၅ နှစ်ကျော်ကြာ မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွင်း သေဆုံး သူ ၁ သိန်းကျော်အထိရောက်ရှိလာ
မြန်မာနွေဦးခရိုနီကယ် - ဇူလိုင် ၂ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၃ ၊ ၂၀၂၆
၅ နှစ်ကျော်ကြာ မြန်မာနိုင်ငံ ပြည်တွင်းစစ်အတွင်း သေဆုံး သူ ၁ သိန်းကျော်အထိရောက်ရှိလာ
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် တိုက်ပွဲတွေအတွင်း၊ လက်နက်ကြောင့်၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကြောင့် သေဆုံးသူ အရေအတွက် ၁ သိန်းကို ကျော်လွန်ရောက်ရှိလာပြီလို့ Armed Conflict Location & Event Data လို့ ခေါ်ဆိုတဲ့ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ပတ်သက်လို့ မှတ်တမ်းတင် သုတေသနပြုတဲ့ အဖွဲ့အစည်းက ထုတ်ပြန်လိုက်ပါတယ်။
၅ နှစ်ကျော်ကာလအတွင်း သေဆုံးသူ ၁ သိန်းကျော် အနက် အရပ်သား နဲ့ လက်နက်ကိုင် ဘယ်ရွေ့ဘယ်မျှ အရေအတွက် ပါရှိတယ်ဆိုတာမျိုးတော့ ထုတ်ပြန်မှုမှာ မပါရှိပါဘူး။ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း သေဆုံးသူလို့ ယေဘုယျအားဖြင့် နားလည်နိုင်ပြီး လက်နက်ကိုင် ပဋိပက္ခအကျိုးဆက်ဖြစ်တဲ့ စစ်ဘေးရှောင်ရင်း နာမကျန်းဖြစ်ပွားပြီး သေဆုံးတာ၊ အဟာရ ချို့တဲ့ပြီး သေဆုံးတာ၊ စစ်ပွဲတွေရဲ့ အကျိုးဆက်ကြောင့် ဆက်စပ်သေဆုံးတဲ့ အရေအတွက်တွေ အခုကိန်းဂဏန်းထဲ မပါရှိဘူးလို့ နားလည်ရပါတယ်။
ပြည်တွင်းစစ်အတွင်း တိုက်ပွဲတွေကြောင့် နဲ့ လက်နက်တွေကြောင့် မဟုတ်ဘဲ အုပ်ချုပ်ရေး ပျက်ပြားကာ ရာဇဝတ်မှုတွေ မြင့်တက်လာပြီး အသက်ဆုံးရှုံးရတာတွေ၊ ကိုဗစ်ကူးစက်ကပ်ဘေးကာလအတွင်း လုံလောက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုမျိုး မရှိခဲ့လို့ ကူးစက်ရောဂါခံစားရကာ အသက်ဆုံးရှုံးရသူတွေလည်း ၂၀၂၁ ခုနှစ် တနှစ်ထည်းမှာတင် သောင်းဂဏန်းနဲ့ချီရှိခဲ့တာ သိရှိခဲ့ကြရသလို၊ စစ်ပွဲကြောင့် ပြည်တွင်းမှာ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတာ နဲ့ စစ်မှုထမ်းဥပဒေတို့ကြောင့် အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ရင်း ယာဥ်မတော်တဆမှုတွေနဲ့ သေဆုံးရသူတွေ၊ ပြည်တွင်းမှာပဲ ဆေးဝါးကုသစောင့်ရှောက်မှု မရလို့ စောစီးစွာ အသက်ဆုံးရှုံးခဲ့ကြရသူတွေ စတဲ့ ကိန်းဂဏန်းတွေက အခု ACLED အဖွဲ့က ထုတ်ပြန်တဲ့ ၁ သိန်းကျော်ထဲ မပါရှိသေးတဲ့ သဘောလည်း ဖြစ်ပါတယ်။
ACLED ရဲ့ ထုတ်ပြချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၁၂၀၀ ကျော်ရှိနေပြီး ကမ္ဘာမှာ လက်နက်ကိုင်အဖွဲ့ကွဲပြားမှု အများဆုံး ပဋိပက္ခလို့ အမည်တပ် ခေါ်ဆိုထားတာလည်း တွေ့ရပါတယ်၊ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို ကမ္ဘာ့မှာ ပါလစ်စတိုင်း ပဋိပက္ခပြီးနောက် ဒုတိယ အကြီးဆုံး ပဋိပက္ခအဖြစ်လည်း အကဲဖြတ် ဖေါ်ပြထားတာတွေ့ရပါတယ်။ ပါလစ်စတိုင်းအရေးလို့ ဆိုကြတဲ့ ပါလစ်စတိုင်းဒေသ၊ အစ္စရေးလ်ရဲ့ နယ်မြေချဲ့ထွင်မှုနဲ့ ပါလစ်စတိုင်းအရေးမှာ အစ္စရေးလ်ကို ဆန့်ကျင်တိုက်ခိုက်ဖို့ ပြည်ပအစ္စလာမ်နိုင်ငံအချို့ရဲ့ အထောက်အပံ့နဲ့ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား စစ်ပွဲတွေ၊ အိမ်နီးချင်းနိုင်ငံအချို့နဲ့ အစ္စရေးလ်အကြား စစ်ပွဲတွေဟာ ၁၉၄၈ ခုနှစ် အစ္စရေးလ်နိုင်ငံထူထောင်ပြီးကာလ ကတည်းက ဖြစ်ပွားလာခဲ့ရာမှာ အခုလက်ရှိအချိန်ထိ မပြီးဆုံးသေးသလို အချိန်ကာလတခုမှာ ပြန်လည်ပြင်းထန်လာတဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှု ကိန်းဂဏန်းအဖြစ်နဲ့ ဆိုရရင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဟားမာ့စ် စစ်သွေးကြွအဖွဲ့ရဲ့ စတင်တိုက်ခိုက်မှုကနေ လက်ရှိအချိန်ထိ ၂ နှစ်ကျော်ကာလအတွင်း ပါလစ်စတိုင်း အရပ်သား သေဆုံးတဲ့ကိန်းဂဏန်းတခုတည်းတင် ၇ သောင်းကျော် ရှိနေတာ ဖြစ်ပါတယ်။
မြေပြင်တပ်၊ အမြောက်လက်နက်၊ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု၊ ဒုံးကျည်၊ ဒရုန်း စတဲ့ ခေတ်မှီလက်နက်တွေကို အများအပြား အသုံးပြုတာကြောင့်လည်း ပါလစ်စတိုင်း အရေးမှာ နှစ်တိုတိုအတွင်း ထိခိုက်သေဆုံးတဲ့ အရေအတွက် သောင်းနဲ့ချီမြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းစစ်မှာတော့ လက်နက်ငယ်၊ ပခုံးထမ်းလောင်ချာ၊ စိန်ပြောင်း၊ အမြှောက်တို့လို လက်နက်တွေနဲ့ အများစုတိုက်ခိုက်ကြတာ ဖြစ်ပြီး အခုနှစ်ပိုင်းတွေမှာတော့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်း တိုက်ခိုက်မှုတွေပိုများပြားလာပြီး သေဆုံးသူ အရေအတွက်ပိုမိုတိုးလာနိုင်ခြေ ရှိနေတာလည်း ဖြစ်ပါတယ်။
အချို့သော စစ်ပွဲတွေမှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့အရေအတွက်ထက် အရပ်သားထိခိုက် သေဆုံးရတဲ့ အရေအတွက်က ပိုများလေ့ရှိတာတွေ့ရပြီး မြန်မာနိုင်ငံရဲ့ လက်ရှိပြည်တွင်းစစ်မှာတော့ အရပ်သား နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် အချိုးအစား ဘယ်လိုရှိလဲ ဆိုတာ မသိရှိရပါဘူး။
မြို့တွေ ရွာတွေမှာ သတင်းပေးသူ၊ ဒလန်၊ ရန်သူ့ဘက်ကို ထောက်ခံသူ၊ ရန်သူ့ အုပ်ချုပ်ရေးယန္တရားမှာ ပါဝင်ကူညီသူ ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အာဏာသိမ်းစစ်တပ်ဘက် ထောက်ခံသူရော၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်အဖွဲ့၊ မြို့ပြပြောက်ကျားတွေကို အားပေးကူညီသူတွေပါ နှစ်ဖက်စလုံးမှာ သတ်ဖြတ်မှုတွေ ရှိနေကြတာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဝန်းကျင်လောက်အထိ နှစ်ဖက် သေဆုံးသူ ၆၀၀၀ ဝန်းကျင် ရှိကြောင်း အစီရင်ခံစာတစောင်မှာ ဖော်ပြခဲ့တာ တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံ ပြည်တွင်းစစ်ဟာ ပါလစ်စတိုင်း၊ အစ္စရေးလ်တို့နဲ့ လက်နက်တွေ အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ အဖျက်စွမ်းအားကြီးတဲ့ ဒုံးကျည်တွေ မပါဝင်သည့်တိုင် စစ်ပွဲဖြစ်ပွားတဲ့ နေရာအကျယ်အဝန်းက တနိုင်ငံလုံးနီးပါး အတိုင်းအတာနဲ့ ဖြစ်ပွားနေတာပါ။
ပြည်တွင်းစစ်ဖြစ်ပွားတာ ၅ နှစ်ကျော်လွန်ပြီး ၆ နှစ်ထဲဝင်ရောက်လာတဲ့ အချိန်မှာ တဖက်နဲ့ တဖက် အပြတ်အသတ် အနိုင်ရမယ့် အနေအထားမျိုး မတွေ့ရတော့ပါဘူး။ ၂၀၂၃ နှစ်ကုန်ကနေ ၂၀၂၄ ခုနှစ် နှောင်းပိုင်းကာလတွေ အတွင်း စစ်တပ်ကို အပြတ်အသတ် အနိုင်ယူနိုင်တော့မလား ဆိုတဲ့ မျှော်လင့်ချက်တွေ ပေါ်ထွက်ခဲ့ဖူးပြီး အဲဒီအချိန်က နယ်မြေအများအပြား တော်လှန်ရေး လက်နက်ကိုင်တွေဘက်က သိမ်းယူနိုင်ထားသလို၊ အာဏာသိမ်းစစ်တပ်ဘက်မှာ လူအင်အား ဖြည့်တင်းဖို့ အခက်အခဲရင်ဆိုင်နေရချိန်၊ ဒရုန်းတွေကို ကောင်းကောင်း အသုံးမပြုနိုင်သေးချိန် ဖြစ်ပြီးအဆိုပါကာလမှာ စစ်ရေးထိုးစစ်ကို နောက်တဆင့် မြှင့်တင်နိုင်ခဲ့ရင် စစ်တပ်ကို အနိုင်ရတဲ့အနေအထားမျိုး ရောက်ရှိခဲ့ပါတယ်။
သို့ပေမဲ့ တရုတ်နိုင်ငံရဲ့ ထောက်ခံမှု ဘက်ပြောင်းသွားတာ၊ အာဏာသိမ်းစစ်တပ်က ဒရုန်းအသုံးပြုဖို့ အလျင်အမြန် လေ့ကျင်တပ်ဆင်တာတွေ လုပ်လာခဲ့သလို တော်လှန်ရေးအင်အားစုတွေဘက်မှာလည်း မိမိတို့ ရည်မှန်းချက် ပြည့်မြောက်သွားတာကြောင့် စစ်ရေးထိုးစစ်တွေ ပူးပေါင်းတိုက်ခိုက်မှုတွေ အရှိန်လျှော့ချခဲ့ကြပြီး ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို အုပ်ချုပ်ရေးနဲ့ အသိအမှတ်ပြုမှု ရရှိဖို့ဘက်ကို ဇောင်းပေးလာခဲ့ကြတာ ဖြစ်ပါတယ်။
အနှစ်ချုပ်ပြောရရင် ၂၀၂၃/၂၀၂၄ ခုနှစ်တွေက အခွင့်အရေးမျိုး နောက်တကြိမ်ပြန်ရဖို့ မလွယ်ကူတော့တဲ့ အနေအထားမျိုးကို ရောက်နေတယ်လို့ ဆိုနိုင်ပါတယ်။ နွေဦးတော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေ အနေနဲ့ တခုတည်းသော မဟာဗျူဟာနဲ့ အမိန့်အောက်မှာ တပ်ပေါင်းစုဖွဲ့စည်း လှုပ်ရှားနိုင်ခဲ့ရင် ဆိုတဲ့ အခြေအနေတရပ်ကို တွေးကြည့်နိုင်သည့်တိုင် အိမ်နီးချင်း အင်အားကြီးနိုင်ငံတွေရဲ့ ပထဝီနိုင်ငံရေးအရ အမိန့်တခုတည်းအောက်မှာ ရှိနေတဲ့ မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ စစ်အစိုးရလိုမျိုးနဲ့ ဆက်ဆံမှုကို ရွေးချယ်မှုကြောင့် အတားအဆီးတွေ ရှိနေနိုင်သေးတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar