Breaking News

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် ICJ ရောက် မြန်မာနိုင်ငံ



မြန်မာနွေဦးခရိုနီကယ် - ဇန်နဝါရီ ၁၃ မြင်ကွင်း

မိုးမခ ၊ ဇန်နဝါရီ ၁၄၊ ၂၀၂၆

ရိုဟင်ဂျာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် ICJ ရောက် မြန်မာနိုင်ငံ

၂၀၁၇ ခုနှစ် သြဂုတ်လ နဲ့ စက်တင်ဘာလတွေမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မြန်မာလက်နက်ကိုင် တပ်ဖွဲ့ရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု Genocide တွေကို အာဖရိကတိုက်က ဂမ်ဘီယာနိုင်ငံက တရားလိုလုပ်ပြီး အပြည်ပြည်ဆိုင်ရာ တရားရုံး International Court of Justice မှာ လျှောက်ထားခဲ့ရာက အမှုလက်ခံကြားနာမှုကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွေမှာ ၂ ကြိမ်ပြုလုပ်ခဲ့ပြီး ယခု ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ အဓိက ကြားနာမှုကို ပြုလုပ်နေတာ ဖြစ်ပါတယ်။ 

ကမ္ဘာမှာ အပြည်ပြည်ဆိုင်ရာ တရားရုံး ၂ ရုံးရှိပြီး ပထမတခုက အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီးနဲ့ ချိတ်ဆက်နေပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအပေါ် တရားစီရင်ခွင့်ရှိတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ နောက်တရားရုံးတခုကတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး International Criminal Court ဖြစ်ပါတယ်။ ICC ကတော့ ကုလသမဂ္ဂနဲ့ မသက်ဆိုင်ဘဲ ရောမသဘောတူညီချက်စာချုပ် Rome Statute ကို လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ဝင် နိုင်ငံတွေကိုသာ တရားစီရင်ခွင့်ရှိတဲ့ တရားရုံး ဖြစ်ပါတယ်။ 

ICJ တရားရုံးရဲ့ သဘာဝအရ နိုင်ငံကို တရားစွဲဆိုတာဖြစ်ပြီး အစိုးရအနေနဲ့ တာဝန်ခံ ရင်ဆိုင်ဖြေရှင်းရတဲ့ သဘောဖြစ်ကာ ICC တရားရုံးကတော့ လူပုဂ္ဂိုလ်ကို ဦးတည်စွဲဆိုတဲ့ သဘောသဘာဝ ရှိပါတယ်။ လူပုဂ္ဂိုလ်ကို ဦးတည်ပြီး စွဲဆိုကြားနာကာ တရားစီရင်တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး International Criminal Court for ...... ဆိုတာမျိုး အထူးတရားရုံးလည်း ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းတာမျိုး လုပ်ဆောင်တာ ရှိပါတယ်။ အဆိုပါတရားရုံးဖွဲ့စည်းခဲ့တဲ့ သာဓက အနေနဲ့ ယခင် ယူဂိုဆလားဗီးယား နိုင်ငံထဲပါဝင်တဲ့ ဆားဗီးယား ကရိုအေးရှား၊ ဘော့စနီးယားစတဲ့ ဒေသတွေမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ နဲ့ ပတ်သက်လို့ တာဝန်ရှိတဲ့သူတွေ ဖြစ်တဲ့ ဆားဗီးယား သမ္မတ ဆလိုဗိုဒန် မယ်လိုဆီဗစ် နဲ့ ဆားဗီးယား(ဘော့စနီးယား) ခေါင်းဆောင်ဟောင်း ကာရာဒစ်၊ ဆားဗီးယား တပ်ခေါင်းဆောင် မလာဒစ်နဲ့ အခြားသော တာဝန်ရှိတဲ့ သူတွေအများအပြားကို စီရင်ခဲ့တဲ့ သာဓက တွေရှိပါတယ်။ ဘော်လကန် နိုင်ငံတွေလို့ နောက်ပိုင်းခေါ်ဆိုပြီး ယခင်က ယူဂိုဆလားဗီးယား လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေ အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဖွဲ့စည်းပေးတဲ့ ICT for Yugoslavia လို တရားရုံးက နိုင်ငံတနိုင်ငံ အဖြစ်အပျက်တခုအတွက် သီးသန့်ဖွဲ့စည်းပေးတဲ့ တရားရုံးဖြစ်ပြီး လူပုဂ္ဂိုလ်ကို စီရင်အပြစ်ပေးခွင့် ရှိတာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာ လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ကတော့ အထက်က ယူဂိုဆလားဗီးယား ဖြစ်ရပ်လို သီးခြား ခုံရုံးဖွဲ့စည်း ကြားနာတာမဟုတ်ဘဲ ပုံမှန် တရားရုံးဖြစ်တဲ့ ICJ မှာ နိုင်ငံတွေအပေါ် စွဲဆိုကြားနာတဲ့အမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။ 

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွေအတွက် ဂမ်ဘီယာနိုင်ငံက တရားလိုအဖြစ်နဲ့ မြန်မာနိုင်ငံကို စွဲဆိုခဲ့တာဖြစ်ပါတယ်။ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုလို့ စွဲဆိုခံရတဲ့ အဖြစ်အပျက် ဖြစ်ပွားစဥ်မှာ မြန်မာနိုင်ငံရဲ့ အစိုးရအဖွဲ့မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင်တို့ တာဝန်ယူခဲ့ကြပြီး တရားစွဲဆိုခံရချိန်မှာတော့ သမ္မတ ဦးဝင်းမြင့် ဖြစ်ပါတယ်။ 

နိုင်ငံကို စွဲဆိုတဲ့ အမှုအတွက် မြန်မာနိုင်ငံကိုယ်စား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူထားသူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ ပထမဆုံး တရားရုံးကြားနာမှုကို သွားရောက် လျှောက်လဲခဲ့တာပါ။ 

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ဂမ်ဘီယာနိုင်ငံရဲ့ လျှောက်ထားချက်နဲ့ မြန်မာနိုင်ငံဘက်က ခုခံလျှောက်လဲမှုတွေကို ကနဦးကြားနာပြီး နောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ICJ တရားရုံးအနေနဲ့ ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ယာယီစီမံမှုတွေ လုပ်ဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ပထမဆုံး ကြားနာမှုမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာနိုင်ငံကိုယ်စားလှယ် အဖွဲ့က လူမျိုးတုန်းသတ်ဖြတ်မှု ဆိုတဲ့ စွပ်စွဲချက်ကို ကန့်ကွက်ထုချေတဲ့ လျှောက်လှဲချက်ကို တင်သွင်းခဲ့တာပါ။ မြန်မာနိုင်ငံဘက်က တင်သွင်းတဲ့ အဆိုပါ လျှောက်လှဲချက် အနှစ်ချုပ်ကတော့ လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်ပြီး စစ်တပ် အနေနဲ့ အင်အားသုံးခဲ့တာတွေ ရှိနိုင်တယ် ၊ စစ်ရာဇဝတ်မှုမျိုး ဖြစ်ကောင်းဖြစ်သည့်တိုင် လူမျိုးတုန်းသတ်ဖြတ်မှုဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်လျှောက်လှဲခဲ့တာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ICJ ရဲ့ ပထမဆုံး ကြားနာမှုမှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်လျှောက်လှဲခဲ့ခြင်း နဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပြည်တွင်းက နိုင်ငံရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ အချို့က မှားယွင်းတဲ့ လုပ်ဆောင်မှုအဖြစ် ရှုမြင်ကြပါတယ်။ စစ်တပ်က ကျူးလွန်တဲ့ ကျူးလွန်မှုကို ရှေ့ထွက်ပြီး အကာအကွယ်ပေးဖို့ မလိုအပ်သလို ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေ အတွက် အမှန်တရား ပေါ် ထွက်လာဖို့ တောင်းဆိုကြတာ ဖြစ်ပါတယ်။ အနောက်နိုင်ငံက အစိုးရတွေ၊ အဖွဲ့အစည်းတွေ အများအပြားကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ပေးအပ်ထားတဲ့ ဆုတံဆိပ်တွေ၊ ဂုဏ်ထူးတွေကို ရုပ်သိမ်းခဲ့ကြတာ ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အကျဥ်းကျနေချိန်မှာ NLD ပါတီ၊ ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအများအပြားပါဝင် ဖွဲ့စည်းခဲ့တဲ့ NUG အမျိုးသားညီညွတ်ရေး အစိုးရက ၂၀၁၉ ခုနှစ် ICJ တရားရုံးမှာ ဒေါ်အောင်ဆန်းစုကြည် တင်ခဲ့တဲ့ ထုချေလျှောက်လှဲချက်ကို ပြန်ရုပ်သိမ်းကြောင်း ကြေညာခဲ့သလို ၂၀၂၂ ခုနှစ် နှစ်ဆန်းပိုင်း အမှုရဲ့ ဒုတိယမြောက် ကြားနာမှုမှာ NUG သာ မြန်မာနိုင်ငံကို ကိုယ်စားပြုတာ ဖြစ်လို့ အာဏာသိမ်း စစ်ကောင်စီကို ကိုယ်စားပြုမှုမပေးဖို့ ICJ ကို စာပေးပို့ခဲ့ပါတယ်။ သို့ပေမဲ့ ICJ ကတော့ နိုင်ငံကို စွဲဆိုထားတာ ဖြစ်လို့ လက်ရှိ မြန်မာနိုင်ငံအစိုးရဖြစ်နေတဲ့ အာဏာသိမ်းစစ်တပ်အစိုးရက စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့ကိုပဲ လက်ခံပြီး ကြားနာခဲ့တာ ဖြစ်ပါတယ်။ 

NUG အစိုးရ အနေနဲ့ ICJ အမှုမှာ မြန်မာနိုင်ငံ ကိုယ်စားပြုလျှောက်လဲမယ်ဆိုတဲ့ ပြောဆိုမှုကို အချို့က နားမလည်နိုင် ဖြစ်ခဲ့ကြပါတယ်။ ၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးမှာ အမှန်တကယ် ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ အာဏာမသိမ်းခင်ထိ သေချာစွာ မသိရှိခဲ့တဲ့ စစ်ဗိုလ်ချုပ်မဟုတ်တဲ့ အစိုးရအဖွဲ့ဝင်တွေ အနေနဲ့ စစ်တပ်ဘက်က ကာကွယ်ပေးခဲ့တာကို သင်ခန်းစာယူသင့်သလို ၂၀၂၂ ခုနှစ် ဒုတိယအကြိမ်ကြားနာမှုမှာလည်း သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ နေအိမ်မီးရှို့မှု နဲ့ ကျေးရွာတွေကို ဖျက်ဆီးကာ ရွာအဖြစ်နဲ့ မရှိအောင် လုပ်ဆောင်ခဲ့တာတွေအတွက် စစ်တပ်ကသာ တာဝန်ခံ ဖြေရှင်းသင့်ပြီး NUG အနေနဲ့ စွဲဆိုထားတဲ့ အမှုမှာ ကြားဝင် ခုခံစရာ မလိုဘူးလို့ ရှုမြင်ကြတာ ဖြစ်ပါတယ်။ ခုခံဖို့ ရည်ရွယ်ချက် မဟုတ်ခဲ့ဘဲ အစိုးရအဖြစ် တရားဝင်အသိအမှတ်ပြုမှုအတွက် ဆိုခဲ့ရင် ICJ လို တရားစွဲဆိုမှုမှာ အမှန်တကယ် ကျူးလွန်ခဲ့တဲ့ စစ်တပ်ကသာ ဖြေရှင်းဖို့ တာဝန်ရှိတာ ဖြစ်ပြီး NUG အနေနဲ့ ဝင်ရောက်ဖြေရှင်းဖို့ မလိုအပ်ဘူးလို့ မြင်ကြတာ ဖြစ်ပါတယ်။ 

ကနဦး လျှောက်လဲတဲ့ ၂၀၁၉ ခုနဲ့ ဒုတိယအကြိမ် ကြားနာမှု ၂၀၂၂ ခုနှစ် ပြီးနောက် အခု ၂၀၂၆ နှစ်ဦး ကြားနာမှုက အမှုအတွက်  အဓိက ကျတဲ့ ကြားနာမှုဖြစ်ပြီး ကြားနာတဲ့ အချိန်ကာလအားဖြင့် အရှည်ကြာဆုံး ဖြစ်ပါလိမ့်မယ်။ သက်သေတွေရဲ့ ထွက်ဆိုမှုတွေကို ကြားနာမှာ ဖြစ်ပြီး ယခုကြားနာမှုပြီးနောက် တရားရုံးအနေနဲ့ ဆုံးဖြတ်ချက် ချမှတ်တာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်လို့ အမှုမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ ဥပဒေကျွမ်းကျင်သူတချို့က မှတ်ချက်ပေး ပြောဆိုထားကြပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ရင် မြန်မာနိုင်ငံသမိုင်းမှာ အမည်းကွက်စွန်းထင်းစေပြီး အနာဂတ်ကာလတွေအထိ သက်ရောက်မှုတွေ ရှိလိမ့်မယ်လို့လည်း ဆိုကြပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုအတွက် အပြစ်ရှိတယ်လို့ ဆုံးဖြတ်ခဲ့ရင် နိုင်ငံအပေါ်မှာရော ဒီဖြစ်ရပ်မှာ တာဝန်ရှိခဲ့သူ၊ အမိန့်ပေးခဲ့သူ၊ ပါဝင်ကျူးလွန်ခဲ့တဲ့သူတွေအပေါ် သံတမန်ရေး အရ၊ နိုင်ငံတကာ ဆက်ဆံရေး အရ သက်ရောက်မှုတွေ ရှိလာစေနိုင်တာ ဖြစ်ပါတယ်။

ပြိုကွဲသွားတဲ့ ယူဂိုဆလားဗီးယား နိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ တာဝန်ရှိသူတွေကို ရာဇဝတ်ကောင်အဖြစ် ဝရမ်းထုတ်ကာ အထူးဖွဲ့စည်းတဲ့ ICTY လို တရားရုံးမျိုး မြန်မာနိုင်ငံက ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုမှာ ဖွဲ့စည်းဖို့ အလားအလာ မမြင်တွေ့ရတာကြောင့် ဒီလူမျိုးတုံးသတ်ဖြတ်မှုတွေ နဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေ အဖို့တော့ လောလောဆယ်မှာ လက်တွေ့ ဖမ်းခံရနိုင်တဲ့ ခြိမ်းခြောက်မှုတွေ ရှိမနေသေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar