Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေး

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေး

မိုးမခ ၊ ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၆


ဘယ်ကစလွဲလို့ဆိုတော့ "ချိုသာစွာ ဆက်ဆံဖို့ ပြင်းထန်စွာ သတိပေး" တာက စလွဲတာ။ ဘယ့်နှယ့် တိုင်တာက အဂတိမှု၊ လင်နဲ့ တူသားနောင်မယ်များ ခန့်ထားမှု၊ ငွေကြေး ဝိုးတိုးဝါးတားမှု၊ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာမှုတွေနဲ့ တိုင်ပါတယ်ဆို ဝန်ကြီးပေါင်းစုံနဲ့ သုံးလကြာ စစ်ပြီးထွက်လာတဲ့ အဖြေက "ပုဂ္ဂိုလ်ရေး အဆင်မပြေမှု" တဲ့။ နောက်နောင် ချေချေငံငံ ဆက်ဆံဆိုတဲ့ ဆုံးဖြတ်ချက်ပဲ ထွက်လာရတယ်လို့။ ငါ့အစိုးရ ငါ့ရုံး၊ ငါ ဝန်ကြီးချုပ် ငါ ခန့်ထားတာ၊ ငါ့အီးမေးလ်တောင် သူပဲ စစ်ရတာ၊ မင်းတို့က သူ့ကို စစ်ခိုင်းစရာလားဆိုတဲ့ အထာ။

ပရောဂျက် တာလဘောနဲ့ ထောင်ချင်တိုင်းထော၊ လုပ်ချင်ရာလုပ်၊ တော်လှန်ရေးတစ်ခုလုံးထက် ခွေးကိုပဲ အရေးတော်ပုံ လုပ်နေတဲ့လူကို "နင့်ခွေးလောက်မဟုတ်တောင် ဝန်ထမ်းတွေကို ချိုချိုသာသာလေးတော့ ပြော" ဆိုတဲ့ နိုင်ငံတော် ထုတ်ပြန်ချက်ကို နဂါးအမြီး စာကပ်လွှတ်လိုက်တာလေ။ နဂါးနဲ့ တွဲကတည်းက ဇယားနဲ့ လွဲတော့တာကလား။

CDM လုပ်ခံရတယ်၊ BC လုပ်ခံရတယ်လို့ ကြားကြားချင်း စောက်ကောင်မကြီးပဲ ထင်နေကြဦးမှာ။ အမှန်က မမနုကြည်။ CDM ပါတဲ့နော်၊ စစ်အုပ်စုတောင် ဂုတ်ဆွဲမောင်းထုတ်လာကြတာ၊ ဒင်းက ဘာမို့လို့တုန်း။ "ပုဂ္ဂိုလ်ရေး အဆင်မပြေမှု" ဆိုတဲ့သူတွေ အခုတော့ ပညာရေးရော ကျန်းမာရေးရောက အဆင်မပြေပြီလေ၊ CDM ပြီလေ။ ကောင်းကြသေးရဲ့လား။ ငွေကြေးကူနေသူတချို့လည်း BC ပြီလေ။ တမူးဘက်မှာ နုကြည်တန်ဖိုးနဲ့ စစ်မှုထမ်းတွေ မတရားသဖြင့် လိုက်ဖမ်းနေလို့ ရုပ်ပျက်ဆင်းပျက် ဆန္ဒပြခံနေရတဲ့ကြား ဟော ခု CDM တောင် လုပ်ခံရ၊ ဘွိုင်းကော့တောင် လုပ်ခံရတဲ့ စကမ နဲ့ မခြားတဲ့ နုကြည်အစိုးရကြီး ဖြစ်လို့။

CDM မျိုးစုံက အမှုစစ်ဆေးချက်တွေကို ချပြဖို့၊ သေချာအရေးယူဖို့၊ ဝါးတားတား မလုပ်ဖို့၊ ဖော့ရိုးနဲ့ ခေါင်းလောင်းထိုးတာမျိုး နောက်နောင် ရှောင်ကြဉ်ဖို့၊ ဝန်ကြီးချုပ် နှုတ်ထွက်ဖို့၊ ရီးတီးရားတား လုပ်နေရင် NUG နဲ့ လက်တွဲဖြုတ်မယ်အထိ ပြောကြပြီ။ တော်လှန်ရေးကို အမွေဆိုင် ရထားသလိုလို၊ အစဉ်အဆက် ပိုင်လာသလိုလို၊ လုပ်ပိုင်ခွင့်ပါမစ် ရထားသလိုလို၊ ပုတ်ပြတ်ဝယ်ထားသလိုလို လုပ်နေတာတွေ ရပ်ဖို့ အားလုံးကလည်း ပြောနေကြပြီ။ ငါးနှစ်ကြာပြီဆိုတော့ အလှထိုင်ကြည့်မနေနိုင်တော့၊ လူ့ဘဝမှာ မရှိဖူးတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်နေရတဲ့ ငါးနှစ်နော်။ မရဖူးတဲ့ သုခတွေနဲ့ တော်လှန်ရေး ဒပ်ဘယ်စတန်းဒတ် (Double Standard) လုပ်နေတာ မခံစားနိုင်တော့။ ဘဝပျက် အသက်ပေး လုပ်ထားကြတာမို့ တော်လှန်ရေး အခွင့်ထူးခံ လူတန်းစားတစ်ရပ်ကို ဘယ်သူမှ ဆက်သည်းမခံနိုင်တော့။

တော်လှန်ရေး အကာအကွယ်ယူပြီး ပွင့်လင်းမြင်သာမှု မရှိတာ၊ တမင်ဖုံးအုပ်ထားတာ၊ လိုက်ကာချထားတာ၊ တံခါးပိတ်ပြီး လုပ်ချင်ရာလုပ်နေတာမျိုးတွေ ရှေ့လျှောက် မရတော့။ အမှုသည်က စာရင်းလုပ်မထားပါဘူးဆိုတာကို စာရင်းကိုက်တယ်လို့ မမနုကြည် စုံစမ်းရေးအဖွဲ့ကြီးက စစ်ချလိုက်တာကတော့ များသွားပြီ။

တမူးဟာလည်း ပေါ့သေးသေးမဟုတ်။ စစ်တပ်က အဓမ္မ စစ်မှုထမ်းလုပ်နေလို့ တစ်နိုင်ငံလုံး အလွန်တရာ ရွံမုန်းစက်ဆုတ်နေတာကြီးကို နုကြည် ပသုံးလုံးတွေ မြိန်ရေယှက်ရေ လုပ်နေကြတာ။ အဓမ္မ စစ်သားစုဆောင်းပြီး သူတို့လင်တွေ၊ သားတွေ၊ မြေးတွေ၊ တူသားမောင်မယ်တွေကို KIA ဆီ ပို့တာတွေ နုကြည်တပ်တွေက လုပ်နေကြလို့ အမျိုးသမီးတွေ ဆန္ဒပြနေကြတယ်။ လယ်လုပ်နေတုန်း ဝင်ဆွဲတာ၊ ည အိမ်ပေါ်အိပ်နေတုန်း တက်ဆွဲတာတွေ လုပ်နေတာ လူပေါင်းနှစ်ရာကျော်ပြီတဲ့။ ခုလည်း ဆက်ဆွဲဦးမှာလို့ နုကြည်ပီဒက် (PDF) တွေက ဆက်ပြောဆက်လုပ်နေကြတုန်း။ ပအဖရဲ့ လေသံကတော့ ဆန္ဒပြသူပါ အရေးယူဦးမယ့်ပုံ။ စွဲသင့်စွဲထိုက်သူတော့ လွတ်မပေးဘူးတဲ့။ စွဲသင့်စွဲထိုက်သူလို့ ဘယ်လိုများ သတ်မှတ်သလဲမသိ။ အတော်တော့ ရုပ်ပေါက်ပါတယ်။ တော်လှန်ရေးထဲ ပါချင်အောင် မစည်းရုံးဘဲ တော်လှန်ရေးအဖွဲ့က လူထုကို ကိုယ်စိတ်ကြိုက် လုပ်လို့ရတဲ့ အရုပ်တွေပုံစံမျိုး ပြောနေတာ အံ့ဩစရာ။ စစ်ကိုင်းဖက်ဒရယ်ယူနစ် အစိုးရကလည်း ဘာဆိုဘာမှမဟ၊ အ နေသလားတောင် မှတ်ရ။

အားလုံးမျှော်နေကြတဲ့ မကြည်ပြာ သတင်းစာရှင်းလင်းပွဲကြီး လာတော့ သေသေချာချာ စောင့်မနေတာက စုံခုံအတွင်းရေးမှူး စူစန်နာ။ ကားမောင်းရင်း ဖြေတဲ့ သတင်းစာရှင်းလင်းပွဲ ဒီတစ်ခါပဲ တွေ့ဖူးတယ်။ ဘယ်လောက် အလေးထား အာရုံစိုက်လဲ သိရတာပေါ့။ မတတ်သာလို့သာ ဖြေရတဲ့ပုံ၊ ဖြေစရာလားဆိုတဲ့ အထာ။ ဂျာထွယ်ပန်ကလည်း အရေးကြီးမေးခွန်းဆို ဘာမေးလိုက်တာလဲ၊ မသိလိုက်ဖူး၊ ပြန်ပြောပါဦးဆိုတော့ ကြားလူက မေးခွန်းကို ဆင်ဆာဖြတ်ပြီး ပြန်ပြော။ ပထမတော့ တကယ်မကြားလိုက်ဖူးပေါ့ ထင်နေတာ၊ ခဏခဏလည်းဖြစ်၊ တစ်ယောက်တည်းလည်း မဟုတ်၊ ဒေါက်ဇော်ပါ လုပ်နေတော့ ဒါ အကွက်ဆိုတာ သေချာသွားတယ်။

ချိုချိုသာသာ ဆက်ဆံရေး နိုင်ငံတော်စီရင်ချက်ကို ကြေညာချက်အနေနဲ့ ထုတ်ပြီး စာပို့ထားတာကိုပဲ လျှို့ဝှက်ချက် ဖောက်ဖျက်သလိုလို၊ ပြည်သူကပဲ မသိထိုက်သလိုလိုနဲ့ လကလလား ဖြဲသွားသေးတာ။ ဒေါက်ဇော်က ဝက တောင် ငါးသောင်းပဲရတယ် ပြောနေချိန် ဝကခရုံးက ပေါ်လစီအကြံပေး ခုနစ်ယောက်က တစ်လ ဒေါ်လာသုံးထောင်နဲ့လုပ်၊ အဲဒီထဲက ဟိုဟိုဒီဒီ ထောက်ပံ့ဖို့ သုံးဆယ်ရာခိုင်နှုန်း ဖြတ်ထားတာကို ဟိုလိုဒီလို လုပ်တာတွေ ပေါ်လာရော။ ကိုယ်ချစ်တဲ့ခွေး နေမကောင်းလို့ ဆေးကုတာကတော့ ထားပါတော့၊ ခွေးမွေးနေ့ လုပ်ပေးတာကတော့ များသွားပြီလေ။

ရဲဘော်တွေမှာက ဆေးကုစရာကို မရှိတာ။ စစ်ရှောင်တွေမှာက အဘိုးအဘွားတွေ အအေးပတ်ပြီး သေနေကြတာ။ အဲဒီငွေတွေနဲ့ ဘာဆိုဘာမှ မထောက်ပံ့ဘဲ နေနိုင်တဲ့စိတ်နဲ့ တော်လှန်ရေးကို ဆက်တိုက်ကြဦး ပြောထားကြတာ တကယ့်အံ့ဖွယ်။ တူတွေ သားတွေ ခန့်ထားတာက မကြည်ပြာလား၊ ဝန်ကြီးချုပ်လား မေးခွန်းလည်း တစ်ယောက်မှ မလှုပ်၊ ငုတ်တုတ်မေ့ကြ။ တခြားဌာနတွေမှာရော ဒါမျိုးတွေ ရှိလားဆို မကြားချင်ယောင်ဆောင်ကြ။ အကုန်လုံး နဝတခေတ် သတင်းစာရှင်းလင်းပွဲကို ပြန်ကြားယောင်ကြ။ အာ့ကျကျကို မြင်ယောင်လာကြ။

တက်လာတဲ့ မေးခွန်းက မကြည်ပြာကို ဘာကြောင့် ဒီလောက် ကာကွယ်နေကြရသလဲဆိုတာ။ မကြည်ပြာဟာ နိုင်ငံတော်လားဆိုတာ။ သင်းတို့က နိုင်ငံတော်အကြည်ညိုပျက်စေမှုအထိ သုံးနှုန်းထားကြတာကိုး။ ဒါတောင် အတွင်းဝန် ဆိုတာ နိုင်ငံရေးရာထူး မဟုတ်သေးဘူးနော်။ ရိုးရိုးဝန်ထမ်းပဲ။ CDM ပညာရေး၊ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ထပ်ဆင့် CDM လုပ်မှုကို ဘယ်လို ကျော်လွှားမလဲ။ အခု ရှင်းထားသလောက်နဲ့ မရတော့ဘူးဆိုတာကိုတော့ အားလုံး သိကြပါတယ်။ အခုလောက်ပဲ ရှင်းထားလို့ကို CDM ကြတာ၊ BC ကြတာ မဟုတ်လား။ "ပြင်းထန်စွာ" စာလုံးနဲ့ ဇွတ် အဓိပ္ပာယ်ဖွင့်ပြ၊ ဆက်လုပ်မယ်လို့ ပြောသွားတာတော့ရှိ။ တကယ်တော့ အဲဒီစကားလုံးရဲ့နောက်က "သတိပေး"၊ ရှေ့က "ချိုချိုသာသာ ဆက်ဆံဖို့" နဲ့ပဲ ဝန်ကြီးချုပ် လက်မှတ်ထိုးပြီး တရားဝင် တွဲသုံးခဲ့တာ မဟုတ်ပါလား။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar