Breaking News

နေသွင်ညိဏ်း - အမေအိုနှင့် ရေဒီယို(ပြန်လည်ဆန်းသစ်ခြင်း)


Image- Credit
 
အမေအိုနှင့် ရေဒီယို
နေသွင်ညိဏ်း
(မိုးမခ) မေ ၄၊ ၂၀၂၆

အရင်လက အမေ ရုတ်တရတ်ကျန်းမာရေးဆိုးလာလို့ အရေးပေါ် ဆေးရုံတင်ရတယ်။ ဆေးရုံမှာ ရက်နည်းနည်းကြာလာတော့ အမေ့ ပျင်းနေမှာ စိုးလို့ ကျနော်က ရေဒီယို တလုံး ပို့ပေးလိုက်ဖို့ အိမ်ကို မှာရတယ်။ အမေ့ သဘောထားကို မေးကြည့်တော့ ‘ မယူချင်ပါဘူး။ မကြာခင် ဆေးရုံက ဆင်းရမှာပါ။’ လို့ ပြောရှာတယ်။ ဒီအသက်ထိ ဆေးခန်း တခါတလေ ပြေးရတာက လွဲလို့ ဆေးရုံ တခါမှ ရက်ရှည် မတက်ဖူးတော့ အမေက မနေချင်။ တရက်ကိုတသိန်းနီးပါး စရိတ်ကုန်တာကိုလည်း အမေက နှမြောပုံရပါတယ်။ 

အမေက ရေဒီယို အင်မတန်ကြိုက်တယ်။ နေ့လည် တရေးတမော အိပ်ရင် ဖြစ်ဖြစ် ရေဒီယို တိုးတိုးဖွင့်ပြီး အိပ်တတ်တယ်။ ညဆိုလည်း ဒီအတိုင်း။ ကျနော် ရေဒီယို ကြိုက်တတ်လာတာဟာ အမေ့ကြောင့်လို့ ထင်တယ်။ ငယ်ငယ်က ကျောင်းပိတ်ရက်ဆို တနေကုန် ရေဒီယို နားထောင်တယ်။ ကျနော် အင်္ဂလိပ်စာကို စိတ်ဝင်စားလာတဲ့ အချိန်ကျတော့ အိမ်မှာ ရေဒီယို ဖွင့်တဲ့ အချိန်ဟာ အရင်ထက် ပိုကြာလာတယ်။ အင်္ဂလိပ်ပိုင်းပြီးမှပဲ ပိတ်တော့တယ်။

သီချင်းတွေ၊ သတင်းတွေ၊ အစီအစဉ်တွေ အားလုံး ကျနော် လွတ်တာ မရှိသလောက်ပဲ။ အလယ်တန်း ကျောင်းသားအရွယ်မှာ မြန်မာ့အသံဆီ စာပို့ပြီး မေးခွန်းတွေ မေးနေပြီ။ ရှင်မဟာရဌသာရရဲ့ ငယ်ဘဝအကြောင်း သိပါရစေ ဆိုတာမျိုးပေါ့။ 

ကျနော်တို့ ခေတ်က  အင်တာနက်မရှိ၊ google မရှိ ဆိုတော့ ဒါလေးသိရဖို့ ရေဒီယိုကို မေးရတယ်၊ ခပ်တိုတို အဖြေရရင် အားမလို အားမရနဲ့ အင်မတန်ထူးတဲ့ အရသာတမျိုးပေါ့။ 

ဒါနဲ့ ပတ်သက်လို့ အမှတ်တရတခု ရှိသေးတယ်။ ၂၀၀၈ လောက်မှာ DVB မှာ အလုပ်ဝင်ပြီး လပိုင်းအကြာမှာ မြန်မာ့အသံက လူကြီးတယောက် ရောက်လာတယ်။ သူ့အသံကို ကြားတာနဲ့ သုတရေးရာဖြေကြားလွှာက ဦးဝင်းအောင် မှန်း ကျနော် မှတ်မိတယ်။ အသံလွှင့် လောကမှာ တခြား ဦးဝင်းအောင်တွေ လည်း ရှိသေးတယ်။ ဦးဝင်းအောင်ကလည်း တပတ်တခါ မေးခွန်းတွေ ဖြေဖို့ စာအုပ်တွေ အတော်လျှောက်မွှေရတယ်လို့ ပြောပြတယ်။ တခေတ်တခါကပေါ့။  နောက်တော့ ဦးဝင်းအောင်နဲ့ ကျနော် ရေဒီယို အစီအစဉ်တွေ၊ တီဗီ အစီအစဉ်တွေ ပူးတွဲ တင်ဆက်ခဲ့ကြတယ်။ အချိန်အတန်ကြာဆိုတော့ သူ့ဆီက ကျနော် သင်ယူခဲ့တာတွေလည်း ရှိပါတယ်။ 

အစကနေ ပြန်ကောက်ရရင် အမေ ရဲ့ ရေဒီယို ဝါသနာဟာ ကျနော့်ဆီ ပါလာပြီး ကျနော်လည်း နောက်တော့ ရေဒီယို တင်ဆက်သူ ဖြစ်ခဲ့တယ်။

ခုတလော အာရင်ဘတ်ရေးတဲ့ လူများ သက္ကရာဇ်များ၊ ဘဝကို ပြန်ဖတ်ဖြစ်တယ်။ အခုအထိ ကျနော် အကြိုက်ဆုံး စာအုပ်ဆိုပါတော့။ အာရင်ဘတ်က သူ့ဦးလေး တယောက်ဆီက ဝါသနာဟာ သူ့ဆီမှာ လာပေါ်တာ ဖြစ်မယ်လို့ တနေရာမှာ ရေးထားတာ ဖတ်ရတယ်။ သူ့ အဖေဘက်က ဆွေကြီးမျိုးကြီး ဆိုတော့ ကဗျာရေးပြီး ဆပ်ကပ်ပြတဲ့ သူ့ဦးလေးကြောင့် မိသားစုတွေက ရှက်ကြပေမယ့် အာရင်ဘတ် ပေါက်စကလေးကတော့ သူ့ဦးလေးကို သဘောကျနေတဲ့ အကြောင်း ရေးထားတယ်။ ချစ်စရာ။ 

ကျနော့် အဖေဘက်က ညီအထွေးဟာ ဇာတ်ပိုး အင်မတန်ပါတယ်တဲ့။ ကျနော်နဲ့ တခါမှ မဆုံ။ အမေ့ ဦးလေးတယောက်ကလည်း ဇာတ်ထောင်စားတယ်လို့ ငယ်ငယ်က ကြားဖူးတယ်။ ဒီလိုနဲ့ ကျနော့်ဆီ စာပေပိုး၊ အနုပညာ ပိုး နည်းနည်း ပါလာတာ ထင်ပါရဲ့။ ထားပါတော့။ 

၂၀၁၅ လောက်က အိမ် ခဏပြန်ရောက်တော့ အမေက ရေဒီယို ဖွင့်နေတုန်းပဲ။ မြန်မာ့အသံရဲ့ တင်ဆက်ပုံတွေလည်း အတော် ပြောင်းသွားတာ သတိထားမိတယ်။ ကိုယ်တိုင်ကလည်း ရေဒီယို တင်ဆက်သူ၊ ရုပ်သံတင်ဆက်သူ ဖြစ်နေပြီဆိုတော့ သတိထားမိခဲ့တယ်။ အရင်နဲ့ မတူတော့။

တခေတ်တခါက ရေဒီယိုဟာ သိပ်အရေးပါခဲ့တယ်။ ရေဒီယိုမှာ သီချင်းတောင်းပြီး ကိုယ့်နာမည် ပါလာရင် သိပ်ပျော်စရာကောင်းတယ်။ နိုင်ငံရေး အရလည်း အင်မတန် အရေးပါတယ်ထင်တယ်။ကျနော်ငယ်ငယ်က မြန်မာ့အသံက လွှင့်တဲ့ ဝါဒ ဖြန့်ချိရေး ရုပ်ရှင်တကားမှာ တောထဲက ကွန်မြူနစ်လူကြီး တယောက်ထင်ပါတယ်။ ရေဒီယို နားထောင်ပြီး သတင်းတပုဒ်ကြားတော့ ရေဒီယိုကို ပေါက်ခွဲပစ်လိုက်တဲ့ ဇာတ်ဝင်ခန်းပါတယ်။  ဦးဝင်းတင်ရေးတဲ့ ဘာလဲဟဲ့ လူ့ငရဲထဲမှာလည်း ထောင်ကျနေတဲ့ နိုင်ငံရေးသမားတွေအတွက် ကြက်တူရွေး ( ရေဒီယိုကို ခေါ်တာ) ဘယ်လောက် အရေးပါတယ်ဆိုတာ ပါတယ်။

၈ လေးလုံး ကာလမှာ မြန်မာ့အသံကို မသိမ်းခဲ့လို့ နောင်တရကြတယ်လို့ ကြားဖူးတယ်။ ၁၉၈၈ မှာ စစ်တပ် အာဏာသိမ်းတော့လည်း စစ်ချီတေးတွေ ဆက်တိုက် လွှင့်ခဲ့တာ ရေဒီယိုကပဲ။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်မှာလည်း အင်တာနက်လိုင်းတွေ ၊ ရုပ်သံလိုင်းတွေကို ပြတ်နေချိန် ရေဒီယိုကနေ စစ်ချီတေးတွေ တခါ ပြန်ကြားခဲ့ရတယ်။ ဒီအသံတွေ ပြန်ကြားလိုက်တော့ စိတ်ထဲမှာ ရုပ်ရှင်ထဲ အဖြူအမည်းနဲ့ နောက်ကြောင်း ပြန်ရောက်သလို တမျိုးကြီး ခံစားခဲ့ရတယ်။ 

အခု အမေ့အသက် ၈၀ နီးနေပြီ။ အရင်လက ဆေးရုံတက်တဲ့ ရက်က လွဲရင် နေ့တိုင်း ရေဒီယို နားထောင်တယ်။ တနေ့နေ့မှာ သူကြားချင်တဲ့ သတင်းကောင်း ပါလာနိုးနိုးနဲ့ ဖြစ်မှာပါ။ 

နေသွင်ညိဏ်း
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar