ဆယ်ပေါင်တူ - ‘လားနဂီး’၏ ဝန်ကြီးချုပ်ရုံးသို့ပေးစာ
ဆယ်ပေါင်တူ - ‘လားနဂီး’၏ ဝန်ကြီးချုပ်ရုံးသို့ ပေးစာ
မိုးမခ ၊ ဖေဖော်ဝါရီ ၂၀ ၊ ၂၀၂၆
‘ဘပု….ဘပု…. ‘မြင်းနဂီး’ က ပြောတယ်၊ သူ ညှိစရာ ရှိတယ်တဲ့’
ကြင်စိုးမျက်နှာ ဇဝေဇဝါပုံ ပေါက်သွားသည်။ ‘မဲလုံး မင်းဘယ်သူ့အကြောင်း ပြောနေတာလဲ’ ဟု ပြန်မေးလိုက်သည်။ အူကြောင်ကြောင် ဖြစ်နေသည့် ကြင်စိုးကို ကြည့်ပြီး မဲလုံး သဘောပေါက်မိသည်၊ ကြင်စိုးက ဉာဏ်သိပ်ပြေးသူ မဟုတ်။ သူ့ကို အစီ ရင်ခံတင်ပြစရာရှိလျှင် အစမှအဆုံး တမေ့တမောကြီး ရှင်းပြပေးရသည်။ တော်ရုံနှင့် သူ နားမလည်၊ ဒုံးဝေးသူတယောက်ဟုပင် ပြောနိုင်သည်။
အခုလည်း သူက ကြင်စိုးရုံးခန်းတွင်း ရောက်နေသည့် ‘ခေါဘရဏီကြူအယ်လ်ဗီလှ’ကို မြင်လိုက်ရသည့်အတွက်၊ အားနာစိတ်နှင့် ခါတိုင်း သူတို့ခေါ်နေကျ ‘လားနဂီး’ဟု မဲလုံးနှုတ်မှ မထွက်တော့ဘဲ၊ ‘မြင်းနဂီး’ဟု ပြောင်းခေါ်လိုက်သည်တွင် ကြင်စိုး လည်ထွက်သွားသည်။ သူ့ကို မျက်လုံးကြီးပြူးပြီး ကြောင်တောင်တောင်နှင့် စိုက်ကြည့်နေလေသည်။
‘ခေါဘရဏီကြူအယ်လ်ဗီလှ’သည် မြန်မာစာဆရာမ ဖြစ်သည့်အပြင် ကဗျာတွေ ဘာတွေလည်း တခါတလေ ထထရေးတတ်သောကြောင့်၊ ‘လားနဂီး’ ဆိုသည့် စကားလုံး အသုံးအနှုန်းအား ချက်ဆို နားခွက်က မီးတောက်မည့်သူ ဖြစ်သည့်အတွက်၊ မဲလုံး ယခုလို အမည်လွှဲပြောဆိုလိုက်ရခြင်းပင်။
‘ဒီလို…ဘပုရဲ့ ၊ မေကြူ ရောက်နေလို့ ‘လားနဂီး’လို့ ခေါ်ရမှာ ကျနော် အားနာလို့ ‘မြင်းနဂီး’ပြောင်းခေါ်တာ၊ မြင်းနဲ့လားနဲ့ ပုံသဏ္ဌာန်က သိပ်မှမကွာတာ’
‘အေး…အေး…ဟုတ်ပြီ၊ သူက ဘာတွေ ညှိချင်တာလဲ၊ ငါတို့နဲ့ သူနဲ့ ညှိထားပြီးတာက နှစ်တွေတောင် ကြာနေပြီပဲ’
‘အခုက သူ့ကို ပြည်သူ့စစ်ခေါင်းဆောင် ပျူစောထီးခေါင်းဆောင် ပြန်ခန့်မယ်ဆိုတာမျိုး သူ မလုပ်ချင်တော့ဘူးတဲ့၊ ဘာကြောင့်လဲဆိုတော့ သူက စစ်တိုက်တတ်တာ မ ဟုတ်ဘူး၊ မစ်ရှင်ပဲ ဝယ်တတ်တာမို့တဲ့’
မစ်ရှင်ဝယ်တယ် ဆိုတာ တခြားအဖွဲ့တွေ တိုက်ကြခိုက်ကြသည်များအား အခကြေးငွေ တစုံတရာနှင့် ပေးဝယ်ပြီး ကြားထဲက အချောင်နာမည်ဝင်ခံတာကို ဆိုလိုကြောင်းလည်း မဲလုံးတဆက်တည်း ရှင်းပြလိုက်သည်။ ကြင်စိုးအမေးကို စောင့်မနေတော့။
ကြင်စိုး ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။ နဂိုကတည်းက စည်းမဲ့ကမ်းမဲ့ ပရမ်းပတာ သုံးစားမရသည့် သူ့တပ်ဖွဲ့တွေ ‘လားနဂီး’အကျင့်တွေ ထပ်ကူးသွားလျှင်တော့ သူ စဉ်းတောင် မစဉ်းစားဝံ့ဆိုပြီး မဲလုံးကို ပြန်မေးသည်။
‘အဲဒီတော့…သူက ဘာလုပ်ချင်တာတဲ့လဲ’
‘ကြက်သွန်ပွဲစားများအသင်း ဦးစီးချုပ်’ ဆိုတာ လုပ်ချင်တယ်လို့ ပြောတယ်၊
‘ဟ……ကြက်သွန်ပွဲစားများအသင်းဥက္ကဋ္ဌ ဆိုရင်လည်း ဟုတ်သေးတယ်၊ ပွဲစားများဦးစီးချုပ် ဆိုတာက ဘာကြီးလဲကွ၊ ရှိမှမရှိတဲ့ ရာထူးကြီး’
‘ခန့်မယ်သာ ပြောလိုက်ဘပု…သူက ဦးစီးချုပ် မလုပ်ရရင် မနေနိုင်တဲ့သူဆိုတာ ဘပုလည်း သိတာပဲ’
‘အေး …မင်းကြည့်ပြောလိုက်’ ဟု ပြန်ပြောပြီး ‘ဒီကောင်သာ ရောက်လာရင် ငါ့ရာထူးတောင် စိုးရိမ်ရတယ်’ဆိုပြီး ကြင်စိုးစိတ်ထဲက ရေရွတ်နေမိသည်။
ဟုတ်တော့လည်း ဟုတ်သည်၊ ‘လားနဂီး’သည် လွယ်လှသူ မဟုတ်။ အခုပဲ ကြည့်လေအရပ်ထဲမှာ ပြောဆိုကုန်နေကြပြီ။
“မယားစည်းကိုလည်း မခုန်နဲ့
လားနဂီးကိုလည်း မယုံနဲ့
မယားစည်းကိုခုန်ရင် ထိရှဘုံနိမ့်မယ်
လားနဂီးကိုယုံရင် ရှိသမျှကုန်လိမ့်မယ်” တဲ့။
ဒီကောင့်ကိုတော့ သတိထားမှ ဖြစ်မယ်ဟု ကြင်စိုး တွေးမိသည်။ သူတင်မဟုတ် ‘ခေါဘရဏီကြူအယ်လ်ဗီလှ’ကိုလည်း မှာထားရသည်။ ‘လားနဂီး’အနား ကို ယောင်လို့တောင်မှ သွားမကပ်လေနဲ့ဆိုပြီး။
မှန်တာဝန်ခံရလျှင် ကြင်စိုးလည်း ‘လားနဂီး’ကို စိတ်ဝင်စားနေမိသည်။ တမျိုးတော့ မထင်ကြလေနှင့်။ ငွေရလျှင် ဘာမဆိုလုပ်ချင်သော ကြင်စိုးက နည်းမျိုးစုံဖြင့် ငွေများ ရှာနိုင်သော ‘လားနဂီး’၏လုပ်ကွက်များကို စိတ်ဝင်စားနေမိခြင်းပင်။
စဉ်းစားကြည့်လေ၊ ‘လားနဂီး’ကို ဆော်ကြ ဩကြ ပြုနေသည့် ကြက်စင်တို့၊ ဝက်မဲ တို့ ဆိုတာက သူတို့နိုင်ငံတွေမှာ မြန်မာအသိုင်းအဝိုင်းက ဆေးဖော်ကြောဖက် လုပ်ကြလေသူများ မဟုတ်၊ သူ့ကိုဝန်းရံလိုသော အဖွဲ့ကလည်း အခုဆို လူတွေက နာမည်တောင် မေ့နေကြပြီဖြစ်သည့် နှစ်ယောက်တပိုင်း တပ်ပေါင်းစု ဆိုသည်မျိုးသာ။
ထိုသို့ နိုင်ငံရေး လေထိုးကျွတ်ဖာ အုပ်စုက ခေါင်းဆာင်တင်လိုသော ‘လားနဂီး’ ကို ကြီးကောင်ကြီးမားနှင့် ကိုယ့်အသက်အရွယ်ကိုယ်လည်း ဂရုမပြု၊ ကိုယ့်ဖြတ်သန်းမှုကိုလည်း အားမနာဘဲ နောက်မြီးဆွဲလုပ်လိုသူ လူကြီးလူလတ်များ၊ ဝမ်းစာလေးဖင်ကပ်နှင့် ဇွတ်ပင် တတိယအုစုပ် လုပ်လိုကြသူများ၊ ထိုထိုကဲ့သို့ ဝေလေလေသမားများ နံဘေးမှာထားပြီး လူပေါ်လူဇော် လုပ်နေသော ‘လားနဂီး’ ၏ ‘မားကက်တင်း’လုပ် ငွေရှာတတ်ပုံကို ကြင်စိုး စိတ်ဝင်စားနေမိခြင်းသာ ဖြစ်သည်။ ‘လားနဂီး’သည် ကြင်စိုးအတွက်တော့ ‘ဆမ်းသီး’တော့ ‘ဆမ်းသီး’ ပင်။
ဤသို့ဖြင့် ကြင်စိုးတို့ဆီ ‘လားနဂီး’ ရောက်ရှိလာတော့သည်။ ရောက်ပြီး မကြာမီမှာပဲ ‘လားနဂီး’ ကြင်စိုးတို့ဘက် သူ ပြေးလာတာ မှားသွားပြီလား ထင်မိတော့သည်။ ထင်မိရခြင်းမှာ NUG ဝန်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော အမိန့်စာတစောင်ကြောင့် ဖြစ်သည်။
‘လားနဂီး’စိတ်ထဲ တခဏချင်း ပေါ်ပေါက်ခဲ့သည်က ချိုသာစွာ ပြောဆိုဆက်ဆံတတ်ပါက ဘာတွေဘယ်လိုပဲ တိုင်ကြားတိုင်ကြား အတွင်းဝန်ရာထူးသည် ဘေးမသီရန်မခ ဖြစ်နေလိမ့်မည်ဟု တွေးမိခြင်းပင်။
ဤသို့သာဆိုလျှင် သူ့လို စကားကို ချိုချိုသာသာ လှည့်ပတ်ပြောဆိုတတ်သူတဦးအတွက် NUG ဝန်ကြီးချုပ်ရုံးတွင် အတွင်းဝန်ရာထူးကတော့ အနိမ့်ဆုံးပင် ရနိုင်လိမ့်မည်ဟုလည်း နောင်တရမိသွားသည်။ အခုတော့ သူ အသိ နောက်ကျသွားလေပြီ။
ထိုခဏမှာပဲ ပြည်သူ လေးစားချစ်ခင်သော သမ္မတကြီးကို ကြင်စိုးလို သမ္မတရူးနှင့် တတန်းတည်းထား တန်းညှိသံချပ်တိုင်ထားသည့် သံချပ်ကို ထုတ်လွှင့်ပေးသည့် အသံလွှင့်ဌာနမှ ဆက်သွယ်လာသည်။ ပထမတော့ သူ့ကို အင်တာဗျူးလာလုပ်သည်ဟု ထင်သွားမိသည့် ‘လားနဂီး’သည် ထုံးစံအတိုင်း မည်သို့ထေ့ငေါ့လှည့်ပတ် ရွှီးဖြန်းရမည်ကို ခပ်မြန်မြန်စဉ်းစားလိုက်သည်။ သို့သော် ထိုမက်ဆေ့ချ်က သူ့ကို အင်တာဗျူး လုပ်လို၍မဟုတ်၊ တပြည်လုံးက သူတို့သတင်းဌာနနှင့် သံချပ်အဖွဲ့ကို ဝိုင်းဆဲနေကြချိန်တွင် ‘လားနဂီး’ လက်နက်ချ အညံ့ခံသွားသည့် သတင်းကြောင့် ‘လားနဂီး’ ဘက်ကို ပြောင်းပြီး ဆဲဆိုကုန်ကြ၍ သူတို့ အဆဲခံရ သက်သာသွားသည့်အတွက် ကျေးဇူးတင်ကြောင်း စာပို့လာခြင်းပင်။
‘လားနဂီး’ ရုတ်ခြည်း အကြံရသွားသည်။ သက်သက်ညှာညှာ စဉ်းစားပေးတတ်သော NUG ဝန်ကြီးချုပ်ရုံးနှင့် အဆက်အသွယ်တော့ သူ လုပ်ထားရပေမည်။ ကြင်စိုးဆီမှာ အခြေအနေမကောင်းလျှင် သူ ဘက်ထပ်ပြောင်းရနိုင်သည်။ သူလို စကားချိုချို ပြော ဆိုတတ်သူအတွက် NUG ဝန်ကြီးချုပ်ရုံးတွင် နေရာကောင်းတွေလည်း ခန့်အပ်ခံရနိုင်သေးသည်။
ထို့နောက် ‘လားနဂီး’က ‘NUG ဝန်ကြီးချုပ်ကြီးကို ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ပြည်တွင်းပြည်ပ ရှိရှိသမျှက ကျနော် ‘လားနဂီး’ကို ဝိုင်းဝန်း ဆဲဆိုနေချိန်တွင်၊ ဝန် ကြီးချုပ်ကြီး လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်သည့်စာကြောင့် ကျနော့်အပေါ် ဆဲဆိုနေရာကနေ NUG ကို အာရုံပြောင်း ဆဲဆိုကုန်ကြသည့်အတွက် ကျနော် ‘လားနဂီးအပေါ် အတော်အသင့် အဆဲအဆို လျော့နည်းသွားသည်ကို ကျေးဇူးအထူးတင်မိပါကြောင်း၊ စကားချိုချို ပြောဆိုတတ်သည့် ကျနော် ‘လားနဂီး ’ ကိုလည်း NUG ဝန်ကြီးချုပ်ရုံးတွင် အတွင်းဝန်ဦးစီးချုပ်ကဲ့သို့ ရာထူးမျိုး နောင်တွင် ပေါ်ပေါက်လာပါက ထည့်သွင်းစဉ်းစားပေးစေလိုပါကြောင်း’ စဉ်းစားရေးပြီး မက်ဆေ့ချ့်ကို ခပ်မြန်မြန်လေး ပေးပို့လိုက်လေပါတော့သည်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar