နေသွင်ညိဏ်း - အေအိုင်ခေတ်နဲ့ ကြက်တူရွေးဂျာနယ်လစ်ဇင်
နေသွင်ညိဏ်း
(မိုးမခ) ဧပြီ ၉၊ ၂၀၂၆
ခုတလော ဒေါက်တာသန်းထွန်းစကားရဲ့ စကားတခွန်းကို ကျနော် သတိရနေတယ်။ အသစ်မပါရင် စာမရေးနဲ့ ဆိုတာ။ ဒါက သုတေသန သမားတွေ အတွက် အရေးအကြီးဆုံး ကိစ္စပါ။ သုတေသန ကျမ်းတစောင်ဟာ အတွေးသစ် အမြင်သစ်ကို ပေးနိုင်ရမယ်။
ဥပမာ ဆိုပါတော့။ ဘာသာရေးဆိုင်ရာ ကျမ်းတစောင်မှာ ဘာအတွေးအခေါ်အသစ်မှ ပါစရာမလိုဘူး။ ကျမ်းဟောင်း ကျမ်းရိုးကိုပဲ ထပ်ခါထပ်ခါ ပုံနှိပ်ကြတယ်။ သုတေသန ကျမ်းတစောင်ကျတော့ ဒီလို လုပ်လို့မရပါဘူး။ ဟာကွက်ကို ဖြည့်ရတယ်။ Research Gap ဆိုပါတော့။ မတူတဲ့ ရူ့ထောင့်ကို တင်ပြရတယ်။ ဒီအတွက် ဘာလိုသလဲဆိုတော့ critical thinking လို့ဆိုတဲ့ ဝေဖန်ဖောက်ထွက်စဉ်းစားတတ်ဖို့ လိုတယ်။
ဖောက်ထွက်စဉ်းစားတတ်ဖို့ ဘာလိုသလဲဆိုတော့ တခြားလူတွေ ဘယ်လို စဉ်းစားခဲ့သလဲဆိုတာ အများကြီး လေ့လာရတယ်။ ဒီအကြောင်းအရာ၊ ပြဿနာအပေါ် တခြားလူတွေရဲ့ ယုတ္တိက ဘာလဲ။ အားနည်းချက် ဘာရှိသလဲ ရှာရတယ်။ စဉ်းစားနည်း အသစ်၊ အချက်အလက် အသစ်နဲ့ ရူ့ထောင့် အသစ်ကို ပေးရတယ်။
ကျနော်က ဒီအကြောင်းတွေ ဘာလို့ပြောနေလဲဆိုရင် နာမည်ကြီး သတင်းဌာနတွေရဲ့ သတင်းတင်ဆက်မှုတွေမှာ အချက်အလက်အသစ်၊ ရှုထောင့်အသစ်ကို ကျနော် မတွေ့ဘူး။ တခါတလေ သတင်းတင်ဆက်သူဟာ သတင်း source က ပြောစေချင်တာကို ကြက်တူရွေး ပြောသလို ပြန်ပြောနေတာတွေ့ရတယ်။ သတင်းသမားကို Source က ပြန်အသုံးချနေတာ။ အဓိကပြဿနာဟာ သတင်း သမားနဲ့ ဆိုင်တယ်။ သတင်းသမားဟာ အိမ်စာမလုပ်ထားဘူးဆိုတာ ပေါ်နေတယ်။ ဒါကို သတင်းပါး ဝတဲ့ ပရိသတ်က သိတယ်။ အင်မတန် ရှက်စရာကောင်းတယ်။
ဒေါက်တာသန်းထွန်းက စာရေးတဲ့ကိစ္စမှာ အသစ်မပါရင် မရေးနဲ့။ လွှင့်ပစ်ရမယ့်စာလို့ ပြောခဲ့သလို့ သတင်းမှာ အသစ်မပါရင် အမှိုက်ပဲ။ အချက်အလက်အသစ်ပါရမယ်။ မဟုတ်ရင် စဉ်းစားစရာ အသစ်ပါရမယ်။ ဒါက သတင်းသမားတိုင်းသိတယ်။ ဆိုတော့ ကျနော်တို့ နောက်တဆင့်ကို စဉ်းစားကြည့်ရအောင်။
ဒီနေ့ခေတ်မှာ အချက်အလက်တွေက အင်မတန်များနေတယ်။ အရင်ခေတ်တွေကထက် လူတွေနဲ့ သက်ဆိုင်တဲ့ ကိစ္စ၊ အကြောင်းအရာတွေ ပိုများလာတာလည်းဟုတ်တယ်။ လူတွေ ရှေ့ကို ပို့ပေးနေတဲ့ ပလက်ဖောင်းတွေ ပိုများလာတာလည်း ဟုတ်တယ်။ ဆိုလိုတာကတော့ ကျနော်တို့ ငယ်ငယ်က ရေဒီယိုနဲ့ သတင်းစာပဲ ရှိတယ်။ အရေအတွက်လည်း နည်းတယ်။ နောက် တယ်လီဗေးရှင်းပေါ်လာတယ်။ နောက် ဂြိုလ်တုစလောင်းကနေ ဖမ်းတဲ့ လိုင်းတွေ ကြည့်ရလာတယ်။ ဒီအထိ သတင်းအချက်အလက် ကို ပေးသူက နည်းသေးတယ်။ အများစုက နားထောင်သူ၊ လက်ခံသူပဲ။ ဘာလို့လဲဆိုရင် သတင်းအချက်တွေကို လူတွေကြား ပျံ့အောင် လုပ်ဖို့ဆိုတာ ဆက်သွယ်ရေး ပစ္စည်းတွေ၊ ကိရိယာတွေ၊ လူတွေ လိုတယ်။ ငွေကုန်တယ်။ အဖွဲ့နဲ့ အစုနဲ့ လုပ်ရတယ်။ အခုခေတ်ကျတော့ ဒါတွေ ဘာမှ မလိုတော့ဘူး။ လူတိုင်းဟာ အချက်တွေကို လူအများကြား ပြန့်အောင် လုပ်နိုင်လာတယ်။ တပြားမှ အပိုကုန်စရာ မလိုဘူးလို့ ပြောရမယ်။
ဒီတော့ အချက်အလက်တွေက အများကြီးပဲ။ လူတယောက်အတွက် လိုတာထက် ပိုနေတယ်လို့ ပြောရမယ်။ လူတွေဟာ အစားတွေ အများကြီးစားမိတဲ့အခါ အစာမကျေ ဖြစ်တတ်သလို ဒီနေ့ခေတ်မှာ လူတွေဟာ သတင်းအစာမကျေ ဖြစ်နေတယ်။ အချက်အလက်တွေ များလွန်းလို့ နားမလည်နိုင်ဖြစ်နေတယ်။
သတင်းသမားရဲ့ အလုပ် တာဝန်ဟာ အသစ်ကိုလည်း ပေးရတယ်။ အရှုပ်ကို ရှင်းပေးရတယ်။ ဒီနေ့ ကာလမှာ ဒုတိယတာဝန်က ပိုအရေးကြီးတယ်လို့ ကျနော်ထင်တယ်။ သတင်းအစာမကြေဖြစ်နေတဲ့ ပရိသတ်ကို အစာကြေဆေး ပေးဖို့ ဖြစ်ပါတယ်။
ဒီတော့ သတင်းသမားဟာ တခြားလူထက် အသိပညာ၊ ဗဟုသုတ ခေါင်းတလုံးသာဖို့ လိုတယ်။ ဒီလို ပြောလို့ သတင်းသမားက ငါက တခြားလူတွေအထက်က ‘ငါတတ်ကြီး’ လုပ်ဖို့ ပြောတာ မဟုတ်ဘူး။ ဒီနေရာမှာ သိထားရမှာက ပရိသတ်ဆိုတာ သူတို့ထက် သာတဲ့ သတင်းသမားကို သိသလို၊လေးစားသလို၊ ငါတတ်ကြီး လုပ်တဲ့ သတင်းသမားကိုလည်း သိတယ်။ မလေးစားဘူး။ ဒါအရေးကြီးပါတယ်။
တခြား အသိပညာ၊ ဗဟုသုတ သာဖို့ ဘယ်လို လုပ်မလဲ။ များများလေ့လာရမယ်။ များများ တွေးခေါ်ရမယ်။ ဘာမှ မလေ့လာရင် ဘာမှ တွေးလို့ မရနိုင်ဘူး။ အကြောင်းကတော့ လူတယောက်ရဲ့ အတွေးအခေါ် မိုးကုတ်စက်ဝိုင်းဆိုတာ သူဘယ်လောက် ဆည်းပူးထားသလဲ ဆိုတဲ့ အပေါ်မူတည်တယ်။ သူများတွေ ဘယ်လိုတွေးခေါ်သလဲဆိုတာ လေ့လာရတယ်။ ပြောရရင် စဉ်းစားတယ်၊ တွေးခေါ်တယ် ဆိုတဲ့ နေရာမှာ နည်းရှိတယ်။ တွေးချင်တိုင်း တွေးလို့ မရဘူး။ အားလုံးသိတဲ့ အုန်းသီးထဲ ရေဘယ်သူထည့်သလဲဆိုတာ တွေးတဲ့ ပုံပြင်ထဲ လူပဲဖြစ်မယ်။ တကယ်က ဒီအဖြေအတွက်လည်း အချိန်ပေးစဉ်းစားစရာ မလိုပါဘူး။ ထားပါတော့။
ဒါနဲ့ ပတ်သက်လို့ ကျနော် ဖတ်ဖူးကြားဖူးတာလေး ပြန်မျှချင်တယ်။ ဖတ်ဖူးတာနဲ့ စရရင် အိန္ဒိယ ခေါင်းဆောင်ကြီး ဂန္ဒီ အကြောင်း။ ဂန္ဒီက ဘာသာရေးကိုင်းရှိုင်းတဲ့ မိခင်က မွေးတယ်။ သူ့အမေက သားသတ်လွတ်သမားမို့ သူ့သားကိုလည်း သားသတ်လွတ်စားခိုင်းတယ်။ ဘာကြောင့််ဆိုတာ ရှင်းမပြဘူး။ ကုသိုလ်ရတယ်လောက်တော့ ပြောချင် ပြောမှာပေါ့လေ။ ဂန္ဒီလေးကလည်း သူ့အမေကို စိတ်ချမ်းသာစေချင်တာနဲ့ အမေရှေ့မှာ သားသတ်လွတ်စားပြီး ကွယ်ရာကျ အသားခိုးစားတယ်။ နောက် အိန္ဒိယကနေ အင်္ဂလန်မှာ ပညာသင်သွားရင်းနဲ့ သားသတ်လွတ် အကြောင်းစာအုပ်တွေကို ဖတ်မိသွားတယ်။ တသက်လုံး သားသတ်လွတ်သမား ဖြစ်လာတယ်။
ဒုတိယ ဥပမာအနေနဲ့ မပြောခင်မှာ ပါချုပ်ဆရာတော်ကို ဦးတင်ပါတယ်။ ဆရာတော်က တရားတပုဒ်မှာ သမာဓိနဲ့ ပညာအကြောင်း ပြောတယ်။ Concentration နဲ့ Contemplation မတူတာကို ပြောတယ်။ သမာဓိက အရေးကြီးတယ်။ ဘာအတွက်လဲဆိုရင် မှန်ကန်တဲ့ အတွေးကို ရဖို့။ သမ္မာသင်္ကပ္ပဟာ သမ္မာဒိဋ္ဌိ တနည်းအားဖြင့် ပညာကို ဖြစ်စေတယ်။ ကျနော် နားလည်သလို ပြောရရင် အာရုံတခုတည်းမှာ တည်ကြည်တဲ့ သမာဓိဟာ ပန်းတိုင်မဟုတ်ဘူး။ ပညာဟာ ပန်းတိုင်ဖြစ်တယ်။ Contemplation လို့ ခေါ်တဲ့ သမ္မာသင်္ကပ္ပ က ပေါင်းကူးပေးတယ်။ ဒါက ဗုဒ္ဓနည်း။
လက်တွေ့ကျကျပြောရရင် ကျနော်တို့ခေတ်ရဲ့ ထင်ရှားတဲ့ သမိုင်းဆရာ၊ စာရေးဆရာ ယူဗယ် Yuval Noah Harari ဟာ ကမ္ဘာကျော်တဲ့ စာအုပ်တွေ အများကြီး ရေးခဲ့တယ်။ ပြောရရင် လူ့သမိုင်းနဲ့ ချီတယ်။ သမိုင်းမတင်ခင် လူသားအစကနေ မဖြစ်သေးအနာဂတ်အထိကို ရေးတယ်။ သူ့ စာအုပ်ကို ပြန်ထောက်သူရှိပေမယ့် ကြိုက်တဲ့လူက ပိုများတယ်။ သူက ဝန်ခံတယ်။ သူအနေနဲ့ တရားထိုင်တဲ့ အလုပ်ကို ပုံမှန်မလုပ်ရင် ဒီလောက် လေးနက်တဲ့ အကြောင်းအရာတွေ ပါတဲ့ စာအုပ်တွေ မရေးနိုင်ပါဘူးတဲ့။ သူက တရားထိုင်တယ်။ ပြီးတော့ စိတ်တည်ငြိမ်နေတဲ့ အချိန်မှာ တွေးခေါ်တယ်။ စာအုပ်ရေးတယ်။ သူ့စာအုပ်တွေကို သေချာလေ့လာကြည့်တဲ့အခါ ရှေ့က နာမည်ကြီး စာအုပ်တွေ၊ အတွေးအခေါ်တွေကို ထုံးလိုခြေ၊ ရေလိုနှောက်ထားတာ တွေ့ရပြီး၊ ဒီအပေါ်ကနေ သူ့ရဲ့ ကိုယ်ပိုင်အယူအဆကို တင်ပြတာ တွေ့ရတယ်။
အခုရေးထားတဲ့ ကိစ္စတွေကို ပြန်ချုပ်ကြည့်ရအောင်။ သတင်းသမားဟာ အသစ်ကို တင်ပြရတယ်။ ရှုပ်နေတာကိုရှင်းပြရတယ်။ ဒီအတွက် အချက်အလက်တွေ လိုတာမှန်တယ်။ ဒါပေမယ့် အချက် အလက်တွေကိုချည်း လျှောက်ပြောနေတာဟာ ဒီနေ့ခေတ်မှာ ဘာမှ မထူးဘူး။ အချက်အလက်လိုချင်ရင် Google ကို မေးလို့ရတယ်။ AI ကို မေးလို့ရတယ်။
အရေးကြီးတာက အတွေးအခေါ်အသစ်၊ ရူ့ထောင်အသစ်။ ဒါလည်း တကယ်တော့ AI ကို မေးလို့ ရနေပြီ။ အခုထိ ရာနှုန်းပြည့်စိတ်မချရသေးတာ တခုပဲ။ ဆိုတော့ သတင်းသမားဟာ ဒီအရာတွေကိုလည်း ပြန်အသုံးချနိုင်ရမှာဖြစ်သလို ကိုယ်ပိုင်ဝမ်းစာလည်း ပြည့်ဖို့လိုတယ်။ သတင်းရင်းမြစ် Source က သူပြောချင်တာတွေကို ကိုယ့်ပါးစပ်ထဲ ထည့်လိုက်တာကို ကြက်တူရွေးလို ရွတ်ပြနေလို့ ဘယ်သူမှ အထင်မကြီးဘူး။ Critical Thinking လို့ခေါ်တဲ့ ဝေဖန်စဉ်းစားဖို့လိုတယ်။ ဝေဖန်စဉ်းစားဖို့ဆိုတာ ကိုယ့်မှာ ကိုယ်ပိုင်ဝမ်းစာလိုတယ်။ စဉ်းစားနည်းတွေကို သိဖို့လိုတယ်။ ရှေ့က ဆရာ့ဆရာတွေ ဘယ်လို စဉ်းစားလဲ။ အဆင့်ဆင့် ဘယ်လို တွေးခေါ်လဲ။ ဘယ်လို ကောက်ချက်ဆွဲယူလဲ။ ဒါတွေ လေ့လာရမယ်။ ဒီလိုမှ မဟုတ်ရင် ကြက်တူရွေး ဂျာနယ်လစ်ဇင်ပဲ ဖြစ်မယ်။ ဒီအဆင့်မှာ Google တို့ AI တို့ က ကိုယ်ထက် အများကြီးသာတယ်ဆိုတာကို သိရမယ်။
နေသွင်ညိဏ်း
၉ ဧပြီ၊ ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
