ကိုသန်းလွင် - အပျိုဖော်ဝင်ချိန်
ကိုသန်းလွင် - အပျိုဖော်ဝင်ချိန်
(၁)
သမီးငယ်သည် အသက် ၈ နှစ်ပဲ ရှိပါသေးသည်။ အကြီးအထွားမြန်ဆန်ပြီး ဝက်ခြံများ ထွက်လာခဲ့သည်။ သူ့မိခင်က ယူဆသည်မှာ သူ့သမီး အလျင်အမြန် ကြီးထွားလာခြင်းမှာ အဖေဘက်မှ ဂျင်း (Gene) ကြောင့်ဖြစ်သည် ဟုထင်ခဲ့သည်။ သို့သော် သူ့တွင် မမြင်အပ်သည့်နေရာ၌ အမွေးများ ထွက်လာသောအခါ မိခင်ဖြစ်သူမှာ ထိတ်လန့်သွားတော့သည်။
ဆရာဝန်ထံ ၂၀၂၃ ခုနှစ်က သွားကြသောအခါ ကလေး၏ဦးနှောက်တွင် အရွယ်ရောက်သည့်မိန်းကလေးများတွင် ဖြစ်ပေါ်သည့်အတိုင်း ဟိုမုန်းများကို ထုတ်လုပ်နေပြီးဖြစ်ကြောင်း သိရသည်။ (Puberty) ခေါ် အရွယ်ရောက်လာပြီး မိန်းကလေးသည် နှလုံးသားခံစားချက်များကို ခံစားရသည်။ သူသည် ကျောင်းတွင် ထိတ်လန့်မှုများ (Panic attack) ကို ရသည်။
(၂)
အသက် ၈ နှစ်ဆိုသော အရွယ်သည် ငယ်ပါသေးသည်။ သို့သော် ဟိုတုန်းကလို ရှားပါးသည့်အဖြစ်များ တော့ မဟုတ်တော့ပါ။ ကမ္ဘာနှင့်အဝန်း ကောက်ယူရရှိသော ဒေတာများအရ မိန်းကလေးများသည် ငယ်ငယ်ရွယ်ရွယ်နှင့် အရွယ်ရောက်ကြပြီးဖြစ်ကြောင်း သိရပါသည်။ ၁၈၄၀ ပြည့်နှစ်များက ပထမဆုံး ရာသီလာသည့်အချိန် (menarche) သည် အသက် ၁၆ နှစ်နှင့် ၁၈ နှစ်အရွယ်များဖြစ်ပါသည်။ ယနေ့အရွယ်သည် ၁၂ နှစ် ဖြစ်ပါသည်။ နို့စတင်ဖွံ့ဖြိုးသည့်အရွယ်သည် အသက် ၁၁ နှစ်မှ ၉ နှစ်နှင့် ၁၀ နှစ်သို့ ၁၉၆၀ ပြည့်နှစ်မှ ၁၉၉၀ ပြည့်နှစ်အတွင်း လျော့ကျခဲ့သည်။ တချို့သုတေသနလုပ်သူများက ဤအဖြစ်အပျက်သည် ကိုဗစ် Covid-19 ရောဂါဖြစ်စဉ်အတွင်းမှာ လည်း တွေ့ခဲ့ရသည်ဟု ဆိုသည်။ ယောက်ျားလေးများတွင်လည်း ထိုနည်းအတူပင် ဖြစ်သော်လည်း အလွန်တရာ သိသာခြင်းမရှိပါ။
သိပ္ပံပညာရှင်များက ဤအဖြစ်အပျက်သည် ကိုယ်အလေးချိန်များသူနှင့် အဝလွန်သူများတွင် အဖြစ်များသည်ဟု ဆိုကြသည်။ အချို့ကလည်း ငယ်သေးသည့်အရွယ်တွင် ဟိုမုန်းကို ပျက်စီးစေသည့် ကယ်မီကယ်များနှင့် တွေ့ရှိရပါက ပို၍ဖြစ်သည်ဟု ပြောကြသည်။ ဤကဲ့သို့ ကွဲပြားသောတွေ့ရှိချက်များကြောင့် အပြည်ပြည်ဆိုင်ရာ (Endocrine Society) က ဆေးခန်းများ လိုက်နာရန် စည်းမျဉ်း (Guide line) များကို ၂၀၂၆ ခုနှစ်အတွင်း ထုတ်ပြန်ပေးရန် စီစဉ်လျက်ရှိသည်။
စောစီးစွာ အပျိုဖော်ဝင်ခြင်းနှင့် ရောဂါတို့ဆက်စပ်မှုများမှာလည်း တဖြည်းဖြည်းပို၍ သိသာလာပါသည်။ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ နို့ကင်ဆာ၊ စိတ်ဖိစီးမှုနှင့် သောကပိုလွန်ခြင်း စသည်တို့ဖြစ်သည်။ စောစီးစွာ အပျိုဖော်ဝင်သူများသည် လူမျိုးရေးအခြေအနေအရ ပတ်ဝန်းကျင်က ပိုမိုဖိနှိပ်ခြင်းဖြစ်သည်ဟုလည်း ခံစားရတတ်သည်။
မိသားစုဆိုင်ရာ သုတေသနလုပ်သူများက မည်သည့်အချိန်မျိုးတွင် မည်သို့ဖော်ထုတ်နိုင်မည်၊ မည်သို့ ကူညီရမည် ဆိုသည်ကို လေ့လာကြသည်။ အပျိုဖော်ဝင်စအချိန် တွေ့ကြုံရသည့် အခက်အခဲများကို မည်သို့ ကျော်လွှားနိုင်မည်ဆိုသည်ကို နည်းလမ်းရှာကြသည်။ ဤဖြစ်ရပ်ကို နှောင့်နှေးသွားစေရန် ကျွေးရမည်းဆေးများကိုလည်း ရှာဖွေကြသည်။ စိတ်ဓာတ်ရေးရာ အနှောင့်အယှက်များနှင့် လူမှုရေးဆိုင်ရာ အတားအဆီးများကိုလည်း ဆွေးနွေးကြသည်။
အပျိုဖော်ဝင်ခြင်းသည် ဦးနှောက်ထဲရှိ ဟိုက်ပိုသားလမတ်မှ ဂွန်ဒါထရိုပင် (gondatropin Pulse) ခေါ် ဟိုမုန်းများကို ထုတ်ပေးခြင်းမှစပါသည်။ မည်သည့်ဖြစ်ရပ်ကြောင့် ထိုသို့ ထွက်ပေါ် လာရသည်ကိုမူ သေချာရှင်းလင်းစွာ မသိရသေးပါ။ ဖြစ်နိုင်ခြေရှိသည်မှာ သူ၏ ဂျင်း နှင့်ပတ်ဝန်းကျင်အခြေအနေများ ပေါင်းစပ်၍ဖြစ်နိုင်ပါသည်။ ယောကျာ်းလေးများတွင် တက်စထရိုစတုန်း (testosterone) နှင့် မိန်းကလေးများတွင် အော်စထရိုဂျင် (Oestrogen) များကို Sex hormone ဟုခေါ်ကြပါသည်။ ထိုဟော်မုန်းများ ထွက်လာပြီဆိုလျှင် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်စေပါသည်။
ဤကဲ့သို့ အသက်အရွယ် ပိုမိုငယ်သွားရခြင်းမှာ ၁၉ ရာစုနှစ်အလယ်ပိုင်းနှင့် ၂၀ ရာစုအတွင်းကျန်းမာရေး စောင့်ရှောက်မှု ကောင်းလာသောကြောင့်ဟု ယူဆကြသည်။ ကူးစက်တတ်သောရောဂါများ ကျဆင်းသွားခြင်း၊ အာဟာရ ပိုမိုကောင်းမွန်လာခြင်းတို့ကြောင့် ဖြစ်သည်။ လူမှုအဖွဲ့အစည်း ပိုမိုကောင်းမွန်လာခြင်း လိင်ပိုင်းဆိုင်ရာ ပညာရေးတွင် ပိုမို၍လူကြီးဆန်လာခြင်းတို့ ပါဝင်ပါသည်။ ၁၉၆၉ ခုနှစ်တွင် ဗြိတိသျှ ဒေါက်တာ ဂျိန်း တာနာ (James Tanner) က အနှစ်၂၀ မျှ သုတေသနလုပ်ပြီး နို့ဖွံ့ဖြိုးမှုသည် အမျိုးသမီးများ အပျိုဖော်ဝင်ချိန်ဖြစ်ပြီး ၁၁ နှစ်ဖြစ်သည်ဟုဆိုကာ၊ လိင်တိုးတက်ဖွံ့ဖြိုးမှုအဆင့်သည် ၅ ဆင့်မျှရှိပြီး ၎င်းတို့ကို တာနာအဆင့် (Tanner Stage) များဟူ၍ နာမည်ပေးခဲ့ပါသည်။
၁၉၈၀ ပြည့်နှစ်များတွင် ဒေါက်တာဂစ်ဒင် (Dr. Marcia Gidden) ဆိုသော မြောက်ကာရိုလီးနားနယ် မှ ဆရာဝန်မက အမေရိကန်အမျိုးသမီးငယ်များကို လေ့လာအပြီး တာနာ အသက်အရွယ်မရောက်မီ အမျိုးသမီးများတွင် နို့ဖွံ့ဖြိုးမှုဖြစ်ပေါ်ကြောင်း ကြေညာခဲ့သည်။ သူ၏ နောက်ထပ်လေ့လာချက်များအရ မိန်းကလေး ၁၇၀၀၀ ကျော် ကို ၁၉၉၂ နှင့် ၁၉၉၃ ခုနှစ်အတွင်း လေ့လာချက်များအရ အဖြူမများတွင် ၁၁ နှစ်နှင့် အမည်းမများတွင် အသက် ၉ နှစ်ဖြစ်ကြောင်းတွေ့ရှိခဲ့သည်။
၁၉၉၇ ခုနှစ်တွင် သူမ၏ ကြေညာချက်များကို အများအားဖြင့် မယုံကြည်ခဲ့ကြပါ။ ဒေါက်တာ ဂျူး (Anda Jnul) ဆိုသော ဆရာဝန်မက ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တွင် အလွန်ဝသူများ ပေါများလင့်ကစား အပျိုဖော်ဝင်သည့်အရွယ်သည် ဤမျှမငယ်ပါဟုဆိုသည်။ ၂၀၀၂ ခုနှစ်တွင် ဒုတိယအကြိမ် လေ့လာအပြီး ကြေညာချက်ကို ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့ရာ ၁၉၉၀ ပြည့်နှစ်များတွင် အသက် ၁၁ နှစ်နှင့် ၂၀၀၀ ပြည့်နှစ်တွင် ၁၀ နှစ်ဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင်မူ နို့ဖွံ့ဖြိုးမှုသည် ၁၉၉၇ နှင့် ၂၀၁၇ ခုနှစ်အကြား ၁၀ နှစ်အတွင်း အသက်အရွယ်လျှော့ ကျခြင်းမှာ ၃ လမျှသာဖြစ်ကြောင်းတွေ့ရပြန်သည်။ အမေရိကန်တို့တွင် နို့ဖွံ့ဖြိုးမှုသည် အသက် (၈ ဒသမ ၈ - ၁၀ ဒသမ ၃) ဖြစ်ပြီး အာဖရိကတွင်(၁၀ ဒသမ ၁ - ၁၃ ဒသမ ၂) ဖြစ်သည်။ ဥရောပနှင့်အာရှတိုက်တွင် ၎င်းတို့ ၏ အလယ်တွင် ရှိသည်။ ၎င်းတို့၏ နောက်ဆက်တွဲအဖြစ် ၂၀၂၅ ခုနှစ် ဥရောပ အင်ဒိုခရိုင်း ကောင်စီမှ ၎င်းတို့၏ ဦးတည်ရာမှာ (Trend) မှာတူညီကြောင်းကြေငြာခဲ့သည်။ သုတေသနလုပ်သူများက ဤသို့ အသက်လျော့ကျနေခြင်းသည် ဘယ်သောအခါမှ အောက်ဆုံးရောက်၍ ရပ်တန့်သွားမည်ဖြစ်ကြောင်း မသိကြပေ။
စောစောစီးစီး အပျိုဖော်ဝင်ခြင်းနှင့် ပတ်သတ်၍ အကြောင်းရင်းကို အပူတပြင်း ရှာဖွေနေကြပါသည်။ အဓိကမှာ အဝလွန်ခြင်းတွင် အခြေခံသည်ဟု တွေ့ရှိကြသည်။ တစ်ကမ္ဘာလုံးတွင် အဝလွန်ခြင်းမှာ ၁၉၉၀ ခုနှစ် က ၂% ရှိ၍ ၂၀၂၂ ခုနှစ်တွင် ၈% ရှိကြောင်း သိရှိရသည်။ အမေရိကန်ပြည်တွင်မူ ၁၁% မှ ၂၀% အထိ ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး အဆိုအရ ၂၀၂၂ ခုနှစ်က အမေရိကားတွင် အဝလွန်သူ ကလေး ၁၃၀၀၀၀ မျှ ရှိသည်။
အပျိုဖော်ဝင်ခြင်းကို အဝလွန်ခြင်းက တွန်းပို့ပုံမှာ လူတို့၏အဆီပြင်မှ လက်(ပ)တင် (Leptin) ဟိုမုန်းကို ထုတ်လုပ်ပါသည်။ ၎င်းသည် ဦးနှောက်နှင့် တွေ့ထိပြီး ဖွံ့ဖြိုးမှုနှင့် အသစ်တဖန် ထုတ်လုပ်ခြင်း (reproduction) တို့ကို ဖြစ်စေပါသည်။ လက်(ပ)တင်ဟိုမုန်းသည် အပျိုဖော်ဝင်ခြင်းနှင့် တိုက်ရိုက်မပတ်သက်သော်လည်း များစွာ ဆက်စပ်နေသည်။ ဒေါက်တာဂျူးနှင့် အဖွဲ့က ပလတ်စတစ်တွင် ပါဝင်သော (PFAS ခေါ် Pathaletes) သည် အဝလွန်ခြင်း ကိုဖြစ်စေကြောင်းပြောကြပါသည်။ PFAS သည် ပလတ်စတစ်များ အနံ့ရအောင် ပြုလုပ်သော ကယ်မီကယ် ဖြစ်သည်။ ၎င်းသည် ဟိုမုန်းကို အနှောင့်အယှက်ပေးသော်လည်း အပျိုဖော်ဝင်ခြင်းကို မြန်ဆန်စေသောပစ္စည်း ဖြစ်သည်ဟု သေချာမပြောနိုင်ပါ။
တတိယဆက်နွှယ်ချက်မှာ လူတို့တွင် ဖြစ်လေ့ရှိသော စိတ်ဖိအား (Stress) ဖြစ်သည်။ အိမ်တွင်းအကြမ်းဖက်မှုများ၊ တလွဲအသုံးချမှုများ (abuse) ဆင်းရဲခြင်းနှင့် ခွဲခြားနှိပ်စက်မှု (discrimination) သည် အပျိုဖော်ဝင်ခြင်းကို ဖြစ်စေကြောင်း တွေ့ရသည်။ အမေရိကန် မိန်းကလေးများတွင် ဤပြဿနာများရှိနေကြောင်း ၂၀၂၂ ခုနှစ်တွင် ပြုလုပ်သော လေ့လာချက်များအရ သိရသည်။
ဤသို့ စောစောစီးစီး အပျိုဖော်ဝင်ရခြင်းသည် နောက်ပိုင်း လူကြီးများတွင် တွေ့ရသော ရောဂါများနှင့်လည်း ဆက်စပ်နေကြောင်း တွေ့ရသည်။ ၎င်းကို ပုံစံ ၂ ဆီးချိုရောဂါ (Type II) နှင့်ဆက်စပ်နေသည်။ သို့သော် ဤရောဂါမှာ အလွန်ဝခြင်းနှင့်ပါ ဆက်စပ်နေသဖြင့် ၎င်းချည်းသက်သက်ကြောင့် ဤရောဂါဖြစ်နေပါသည်ဟု ပြောရန် ခက်သည်။ ၂၀၁၇ ခုနှစ်က လေ့လာချက်တစ်ခုတွင် နို့ကင်ဆာနှင့် သားအိမ်လမ်းကြောင်းကင်ဆာများနှင့် ဆက်စပ်နေကြောင်း တွေ့ရသည်။ ထို့ပြင် စောစောအပျိုဖော်ဝင်သူများမှာ စိတ်ဖိစီးမှုရောဂါ၊ သောကဖြစ်ခြင်း၊ အစားအသောက်ပျက်ခြင်းနှင့် ဆေးသုံးစွဲမှု (Drug Abuse) များကို တွေ့နိုင်သည်။
(၃)
သို့သော် ပတ်ဝန်းကျင်၏ ရိုက်ခတ်မှုများမှာ မိန်းကလေး၏ ကြီးမားလာသော ကိုယ်ခန္ဓာနှင့် ပို၍ဆိုင်ကြောင်း တွေ့လာရသည်။
ဒေါက်တာ ကာတာ (Dr. Rona Carter) ခေါ် မစ်ချီဂန်တက္ကသိုလ်မှ ဆရာဝန်မက အရပ်ရှည်သောမိန်းကလေးနှင့် ဖွံ့ဖြိုးမှုရှိသော မိန်းကလေးများကို လူများက ဂရုပြုမိကြသည်ဟုဆိုသည်။ ထိုမိန်းကလေးများသည် အရွယ်ကြီးဟန်ဆောင်ကြပြီး လူကြီးများကဲ့သို့ ပြုမူကြသောအခါ ကလေးဘ၀ သိသင့်သိထိုက်သော အရာများကို မသိကြရဟု ဆိုသည်။ အသားမည်း မိန်းကလေးများတွင် စောစောအပျိုဖော်ဝင်ကြသောအခါ ဤအဖြစ်သည် ပိုသိသာကြသည်။ သူတို့၏ ဟန်ပန်ကြောင့် ကလေးများကို ပေးရမည့် ဘေးမှ စောင့်ရှောက်မှုများကိုပေးရန်လည်း ဝန်လေးကြသည်ဟု ဆိုပါသည်။
ကိုသန်းလွင်
Ref: Why are girls starting puberty so Yong? By Cassandra Willyard, Nature 22 January 2026
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar