Breaking News

သီအိုဇော် - အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ (၁)

သီအိုဇော် - အန္တရာယ်အငွေ့အသက် ပိုများလာသော ကုလသမဂ္ဂစင်မြင့်ထက်မှ နိုင်ငံကိုယ်စားပြုနေရာ (၁)

မိုးမခ၊ ဇူလိုင် ၄ ၊ ၂၀၂၆

  

ကုလသမဂ္ဂနဲ့ အာဆီယံမျက်နှာစာမှာ ရပ်တည်ထောက်ခံပေးသွားမယ်လို့ တရုတ်နိုင်ငံသမ္မတ ‘ရှီကျင့်ဖျင်’က တရားဝင် ပြောဆိုခဲ့ပြီးတဲ့နောက်မှာတော့၊  ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ ကိုယ်စားပြု နေရာဟာလည်း အရင်ကထက်ပိုပြီး စိန်ခေါ်မှုတွေ ရှိလာနိုင်လိမ့်မယ်လို့ ယူဆစရာတွေ ရှိလာပါတယ်။ 

စိုးရိမ်မှတ်ကို ပိုမြင့်တက်သွားစေတဲ့  အချက်တချက်လည်း ထပ်တွေ့ရပါသေးတယ်။ ဒါကတော့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်  ‘ဂျူလီဘစ်ရှော့ပ်’ရဲ့ တင်ပြမှုတွေ ပါဝင်တဲ့ ဇွန် ၁၉ ရက်နေ့က အလွတ်သဘော အစည်းအဝေးမှာ ရုရှားသံအမတ် ပြောကြားချက်တွေကြောင့်ပါ။ သူ့စကားလုံးတွေက တရုတ်သံအမတ်ထက်တောင် ပြင်းထန်နေပါတယ်။ So-called PDF, So-called CDM Movement, Self appointed So-called National Unity Government လို့ သုံးနှုန်းပြီး၊ သေးသိမ်စေတဲ့ စကားလုံးတွေနဲ့ အလေးမထားသလို ပြောဆိုခဲ့ရုံမက၊ အရပ်သား ပြည်သူ ၉,၀၀၀ ကျော် သေဆုံးမှုအတွက် NUG မှာ တာဝန်ရှိတယ်လို့လည်း ထပ်လောင်း စွပ်စွဲခဲ့ခြင်းနဲ့ ရုရှားနိုင်ငံရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း သိမြင်စေခဲ့တယ်။ ဒီအင်အားကြီး ၂ နိုင်ငံက ကုလသမဂ္ဂစင်မြင့်ထက်မှာ ဘယ်လောက်အထိ တွန်းတွန်းတိုက်တိုက် လုပ်ဆောင်ပေးလာမလဲ ဆိုတာကို သတိနဲ့ စောင့်ကြည့်ရပါလိမ့်မယ်။

တကယ်တော့ ၂၀၂၁ခုနှစ် အာဏာသိမ်းပြီးစတုန်းကလည်း တရုတ်နိုင်ငံရဲ့ ဝင်စွက် ဖက်မှု ရှိခဲ့ဖူးပါတယ်။ ပြည်သူဘက်က ရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့ အမြဲတမ်းကိုယ်စားလှယ်တာဝန် သက်တမ်းဆက်တိုးနိုင်ရေးနဲ့ ပတ်သက်ပြီး၊ တရုတ်နိုင်ငံဘက်က အတိုင်းအတာတခုအထိ ဖြေလျှော့နားလည်မှု ရှိပေးနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ သဘောတူညီမှု ယူခဲ့ရတယ်ဆိုတဲ့ သတင်းကို ပြန်သတိရမိပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ သက်တမ်းသစ် စတင်ကျင်းပတဲ့ ပထမရက်သတ္တပတ်ကို အရေးကြီးတဲ့ High level week လို့ သတ်မှတ်ထားတယ်။ သံအမတ်ကြီးအနေနဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းမှာ မိန့်ခွန်းပြောဖို့  အလှည့်ကျပါတယ်။ ဒါပေမဲ့ အထက်ကပြောခဲ့တဲ့ ညှိနှိုင်းခဲ့မှုအရ အဲဒီအစီအစဉ်ကနေ ပြန်ရုပ်သိမ်းခဲ့ရပါတယ်။ သံအမတ်ကြီးဘက်ကတော့ ဒါနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံကြောင့် ဖြစ်ခဲ့ရတယ်လို့ တိုက်ရိုက်ရည်ညွှန်းပြောဆိုတာမျိုး မဖြစ်ရလေအောင် ထိန်းထိန်းသိမ်းသိမ်း ဖြေဆိုခဲ့ပါတယ်။ ဒါပေမဲ့ Foreign Policy မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ ဆက်စပ်စဉ်းစားကြည့်ရင် တရုတ်တို့ရဲ့ စနက်ကြောင့် ဆိုတာကို ရှင်းရှင်းလင်းလင်း သဘောပေါက်နိုင်ပါတယ်။

ဒီတကြိမ်မှာတော့ အင်အားကြီး ၂ နိုင်ငံက သူတို့ရဲ့ အရောင်အသွေးတွေ ပေါ်ပေါ်တင်တင် ပြလာခဲ့တဲ့အတွက်၊ အာဏာသိမ်းစခဲ့တဲ့ (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကာလနောက်ပိုင်း၊ အခုလာမဲ့ ညီလာခံ သက်တမ်းသစ်ဟာ အရေးအကြီးဆုံးလို့ ပြောရပါလိမ့်မယ်။ 

ပြီးခဲ့တဲ့ ၅ နှစ်လုံး ဒီကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ်နေရာနဲ့ ပတ်သက် ပြီး ချိန်ခါကိုက် ပြောဆိုရေးသားမှုတွေ ပြုလုပ်ကြတဲ့အတွက်၊ ကိုယ်စားလှယ် စိစစ်အသိအမှတ်ပြုရေးကော်မတီ (Credentials Committee)နဲ့ သူ့ရဲ့ လုပ်ထုံးလုပ်နည်းတွေအကြောင်း သိပ်မစိမ်းကြတော့ပါဘူး။ ဒါပေမဲ့ အခုလို အရေးကြီးတဲ့နှစ်မျိုးမှာ  ဒီအကြောင်းအရာကို ၂၀၂၁ ခုနှစ်ကစလို့ အလျဉ်းသင့်သလို ရေးသားခဲ့သူတဦးအနေနဲ့  အချက်အလက်တွေကို ပြန်စုစည်းပြီး မျက်မှောက်အခြေအနေနဲ့ ဆက်စပ်တင်ပြချင်တဲ့ ဆန္ဒ ဖြစ်မိပါတယ်။

Credentials Committee အကြောင်း သိကောင်းစရာများ 

Credentials Committee ဖွဲ့စည်းခြင်းကို ၁၉၄၇ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာပါ။ ကုလသမဂ္ဂအထွေထွေညီလာခံ သက်တမ်းသစ်ကို  နှစ်စဉ် စက်တင်ဘာလမှာ စတင်လေ့ရှိပါတယ်။ အထွေထွေညီလာခံ လုပ်ငန်းစဉ်စည်းမျဉ်း-၂၈ အရ သက်တမ်းသစ်အတွက် Credentials Committee အဖွဲ့ဝင်တွေကို ညီလာခံဥက္ကဋ္ဌက အဆိုပြုရပါတယ်။ အဲဒီနောက် ညီလာခံရဲ့ အတည်ပြုချက်ကို ရယူပြီး ခန့်အပ်ပါတယ်။ 

ဒီအတွက် လာမဲ့ ၈၁ ကြိမ်မြောက် အထွေထွေ ညီလာခံသက်တမ်းအတွက် စိစစ် အသိအမှတ်ပြုရေးကော်မတီမှာ ဘယ်နိုင်ငံတွေ တာဝန်ပေးအပ်ခံရမယ်ဆိုတာ အဲဒီအချိန်ရောက်မှသာ သိရှိနိုင်မှာဖြစ်ပြီး၊ Credentials Committee အသစ်ဟာ သက်တမ်းအသစ်အတွက် နိုင်ငံကိုယ်စားပြု အမြဲတမ်းကိုယ်စားလှယ် အရည်အချင်းစိစစ်ရွေးချယ်မှု​ကို တာဝန်ယူ ဆောင်ရွက်ပေးရပါတယ်။

အခုအချိန်မှာ ကြိုသိနိုင်တာတခုတော့ ရှိပါတယ်။ အဲဒါကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ‘ခါလီလူရာ ရာမန်’ (Khalilur Rahman) က စည်းမျဉ်း-၂၈ ကို ကျင့်သုံးပြီး (၈၁) ကြိမ်မြောက် အထွေထွေညီလာခံအတွက် Credentials Committee အဖွဲ့ဝင်တွေကို ရွေးချယ်မယ် ဆိုတဲ့အကြောင်းပါ။ ဘာကြောင့်လဲဆိုတော့  ‘ခါလီလူရာ ရာမန်’ဟာ  (၈၁) ကြိမ်မြောက် အထွေထွေညီလာခံရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရလို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ဒေသအုပ်စုကြီး ၅ ခုရှိတဲ့အနက် (၈၁) ကြိမ်မြောက်အတွက် ညီလာခံဥက္ကဋ္ဌရာထူး အလှည့်ကျတာက အာရှ-ပစိဖိတ် ဒေသဖြစ်ပြီး ‘ခါလီလူရာ ရာမန်’က ယှဉ်ပြိုင်ရွေးချယ်မှုမှာ အနိုင်ရသွားခဲ့တာပါ။

Credentials Committee ရဲ့ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်၊ ရုရှားနဲ့ တရုတ် ၃ နိုင်ငံအပြီး၊ ကျန်တဲ့အလှည့်ကျအဖွဲ့ဝင် ၆ နေရာအတွက် အာရှ-ပစိဖိတ်၊ဥရောပ၊ အာဖရိက၊ လက်တင်အမေရိက၊ ကာရစ်ဘီယံ အုပ်စုကြီး ၅ စုက ရွေးချယ်ခန့်အပ်ခံရလေ့ရှိတယ်လို့ ခွဲခြမ်းကြည့်နိုင်ပါတယ်။ 

 ဒါပေမဲ့ အမြဲပုံသေ အချိုးကျ ပါဝင်မှုလို့တော့လည်း ပြောဖို့ ခက်ပါတယ်။ ဥပမာအားဖြင့် (၇၉) ကြိမ်နဲ့ (၈၀) ကြိမ်မြောက် ညီလာခံမှာ လက်တင် အမေရိကနိုင်ငံတွေထဲက လုံးဝ မပါဝင်ခဲ့ပါဘူး။လက်ရှိ (၈၀) ကြိမ်မြောက်မှာပဲ ကာရစ်ဘီယံ ၂ နိုင်ငံ ရွေးချယ်ခံခဲ့ရပေမဲ့ (၇၇) ကြိမ်တုန်းကတော့ ကာရစ်ဘီယံ တနိုင်ငံမှ ပါမလာခဲ့တာကိုလည်း  တွေ့ရပါတယ်။ ဥရောပတိုက် နေရာအတွက် အရှေ့ဥရောပနိုင်ငံထဲတွေက ပါမလာတာ ဆယ်စုနှစ်တောင် တော်တော်ကြီး ကျော်လွန်နေပါပြီ။

အမြဲလိုလို အာဖရိကနိုင်ငံများအနေနဲ့ကတော့ ၂ နိုင်ငံ ပါဝင်လေ့ရှိပါတယ်။ ဒါကလည်း မျှတတယ်လို့ ဆိုရမှာပါ၊ ဘာကြောင့်လဲဆိုတော့ ကုလသမဂ္ဂ အဖွဲ့ဝင် စုစုပေါင်း (၁၉၃) နိုင်ငံအနက် အာဖရိက နိုင်ငံများက (၅၄) နိုင်ငံရှိတဲ့အတွက် ဒီဒေသအုပ်စု အနေနဲ့ (၂၈)ရာခိုင်နှုန်းရှိတဲ့အတွက် ဖြစ်ပါတယ်။ အာဖရိကနိုင်ငံ အုပ်စုအနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း အလှည့်ကျအဖွဲ့ဝင် ၃နေရာ ပုံမှန်ရရှိထားတာပါ။

ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ စုစုပေါင်း ၁၉၃ နိုင်ငံရှိလို့ Credentials Committee တခါဖြစ်ပြီးရင် နောက်တကျော့ ပြန်အရွေးခံရဖို့ အခွင့်အလမ်း တော်တော်နည်းလိမ့်မယ်လို့လည်း ကျိန်းသေပြောလို့ မရပြန်ပါဘူး။  အခု (၈၀) ကြိမ်မြောက်ရဲ့ အလှည့်ကျအဖွဲ့ဝင် Andora နိုင်ငံက (၇၈) ကြိမ်တုန်းကလည်း Credentials Committee မှာ ပါခဲ့ပါတယ်။ Uruguay ကတော့ (၇၄) ကြိမ်နဲ့ (၇၅) ကြိမ်မှာ ဆက်တိုက် အရွေးခံရတဲ့အပြင် နောက် ၂ နှစ်ပဲခြားပြီး (၇၇) ကြိမ်မှာ အဖွဲ့ဝင် ထပ်ဖြစ်ပြန်ပါတယ်။ အာဖရိကလို အဖွဲ့ဝင်နိုင်ငံများစွာရှိတဲ့ အုပ်စုကနေပြီး Sierra Leone က (၇၃) ကြိမ်နဲ့ (၇၆) ကြိမ်တို့မှာ နှစ်သိပ်မခြားဘဲ ရွေးချယ်ခံခဲ့ရပါတယ်။

Credentials Committee မှာ အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံကြီး၃ နိုင်ငံနဲ့ အတူထိုင်ဆုံးဖြတ်ရပေမယ့်၊ နိုင်ငံငယ်လေးတွေကိုလည်း နေရာပေးလေ့ရှိပါတယ်။ အရွေးခံရဖူးတဲ့ Antigua and Barbuda နဲ့ Andorra ဆိုရင် လူဦးရေ တသိန်းတောင် မပြည့်တဲ့ နိုင်ငံတွေပါ။ 

(၇၈) ကြိမ်တုန်းက Grenada နိုင်ငံကလည်းလူဦးရေ တသိန်းကျော်ပဲ ရှိသလို၊ အဲဒီအကြိမ်မှာ အဖွဲ့ဝင်ဖြစ်တဲ့ Solomon Islands နဲ့ Suriname တို့ကလည်း လူဦးရေ ၁သန်း မပြည့်တဲ့ နိုင်ငံစာရင်းထဲ ထည့်လို့ရပါတယ်။ (၇၃)ကြိမ်တုန်းက အဖွဲ့ဝင် The Republic of Palau ကတော့ လူဦးရေ ၁၈,၀၀၀ ကျော်လေးပဲရှိတဲ့ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးပါ။ 

အခု ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ သတင်းမီဒီယာတွေမှာ စိတ်ဝင်တစား ဖော်ပြနေကြတဲ့ Cabo Verde ဆိုရင်လည်း လူဦးရေ ၅ သိန်းကျော်ပဲရှိပြီး (၇၂) ကြိမ်နဲ့ (၇၅) ကြိမ်ရဲ့ Credentials Committee အဖွဲ့ဝင်ဖြစ်ခဲ့ဖူးပါတယ်။ ယေဘုယျအားဖြင့်တော့ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံထဲက Credentials Committeeမှာ ဘယ်နိုင်ငံတွေ ပါဝင်လာမယ်ဆိုတာကို ကံသေကံမ ပြောနိုင်ဖို့က ခက်ခဲတယ်လို့ပဲ ဆိုရပါလိမ့်မယ်။

(ဆက်လက်ဖော်ပြပါဦးမည်)

သီအိုဇော်




Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

cvbX.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar