ကိုသန်းလွင် - အဒမ်စမစ်၏ စီးပွားရေးသီအိုရီ
ကိုသန်းလွင် - အဒမ်စမစ်၏ စီးပွားရေးသီအိုရီ
မိုးမခ ၊ ဧပြီ ၇ ၊ ၂၀၂၆
(၁)
ယနေ့ တစ်ကမ္ဘာလုံး၏ စီးပွားရေးအခြေအနေသည် အားလုံးကို စိတ်မသက်မသာ ဖြစ်စေပြီး အနာဂတ်ကို မျှော်ကြည့်ပါကလည်း ဆိုးရွားသည့် အခြေအနေများကို တွေ့ရမည်ဖြစ်သည်။ လူတို့၏ သံသယမှာ အခြားနိုင်ငံများသည် ကုန်သွယ်ရေးတွင် အခွင့်ကောင်းယူခြင်း သို့မဟုတ် အေအိုင် (Artificial Intelligence) နှင့်ပတ်သက်၍ အလုပ်အကိုင်၊ လုပ်ပိုင်ခွင့်ကို တစ်ဖက်စောင်းနင်းဖြစ်အောင် လုပ်ကြလိမ့်မည်ဟု ဖြစ်သည်။ ဥပဒေပြုသူများက အန်တီထရပ် (antitrust) နှင့် စက်မှုလုပ်ငန်းဆိုင်ရာ ပေါ်လစီများဖြင့် တုံ့ပြန်ကြပြီး ၎င်းတို့မှာ အဒမ်စမစ် (Adam Smith) ၏ “နိုင်ငံများ၏ ကြွယ်ဝချမ်းသာမှု” (The Wealth of Nations) စာအုပ်တွင် ပါပြီးဖြစ်သည်။ ဤစာအုပ်တွင် စီးပွားရေးဖီလိုဆိုဖီတွင် အကောင်းမြင်ဖို့အတွက် ဆောင်ရန်နှင့် ရှောင်ရန်အချက်များကို သူက ဖော်ပြခဲ့သည်။
(၂)
စမစ်၏ စိတ်ကူးစိတ်သန်းများမှာ အများက ရည်ညွှန်းပြောဆိုခဲ့ကြသော်လည်း လူတို့ နားမလည်နိုင်ကြပါ။ ကွန်ဆာဗေးတစ်များက မမြင်ရသောလက် (Invisible hand) သည် ဈေးကွက်နှင့် စီးပွားရေးကို ဦးဆောင်၍ သူဖြစ်ချင်သလို ဆွဲယူသွားတတ်သည်။ လစ်ဘရယ်သမားများက သူ့ဝါဒကို ပညာရှိလေသံဖြင့် ပြောသော လူသားမဆန်သူတို့၏ လောဘစကားအဖြစ် ပစ်ပယ်လိုကြသည်။ သို့သော် စမစ်ပြောဆိုခဲ့သည်များမှာ ကမ္ဘာလောကကြီး၌ စိတ်ဝင်စားစရာအကောင်းဆုံးနှင့် လူတို့နှင့် အပတ်သက်ဆုံး စကားများပင်ဖြစ်သည်။
စမစ်၏ ထူးခြားသော စိတ်ကူးများမှာ ရိုးရိုးလူတို့သည် သူတို့ဘဝများကို ရိုးရိုးသားသား နေထိုင်ရင်း လူနေမှုစနစ်တစ်ခုလုံးကို ပို၍ချမ်းသာလာအောင်၊ တရားမျှတမှုရှိအောင်၊ လွတ်လပ်မှုရှိအောင် လုပ်ဆောင်နိုင်ရန် ဖြစ်သည်။ အစိုးရကဲ့သို့ ကြီးမားသော အင်စတီကျူးရှင်းနှင့် ကြီးမားသော ကုမ္ပဏီကြီးများက သူတို့ကို အနှောင့်အယှက်မပေးဘဲ နေလျှင် ထိုသို့ ဖြစ်နိုင်သည်။
စမစ်က ပြောခဲ့သည်မှာ နိုင်ငံတစ်နိုင်ငံ၏ ကြွယ်ဝမှုကို ၎င်းအား အုပ်ချုပ်သည့် ဘုရင်မိသားစု၏ ချမ်းသာမှုနှင့် မတိုင်းတာနိုင်ပေ။ ပြည်သူလူထု လိုအပ်သမျှ မည်မျှ ထောက်ပံ့ပေးနိုင်၊ မပေးနိုင် အပေါ်တွင် မူတည်၍သာ ဆုံးဖြတ်ရသည်။ စမစ်က ချမ်းသာကြွယ်ဝမှုကို အများသူငါက ခွဲဝေယူနိုင်ကြရမည်၊ မည်သည့် လူ့အဖွဲ့အစည်းကမှ အုပ်စုတစ်စုသည် များစွာ ဆင်းရဲမွဲတေနေလျှင် ပျော်ရွှင်နှစ်သက်နိုင်မည် မဟုတ်ပါဟု ဆိုသည်။
စမစ်ကို ၁၇၂၃ ခုနှစ်က စကော့တလန်ပြည် ကက်ကယ်ဒီ (Kirkcaldy) မြို့တွင် မွေးဖွားခဲ့ပါသည်။ သူက လုပ်ဆောင်ရမည့် လုပ်ငန်းများကို ထိုခေတ်က ခေတ်စားနေသည့် ဖီလိုဆိုဖာများ၏ အဆိုအမိန့်များမှ မဟုတ်ဘဲ သမိုင်းလက်တွေ့ အဖြစ်အပျက်များမှ သင်ခန်းစာများကို ထုတ်ယူခဲ့သည်။
သူ၏ ကျော်ကြားသော တွေ့ရှိမှုတစ်ခုမှာ အလုပ်ခွဲဝေခြင်း ခေါ် လူများကို မိမိတို့ သန်ရာသန်ရာ အလုပ်တာဝန်များကို ခွဲဝေပေးခြင်းပင်ဖြစ်သည်။ ဥပမာ “အပ်” လုပ်သည့် လုပ်ငန်းကို ကြည့်ပါ။ နန်းဆွဲခြင်း၊ ဦးခေါင်းတပ်ခြင်း၊ အပ်ဖြစ်အောင် ချွန်ထက်စေခြင်း၊ ထုပ်ပိုးခြင်းစသော လုပ်ငန်းများ ပါဝင်သည်။ အပ်တစ်ချောင်းဖြစ်ရန် အလုပ်အကိုင် ၁၈ မျိုး ခွဲနိုင်သည်။ လူတစ်ဦးတစ်ယောက်ကို လုပ်ငန်းပြီးဆုံးအောင် အပ်ကို လုပ်စေခြင်းထက် အထက်ပါအတိုင်း အလုပ်များကို ခွဲဝေလုပ်ကိုင်စေပါက အလုပ်သမားတစ်ယောက်၏ ထုတ်လုပ်အားသည် အဆ ၂၄၀ မျှ တိုးတက်လာကြောင်း သိရသည်။ ဤကဲ့သို့ လူတစ်ဦးစီ၏ လုပ်အား တိုးတက်လာမှုသည် စီးပွားရေးတိုးတက်မှု၏ ဗဟိုချက်မကျကြောင်း သိရသည်။ ထိုအခါ လူနေမှုအဆင့်အတန်းလည်း တိုးမြှင့်လာသည်။
ထို့ကြောင့် ယနေ့ တက္ကနိုလိုဂျီ တိုးတက်မှုကိုလည်း နည်းလမ်းများ၊ ဥပဒေများဖြင့် ထိန်းချုပ်ထားသည်ဟု ယူဆရန်ဖြစ်သည်။ သို့သော် စမစ်က မည်သူတစ်ဦးတစ်ယောက်ကမှ ဤကဲ့သို့ ခွဲဝေလုပ်ရခြင်းကို ဒီဇိုင်းလုပ်ခြင်း၊ အုပ်ချုပ်ခြင်းတို့ကို မလုပ်နိုင်ဟု ယူဆသည်။
အလုပ်ကို ခွဲဝေလုပ်ခြင်းသည် စက်ရုံတစ်ခုသာမကဘဲ ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားပါသည်။ စက်ရုံမှ မြို့အထိ၊ တစ်နိုင်ငံမှ တစ်နိုင်ငံအထိ ပြန့်နှံ့သွားပါသည်။ စည်သွတ်ဘူးအတွင်းသို့ အသားသွင်းသည့် လုပ်ငန်းကို ကြည့်လျှင် လုပ်သားပေါင်း သန်းချီ၍ ကမ္ဘာအနှံ့ ပြန့်နှံ့သွားသည်ကို တွေ့မြင်ရသည်။ ကောက်ပဲသီးနှံ စိုက်ပျိုးသော လယ်သမား၊ ထရပ်ကားမောင်းသူများ ပါရသည်။ သံမဏိလုပ်သားက ဘူးကို လုပ်သည်။ အင်ဂျင်နီယာများက အစာချက်လုပ်သည့် စက်များကို ဒီဇိုင်းလုပ်ရသည်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သိကြသည် မဟုတ်ပါ။ သူတို့ မိနစ်ပိုင်းမှာ လုပ်သည့် လုပ်အားခသည် လုပ်သားများအတွက် ထမင်းစားစားပွဲပေါ်သို့ ထမင်းကို အရောက်ပို့ပေးနိုင်သည်။ အေအိုင်ခေတ်တွင် ထိုသဘောတရားမှာ ပို၍ ရှုပ်ထွေးလာပါသည်။ ထိန်းချုပ်ရန်ပင် မလွယ်တော့ပါ။
ထိုသို့ စုပေါင်းလုပ်အား၏ အောင်မြင်မှုရရန် ဦးနှောက်အင်အားကို အသုံးချရန် မလိုပါ။ လူအသီးသီးက မိမိအကျိုးအတွက် မိမိလုပ်ရင်း လုပ်ငန်းတစ်ခုလုံး အောင်မြင်သွားခြင်းဖြစ်သည်။
စမစ်၏ ရည်ရွယ်ချက်များမှာ လူထု၏ အသိအမှတ်ပြုခြင်းကို မခံရပါ။ သို့သော်လည်း လူတို့၏ လောဘတရားကို အသိအမှတ်ပြု ဂုဏ်ပြုနေခြင်းမဟုတ်၊ သူ့စာအုပ်တွင် စမစ်က လူတို့၏ စိတ်နေစိတ်ထား၊ တစ်ပါးသူအပေါ် သနားညှာတာမှု၊ လူတို့၏ အခြားလူတို့က မိမိကောင်းစေလိုသောစိတ်ကို အသိအမှတ်ပြုစေလိုမှု စသည်တို့ကို တောင်းတနေခြင်း မဟုတ်ပါ။ စမစ်သည် လက်တွေ့သမားဖြစ်သည်။ သူက စီးပွားရေးလုပ်ရာတွင် လူတို့၏ စိတ်သဘောထားမှန်ကို အခြေခံဖို့ လိုသည်။ ကျွန်တော်တို့က ဖြစ်စေချင်သလို သူတို့၏ စိတ်ဆန္ဒများကို ဖြစ်စေရမည်ဟု မဆိုနိုင်ပါ။ ဤသည်တို့မှာ သားသတ်သမား၊ အရက်ချက်သူ၊ ပေါင်မုန့်ဖုတ်သူတို့သည် သူတို့၏ အကျိုးကိုသာ စိတ်ဝင်စားပါလိမ့်မည်။ သူတို့က ကျွန်တော်တို့ ထမင်းစားရရေး၊ မစားရရေး စသည့်အကြောင်းများကြောင့် မဟုတ်၊ ထို့ကြောင့် သူတို့၏ လူသားတို့အပေါ် စိတ်ထားကို ထည့်တွက်ရန် မလိုဟု ဆိုသည်။ သူတို့ကို ကျွန်တော်တို့ လိုအပ်ချက်ကို သွားမပြောပါနှင့်။ သူတို့အတွက် အကျိုးအမြတ်ရနိုင်သည့် နည်းလမ်းကိုသာ ပြောပါဟု ဆိုသည်။
စမစ်က မယုံကြည်သောလူများမှာ လူတို့ မိမိတို့ကိုယ်တိုင် ရပိုင်ခွင့်ရှိသည်များကို ရဖို့ ကြိုးစားခြင်းကို တားဆီးသူများဖြစ်သည်။ အစိုးရက မျက်နှာသာပေး (Favour) ခြင်း၊ ကုမ္ပဏီများက လစာကို လျှော့ပေးခြင်း၊ အင်စတီကျူးရှင်းများက ပြိုင်ဆိုင်မှုကို ပိတ်ပင်ခြင်းတို့ ဖြစ်၏။ ဆေးရုံအသစ် ဆောက်လုပ်ခြင်း၊ အိမ်ရာအသစ် ဆောက်လုပ်ခြင်း၊ ခေတ်သစ် စီးပွားရေးအဆောက်အအုံ တည်ဆောက်ခြင်းကို ဟန့်တားသူများ ဖြစ်သည်။
စမစ်မှာ သူ့ခေတ်က စီးပွားရေးဖီလိုဆိုဖီကို ကြိုက်နှစ်သက်သူ မဟုတ်ပါ။ ၁၆-၁၈ ရာစုအတွင်းက ခေတ်စားခဲ့သော အစိုးရထိန်းချုပ်သည့်ဝါဒ (Mercantilism) ၏ အောင်မြင်မှုမှာ ရွှေမည်မျှ စုမိသည်၊ ကုန်သွယ်ရေးပိုငွေ မည်မျှရသည်နှင့် တိုင်းတာသောဝါဒဖြစ်သည်။ လူတို့၏ ကောင်းမွန်စွာ နေနိုင်မှု မပါဝင်ပါ။ လူထု၏ အကျိုးစီးပွားများကို မျက်ကွယ်ပြု၍ အခွန်ကောက်ခံကာ သွင်းကုန်ကို ပိတ်ပြီး ပို့ကုန်ကို အားပေးသည်။ စမစ် လွန်ခဲ့သော နှစ်ပေါင်း ၂၅၀ က ပြောခဲ့သော စကားမှာ “ကုန်သွယ်ရေး လိုငွေပြခြင်းသည် မကောင်း” ဆိုသောဝါဒသည် မှားယွင်းနေသည်။ ပို့ကုန်အတွက် အစိုးရက ထောက်ပံ့ကြေးပေးခြင်း (Subsidies) သည် မှားယွင်းသည်။ ကျွန်တော်တို့သည် စမစ် နှစ်ပေါင်းများစွာအကြာမှ ပြောခဲ့သောစကားကို ထပ်ကာထပ်ကာ ပြောသင့်သည်။
ကုန်သွယ်ရေး လိုငွေပြခြင်းသည် ပုံမှန်အတိုင်းသာ ဖြစ်သည်။ သွင်းကုန်သည် စားသုံးသူကို သက်သာချောင်ချိစေသည်။ ကုန်သွယ်ရေးသည် လုပ်အားကို တိုးပွားစေသည်။ ထုတ်လုပ်မှုကို မြှင့်တင်ပေးလျှင် လူနေမှုအဆင့်အတန်းကို မြင့်စေသည်။ ကုန်သွယ်ရေး ဝင်ငွေထွက်ငွေကို ကြည့်ခြင်းနှင့် အကောက်ခွန် တိုးကောက်ခြင်းတို့သည် အရေးကြီးသော အမှားများဖြစ်သည်။ အဖြေမှာ ကုန်ပစ္စည်း ရွေးချယ်ပိုင်ခွင့် နည်းပါးခြင်း၊ ကုန်ဈေးနှုန်း ကြီးမြင့်ခြင်းနှင့် တိုးတက်မှု နည်းပါးခြင်းပင် ဖြစ်သည်။ စီးပွားရေး အာမခံချက်ရှိရန်အတွက် ထိုအချက်များကို ရှောင်ရမည်။
စမစ် တန်ဖိုးထားသော အကောင်းမြင်ဝါဒသည် အများက ဂရုမစိုက်ကြပါ။ စမစ်က ပေါ်လစီအမှားများ၊ တလွဲလုပ်မှုများကို အစီအရီ တင်ပြခဲ့ပါသည်။ ထို့ပြင် ထိုစဉ်က ဗြိတိန်နိုင်ငံ လူမှုရေးအခြေအနေကိုလည်း တင်ပြခဲ့သည်။ ထိုစဉ်က အချမ်းသာဆုံး ပုဂ္ဂိုလ်များသည် ယခုခေတ် ပေတံနှင့် တိုင်းတာပါက များစွာ ဆိုဖွယ်ရာမရှိပါ။ သူတို့ လူနေမှုအဆင့်အတန်းမှာ အိမ်တွင်း၌ ရေမသွယ်နိုင်ခြင်း (Indoor plumbing)၊ ယခု ခေတ်စားနေသော Flat TV များ မရှိပါ။ သို့သော် မင်းညီမင်းသားနှင့် လယ်သမားတို့သည် ကွာခြားမှု နည်းပါးကြောင်း ပြောခဲ့သည်။
(၃)
စမစ်၏ အချိန်အခါက တိုးတက်မှုသည် နှေးကွေးခဲ့ပါသည်။ လူတစ်ဦးကျဝင်ငွေ (Per capita) သည် အနှစ် ၁၀၀ တွင်မှ သိသာပါသည်။ ယခုအခါ လူတစ်ယောက်၏ သက်တမ်းတစ်ခုအတွင်း တိုးတက်မှုကို မြင်နိုင်ပါသည်။ ပြဿနာများကို ယုံကြည်မှုအပြည့်ဖြင့် ဖြေရှင်းနိုင်ခြင်းဖြင့် လူတိုင်းအတွက် ကောင်းကျိုးချမ်းသာကို ဖန်တီးပေးနိုင်ပါသည်။ အနာဂတ်ရေးသည် စိတ်ဝင်စားဖွယ်များနှင့် ပြည့်နေသလို ကြောက်လန့်ဖွယ်လည်း ကောင်းသည်။
ကိုသန်းလွင်
Ref: This is the moment Adam Smith has been waiting for, By Jason Furman, NY Times
March 11 2026.
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar