ကိုရာဇာ - လက်ယဉ်တဲ့ ကဗျာဆရာ ၂
လက်ယဉ်တဲ့ ကဗျာဆရာ ၂
ကိုရာဇာ
(မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၂၆
သိဏ်းသိဏ်းတို့နဲ့ နေရတာက ဘာစည်းကမ်းသတ်မှတ်ချက်မှမရှိပါဘူး။ သူတို့ကိုယ်တိုင်လည်း အဲ့လိုစည်းကမ်းတို့ဘာတို့ဆိုတာကို မုန်းဟန်တူပါတယ်။ တခုပါပဲ သိဏ်းသိဏ်းက မနက်စောစောထရင်တော့ ဆဲတတ်ပါတယ်။ ကျနော်ပြောတဲ့ မနက်အစောဆိုတာက ၉/၁၀ နာရီလောက်ကိုပြောတာပါ။ အဲ့အချိန်လောက် ကျနော်ထရင် “စောက်ကလေး ပြန်အိပ်” ဆိုပြီး သူလည်းပြန်အိပ်ပါတယ်။ တခါတလေကျ ကျနော့်ကိုသာ ပြန်အိပ်ခိုင်းနေတာ သူကတော့လှဲရက်သား ဆေးလိပ်ဖွာနေတတ်ပါတယ်။ ၁၁ ခွဲ ၁၂ လောက်ဆို သိဏ်းသိဏ်းထပါပြီ။ အုတ်ရေကန်ထဲ လက်ခုပ်တခါခပ်လိုက်ပြီး မျက်နှာသပ်ချပါတယ်။ ဝတ်ထားတဲ့ ပုဆိုးကို ဖြည်ချလိုက်ပြီး မျက်နှာကို အုပ်ပြီးသုတ်လိုက်ပါတယ်။ အဲ့ဒါ သိဏ်းသိဏ်းရဲ့ တနေကုန်စာ သန့်ရှင်းရေးလုပ်လိုက်တာပါပဲ။ ပြီးတာနဲ့ တခုခုကို စရှာပါတော့တယ်။
ပါးစပ်ကလည်း ဆဲလိုက်ဆိုလိုက်နဲ့ မြည်တွန်တောက်တီးလိုက်နဲ့ပေါ့။ နောက်ဆုံး ၂၀၀ တန်ပိုက်ဆံအရွက်ကိုတွေ့ပါတယ်။ အဲ့တော့မှ “ငါရိုးမဝင်းမြင့် နေ့တိုင်းအဲ့လိုလုပ်နေ ညနေကအပြတ်ပြောတော့မယ် စောက်ကလေးရေချိုး လက်ဖက်ရည်ဆိုင်သွားမယ် “ဆိုမှ ကျနော်လည်း ကမန်းကတန်းရေချိုး သူ့နောက်ကလိုက် သုဝဏ္ဏစျေးထိပ်က “မောင့် လက်ဖက်ရည်ဝိုင်း” ဆိုတဲ့ဆိုင်ကို ဗူးဘုရားလမ်းအတိုင်းချီတက် အကျအနထိုင်ပါတော့တယ်။
အခြေအနေတွေကို လိပ်ပတ်မလည်ခင်က ကျနော်လည်း အူကြောင်ကျားဖြစ်နေတာပေါ့လေ။ အနေကြာတော့မှ အဲ့အခြေအနေကို ကောင်းကောင်းသဘောပေါက်ပါတယ်။ ဝင်းမြင့်က အလုပ်ရှိသမားဆိုတော့ မနက်အစောထတယ် အလုပ်မသွားခင် ပိုက်ဆံ ၂၀၀ ကို သိဏ်းသိဏ်းကိုပေးတယ်။ ပေးတော့ လက်ထဲလည်းမထည့်ခဲ့ ထင်သာမြင်သာလည်းမထား ပံ့သကူပစ်သလို တနေ့ကို တနေရာမှာ ပစ်ချထားတတ်တာပါပဲ။ အဲ့ဒါကို သိဏ်းသိဏ်းကဆဲဆို လိုက်ရှာ တွေ့တော့မှ လက်ဖက်ရည်ဆိုင်သွားရသကိုး။(ခုပြန်တွေးကြည့်တော့ သူတို့ဘာသာ ရှာကြံပြီး ပျော်စရာများ ဖန်တီးကြသလားပေါ့လေ)။ လက်ဖက်ရည်ဆိုင်ရောက်တော့မှ ဆရာသိဏ်းရဲ့ ချွေတာရေးဒဿနကို သိခွင့်ရတော့တယ်။
“ခုလို အိပ်ရာ နောက်ကျမှထတော့ ငါတို့တနပ်စာသက်သာမသွားဘူးလား”တဲ့ ကျနော်လည်း ရယ်ရအခက် ငိုရအခက်။ လက်ဖက်ရည်ဆိုင်ကထရင် သိဏ်းသိဏ်းက ကျနော့်ကို ပိုက်ဆံ ၂၀ ပေးတယ်။ လမ်းစရိတ်ပေါ့။ ကျနော်ကအဲ့ပိုက်ဆံယူ သွားရာရှိတာသွား ညနေကျတော့ လေထန်ကုန်းချီတက် ရောက်နှင့်ပြီးသား သိဏ်းသိဏ်းတို့ ကိုလှသန်းတို့နဲ့ ၄၂၊ ၁၉ လမ်း၊ မယ်ဇလီပင်လမ်း အလျဉ်းသင့်သလိုထိုင် အပုပ်ချိန်ရောက်ခါမှ ၂၀၅ သို့မဟုတ် ၅၆ စီးပြီးပြန်ကြတာပေါ့။ အဲ့အချိန်ထိ တအိမ်ထဲနေ လူသုံးယောက် ပေါင်းစည်းရေးက ဖြစ်မလာသေးဘူး။ ကျနော်တို့ အိမ်ပြန်ရောက်ချိန်ဆို ဝင်းမြင့်က တရားထိုင်နေပြီလေ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
