မောင်တူး - ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ ၆၄ နှစ်မြောက်
မောင်တူး - ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ ၆၄ နှစ်မြောက်
မိုးမခ ၊ ဇူလိုင် ၇ ၊ ၂၀၂၆
ဇူလိုင် ၇ ရက်
"စစ်" ရက်စက်ခဲ့
အသက်ရာကျော်စွန့်ခဲ့သည်။ ။
၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် ရန်ကုန်တက္ကသိုလ် တကသ ဆန္ဒပြပွဲတွေကို မဆလ စစ်တပ်က ပစ်ခတ်သတ်ဖြတ်ပြီး ၈ ရက်မနက်မှာ တကသ အဆောက်အအုံကြီးကို မိုင်းခွဲဖျက်ဆီးခဲ့တာတွေအတွင်း ကျောင်းသား ၁၀၀ ကျော် သေဆုံးခဲ့တဲ့ အရေးတော်ပုံကို ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံလို့ ခေါ်တယ်။
တင်းကျပ်တဲ့ ကျောင်းဆောင် စည်းကမ်းတွေနဲ့ ရန်ကုန် တက္ကသိုလ် ကိုယ်ပိုင် အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းခဲ့တာတွေကြောင့် ဦးနေဝင်း စစ်အစိုးရသစ်ရဲ့ မူဝါဒတွေကို ဆန့်ကျင်ချီတက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြတာပါ။ အဓိကဖြစ်ရပ်တွေဟာ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ ရန်ကုန်မြို့မှာ ဖြစ်ပွားခဲ့တာပါ။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ စစ်အစိုးရက ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသား ၅,၀၀၀ လောက် တက်ရောက်ခဲ့တဲ့ ကျောင်းသားဆန္ဒပြပွဲကို အကြမ်းဖက် နှိမ်နင်းခဲ့တာပါ။ ဒီဖြစ်ရပ်ကြောင့် ကျောင်းသား ၁၀၀ ကျော် သေဆုံးပြီး ထောင်ချီ ဖမ်းဆီးခံခဲ့ရပါတယ်။ ဒါပေမဲ့ မဆလအစိုးရ ကတော့ သေသူ ၁၇ ဦးလို့သာ ဖော်ပြခဲ့တာပါ။ ဒါ့အပြင် နောက်တနေ့ မနက်စောစောမှာ သမိုင်းဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီကို မိုင်းခွဲ ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဒါဟာ သမိုင်းဝင် ဆဲဗင်းဂျူလိုင် ကျောင်းသား သွေးမြေကျမှုကြီးပါပဲ။
သေနတ်နဲ့ ရင်ဘတ်
အပြိုင်တိုက်တဲ့ပွဲ
လှေခါးရင်းမှာ အလောင်းချင်းထပ်လို့
ဒါပေမဲ့
ကျောင်းသားတွေ မငိုခဲ့ဘူး
ဗုံးတွေပဲ မျက်ရည်ယိုခဲ့တာ။
ရဲရင့် (ဧရာအနောက်)
ဆဲဗင်းဂျူလိုင် ဆိုတာ ဘာလဲ
ပြီးခဲ့တဲ့ အနှစ် ၅၀ မြောက် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ အခမ်းအနားမှာ ကျောင်းသူတယောက်က မေးတယ်။ 7 July အရေးတော်ပုံဆိုတာ ဘာလဲတဲ့။ ဆဲဗင်းဂျူလိုင် အရေးတော်ပုံဆိုတာ ကျောင်းသားထု အခွင့်အရေးတွေကို ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က တောင်းဆိုကြတဲ့ပွဲပါ။ အခု ၂၀၂၆ ဇူလိုင် ၇ ရက်မှာ ၆၄ နှစ်ပြည့်ပါပြီ။ စစ်တပ်က ကျောင်းသား ၁၀၀ ကျော်ကို သတ်ဖြတ်ခဲ့တယ်။ ကျောင်းသားသမဂ္ဂ အဆောက်အအုံကြီးကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့တယ်။ ဒါကြောင့် ၇ ရက် ၇ လ ၆၂ ကို မမေ့ကြနဲ့လို့ သမိုင်းတွင်ခဲ့တာပေါ့။
စစ်အာဏာရှင်ကို ကျောင်းသားက ပထမဆုံး စိန်ခေါ်တိုက်ခဲ့တဲ့ပွဲ
ဆဲဗင်းဂျူလိုင် အရေးတော်ပုံဟာ စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်ခဲ့တဲ့ ပထမဆုံး ကျောင်းသား လှုပ်ရှားမှုပါ။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်က စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ တရားဝင် ရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရ တာဝန်ရှိသူတွေကို ဖမ်းဆီးပြီး အာဏာသိမ်းခဲ့တာပါ။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပုံနဲ့ အတူတူပါပဲ။ ၁၉၆၂ အာဏာသိမ်းတာကို ကျောင်းသားတွေက ကန့်ကွက်ခဲ့ပါတယ်။ ဒါကြောင့် 7 July အရေးတော်ပုံကြီး ဖြစ်ခဲ့တာပါ။ ၁၉၆၂ ဇူလိုင် ၇ ရက် အရေးတော်ပုံမှာ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ရာနဲ့ချီ သေဆုံးခဲ့ရတယ်။ ဒီနေ့ဆို ဆဲဗင်းဂျူလိုင် ၆၄ နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကို ပထမဆုံး စိမ်ခေါ်ခဲ့တဲ့ပွဲပါ။ ဒါကြောင့်လည်း စစ်တပ်က ကျောင်းသားတွေကို ပစ်သတ်ပြီး ရှင်းလင်းခဲ့တာပါ။ သေသူ ဒဏ်ရာရသူတွေဟာ ရန်ကုန်ဆေးရုံကြီးနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံတွေကို ရောက်ခဲ့ကြတယ်။ တချို့ကတော့ အလောင်း ဖျောက်တာခံခဲ့ကြရတယ်။ အလောင်းအားလုံးကို ဘယ်နေရာတွေမှာ ဖျောက်ဖျက်ခဲ့ကြတယ်ဆိုတာ သေသေချာချာ မသိရပေမဲ့ တချို့ မသေမရှင် ကျောင်းသားတွေကိုပါ ထောက်ကြံ့ရာဘာတောထဲမှာ မြေမြှုပ်ပစ်ခဲ့တာကိုတော့ တပ်ကြပ်ကြီးတဦးက ပြန်ပြောပြခဲ့လို့ သိခဲ့ရပါတယ်။
တပ်ကြပ်ကြီး မောင်သောင်း ပြောပြချက်
တပ်ကြပ်ကြီး ပြောပြချက်ကို မပြောခင် ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက်က မျက်မြင် သက်သေတဦးက ပြောပြထားတာလည်း ရှိပါတယ်။ “သေနတ်တွေနဲ့ပစ်တုန်း ငါက ကမာရွတ်အဝိုင်းမှာကွ။ ငါရဲ့ကားကို တနေရာမှာရပ်ပြီး စာတိုက်နဲ့ကမာရွတ်အဝိုင်းကြားမှာ ငါသွားကြည့်တာ။ မပစ်ခင်ကတည်းကပဲ။ စပစ်တော့ အဓိပတိလမ်းမှာ ကျောင်းသားတွေ ပြေးကြလွှားကြနဲ့သေကြတာတွေ အတုံးအရုံးပဲ။ စစ်ကားတွေနဲ့လူနာတွေရော၊ သေတဲ့လူတွေရော မင်္ဂလာဒုံဘက်ကိုမောင်းသွားကြတာ မနည်းဘူးပဲကွာ။ ငါ့အထင်တော့ မရှိဘူးဆိုရင် သေတဲ့လူဟာ ၈၀ နဲ့ ၁၀၀ လောက်ရှိမယ်ထင်တယ်” လို့ မျက်မြင် ကားသမားတဦးရဲ့ ပြောစကားကိုလည်း ပြုစုထားတဲ့ မှတ်တမ်းအရ သိရပါတယ်။
လွန်ခဲ့တဲ့ ၆၄ နှစ်ကြာက ဇူလိုင် ၇ ရက် အရေးတော်ပုံမှာ သေသူ ၁၄ ဦးလောက် ရှိတယ်လို့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးက ပြောဘူးပါတယ်။ မဆလ စစ်တပ် ပြန်ကြားရေးကတော့ ၁၇ ဦး သေဆုံးတယ်လို့ ၁၁ - ၀၇- ၁၉၆၂ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သေသူတွေကို ဘယ်နေရာမှာ မြုပ်နှံလိုက်တယ်ဆိုတာကိုတော့ မပြောခဲ့ပါဘူး။ ကျောင်းသားအလောင်းတွေနဲ့ မထနိုင် မလှုပ်ရှားနိုင်တော့တဲ့ မသေသေးသူတွေကိုပါ မြှုပ်နှံပစ်ခဲ့ကြောင်းကိုတော့ လက်တွေ့ပါဝင်ခဲ့သူ မော်တော်ယဉ်တပ်ကြပ်ကြီး မောင်သောင်းက အခုလို ပြောပြခဲ့ဖူးပါတယ်။
“ဂျူလိုင် ၇ ရက်ညက ငါတို့စစ်ကားတွေ တက္ကသိုလ်ဝင်းထဲရောက်တော့ ပစ်တာတွေမရှိတော့ဘူး။ အမိန့်အတိုင်း လဲနေတဲ့ကျောင်းသားတွေနဲ့ရော၊ သေသူတွေပါ အကုန်ကောက်တင်ရင်း မင်္ဂလာဒုံဘက်မောင်းသွားကြရတယ်။ မော်တော်ယာဉ်တပ်က ရဲဘော်အားလုံးက စစ်ဆေးရုံပို့တာလို့ပဲ ထင်ခဲ့ကြတယ်။ စစ်ဆေးရုံကြီးရှေ့က ဖြတ်မောင်းသွားပြီး ထောက်ကြံ့ရာဘာတောထဲရောက်သွားတယ်။ အဲ့ဒီတောထဲမှာ ကားပေါ်မှာ ပါလာကြသူတွေ မထနိုင်သူတွေရော၊ သေနေသူတွေရော အားလုံးကိုဆွဲချပြီး အသင့်တူထားတဲ့တွင်းကြီးထဲ သွန်ချတယ်။ အချို့က မသေသေးလို့ ဆေးရုံပို့ပေးပါလို့ တစာစာအော်ပြီးအကူညီတောင်းတယ်။ ငါက မသေသေးတဲ့သူတွေကို ဆေးရုံပို့ဖို့ပြောတယ်။ ဘယ်လို ပြောပြောမရဘူးကွာ။ အဲ့ဒီ တာဝန်ကျ ဗိုလ်ကြီးက အသေဟောက်တာပဲ။ အဲ့ဒီနောက်တော့ ငါလည်း တပ်ကထွက်လိုက်တယ်။” လို့ ပြောပြခဲ့ဖူးတယ်။
ဒီလိုပဲ အဲ့သည်တညတည်းမှာ မှော်ဘီဘက်မှာလည်း ကျောင်းသား အလောင်းတွေ မြှုပ်ပစ်ခဲ့သလို အဲ့ဒီမှာလည်း "ကျနော်တို့ မသေသေးပါဘူး” လို့ အော်နေဆဲ သူတွေကို မြှုပ်နှံပစ်ခဲ့တာကို ပြန်ပြောပြသူတချို့ ရှိခဲ့တယ် ဆိုပါတယ်။
ဒီလို ပြောတာကို သိလိုက်တဲ့အချိန်မှာ ၁၉၉၅ ခုနှစ်က ကရင်နီပြည်နယ် ရှားတောမြို့နယ် ငါးမယ်လိုဆိုရွာကို နဝတစစ်တပ်က မီးရှို့ချိန်မှာ ဝိုင်းပြီး တောင်းပန်နေတဲ့ကြားက လေဖြတ်ပြီး မထနိုင်တဲ့ အသက် ၇၀ အရွယ် ကယားအဘွားအို ဒေါ်ပေမို ရှိနေတဲ့အိမ်ကို မီးရှို့လိုက်တာ သတိရမိတယ်။
၇-၇-၆၂ မမေ့ကြနဲ့
အဆောက်အဦတလုံးကို
ဗုံးနဲ့ဖြိုချနိုင်တယ်။
ကျောက်တုံးတွေကို
မြေမှုန့်ဖြစ်အောင်
ခွဲပစ်နိုင်တယ်။
ဒါပေမဲ့…
သမိုင်းကိုတော့
ဗုံးနဲ့မဖျက်နိုင်ဘူး။ ။
ကိုသော်(PRMG)
ဇူလိုင် ၇ ရက်မှာ ကျောင်းသား ၁၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ် မြေမြှုပ်သတ်ခဲ့ပြီးတဲ့နောက် နောက်တနေ့ ဇူလိုင် ၈ ရက် မနက်စောစောမှာ ရန်ကုန်တက္ကသိုလ်အတွင်း ပြင်ထန်တဲ့ ပေါက်ကွဲသံကြီးကို ကြားလိုက်ကြရပါတယ်။
သမိုင်းဝင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အဆောက်အအုံကြီးကို စစ်တပ်က ဒိုင်းနမိုက်တွေကပ်ပြီး ဖောက်ခွဲပစ်လိုက်ကြတာပါ။ လွတ်လပ်ရေးသမိုင်းဝင် အဆောက်အအုံကြီး ဖြစ်တဲ့ တကသ သမဂ္ဂအဆောက်အအုံကြီးကို အုတ်ပုံ အုတ်ပျက်ဖြစ်အောင် ဖြိုလိုက်တာပါ။ သမိုင်းအမွေအနှစ်ကြီး ပျက်စီးသွားသလို အဆောက်အအုံထဲရှိ ဒဏ်ရာရ ကျောင်းသားတွေ အိပ်စက်နေသူ ကျောင်းသားတွေပါ ထပ်ပြီး သေဆုံးခဲ့ကြရတာပါ။
၇ ရက် ၇ လ ၆၂ ကို မမေ့ကြနဲ့လို့ သွေးနဲ့ ရေးခဲ့တယ်
ဒီနေ့မှာ စကားသံတခွန်းကြားမိတယ်။ “ကုလသမဂ္ဂကြီးကလည်း ပြည်တွင်းစစ်မှာ လေယဉ်မသုံးရ ဥပဒေရှိပေမဲ့ လေယာဉ်သုံး တိုက်ခိုက်နေတဲ့ မအလ စစ်တပ်ကိုတော့ အရေးမယူဘူး။" တဲ့။ ဒါဟာ မှန်ကန်တဲ့စကားပဲ။ တကယ်ဆိုရင် ဇူလိုင် ၇ ရက် အရေးတော်ပုံမှာလည်း မဆလစစ်တပ်ဟာ စစ်မြေပြင်မှာ တကြိမ်တခါမှ မသုံးဘူးသေးတဲ့ ဂျီသရီး သေနတ်တွေနဲ့ ကျောင်းသားတွေကို စတင်ပစ်သတ်ခဲ့တာပါ။ သေနတ်တွေနဲ့ ပစ်ကြတဲ့အခါ ကျောင်းသားတွေဟာ သေဆုံး ဒဏ်ရာရခဲ့ကြပါတယ်။ အဲ့သည်အထဲမှာ ကျောင်းသားတဦး ဖြစ်တဲ့ မြောင်းမြ ကိုကျော်ဝင်းဟာ သေနတ်ထိမှန်အပြီး မန္တလေးဆောင်နံရံပေါ်မှာ သူ့ရဲ့ ရင်ဘတ်ကသွေးနဲ့ "၇ ရက် ၇ လ ၆၂ ကို မမေ့ကြနဲ့" စာတမ်းကို ရေးသွားခဲ့ပါတယ်။ ဒါကြောင့် နှစ်စဉ် ဇူလိုင် ၇ ရက်ရောက်တိုင်း အဲသည်နေရာမှ ပန်းတွေ လာချထားတတ်ပါတယ်။ နောက်ပိုင်းမှာ ထောက်လှမ်းရေးက အစောင့်ချထား ဖမ်းဆီးတာတွေလည်း ဇူလိုင် ၇ ရက် ၈ ရက်တိုင်း ရှိခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဇွန် ၁၉ မှာ ပန်းကိုင် ပန်းပန်သူတွေကို စောင့်ကြည့် ဖမ်းဆီးပုံမျိုးပေါ့။
သမဂ္ဂ အဆောက်အဦကိုသာ
ဖြိုလို့ရမယ်။
အမောင်တို့ရင်ထဲက
သမဂ္ဂစိတ်ဓာတ်ကိုတော့
ဘယ်သူမှဖြိုလို့ မရဘူး။ ။ (ဆရာကြီး သခင်ကိုယ်တော်မှိုင်း)
၁၉၆၃ ဇူလိုင် ကျောင်းပြန်အဖွင့် သမဂ္ဂအဆောက်အအုံ နေရာမှာ ယာယီတဲထိုးပြီး သမဂ္ဂကို ပြန်လည် တည်ထောင်ကြတယ်။ ဗိုလ်အောင်ကျော် ကျောက်တိုင်နဲ့အတူ အလျား ၇၇ လက်မ၊ အနံ ၆၂ လက်မ ကျောက်တိုင် တခုလုပ်ပြီး ၇-၇-၆၂ မှာ ကျဆုံးခဲ့တဲ့ ကျောင်းသား ရာကျော်အတွက် ရည်စူးတဲ့ “ရာကျော်ကျောက်တိုင်” ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှဖြိုလို့ မရဘူး” လို့ မိန့်ကြားခဲ့တယ်။ ရာကျော်ကျောက်တိုင်နဲ့ သမဂ္ဂ ယာယီတဲလည်း ထပ်မံ ဖျက်ဆီးခံခဲ့ရပါတယ်။ နောက်ပိုင်း မဆလ၊ နဝတ၊ နအဖခေတ် တလျှောက်လုံး ဆဲဗင်းဂျူလိုင် သမိုင်းကို ပြောဆို ရေးသား အခမ်းအနားလုပ်ခွင့် မရခဲ့ကြဘဲ ၂၀၁၀ ခုနှစ်နောက်ပိုင်းကျမှ ဇူလိုင် ၇ ရက် အရေးတော်ပုံ အခမ်းအနား နှစ်ပတ်လည်နေ့တွေ ကျင်းပခွင့်ရလာကြတယ်။ NLD အစိုးရလက်ထက်မှာဆို ပိုမို ကျင်းပခွင့် ရလာကြပေမယ့် လက်ရှိမှာတော့ ကျောင်းသားလှုပ်ရှားမှုမှန်သမျှ တင်းတင်းကျပ်ကျပ် ပိတ်ပင်ခံနေရပြီ။
ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ ၆၄ နှစ်မြောက်
ဒီနှစ် ၆၄ နှစ်မြောက်မှာတော့ နွေဦးတော်လှန်ရေး အရှိန်အဟုန် ကောင်းလာချိန်နဲ့ တိုက်ဆိုင်နေပါပြီ။ မောင်းပြန်သေနတ်တွေကို ဒေါင်းအလံကိုင်ပြီး လက်ဗလာနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကျောင်းသားမျိုးဆက်တွေဟာ အခုတော့ "ဓားဓားခြင်း လှံလှံခြင်း " ရင်ဆိုင် အန်တုနိုင်နေကြပါပြီ။ ဒါကြောင့် ဆဲဗင်ဂျူလိုင် အရေးတော်ပုံ စိတ်ဓာတ် သမဂ္ဂ စိတ်ဓာတ်တွေကို ကိုင်စွဲ နွေဦးတော်လှန်ရေး အင်အားတွေနဲ့ တသားတည်းပေါင်းစပ်ပြီး ကျောင်းသားအခွင့်အရေး အလုပ်သမား လယ်သမား ပြည်သူ့အခွင့်အရေးတွေရဖို့ တိုက်ပွဲရှိန်မြှင့် မစေ့စပ်စတမ်း ရှေ့ဆက်လှမ်းကြဖို့သာ အရေးကြီးနေတဲ့ကာလပါ။ ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ ၆၄ နှစ်မြောက်မှာ ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ဖို့ ရောက်ရာနေရာတိုင်းက နိုင်ရာနည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar