သမ္မတ ဖြစ်လာတဲ့ မင်းအောင်လှိုင်ကို ဂုဏ်ပြုသဝဏ်လွှာပို့ကြတဲ့ နိုင်ငံအချို့နဲ့ အဖွဲ့အစည်းတွေ
မြန်မာနွေဦးခရိုနီကယ် - ဧပြီ ၆ မြင်ကွင်း
(မိုးမခ) ဧပြီ ၇ ၊ ၂၀၂၆
သမ္မတ ဖြစ်လာတဲ့ မင်းအောင်လှိုင်ကို ဂုဏ်ပြုသဝဏ်လွှာပို့ကြတဲ့ နိုင်ငံအချို့နဲ့ အဖွဲ့အစည်းတွေ
လိုချင်တဲ့ ရလဒ်ထွက်အောင် စီစဥ်လုပ်ဆောင်ခဲ့ကြတဲ့ ၂၀၂၅/၂၆ ခုနှစ် ရွေးကောက်ပွဲ ရလဒ်အရ လွှတ်တော်ခေါ်ယူပြီး ကြိုတင်ဇာတ်တိုက်ထားတဲ့ မဲပေးရွေးချယ်မှုတွေရဲ့ အကျိုးဆက်ဖြစ်တဲ့ နိုင်ငံတော် သမ္မတရာထူးကို မင်းအောင်လှိုင် ဧပြီလ ၃ ရက်နေ့မှာ ရရှိခဲ့ပြီဖြစ်ပါတယ်။
အခုလို နိုင်ငံတော် သမ္မတရာထူးကို စစ်တပ်ရဲ့ ထိန်းချုပ်မှုအောက်က ကြံ့ခိုင်ရေးပါတီကြီးစိုးတဲ့ လွှတ်တော်က မဲပေးရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ယခင် နအဖ စစ်အစိုးရလက်ထက်က ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဟာ စစ်တပ်က အရပ်ဝတ်လဲထားတဲ့ ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ပါတီဖြစ်ပြီး နိုင်ငံရေးလမ်းစဥ်၊ ရည်ရွယ်ချက် တိတိပပ မရှိဘဲ စစ်တပ်သာလျှင် ပထမ၊ ဒုတိယ၊ တတိယအနေနဲ့ ရပ်တည်တဲ့ ပါတီတရပ် ဖြစ်ပါတယ်။
အခုလို စစ်ဗိုလ်ချုပ်ဟောင်းတွေ ခေါင်းဆောင်တဲ့ ကြံ့ခိုင်ရေးပါတီက အနိုင်ရပြီး စစ်တပ်ခေါင်းဆောင်က သမ္မတရာထူး ရယူတဲ့အပေါ် ကြံ့ခိုင်ရေးနဲ့ စစ်တပ်အကြား သဘောထားကွဲလွဲမှု၊ မကြျလည်မှုတွေရှိနေသလားဆိုတဲ့ အယူအဆတချို့ သတင်းမီဒီယာတွေက ဖြစ်နိုင်ခြေရှိတဲ့ သီအိုရီတခုအနေနဲ့ ရေးသား တင်ဆက်နေကြပေမဲ့ တကယ့်လက်တွေ့မှာတော့ ဒီလိုမကျလည်မှုတွေ၊ သဘောထားကွဲလွဲမှုတွေ ရှိမယ့် အရိပ်အယောင် တခုမှ မတွေ့ရပါဘူး။
အခုလို ဧပြီလ ၃ ရက်နေ့ ပြည်ထောင်စု လွှတ်တော်က သမ္မတရာထူးအတွက် ၂၀၂၁ ခုနှစ် စစ်အာဏသိမ်းခေါင်းဆောင်ကို ရွေးလိုက်ခြင်းဟာ စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်ကာလအတွင်း အမျိုးမျိုးသော ဥက္ကဌ တာဝန်တွေယူခဲ့တဲ့ ကော်မတီ၊ ကော်မရှင်တွေနဲ့ ဝန်ကြီးချုပ်၊ ယာယီသမ္မတ စတဲ့ ကဏ္ဍတွေကျော်လွန်ပြီးနောက် သူလိုချင်ဆုံး ရွေးကောက်ခံ သမ္မတဆိုတဲ့ ရာထူးကို ရရှိခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင် အနေနဲ့ အလိုချင်ဆုံး ဒီရာထူးကို ရပေမဲ့လည်း ကမ္ဘာ့နိုင်ငံအများစုရဲ့ အသိအမှတ်ပြုမှု၊ သံရေးတမန်ရေးအရ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေ များများစားစား ရဖို့တော့ လမ်းမမြင်ပါဘူး။
ဧပြီလ ၃ ရက်နေ့ လွှတ်တော်မှာ ရွေးခံရပြီးနောက် ဒီနေ့အထိ လက်ခံရရှိထားတဲ့ နိုင်ငံခြားအစိုးရတွေရဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေက တရုတ်၊ ဘယ်လာရုစ်၊ နီကွာရာဂွါ၊ ကာဇက်စတန်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ရုရှားဖက်ဒရေးရှင်းက စိန့်ပီတာစဘတ်မြို့ အုပ်ချုပ်ရေးမှူးတို့ ဖြစ်ပါတယ်။ အာဆီယံ ၁၁ နိုင်ငံထဲက ထိုင်းနဲ့ ကမ္ဘောဒီးယားက လွဲပြီးအခြားနိုင်ငံတွေပို့တာ မတွေ့ရသေးသလို မြန်မာစစ်အစိုးရနဲ့ လက်တွေ့ကျတဲ့ ဆက်ဆံရေးမျိုးရှိတဲ့ အိန္ဒိယနိုင်ငံကလည်း ဂုဏ်ယူကြောင်း ပေးပို့တာ မကြားရသေးပါဘူး။
မြန်မာနိုင်ငံထဲက လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့တွေက ပေးပို့တာတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ထဲက ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီက ရွေးချယ်ခံရပြီး မကြာခင်မှာပဲ ပေးပို့တာတွေတော့ ရှိခဲ့ပါတယ်။ ဝ ပြည်သွေးစည်းညီညွတ်ရေး ပါတီ အနေနဲ့ ဘဏ္ဍာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးတို့မှာ ၄င်းတို့ဘာသာ လွတ်လွတ်လပ်လပ် စီမံခန့်ခွဲအုပ်ချုပ်နေပြီး နိုင်ငံခြားဆက်ဆံရေးလိုမျိုးကိုသာ မြန်မာအစိုးရကို ကျော်လွန်လုပ်ကိုင်ခြင်း မရှိတဲ့သဘော ဖြစ်ပါတယ်။
ဝ ပြည်အနေနဲ့ ၄င်းတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအရေးနဲ့ ပတ်သက်လို့ ပြည်မက အစိုးရက ဝင်ရောက်စွက်ဖက်မှု မရှိသရွေ့ အကွာအဝေးတခုထားတဲ့ ဆက်ဆံရေးနဲ့ နေထိုင်တဲ့မူအရ အခု သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ကို မြန်မြန်ဆန်ဆန် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ခဲ့တာ ဖြစ်ပါတယ်။
နေ့စဥ်သတင်းစာတွေမှာ စာမျက်နှာပြည့် ဖော်ပြနေတဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေရဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာတွေက စစ်အစိုးရရဲ့ အောက်မှာ ရပ်တည်လှုပ်ရှားခွင့်အတွက် ဆက်ဆံရေး မပျက်စေချင်တာကြောင့် အများနည်းတူ ပေးပို့ကြရတဲ့ သဘောလည်း ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းတွေ အနေနဲ့ ၄င်းတို့ရဲ့ သဘောဆန္ဒနဲ့ ထုတ်ပြန်တဲ့ သဘောမျိုးမဟုတ်တာ အများက သိရှိထားပြီး ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင်အနေနဲ့ နိုင်ငံတွင်းမှာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေအချို့ကို ၂၀၂၅ ခုနှစ် နှောင်းပိုင်းနဲ့ ၂၀၂၆ ခုနှစ်ဆန်းပိုင်းမှာ ပြန်လည်ရရှိထားတဲ့ အနေအထားမျိုးမှာ အခုလို ရွေးကောက်ပွဲ ကျင်းပကာ လွှတ်တော်ဖွဲ့စည်းပြီး သမ္မတရာထူးကို တရားဝင်တဲ့ အသွင်သဏ္ဌာန်ရှိစေဖို့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို တရားဝင်မှုရဖို့ ရည်ရွယ်လုပ်ဆောင်တာကို နိုင်ငံတကာအစိုးရတွေက အသိအမှတ်ပြုလာခဲ့ရင် ၄င်းရဲ့ ရည်မှန်းချက် အောင်မြင်တယ်လို့ ဆိုနိုင်ပါလိမ့်မယ်။
သို့ပေမဲ့လို့ လွှတ်တော်က သမ္မတရွေးချယ်ပေးပြီး ရက်အနည်းငယ် ကြာမြင့်လာတဲ့တိုင် ဂုဏ်ယူ အသိအမှတ်ပြုကြောင်း ပို့လာတဲ့ နိုင်ငံက လက်ချိုးရေလို့ ရနေသေးတာလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အချို့သော အိမ်နီးချင်းနိုင်ငံတွေနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတွေကလည်း ဂုဏ်ပြုအသိအမှတ်ပြုခြင်းကြောင့် မြန်မာစစ်ခေါင်းဆောင်ကို အားပေးရာရောက်မဲ့အရေး အထူးသတိထားနေကြတဲ့ သဘောလို့ ယူဆရပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ တဖက်မှာ နိုင်ငံရဲ့ နယ်မြေတွေ ပြန်လည်ထိန်းချုပ်လာနိုင်ဖို့ လေကြောင်းတိုက်ခိုက်မှု၊ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အဆက်မပြတ်လုပ်ဆောင်ရင်း လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေ ဆက်လက်ကျူးလွန်ကာ နိုင်ငံရဲ့ ဘဏ္ဍာအရင်းအမြစ်တွေကို စစ်ပွဲတွေအတွင်း ဖြုန်းတီးနေဦးမယ့် အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar