဘာကြီးတွင် အဓိပ္ပါယ်ရှိစွာနေနိုင်ရေးနှင့် ကောင်းမွန်စွာနေနိုင်ရေးခွဲခြား နိုင်မှုသည် အရေး ကြီးသော အသိပညာတစ်မျိုးဖြစ်ပါသည်။

ကိုသန်းလွင်

Ref; The Good Life Paradox, by Matthew Hammerton, Philosophy Now, December 2025. 



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar