စစ်ရေး လှုပ်ရှားမှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေထဲက စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်
မြန်မာနွေဦးခရိုနီကယ် - ဖေဖော်ဝါရီ ၂၁ မြင်ကွင်း
စစ်ရေး လှုပ်ရှားမှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေထဲက စစ်ကိုင်းတိုင်း နဲ့ ကချင်ပြည်နယ်
အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေတာ၊ အချို့မြို့တွေနဲ့ စစ်စခန်းတွေကို ခံစစ်အရ ခုခံတိုက်ခိုက်နေတာတွေ ဘယ်ဒေသ၊ ဘယ်မြို့တွေမှာ ဖြစ်နေလဲလို့ ဆန်းစစ်ကြည့်ရင် ကရင်ပြည်နယ်၊ ကရင်နီ(ကယား)ပြည်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း အနောက်မြောက်ဘက်၊ ပဲခူးတိုင်း အနောက်ခြမ်းနဲ့ ရိုးမအရှေ့ ကရင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ဒေသ၊ မန္တလေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်က ဒေသအချို့တို့မှာလို့ ဆိုနိုင်ပါတယ်။
ရခိုင်ပြည်နယ်ထဲမှာတော့ ကျောက်ဖြူမြို့နယ်ထဲမှာ နှစ်ပေါက်လာနေတဲ့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း အနောက်မြောက်ဘက် ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းစတဲ့မြို့နယ်တွေမှာ AA တပ်နဲ့ ဧရာဝတီတိုင်းက PDF တွေ ပူးပေါင်းပြီး စစ်တပ်နဲ့ ရင်ဆိုင်တိုက်ခိုက်နေကြတာ ရှိသလို ပဲခူးတိုင်း၊ ပြည်မြို့အနောက်ဘက် ရခိုင်ရိုးမ ထိစပ်နေတဲ့ဒေသတွေမှာ AA လက်နက်ကိုင်တပ်ဖွဲ့နဲ့ စစ်ကောင်စီ တိုက်ခိုက်နေကြတာလည်း ရှိပါတယ်။ အဲဒီနောက် မကွေးတိုင်း၊ ငဖဲမြို့နယ်ထဲက ပဒါန်း-အမ်းလမ်းဟောင်းအနီးက နတ်ရေကန် စခန်းတဝိုက် တိုက်ပွဲတွေလည်း လကနေနှစ်ပေါက်လာတဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ဒါတွေက AA လက်နက်ကိုင် အဖွဲ့နဲ့ အတူ မဟာမိတ် PDF တပ်ဖွဲ့တွေ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
ချင်းပြည်နယ်မှာတော့ အာဏာသိမ်းစစ်တပ်က ဖလမ်းမြို့ ပြန်လည်သိမ်းယူဖို့ ကြိုးစားနေတဲ့ ထိုးစစ်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ခုခံတိုက်ခိုက်နေကြတဲ့ တိုက်ပွဲတွေ ရှိနေပါတယ်။
အာဏာသိမ်းစစ်တပ် အနေနဲ့ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာ ဧရာဝတီ၊ ရခိုင်၊ ချင်းပြည်နယ်တွေမှာ စစ်မျက်နှာဖွင့်နေရသလို နိုင်ငံရဲ့ မြောက်ပိုင်းမှာတော့ KIA နဲ့ ဖားကန့်၊ ဗန်းမော် တို့မှာ စစ်မျက်နှာဖွင့်ထားရတာ ဖြစ်ပါတယ်။ အရှေ့မြောက်ဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ TNLA နဲ့ MNDAA တိုင်းရင်းသားလက်နက်ကိုင် ၂ ဖွဲ့လုံးနဲ့ အပစ်ရပ်ထားကြတာ ဖြစ်လို့ လောလောဆယ်မှာ စစ်မျက်နှာဖွင့်စရာ မလိုတဲ့အနေအထား ဖြစ်ပါတယ်။
ရှမ်းတောင်မှာတော့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေး တပ် PNLA နဲ့ အရင်နှစ်တွေက တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပေမယ့် အခုလက်ရှိ ဖြစ်ပွားခြင်း မရှိပါဘူး။ ကရင်နီ(ကယား) မှာတော့ အာဏာသိမ်းစစ်တပ်က ပြီးခဲ့တဲ့နှစ်တွေအတွင်း ၄င်းတို့ လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေအချို့ ပြန်ရဖို့အတွက် ထိုးစစ်ဆင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်လယ်ပိုင်းကနေ အခုလက်ရှိကာလအတွင်း လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုတို့က နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကာ လတ်တလော ဖားဆောင်းမြို့ကို ပြန်လည်ရရှိခဲ့ပြီး ထိုးစစ်ဆင် စစ်မျက်နှာဖွင့်ထားတဲ့ အနေအထား ဖြစ်ပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း ညောင်လေးပင် စတဲ့ဒေသတွေမှာတော့ အာဏာသိမ်းစစ်တပ် အနေနဲ့ ထိုးစစ်ဆင်နိုင်တဲ့အနေအထား မဟုတ်ပဲ ခံစစ်စစ်မျက်နှာ ဖြစ်ပါတယ်။
ကရင်နီ(ကယား) နဲ့ ကနေ မြန်မာနိုင်ငံတောင်ဘက်ကို ဆက်ကြည့်ရင် ဖာပွန်၊ မြဝတီ၊ လေးကေ့ကော်၊ ဖလူးဒေသကို ထိုးစစ်ဆင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ မြဝတီမြို့ဟာ ထိုင်းနယ်စပ် ကုန်သွယ်ရေးအရရော ထိုင်း-မြန်မာ-အိန္ဒိယ အစရှိတဲ့ အာရှလမ်းမကြီးရဲ့ လမ်းကြောင်းပေါ်က အရေးပါတဲ့မြို့ဖြစ်လို့ မြဝတီမြို့နယ်ကို ကောင်းစွာပြန်ထိန်းချုပ်နိုင်ဖို့ ရည်မှန်းချက်ထားပြီး ထိုးစစ်ဆင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ အာရှလမ်း၊ ဖလူး၊ မင်းလက်ပံ စတဲ့နေရာတွေက လက်ရှိအချိန်မှာ KNU/KNLA နဲ့ ပူးပေါင်းတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ကရင်ပြည်နယ်ကနေ တောင်ဘက်ပိုင်းဖြစ်တဲ့ တနင်္သာရီတိုင်းဘက်မှာတော့ KNU/KNLA နဲ့ တနင်္သာရီတိုင်းက ဒေသခံ PDF ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေလည်း ရှိနေတာပါ။ စခန်းသိမ်းတိုက်ပွဲ လက်လွှတ်ဆုံးရှုံး နယ်မြေ ပြန်လည်ရယူဖို့ ကြိုးစားတဲ့ တိုက်ပွဲမျိုး မရှိပေမယ့် မကြာခဏ တိုက်ပွဲဖြစ်ပွားနေတဲ့ နယ်မြေလို့ ဆိုမယ်ဆို ဆိုနိုင်ပါတယ်။
ဒီလို မြန်မာနိုင်ငံ အနောက်ဘက်ကနေ မြောက်ဘက် အရှေ့ဘက် နယ်စပ်တလျှောက် အနေအထားတွေက အာဏာသိမ်းစစ်တပ်က ဆင်နွှဲနေရတဲ့ စစ်မျက်နှာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်း စစ်မျက်နှာတွေမှာ လတ်တလော လှုပ်ရှားနေတဲ့ ဒေသတွေက စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ထိစပ်တဲ့ဒေသတွေ ဖြစ်ပါတယ်။ မကြာသေးခင်က ဒုဗိုလ်ချုပ်ကြီး ဂွန်မော် ပြောသွားတဲ့ ကသုံးလုံး ဒေသလို့ ဆိုတဲ့ ကန့်ဘလူ၊ ကောလင်း၊ ကသာ စတဲ့ ဒေသတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ အခြားတဖက်မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြတာ အရေးပါတဲ့ နယ်မြေတွေအဖြစ် နှစ်ဖက်လုံးက တိုက်ခိုက်နေကြတာ တွေ့ရပါတယ်။
နယ်မြေကျယ်ပြန့်ပြီး မြန်မာနိုင်ငံ အရှေ့မြောက်ဒေသနဲ့ အနောက်ဘက်ခြမ်းက ဒေသတွေအကြား ကြားခံဖြတ်သန်းရာ လမ်းကြောင်းလို ဖြစ်နေတဲ့ စစ်ကိုင်းတိုင်းရဲ့ အနေအထားက မဟာဗျူဟာအရ အရေးပါတဲ့ ဒေသလို့ဆိုနိုင်ပါတယ်။ ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်း၊ အနောက်ဘက်ဒေသတွေနဲ့ ဆက်သွယ်မှုတွေမှာ စစ်ကိုင်းတိုင်းက အဓိကဖြတ်သန်းသွားနိုင်တဲ့ လမ်းကြောင်းဖြစ်ပါတယ်။ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့လို ဒေသနဲ့ မတူတဲ့ မြေမျက်နှာသွင်ပြင်ကြောင့်လည်း စစ်ကိုင်းတိုင်းက အရေးပါတဲ့ သဘောဖြစ်ပါတယ်။
အထက်ပါ အချက်တွေကြောင့် စစ်ရေး မဟာဗျူဟာအရ အရေးပါတဲ့ စစ်ကိုင်းတိုင်းမှာ လှုပ်ရှားနေတဲ့ တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေ အနေနဲ့ စုစည်းမှုရှိပြီး တဖွဲ့နဲ့ တဖွဲ့ အကြားစစ်ရေးလှုပ်ရှားမှုတွေမှာ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အနေအထားမျိုး ရှိဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။ လက်ရှိ စစ်ကိုင်းတိုင်းထဲမှာ NUG လက်အောက်က တပ်ရင်းတွေက အင်အားအများဆုံးလို့ ဆိုနိုင်ပေမဲ့ ဒေသအလိုက် ဖွဲ့ထားတဲ့ ကာကွယ်ရေးတပ်တွေ နဲ့အခြားသော PLA ၊ 96 Soldiers အစရှိတဲ့ တပ်တွေလည်း လှုပ်ရှားနေကြတာ ဖြစ်ပါတယ်။
ခုရက်ပိုင်းတွေမှာ ဖြစ်ပွားခဲ့တဲ့ BNRA ခေါင်းဆောင်နဲ့ သူ့နောက်လိုက်အချို့ အာဏာသိမ်းစစ်တပ်ထံ လက်နက်ချသွားတဲ့ အဖြစ်အပျက်က စစ်ကိုင်းတိုင်းကိုသာမက နွေဦးတော်လှန်ရေး၊ လက်နက်ကိုင်တော်လှန်ရေးကိုပါ လှုပ်ခတ်သွားစေတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ဒီဒေသရဲ့ သတင်းအချက်အလက်တွေကို ပေါက်ကြားစေတာသာမက လက်နက်ချတဲ့ အစဥ်အလာတခုကိုပါ ဖြစ်သွားစေနိုင်တဲ့ အန္တရာယ်လည်း ရှိနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေကို ခြိမ်းခြောက်နိုင်တဲ့ အညာဒေသရဲ့ လက်နက်ကိုင်တော်လှန်ရေး ၊ စစ်ရေး အနေအထားတွေက နွေဦးတော်လှန်ရေး အဖို့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်ဆိုတဲ့အချက်ကို တော်လှန်ရေးအင်အားစုတွေအနေနဲ့ အလေးထား စဥ်းစားကြဖို့ လိုအပ်မှာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar