ကိုနီတွတ် - နဟေဝ သဗ္ဗထ ဗလေနကစ္စံ
ကိုနီတွတ် - နဟေဝ သဗ္ဗထ ဗလေနကစ္စံ
မိုးမခ ၊ ဖေဖော်ဝါရီ ၂၂ ၊ ၂၀၂၆
ကျောင်းသားဘဝက ရွှေသွေးဂျာနယ်ထဲတွင် ကာတွန်းဆရာကြီး ဦးဘကြည် ရေးဆွဲခဲ့သော ပညာပေး ကာတွန်းဇာတ်လမ်းတစ်ပုဒ်ကို ဖတ်ခဲ့ရဖူးသည်။ ကလေးဘာဝ ဆော့ကစားပြီးချိန် စာဖတ်ဝါသနာလည်း ပါ၍ အားလပ်ချိန် စာဖတ်မိသည်။ (အချိန်အခါကလည်း ယခုခေတ်ကဲ့သို့ အင်တာနက်ခေတ် မဟုတ်။ ကျောင်းစာပြီးလျှင် စာဖတ်ရုံ။ အစ်ကိုကြီးများကလည်း မဂ္ဂဇင်း၊ ဂျာနယ်များ ဝယ်ပေးသည်။ ဤကား စကားချပ်။) ရုပ်ပုံများပါသော အဆိုပါဇာတ်လမ်းကို အလွန်သဘောကျမိသည်မှာ ယခုအထိ မှတ်မှတ်ရရ ရှိနေသေးသည်။
ထိုအချိန်က ကလေးဖြစ်၍ မည်သို့သောရည်ရွယ်ချက်ဖြင့် ရေးဆွဲခဲ့ကြောင်း သတိမထားမိခဲ့ပါ။ ကြီးလာချိန် မည်သူမဆို အင်အားကြီးသူဆိုပြီး မိမိအင်အားကိုအသုံးပြုကာ အင်အားနည်းသူများအပေါ် လူမိုက်ဆန်ဆန် ပြုမူပါက အမြဲတမ်းအနိုင်မရနိုင်ကြောင်းနှင့် အနိုင်ကျင့်ခံရသူကလည်း ငယ်သည်၊ အင်အားနည်းသည်ဆိုပြီး အထင်မသေးသင့်ကြောင်း သိလာရသည်။ ထပ်တိုးမှတ်သားရသည်မှာ ထိုဇာတ်လမ်းသည် ၅၅၀ နိပါတ်တော်ထဲက ဘုရားဟောဇာတ်တော်တစ်ပုဒ်ဖြစ်ကြောင်း သိလာရပြန်သည်။
ဇာတ်လမ်းမှာ တစ်ခါက တောအုပ်ကြီးတစ်ခုတွင် စာငှက်မလေးတစ်ကောင်သည် တစ်ခုသော မြေဝပ်ချုံပေါ်တွင် စာဥကလေး ၂ လုံး ဥထားသည်။ မကြာသောအချိန်တွင် ငှက်ပေါက်ကလေး ၂ ကောင် ပေါက်လာသည်။ ငှက်ကလေးများ အစာတောင်းသံ တစာစာ၊ မိခင်ငှက်မကလည်း အစာရှာဖွေကျွေးနေသည်။ ထိုအချိန်တွင် ဆင်အုပ်ကြီးတစ်အုပ် ဖြတ်လာနေသည်။ ဆင်ဆိုသည်မှာလည်း အလွန်ကြီးမားသော သတ္တဝါ၊ ဆင်သွားလျှင် လမ်းဖြစ်သည်ဟူသော ဆိုရိုးစကားပင် ရှိသည်။ အင်အားလည်းကြီးသည်။ လူအများမတတ်နိုင်သော လေးလံသောအလုပ်များကို ဆင်များဖြင့် လုပ်ရသည်က သက်သေပင်။ ထိုဖြတ်လာသော ဆင်အုပ်ကြီးတွင် ရှေ့ဆုံးမှ ခေါင်းဆောင်ဆင်ကြီးက ဦးဆောင်လာသည်။ စာငှက်သိုက်လေးရှိသော ချုံပုတ်မှာ ဆင်အုပ်ကြီး၏ နင်းရာအောက် ရောက်ပါတော့မည်။
ထိုအခါ စာငှက်လေးက ခေါင်းဆောင်ဆင်ကြီးရှေ့မှ မိမိ၏အတောင်လေးကို ဖြန့်ကာ ဖြန့်ကာဖြင့် စာသိုက်လေးကို မနင်းချေရန် တောင်းပန်သည်။ ဆင်ကြီးက သဘောပေါက်သွားပြီး ထိုစာငှက်အသိုက်လေးအပေါ် ကားယားခွရပ်ထားပြီး နောက်လိုက်ဆင်များကို သွားခိုင်းသဖြင့် စာသိုက်လေးမှာ အကောင်းပကတိ၊ ပေါက်ခါစ ငှက်ကလေး ၂ ကောင်လည်း အသက်ဘေးမှ လွတ်မြောက်သွားသည်။ မိခင်ငှက်မက ကျေးဇူးတင်ကြောင်း ဆင်ကြီးအား ပြောခဲ့ရာ ဆင်ကြီးက စာငှက်မလေးကို သတိပေးစကား ဆိုခဲ့သည်။ သူတို့၏နောက်တွင် သင်းကွဲ ဟိုင်းဆင်ဆိုးကြီးတစ်ကောင် လိုက်လာသည်။ အလွန်ဆိုးသွမ်းသည်။ မည်သူ့ကိုမှ ဂရုမစိုက်၊ မိုက်မိုက်ကန်းကန်း အကျင့်ရှိသည်။ ထိုဆင်ဆိုးကြီးကို သတိထားရန်နှင့် တောင်းပန်စကားဆိုရန် မှာကြားခဲ့ပြီး ရှေ့ဆက်သွားသည်။
မကြာမီ ထိုသင်းကွဲ ဟိုင်းဆင်ဆိုးကြီး ရောက်လာသည်။ ဆင်ကြီးနှင့်စာလျှင် အလွန်လည်းသေးငယ်၊ အားအင်လည်း သိပ်မရှိသော စာငှက်မလေးက ရှေ့နည်းအတိုင်း သူ့အသိုက်လေးကို မနင်းချေရန် တောင်းပန်သည်။ အင်အားလည်းကြီး၊ ဟိုင်းဆင်သင်းကွဲလည်းဖြစ်၊ မည်သူ့စကားမှ နားမထောင်သော ဆင်ဆိုးကြီးသည် စာငှက်မလေးက တောင်းပန်သော်လည်း မရ။ မညှာမတာ၊ ရက်ရက်စက်စက် စာငှက်မလေး၏အသိုက်ကို နင်းချေပစ်လိုက်သည်။ ဥမှပေါက်ခါစ ငှက်ကလေး ၂ ကောင်လည်း စိစိညက်ကြေ သေဆုံးသွားသည်။ မိခင်စာငှက်မလေးမှာလည်း ရင်ကွဲဝမ်းနည်းပက်လက် ဖြစ်ရုံမှအပ ဘာမှမတုံ့ပြန်နိုင်ခဲ့ပါ။ သို့သော် အင်အားကြီးသည်ဆိုပြီး အနိုင်ကျင့်ခဲ့သော ဆင်ဆိုးကြီးကို အနိုင်ယူရန် နည်းလမ်းရှာခဲ့သည်။
ပထမဦးဆုံး ကျီးငှက်၊ ယင်မဲရိုင်း၊ ဖားတို့ကို မိတ်ဆွေဖွဲ့ခဲ့သည်။ သူ၏အဖြစ်အပျက်ကို ဝမ်းနည်းပက်လက် ပြောဆိုခဲ့ပြီး အကူအညီတောင်းခဲ့သည်။ အားလုံးက ကူညီရန် သဘောတူခဲ့ကြသည်။ ဦးစွာ ကျီးငှက်က မော၍ အနားယူအိပ်နေသော သင်းကွဲဟိုင်းဆင်ကြီး၏ မျက်လုံး ၂ လုံးကို ထိုးဆိတ်ဖောက်ပစ်လိုက်သည်။ ယင်မဲရိုင်းမှ ထိုမျက်လုံးများထဲသို့ ဥများ ဥချသည်။ ထိုဥများမှ လောက်ကောင်တွေ ဖြစ်လာပြီး မျက်လုံးများမှာ ပို၍နာကျင်ကိုက်ခဲလာသည်။ ဆင်ကြီး မျက်လုံးကွယ်တော့သည်။ ဘာမှမမြင်ရတော့၍ အစာရေစာရှာရ ခက်လာသည်။ ပိုဆိုးသည်က ရေအလွန်ဆာလာခြင်းဖြစ်သည်။
ထိုအချိန်တွင် ဖားငယ်က အသံပေးလာသည်။ ဖားအော်သံကြားရာ ဆင်ကြီးလိုက်သည်။ တစ်နေရာပြီးတစ်နေရာ ရွှေ့အော်ရင်း ကမ်းပါးကြီးထိပ် တစ်နေရာသို့ ရောက်လာသည်။ အောက်ဘက်တွင်ကား ထုံးအိုင်ကြီးတစ်အိုင် ရှိလေသည်။ ထုံးအိုင်ကြီးထဲ ကျပါက လှုပ်လေမြုပ်လေ အခြေအနေ၊ လွတ်လမ်းမရှိ။ ထိုနေရာမှ ဖားအော်သံပေးလိုက်ရာ ဆင်ဆိုးကြီး လိုက်လာရင်း ထိုကမ်းပါးကြီးမှ ဒလိမ့်ခေါက်ကွေး ဂျွမ်းပျံဇောက်ထိုး ထုံးအိုင်ကြီးထဲ ကျရောက်နစ်မြုပ်သွားတော့သည်။ မျက်လုံးမှာ လောက်ကိုက်၍ နာနေရာ ဘာမှမမြင်ရဘဲ ရှိနေသည့်အပြင် ထုံးအိုင်ထဲ ကျသွားပြန်လေရာ မျက်လုံးများမှာစပ်၊ လှုပ်လေမြုပ်လေဖြင့် ထိုအိုင်ကြီးထဲတွင် သင်းကွဲဟိုင်းဆင်ဆိုးကြီး မလှမပ သေဆုံးသွားတော့သည်။
ဤဇာတ်လမ်းတွင် စာငှက်မ၊ ကျီးငှက်၊ ယင်မဲရိုင်း၊ ဖားငယ်တို့မှာ အလွန်ငယ်သော သတ္တဝါလေးများသာ။ အားအင်ဆို၍ ပြောပလောက်စရာ မရှိ။ ပြန်လည်တုံ့ပြန်နိုင်စွမ်းလည်း မရှိ။ တစ်ကောင်ချင်းဆိုပါက မဖြစ်ညစ်ကျယ်မျှသာ။ ဆင်ကြီးမှာ ခန္ဓာကိုယ်တည်ဆောက်ပုံလည်းကြီး၊ အားအင်လည်း အလွန်ရှိသည်၊ ကြီးသည်။ ထိုသတ္တဝါငယ်များကို မနိုင်စရာအကြောင်း အနည်းငယ်မျှပင် မရှိ။ ခြင်္သေ့၊ ကျားများကိုပင် သူနိုင်ကိုယ်နိုင် အပြိုင်ကျဲ၊ အနိုင်နွှဲနိုင်သည်။ အရှုံးနှင့် အနိုင်တွင် ဆင်ကြီးသည် အနိုင်ဘက်က အလေးသာသည်မှာ ငြင်းမရပါချေ။
သို့သော် တစ်ခုရှိသည်မှာ စိတ်ကူးဉာဏ်နှင့် စုပေါင်းစွမ်းအား။ ယခုပင်ကြည့်၊ အလွန်ကြီး၊ အလွန်အင်အားကြီးမားပါသည်ဆိုသော ဟိုင်းဆင်ကြီးကို အနိုင်ယူခဲ့သည်။ အလွန်သေးငယ်ပြီး မြက်ပင်ကလေးများကို စုလိမ် ကြိုးကျစ်ပြီး ထိုအင်အားကြီးမားသော သတ္တဝါများကို ကျော့ကွင်းအဖြစ် ထောင်ဖမ်းနိုင်သေးသည်။ စာဘူးတောင်းသိုက်များကို ကြည့်ပါ။ အပင်တစ်ခုတွင် တွဲလောင်းချထားသော်လည်း အတော်အတန်ပြင်းသော လေဒဏ်ကို ခံနိုင်ရည်ရှိသည်။ သေးငယ်သော မြက်ပင်လေးများကို ယှက်လိမ်၊ လွန်းထိုး၊ ကန့်လန့်သွင်း အကာလုပ်ထားသည်မှာ မိုးရွာလည်း မမှု။
ထို့ကြောင့် မိမိ၏ ကြီးမားသော အင်အားကိုအသုံးပြုပြီး သတ္တဝါငယ်များအပေါ် အနိုင်ကျင့်ခြင်းသည် လူကောင်း လူမွန်တို့၏ အလုပ်မဟုတ်။ လူမိုက်ဗာလတို့၏ အကျင့်သာဖြစ်သည်။ လူမိုက်သည် မိမိနိုင်ဖို့ဆိုလျှင် မည်သို့သော နည်းလမ်းဖြစ်ပါစေ၊ တရားသည် မတရားသည် မစဉ်းစား။ အနိုင်ရဖို့သာ အဓိက။ ထို့ကြောင့် မညှာမတာ၊ မစာနာ၊ မသနား။ ရက်စက်၊ အကြမ်းဖက်၊ လူသတ်၊ နှိပ်စက်ခြင်းသည်လည်း ထမင်းစားရေသောက်။ စိတ်ထဲတွင် ဘာကိုမှ အမှုမထား။ မနိုင်၍ ခေါင်းငုံ့ခံခြင်း၊ သည်းခံခြင်း၊ ရှောင်ဖယ်သွားခြင်းများမှာ သူတို့၏ အဘိဓာန်တွင်မရှိ။ အင်အားသုံးပြီး အနိုင်ကျင့်ဖို့သာ ရှိသည်။ ယုတ်မာဖို့သာ ရှိသည်။ လိမ်ညာဖို့သာ ရှိသည်။ ထိုလူမိုက်တို့၏ ထိုသို့ အင်အားသုံး အနိုင်ကျင့်ခြင်းသည် ဘေးအန္တရာယ်ရှိကြောင်းကိုလည်း လုံးဝဂရုမထား။ စကားထဲပင် ထည့်မပြော။
ဆိုရသော် မျက်မှောက်ခေတ် မြန်မာနိုင်ငံတွင် ကမ္ဘာ့စစ်တပ်အဆင့် (၃၈) နေရာတွင်ရှိသော စစ်တပ်။ ယခုတော့ အကြမ်းဖက် လူသတ်သမားခေါင်းချုပ် မအလ ၏ ခါးပိုက်ဆောင် အသုံးချခံတပ်၊ လူသတ်တပ်။ ကမ္ဘာ့စစ်ပါရဂူများ၏ သုံးသပ်မှုအရ အင်အားကြီးသည့်အထဲတွင် ပါသည်ဟု ဆိုကြသည်။ ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့စဉ်က အစကောင်းသလောက် ဦးနေဝင်း နောက်ပိုင်းတွင် စည်းပျက်လာသည်။ မအလ ဂွတိုဂျပုအောက်တွင်တော့ ပို၍အင်အားကြီးမားလာသည်ဟု ဆိုကြသည်။ ထိုတပ်ကြီးသည် BIA တပ်ဘဝက မြန်မာ့လွတ်လပ်ရေးကို အရယူပေးခဲ့ပြီး ကျွန်ဘဝရောက် နင်းပြားဖြစ်နေသော ပြည်သူများကို ကာကွယ်ပေးခဲ့သည်။ အင်္ဂလိပ်လက်အောက်က လွတ်မြောက်အောင် ပြုခဲ့သည်။
သို့သော် မအလ လက်ထက်ရောက်တော့ အကာအကွယ်ပေးရမည့်အစား လက်နက်မဲ့ ပြည်သူများကို ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်၊ မီးရှို့၊ ဗုံးကြဲချ၊ အိမ်မီးရှို့၊ ပစ္စည်းခိုး၊ နှိပ်စက်၊ မောင်းထုတ် စသဖြင့် လက်နက်ကြီးကိုင်ထားပြီး အရှက်သိက္ခာမဲ့စွာ အနိုင်ကျင့်နေသည်။ အလွန့်အလွန် အောချစရာ အဖြစ်ဆိုးကြီး။ ဟိုင်းဆင်ဆိုးကြီးကဲ့သို့ အင်အားသုံး အနိုင်ကျင့်နေသည်မှာ တစ်နေ့ တစ်မျိုး မရိုးနိုင်။ ပြည်သူများ၏ ငိုကြွေးသံ၊ ပြည်သူများ၏ ဝမ်းနည်းပက်လက်သံ၊ ပြည်သူများ၏ နာကြည်းသံတို့မှာ ဘဝဂ်ထိ။
ဟိုင်းဆင်ဆိုးကြီးအတိုင်း မည်သူမှ အကြံပေး၍မရ။ ဖျောင်းဖျ နားချ၍မရ။ လုပ်ချင်ရာလုပ်၊ လုပ်ချင်သလိုလုပ်၊ ပြောချင်ရာပြော၊ အနိုင်ရရင်ပြီးရော။ ထို့ကြောင့်ပင် ကမ္ဘာ့အလယ်တွင် အရှက်တကွဲ အကျိုးနည်း။ မည်သူကမှ အဖက်မလုပ်၊ ဆေးဖော်ကြောဖက်မရှိ။ ကိုယ့်သေတွင်း ကိုယ်တူးနေမှန်း၊ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေမှန်းလည်း မသိ။ သိသော်လည်း မိုက်မိုက်ရိုင်းရိုင်း ကြမ်းချင်တိုင်း ကြမ်းနေသည်။ လက်နက်မဲ့ အင်အားမရှိသော ပြည်သူများအပေါ် အနိုင်ကျင့်နေသည်။ သည်ကြားထဲ ဘုရားဒကာ သာသနာပြုမင်းကြီးအဖြစ်ကိုလည်း ရှေးဘိုးဘွားမင်းများကဲ့သို့ လိုက်လုပ်နေသည်။ သို့သော် ဘုရားဟောခဲ့သော "န ဟေဝ သဗ္ဗထ ဗလေနကစ္စံ" (အမြဲတမ်း အင်အားကိုအသုံးပြုပြီး အနိုင်ကျင့်၍ မရနိုင်ဘူး) ဟုသော မြတ်ဓမ္မ၊ ကိုယ်ပြုသောကံ ကိုယ်သာခံ ကိုယ့်ထံပြန်လာမည် ဟုသော တရားအဆီအနှစ်ကို မကျင့်သုံး။ လူဖြစ်ရှုံးလေမှန်းလည်း နောင်တမရ။
အထက်တွင် ဖော်ပြခဲ့သော စာငှက်မ၊ ကျီးငှက်၊ ယင်မဲရိုင်း၊ ဖားငယ်လေးနှင့် ဟိုင်းဆင်ကြီးအကြောင်းသည် ထိုဘုရားဟောဖြစ်ကြောင်းကိုလည်း မနာယူ။
သေချာပါသည်။ လူဆိုသည်မှာ အသက် ၆၀ ကျော်လာလျှင် အင်အားယုတ်လျော့လာမြဲ။ အသက် ၇၀ ရှိပြီဖြစ်သော မအလ၊ အင်အားကြီးမားလှပါသည်ဆိုပြီး စာငှက်မ၊ ကျီးငှက်၊ ယင်မဲရိုင်းနှင့် ဖားငယ်လေးတည်းဟူသော ပြည်သူများအပေါ် အနိုင်ကျင့်နေသည်မှာ အမြဲရရိုးလား။ တရုတ်ကိုအားကိုးပြီး တရုတ်သိုင်းထဲမှ နှစ်တစ်ထောင်သစ်သီး စားချင်လည်း စားရပါစေ၊ ဤကမ္ဘာလောကတွင် လူမသေ မြေမဆံ့။ မသေရိုးမရှိ။
ယခု ပကတိအခြေအနေမှာကား EROs များ၊ PDFs များ၏ စုပေါင်းစွမ်းအား၊ ပြည်သူများ၏ ညီညွတ်မှု၊ တောင့်ခံနေမှု၊ NUG အစိုးရ၏ ဦးဆောင်နေမှုများကို ခံနိုင်ရိုးလား။ အဆုံးသတ်တွင် အင်အားကြီးမားပါသည်ဆိုသော သင်းကွဲ ဟိုင်းဆင်ကြီး ထုံးအိုင်ထဲ ကျသေသေးသည်။ အင်အားငယ်ပါသည်ဆိုသော ပြည်သူများ၏ စုပေါင်းအား ကြိုးကွင်းထဲတွင် မအလ နှင့် လူယုတ်မာတစ်သိုက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာရမည်မှာ လွဲနိုင်စရာ ဆံချည်မျှင် တစ်ခြမ်းမျှပင် မရှိ။ ၂၁ ရာစုသားတို့၏ စုပေါင်းစွမ်းအား၊ ဉာဏ်ပညာအောက် အသက်ပျောက်ရုံကလွဲလို့ မအလ ဘယ်ကိုသွားနိုင်ရမှာလဲ။
ဟုတ်ကဲ့ခင်ဗျာ... ယခင်ခေတ်အခါက ဗီဒီယိုရုံ၊ ရုပ်ရှင်ရုံများရှိ ဇာတ်ကားကြော်ငြာများလို "မကြာမီ လာမည် မျှော်" ၏ ဟူလို။ ။
၁၇-၂-၂၀၂၆
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar