Breaking News

တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ ပေါ်ထွက်လာတဲ့ အုပ်ချုပ်မှုဆိုင်ရာ ခြေလှမ်းသစ်

မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၃ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၄ ၊ ၂၀၂၆


တိုင်းရင်းသား လက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေမှာ ပေါ်ထွက်လာတဲ့ အုပ်ချုပ်မှုဆိုင်ရာ ခြေလှမ်းသစ်

၂၀၂၆ ခုနှစ် မတ်လအတွင်း TNLA လက်နက်ကိုင်တပ် အုပ်ချုပ်လျက်ရှိတဲ့ မြို့ဖြစ်တဲ့ နမ့်ခမ်းမြို့မှာ TMB ဘဏ်ခွဲ ဖွင့်လှစ်ဖို့ အတွက် ဝန်ထမ်းခေါ်ယူတဲ့ ကြော်ငြာပေါ်ထွက်လာတဲ့ အကြောင်း သတင်းမီဒီယာ အချို့ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ 

TMB ရဲ့ အမည်အပြည့်အစုံက The Mountain Bank လို့ ခေါ်ဆိုပြီး TNLA ထိန်းချုပ်နယ်မြေဖြစ်တဲ့ နမ့်ဆန်၊ နမ္မတူမြို့တွေမှာပါ ဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့ ပြင်ဆင်ထားကြောင်းလည်း သတင်းဖော်ပြမှုအချို့အရ သိရပါတယ်။ TMB နာမည်နဲ့ ဘဏ်ဟာ ဝ အထူးဒေသက ပန်ဆန်းမြို့မှာ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဘဏ်တခု ဖြစ်တယ်လို့လည်း သတင်းအချို့က ဒေသခံသတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားတာလည်းတွေ့ရပါတယ်။

TMB ဘဏ်ဟာ ဝ အထူးဒေသမှာ အခြေစိုက်ပြီး ယခု တအာင်းဒေသမှာ ဘဏ်ခွဲဖွင့်လှစ်တာမျိုးလား သို့မဟုတ် TNLA နဲ့ တအာင်းပြည်ကောင်စီတို့ရဲ့ အုပ်ချုပ်မှုနယ်မြေမှာ အခြေစိုက်ကာ ဝ အထူးဒေသမှာ ဘဏ်ခွဲဖွင့်လှစ်တာမျိုးလား ဆိုတဲ့အချက်ကိုတော့ တိတိပပ မသိရှိရပါဘူး။ 

TMB ဘဏ်ခွဲဖွင့်လှစ်တာနဲ့ ပတ်သက်လို့ သိရှိရတဲ့အချက်အလက်အချို့ကတော့ ယွမ်ငွေကြေးကို အသုံးပြုမယ် ဆိုတာ၊ ငွေလွှဲလုပ်ငန်းဝန်ဆောင်မှုကို အဓိက လုပ်ဆောင်ဖို့ ရည်ရွယ်တယ်ဆိုတဲ့အချက် နမ့်ခမ်းမြို့နဲ့ ထိစပ်နေတဲ့ တရုတ်နိုင်ငံဘက်နဲ့ ကုန်သွယ်မှု ရှိနေပြီး ငွေလွှဲလုပ်ငန်းတွေ လိုအပ်ချက်ရှိနေတာကြောင့် အခုလို TMB ဘဏ်ခွဲတွေ ဖွင့်လှစ်ဖို့ လုပ်ဆောင်လာတာ ဖြစ်နိုင်တယ် ဆိုတဲ့ ကောက်ချက်ချမှုတွေ ရှိနေကြောင်း သိရပါတယ်။ အချို့ လေ့လာသူတွေကတော့ ခရစ်ပတိုလို ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ပတ်သက်ပြီး ဝန်ဆောင်မှုတွေ လုပ်ဆောင်လိုတာကြောင့် ဖွင့်လှစ်တာလို့လည်း ယူဆမှုရှိတာ ကြားသိရပါတယ်။ 

တအာင်းဒေသမှာ ဘဏ်ဖွင့်လှစ်မဲ့ သတင်းတွေ ပေါ်ထွက်ပြီး ၃၊ ၄ လ ခန့်အကြာမှာ အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မှာလည်း ၄င်းတို့ကိုယ်ပိုင် ဘဏ်ဖွင့်လှစ်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ စတင်ထွက်ပေါ်လာတာ တွေ့ရပါတယ်။ ယခုနှစ်ကုန်ပိုင်းလောက်မှာ စတင်ဖွင့်လှစ်နိုင်မယ်လို့ ခန့်မှန်းထားပြီး ဝန်ထမ်းတွေ စတင်ခေါ်ယူတဲ့ ကြေညာချက်တွေ ပေါ်ထွက်လာတာကြောင့် ရခိုင်ပြည်နယ်မှာလည်း AA/ULA က စီမံခန့်ခွဲတဲ့ ကိုယ်ပိုင်ဘဏ်စနစ် ထွက်ပေါ်လာဖို့ လုပ်ဆောင်နေတာကို သိရှိကြရတာ ဖြစ်ပါတယ်။ 

၁၀၂၇ စစ်ဆင်ရေး စတင်ပြီးနောက် လပိုင်းအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ နယ်မြေတွေ အများအပြား တိုက်ခိုက်သိမ်းယူခဲ့ပြီးနောက် ၄င်းအဖွဲ့အစည်းအသီးသီးက သိမ်းယူထားတဲ့ နယ်မြေတွေမှာ အုပ်ချုပ်ရေးကို ဖော်ဆောင်ခဲ့ကြရာမှာ မော်တော်ယာဥ်နဲ့ ဆိုင်ကယ်တို့လို ယာဥ်တွေကို အခွန်ကောက်ခံပြီး အသိအမှတ်ပြု လိုင်စင်ထုတ်ပေးတာ၊ စာသင်ကျောင်း ဖွင့်လှစ်မှုတွေကို အုပ်ချုပ်ရေးအာဏာပိုင်တွေထံ ခွင့်ပြုချက် ရယူဖို့ လုပ်ဆောင်တာ၊ သင်ကြားမဲ့ ဘာသာစကားနဲ့ပတ်သက်တဲ့ သတ်မှတ်ချက်တွေ ချမှတ်တာတွေ လုပ်ဆောင်ခဲ့ကြပေမဲ့ ငွေကြေး သုံးစွဲမှုနဲ့ ပတ်သက်လို့တော့ စီမံလုပ်ဆောင်မှုတွေ မတွေ့ခဲ့ရသေးတာ ယခု ဘဏ်တွေ ဖွင့်လှစ်ဖို့ စတင်ချိန်အထိ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ကျောက်ဖြူမြို့၊ မာန်အောင်နဲ့ စစ်တွေမြို့တွေကိုသာ အာဏသိမ်းစစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပေမဲ့ AA ထိန်းချုပ်နယ်မြေတွေအားလုံးမှာ မြန်မာကျပ်ငွေ၊ ကမ္ဘောဇဘဏ်ရဲ့ ငွေပေးချေမှု စနစ်ဖြစ်တဲ့ K-pay, ရိုးမဘဏ်ရဲ့ Wave pay တို့လို ငွေပေးချေမှု လွှဲပြောင်းမှုတွေကို အသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။ K-pay နဲ့ Wave pay တို့လို ဖုန်းနံပါတ်နဲ့ မှတ်ပုံတင် အခြေခံကာ ဖွင့်လှစ်ထားကြတဲ့ ငွေပေးချေတဲ့စနစ်ရဲ့ အချက်အလက်တွေကို စစ်အစိုးရက စောင့်ကြည့်နေပြီး နိုင်ငံရေးအရဆန့်ကျင်သူ၊ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆက်စပ်တဲ့ အကောင့်တွေကို အခါအားလျော်စွာ ပိတ်သိမ်းတာတွေ လုပ်ဆောင်နေတာကြောင့် တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေ အနေနဲ့ အစားထိုး ငွေပေးချေမှုစနစ် တခု ထူထောင်ဖို့ လုပ်ဆောင်လာကြတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံနဲ့ နယ်နိမိတ် ထိစပ်နေတဲ့ နယ်မြေတွေက တိုင်းရင်းသားလက်နက်ကိုင် ထိန်းချုပ်နယ်မြေတွေအဖို့ နယ်စပ်မြို့တွေနဲ့ အချို့နယ်မြေတွေမှာ တရုတ်ယွမ်ငွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲပြီး အချို့သောဒေသတွေကတော့ မြန်မာကျပ်ငွေ သုံးစွဲနေကြဆဲ ဖြစ်ပါတယ်။ 

အခုလို ဘဏ်တွေ ဖွင့်လှစ်ဖို့ လုပ်ဆောင်လာခြင်းဟာ နယ်မြေအားဖြင့် လွတ်မြောက်နေသည့်တိုင် ငွေကြေးလည်ပတ်မှု အနေနဲ့ မြန်မာစစ်အစိုးရရဲ့ အုပ်ချုပ်မှုအာဏာ အောက်ကနေ မကင်းလွတ်သေးတဲ့ အခြေအနေကို ပြောင်းလဲဖို့ လုပ်ဆေောင်မှု တခုလို့ အဓိပ္ပါယ်ကောက်ယူနိုင်ပါတယ်။ 

မိမိတို့ အုပ်ချုပ်ရေးနဲ့ ဖော်ဆောင်နေကြရာက ကိုယ်ပိုင်ငွေလည်ပတ်မှုတခုကို စီမံခန့်ခွဲဖို့ ကြိုးစားကြရာမှာ အားသာချက်တွေ ရှိသလို အချို့သော စိမ်ခေါ်မှုတွေလည်း ရှိနေနိုင်တာ ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တွေ ကိုယ်ပိုင်တည်ထောင်ကြတဲ့ဘဏ်တွေနဲ့ မြန်မာစစ်အစိုးရ ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ဘဏ်တွေ ချိတ်ဆက်မှုရှိမှာ မဟုတ်သလို သီးခြားစီဖြစ်နေတဲ့ အနေအထားမှာ သုံးစွဲသူတွေ အနေနဲ့ ဘယ်လို အလွှဲအပြောင်းလုပ်ကြမလဲ၊ စစ်အစိုးရ ထိန်းချုပ်နယ်မြေနဲ့ ကုန်သွယ်မှုတွေ ရှိနေကြတာဖြစ်သလို အဲလို ကုန်သွယ်မှုတွေအတွက် အပြန်အလှန် ငွေပေးချေမှုအတွက် စစ်အစိုးရ လက်အောက်ကဘဏ်တွေကို လုံးဝအသုံးမပြုတဲ့ အနေအထားလည်း လုပ်ဆောင်လို့ မရသေးတာပါ။ 

ဒီနေရာမှာ “ဝ” ဒေသနဲ့ အခြားသော တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်နယ်မြေတွေ အခြေအနေခြင်း မတူကွဲပြားကြတာကိုလည်း သတိပြုမိပါတယ်။ “ဝ” ဒေသဟာ မြန်မာနိုင်ငံအတွင်းဘက်နဲ့ ကုန်သွယ်မှု စီးပွားရေး ဆက်ဆံမှုအလွန်နည်းပါးပြီး တရုတ်နိုင်ငံနဲ့ ကုန်သွယ်တဲ့ စီးပွားရေးဆက်ဆံမှုက အဓိကဖြစ်ကာ တရုတ်ယွမ်ငွေကြေးကို အသုံးပြုကာ တရုတ်နိုင်ငံနဲ့ စီးပွားရေးဆက်ဆံမှုက ပိုအဓိကကျတဲ့သဘော ဖြစ်ပါတယ်။ TNLA လို AA လို တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေအဖို့တော့ တရုတ်နိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယတို့လို အိမ်နီးချင်းနိုင်ငံတွေနဲ့ စီးပွားရေးအရ ဆက်ဆံမှုက အခုမှ စတင်ရမှာ သို့မဟုတ် စတင်ခါစ အနေအထားဖြစ်တာကြောင့် မြန်မာပြည်တွင်းက ငွေကြေး၊ ဘဏ်စနစ်ကို ချက်ချင်းပစ်ပယ်လို့ မရသေးတဲ့ အနေအထားလို့ ဆိုနိုင်ပါလိမ့်မယ်။ 

၁၀၂၇ စစ်ဆင်ရေးစတင်ပြီး အချိန် ၂ နှစ်ခွဲနီးပါး ရှိလာချိန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ရဲ့ ငွေကြေးလည်ပတ်မှု၊ ဘဏ်စနစ်ဆိုင်ရာမှာ မြန်မာစစ်အစိုးရနဲ့ ကင်းလွတ်တဲ့ ပုံစံတခုကို စတင်ပုံဖော်ကျင့်သုံးလာကြတာဖြစ်ပြီး နိုင်ငံရေး၊ စစ်ရေးတွေအပေါ် ဘယ်လောက်အထိ သက်ရောက်မှု ရှိလာမလဲဆိုတဲ့ အချက်ကိုလည်း စောင့်ကြည့်ကြရမဲ့ အနေအထားလည်း ဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar