နန္ဒအောင် - ကျွန်တော်ရေးသော စစ်ကိုင်းဦးဘိုးသင်း
ကျွန်တော်ရေးသော စစ်ကိုင်းဦးဘိုးသင်း
နန္ဒအောင်
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၆
မြန်မာစာပေလောကမှာ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေဆိုရင် ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာမှတ်တမ်းနဲ့ အတွေးအခေါ်များ၊ ပီမိုင်းနင်း၏ ပီမိုးနင်း၊ ဒဂုန်တာရာ၏ ဒဂုန်တာရာ၊ သော်တာဆွေရဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်း အတွဲ၁၊၂၊ ၃ တို့က လူပြောများ၊ လူဖတ်များကြတယ်။ အကြိမ်ကြိမ် ပြန်လည်ရိုက်နှိပ်ရတဲ့အထိ လူကြိုက်များတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိတွေပါ။ ခြွင်းချက်အနေနဲ့ သော်တာဆွေရဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်း အတွဲ ၃ကတော့ စိတ်ကူးချိုချိုကနေပြီး ၂၀၂၂ ခုနှစ်ကျမှ ပထမဆုံးအကြိမ် ထုတ်ဝေထားတာပါ။
ကျွန်တော်ရဲ့ တသီးပုဂ္ဂလခံစားမှုကို အခြေခံပြီးပြောရရင် သော်တာဆွေရဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်းကိုဖတ်ပြီးမှ ဆရာကြီး ရွှေဥဒေါင်းရဲ့ ကိုယ် တိုင်ရေးကို ဖတ်သင့်တယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ ဘာလို့ အဲဒီလိုထင်မြင်ချက်ပေးရသလဲဆိုတဲ့ကျွန်တော့်ရဲ့အမြင်ကို မေးခွန်းထုတ်ကောင်း ထုတ်ကြပါလိမ့်မယ်။ ကျွန်တော်ဖတ်ဖြစ်တဲ့ စစ်ကိုင်းဦးဘိုးသင်းရဲ့ ကိုယ် တိုင်ရေး အတ္ထုပ္ပတ္တိ စာအုပ်အကြောင်းကို ရေးဖို့ အစပျိုးနေတာဆိုတော့ အပေါ်ကအကြောင်းကို ဖြေရှင်းဖို့ မရေးတော့ဘူး။
စစ်ကိုင်းဦးဘိုးသင်းကြီးရဲ့ကိုယ်တိုင်ရေးကိုဖတ်ဖြစ်ပုံက ကျွန်တော့်မွေးရပ်မကွေးနဲ့လည်း ဆိုင်တယ်။ တကယ်တော့ မကွေးနဲ့မဆိုင်လည်း၊ စာဖတ်တာ ဝါသနာပါတဲ့ ကျွန်တော့်အတွက်ကတော့ ဖတ်ကိုဖတ်ရမဲ့ စာအုပ်ပါပဲ။ မကွေးနဲ့ဆိုင်တာကလည်း မကွေးမှာ ကျောင်းဆရာကြီးအဖြစ် တာဝန်ထမ်းဆောင်တယ်ဆိုလို့ပါ။ ကျွန်တော်က ကိုယ့်မွေးရပ်ဒေသနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်တွေ၊ သမိုင်းဝင်နေရာတွေကို လက်လှမ်းမီသလောက် ရှာဖတ်အားထုတ်ပြီး၊ သိသလောက်ပြန်ရေးတတ်တဲ့အကျင့်လေးတော့ ရှိတယ်။
ကျွန်တော့်လက်ထဲရှိတဲ့ စာအုပ်က စိတ်ကူးချိုချိုက ၂၀၁၅၊ ဩဂုတ်လမှာ ပြန်လည်ရိုက်နှိပ်ထားတဲ့ စာအုပ်လို့ ဖော်ပြထားတယ်။ ၁၉၇၉ စာပေဗိမာန်၏ပထမအကြိမ်မူလို့ဖော်ပြထားတာဆိုတော့ စိတ်ကူးချိုချိုထုတ်က ဒုတိယအကြိမ်ဖြစ်နိုင်မယ်လို့ အစကထင်ခဲ့တယ်။ ဒီစာရေးနေရင်းနဲ့မှ ရာပြည့်စာ အုပ်တိုက်က ၂၀၁၁ ခုနှစ်တုန်းက ဒုတိယအကြိမ်ထုတ်ထားတယ်လို့ သိရ တယ်။ စိတ်ကူးချိုချိုထုတ်စာအုပ်က စာမျက်နှာ ၅၁၃ မျက်နှာဆိုတော့ စာ အုပ်က နည်းနည်းတော့ထူတယ်။ ဘာမှလုပ်စရာမရှိ၊ ပူပန်စရာမရှိအချိန်မျိုးဆိုရင် တရက်ကို စာမျက်နှာ ၁၅၀ နီးပါးလောက် အေးအေးဆေးဆေးဖတ်ဖြစ်တယ်။ ဖတ်တဲ့စာအပေါ်လည်း မူတည်သေးတာကိုး၊ ရသစာပေဆိုရင် တမျိုး၊ သမိုင်းဆိုရင် တမျိုး၊ အတွေးအခေါ်ဆိုရင် တမျိုးပေါ့ဗျာ။ ခုတလောက စိတ်အခြေအနေကလည်း ခေတ်အခါအရ အေးအေးဆေးဆေးမဟုတ်တော့ တစ်ပတ်လောက်နဲ့ ဖတ်ပြီးမယ့်စာအုပ်က နှစ်ပတ်လောက် ဖတ်နေရတယ်။
လူဆိုတာက ခန္ဓာကိုယ်မှာ ဘယ်လက်ပဲရှိပြီး၊ ညာလက်မရှိရင် မပြည့်စုံဘူးလို့ သတ်မှတ်ကြတယ်။ တစ်ဘက်ဘက်မရှိရင် မပြည့်စုံဘူးဆိုတဲ့သဘော၊ဘယ်လက်ကော ညာလက်ကောရှိနေမှ ပြည့်စုံတယ်လို့ဆိုရမယ်။ အဲ့လိုပါပဲ လောကကြီးမှာ အကောင်းကော၊ အဆိုးကော ရှိမှ၊ ကြုံတွေ့မှ ဒါဟာပြည့်စုံပါမယ်။ လူတစ်ဦးချင်းစီအနေနဲ့ ဘဝမှာအဆိုးကော၊ အကောင်းကော ရှိရပါလိမ့်မယ်။အကောင်းချည်းပဲ မဖြစ်နိုင်ပါ၊ စစ်ကိုင်းဦးဘိုးသင်းရဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိမှာလည်း အကောင်းကော၊ အဆိုးကော တွေ့ရ၊ ဖတ်ရပါတယ်။ ဘိုးသင်းကလေး ငယ်ငယ်က အတွေးအမြင်၊ အဖြစ် အပျက်တွေကို ဆင်ခြင်သတိထားမိနေပြီဖြစ်တဲ့ စစ်ကိုင်းဦးဘိုးသင်း အမြင်ကနေ ရေးထားတာလေးကိုလည်း တချက်တချက် ခံစားမိတယ်။
ကျွန်တော်ကိုယ်တိုင်လည်း အရေးအသားလေးတွေ စမ်းရေးသားတော့ စစ်ကိုင်းဦးဘိုးသင်းရဲ့ ရေး ဟန်လေးတွေကို ဂရုပြုဖတ်မိတယ်။ မြန်မာစာရေးဆရာတွေထဲမှာ စစ်ကိုင်းဦးဘိုးသင်းတယောက်လည်း စာရေးဆရာဖြစ်တာ တော်တော်စောတာကိုး။ ဒီဘက်ခေတ်မှာ မတွေ့ရတော့တဲ့ အသုံးအနှုန်းတွေကိုလည်း တွေ့ရတယ်။ စစချင်းမှာကတည်း ‘ ဟရို့ရယ် ’ ဆိုတဲ့ အသုံး အနှုန်းမျိုး တွေ့ရတယ်။`အယုတ်သဖြင့်၊ ဟပ်ထိုးသမားများ၊သို့လင့်ကစား၊ စိတ်မဥပုဒ်၊ ရွာလွန်ရွက်တိုက်၊ ခွက်ခွက်လောကုန်ကြလေတော့ပြီ၊ ညှောင့်တံကျင်သဖွယ်၊ လေစကိုမျှပင် မသိမ်းပေ၊ သာမြင်ညောင် ညလူများ´ စတဲ့ ဒီဘက်ခေတ်မှာ မသုံးသလောက်ဖြစ်သွားတဲ့ အသုံးအနှုန်းတွေပါ တွေ့ရ၊ ဖတ်ရတယ်။ တချို့အသုံး အနှုန်းတွေဆိုရင် အဓိပ္ပာယ်ကို မသိလို့၊ သိအောင် အားထုတ်ရှာရဖွေရတယ်။ စာဆိုတာက ဖတ်ရင်းဖတ်ရင်းနဲ့ ဖတ်စရာတွေများလာတတ်တယ်။ အရင်ခေတ်က စာတွေထဲကနေ ဒီဘက်ခေတ်မှာ သိပ်မသုံးတော့တဲ့ အသုံးအနှုန်းတွေ၊ စကားလုံးတွေကို ဆင်ခြင်သတိထား ဖတ်တတ်တဲ့ အကျင့်ကလေး ရလာတာကလည်း လူထုစိန်ဝင်းရဲ့ကျေးဇူးမကင်းဘူး။ ဒီလိုပါ၊ လူထုစိန်ဝင်းရဲ့ `နန်းစကား မန်းစကား၊ မြန်မာတို့ရဲ့ မြန်မာစကား´စာအုပ် ဖတ်ပြီးကတည်းက အဲဒီလိုအကျင့်ကလေး ပိုစွဲမြဲလာတာပါ။
စစ်ကိုင်းဦးဘိုးသင်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုဖတ်ရင်းကနေ စာအုပ်ထုတ်တဲ့`စိတ်ကူးချိုချို´နဲ့ ပတ်သက်ပြီးတော့ နည်းနည်းတော့ တင်ပြချင်တယ်။ ကျွန်တော့်လက်ထဲမှာရှိတာက ၂၀၁၅ ခုနှစ် ထုတ်တဲ့ စာအုပ်ဖြစ်တယ်။ ပထမအကြိမ်ထုတ်တဲ့စာအုပ်တော့ လက်ထဲမရှိဘူး၊ လက်လှမ်းမီသလောက် ရှာကြည့်ပေမဲ့ မရဘူး။ ရာပြည့်ကထုတ်တဲ့ စာအုပ်ကလည်း လက်ထဲမရှိဘူး။ စိတ်ကူးချိုချိုထုတ် အခန်း ၁၈၊ မန္တလေး ဆရာအတတ်သင်ကျောင်းသို့ဆိုတဲ့ အခန်း၊ စာမျက်နှာ ၂၁၅ မှာ` စစ်ကိုင်းဦးဘိုးသင်းက ဆရာအတတ်သင်ကျောင်း ( နော်မန်ကျောင်း ) မှာ စာရင်းသွင်းခြင်းခံရတဲ့နှစ်ကို ၁၉၁၇ ခု၊ မတ်လ လေးရက်´လို့ ဖော်ပြထားတာ တွေ့ရ၊ ဖတ်ရတယ်။ စစ်ကိုင်းဦးဘိုးသင်းက ၁၈၉၀ ခုနှစ်ဖွားပါ၊ ၁၉၁၇ ခုနှစ် ဆိုရင် စစ်ကိုင်းဦးဘိုးသင်းရဲ့ အသက်က ၂၇ နှစ်ဖြစ်နေလိမ့်မယ်။ တကယ်တော့ အဲဒီအချိန်တုန်းက စစ်ကိုင်းဦးဘိုးသင်းက ရှစ်တန်းရှိသေးတာပါ။ စစ်ကိုင်းဦးဘိုးသင်းဟာ ပေပင်ကျောင်း ( ဘုန်းကြီးကျောင်း ) မှာ အသက် ၇ နှစ်သားနဲ့ ပထမတန်းဆိုတော့ ရှစ်တန်းမှာ ၁၆ နှစ်၊ ၁၇ နှစ်ပဲ ရှိပါလိမ့်မယ်။ အသက် ၂၇ နှစ်သားဆိုတာကို ဖြစ်နိုင်ပါ့မလား၊ စာထဲကအတိုင်း ၁၉၁၇ ခုနှစ် ဆိုတာ ဖြစ်နိုင်ပါ့မလား ဆင်ခြင်တွေးတောကြည့်မိတယ်။ တခြားအထောက်အထား အချက်အလက်တွေရှာဖို့မလွယ်လို့ ဝီကီပီဒီးယားမှာ စစ်ကိုင်းဦးဘိုးသင်းဆိုပြီး ရှာကြည့်တော့ ဆရာအတတ်သင်ကျောင်း( နော်မန်ကျောင်း ) ကို ၁၉၀၇ ခုနှစ်မှာ အောင်တယ်လို့ တွေ့ရတယ် ( တကယ်တော့ ဆရာအတတ်သင်ကျောင်း စာရင်းသွင်းတာပါ၊ အောင်တာမဟုတ်ပါ)။ စိတ်ကူးချိုချိုထုတ် အဲဒီ အခန်း ၁၈ ထဲကနေပဲ အထောက်အထားတချို့ တွေ့ရတယ်။ စာမျက်နှာ - ၂၁၂ မှာ `တောအရပ်၌ အသက်တစ်ဆယ့်ငါးနှစ်တိုင်တိုင်နေခဲ့ရခြင်းကြောင့်´လို့ ရေးထားတာ တွေ့ရတယ်။ စစ်ကိုင်းဦးဘိုးသင်း နော်မန်ကျောင်း (ဆရာအတတ်သင်ကျောင်း) တက်ဖို့ သွားတဲ့အချိန်တုန်းက မန္တလေးမှာ ပုလိပ်ရောဂါ အကြီးအကျယ် ဖြစ်နေချိန်ပါ။ ပုလိပ်ရောဂါကြောင့် စစ်ကိုင်းဦးဘိုးသင်းတို့ နော်မန်ကျောင်းကို သွား ရာလမ်းဟာ ခြောက်ကပ်နေတာကြောင့် မန္တလေးမြို့ဟာ တို့တောမြို့မင်းတုန်းထက်တောင် မစည်ပါ့လားလို့ ကျောင်း သားလေးမောင်ဘိုးသင်းကတွေးမိကြောင်း ရေးထားတာ တွေ့ရတယ်။ အဲဒါကြောင့် မန္တလေးမှာဖြစ်တဲ့ ပုလိပ်ရောဂါအကြောင်းကို တခြားမှတ်တမ်းတွေထဲမှာ ရှာကြည့်ဖြစ်တယ်။ တချို့မှတ်တမ်းတွေအရ ၁၉၀၆ ခုနှစ် ရန်ကုန်နဲ့ မန္တလေးမှာဖြစ်တဲ့ ပုလိပ်ရောဂါဟာ လူထောင်ချီသေဆုံးတယ်လို့ သိရတယ်။ အဲဒီခေတ်တုန်းက ထင်ရှားတဲ့ The Graphic ဆိုတဲ့ ဗြိတိန်သတင်းစာမှာလည်း ဖော်ပြထားတယ်လို့ သ်ိရတယ်။ ဒီအထောက်အထားတွေကို အခြေခံပြီး ကောက်ချက်ချမယ်ဆိုရင် `စစ်ကိုင်းဦးဘိုးသင်း ဆရာအတတ်သင်ကျောင်းတက်တဲ့နှစ်က ၁၉၀၇ ခုနှစ်´ဖြစ်မှာပါ။ စိတ်ကူးချိုချိုထုတ်စာမျက်နှာ-၂၁၅ ပါ ၁၉၁၇ ခုနှစ်ဆိုတာက စာစီ၊ စာရိုက်အမှားကြောင့်ဖြစ်ပါလိမ့်မယ်။ ဒီအချက် အလက်ကလေးက အရေးကြီးတယ် ထင်လို့ အခုလို တင်ပြမိတာပါ။ ရာပြည့်က ထုတ်တဲ့ ဒုတိယအကြိမ်မူထဲတော့ ဘယ်လိုဆိုတာ မသိဘူး။
ဒီအချက်ကလေးနဲ့တင် စာက တော်တော်ရှည်သွားပြီ။ ကဲ ... စစ်ကိုင်းဦးဘိုးသင်းအကြောင်း ဆက်ကြစို့။
စစ်ကိုင်းဦးဘိုးသင်းလို့သာ ဆိုကြပေမဲ့၊ စစ်ကိုင်းမှာမွေးတဲ့ စစ်ကိုင်းသားမှ မဟုတ်တာ။ စစ်ကိုင်းဦးဘိုးသင်းက မင်းတုန်းမှာမွေးတာ။ မင်းတုန်းမြို့ မြို့သစ်ကုန်းရပ်မှာ မွေးတာပါ။ မင်းတုန်းဆိုတာ မကွေးတိုင်း သရက်ခရိုင်ထဲက။ စစ်ကိုင်းဦးဘိုးသင်း အမေ( ဒေါ်ရွှေဆိတ် ) က မြန်မာမင်းလက်ထက်က ပဲ့နင်းကြီးသမီးဖြစ်လို့ လွှာချောင်းရိုးတလျှောက်မှာ အမွေနဲ့သက်ဆိိုင်တဲ့ လယ်မြေဧကများစွာရှိတယ်။ ဒါပေမဲ့ စစ်ကိုင်းဦးဘိုးသင်းအမေက ဒီအမွေတွေကို စိတ်မဝင်စားဘဲ၊ သူတို့နဲ့ ပတ်သက်တဲ့ ကျွန်တွေကို လုပ်ကိုင်စားသောက်ဖို့ ပေးခဲ့တယ်။ အဲဒီကျွန်တွေက လယ်မြေတွေက ထွက်တဲ့စပါးတွေ လာပေးရင်တောင် လယ်မလုပ်ဘဲနဲ့ လယ်ကထွက်တဲ့ငွေကိုယူတာ မသန့်စင်ဘူးသဘောထားပြီး လက်ခံလေ့မရှိဘူး။ စစ်ကိုင်းဦးဘိုးသင်း အဖေက ပရမတ်ဆရာကြီး ဦးဘိုးသာ။ပရမတ်ဆရာ ဆိုတဲ့ အဓိပ္ပာယ်ကိုတော့ သေချာသိအောင်တော့ ကြိုးစားရဦးမယ်။ စာဆိုတာကလည်း ဖတ်ရင်းဖတ်ရင်းနဲ့ ဖတ်စရာတွေ များလာတဲ့ သဘောပေါ့။ ပရမတ်ရဲ့ အဓိပ္ပာယ်ကတော့ ခုခေတ်အများက ပြောသလို ဆေးဆရာလိုလိုထက်တော့ ပိုပါမယ်။ ပရမတ်ဆရာကိုတော့ စိတ်ဝင်စားပါတယ်၊ပရမတ်ဆရာကြီး ဦးဘိုးသာက စစ်ကိုင်းဦးဘိုးသင်းကို ငယ်စဥ်ကတည်းက `နောကိုးကြောင်း´ကို သင်ပေးခဲ့တာပါ။ နောကိုးကြောင်းဆိုတာက အမြှောက်အစားတို့ကို ပြောတာနေပါမယ်။ ဘာလို့ဆို စစ်ကိုင်းဦးဘိုးသင်းက အလီမကျက်မသင်ဘဲ နောကိုးကြောင်းနဲ့ပဲ တွက်နိုင်ခဲ့တယ်လို့ ရေးသားလို့ပါ။ လေ့လာကြည့်မိသလောက်ဆို နောကိုးကြောင်း အလင်္ကာမျိုးက ဘုန်းကြီးကျောင်း ပညာရေးမှာ သင်ပေးပုံပါ။ ဒီဘက်ခေတ်မှာတော့ ရှားသွားပြီ၊နောကိုးကြောင်း သင်ဖို့ လက်လှမ်းမီသလောက် စုံစမ်းကြည့်ရဦးမယ်။ နည်းနည်းရင်းတဲ့ ဘုန်းကြီးကတော့ သွားမေးရင်`ဒီကောင် စာတွေထဲကနေ လာမေးပြန်ပြီ ´ဆိုပြီး ပြောဦးမယ်။ ဘာပဲပြောပြော ကိုယ်ကတော့ ကိုယ်သိချင်တာအတွက်တော့ မေးစမ်းရမှာပဲ။
စစ်ကိုင်းဦးဘိုးသင်းက ပေပင်ကျောင်း ( ဘုန်းကြီးကျောင်း ) မှာ ပညာသင်တာ။ စစ်ကိုင်းဦးဘိုးသင်းတို့ခေတ်ရဲ့ပညာရေးက ဘုန်းကြီးကျောင်း ပညာရေးမှာ အခြေခံတယ်ဆိုတာ သိသာမြင်သာနိုင်တယ်။ ဒါကြောင့်လည်း အင်္ဂလိပ်တွေက မြန်မာတို့ကို ခေတ်မီပညာရေးသင်ကြားစေနိုင်ဖို့ အလွယ်ကူဆုံးနဲ့အကုန်အကျအသက်သာဆုံးဖြစ်ဖို့ ဘုန်းကြီးကျောင်းတွေကို ချည်းကပ်ရမယ်လို့ ဆုံးဖြတ်ကြတာပါ။ စစ်ကိုင်းဦးဘိုးသင်းရဲ့ ဆရာတော်က ဦးအာဒိစ္စ၊ ဝတ်နည်းနဲ့ အညီနေတာကတော့ ပြေစာမှာတောင် လက်မှတ်မထိုးဘူး။ ဝိနည်းတရားနဲ့အညီ ငွေနဲ့လည်း ကန်တော့မခံဘူး။ အဲဒီခေတ်တုန်းက ဘုန်းကြီးကျောင်းတွေက ဒီဘက်ခေတ် စာကြည့်တိုက်လို့ ပြောရမလားပဲ။ အတန်းပညာရေးမှာ မရနိုင်တာတွေကိုဘုန်းကြီးကျောင်းက စာတိုက်အိုကြီးထဲက ပေစာတွေ၊ စာအုပ်တွေကနေ ရှာဖွေနိုင်တယ်။ စစ်ကိုင်းဦးဘိုးသင်းရဲ့ စာတွေထဲမှာလည်း ဘုန်းကြီးကျောင်းက စာတိုက်ထဲမှာ ပေစာတွေ၊စာအုပ်တွေကိုဖတ်ဖတ်နေတဲ့ ဘိုးသင်းလေးကို ခဏခဏတွေ့ရတယ်။ အဲဒီလို ပေစာတွေ၊စာအုပ်တွေနဲ့ အချိန်ကုန်ခဲ့လို့လည်း စစ်ကိုင်းဦးဘိုးသင်းဟာ တနည်းပြောရရင် ဉာဏ်ရည်မြင့်တယ်လို့ ပြောရမယ်။ အဲဒီအချိန်တွေဟာ စစ်ကိုင်းဦးဘိုးသင်းရယ်လို့ ဖြစ်ပေါ်လာမှုတွေရဲ့ အစလို့ပြောလို့ရတယ်။
စစ်ကိုင်းဦးဘိုးသင်း ရေးတဲ့ ချင်းရွာလေးက ဘုန်းကြီး ဦးဆိုးပေအကြောင်းကလည်း စိတ်ဝင်စားဖို့တော့ ကောင်းတယ်။ တရွာလုံးက ဘုန်းကြီးဦးဆိုးပေကိုကြည်ညိုတယ်။ တောင်ယာလယ်တဲ အသွားမှာ ဘုန်းကြီးကို ရှိခိုးပြီးမှ သွားတယ်၊ အပြန်လည်း ဝင်ရှိခိုးတယ်။ အမဲလိုက် တောလိုက်တာကအစ ဘုန်းကြီးကိုရှိခိုးပြီးမှ အမဲလိုက်ကြတယ်။ ဘုန်းကြီးဦးဆိုးပေဟာ ပိဋကတ်ကျမ်းဂန်အတော်တတ်ပြီး၊ ဝိနည်းလည်း အတော်နိုင်တယ်။ ဘုန်းကြီးကျောင်းမှာ ဘာအဆောင်အယောင်မှမရှိ၊ ရေသောက်တာတောင် သပိတ်ထဲ ရေထည့်ပြီး ရေသောက်တာပါ။ ဘုန်းကြီးဦးဆိုးပေရဲ့ ထူးခြားတဲ့အမူအကျင့်လေးတွေက ရှိသေးတယ်၊ ဒါပေမဲ့ တော်သေးပြီ။ တောကျောင်းက ဘုန်းကြီးကျောင်းများအကြောင်း ဖတ်မိတော့ ကျွန်တော်လည်း အေးအေးဆေးဆေးဖြစ်တဲ့ ဘုန်းကြီးကျောင်းတကျောင်းမှာ စာဖတ်ဖို့ အခွင့်အရေးရရင်တော့ ကောင်းမှာပဲလို့ တွေးမိတယ်။
စစ်ကိုင်းဦးဘိုးသင်းက ခြောက်တန်းကတည်းက ထိုးကွင်း ထိုးပြီးပြီ။ နားလည်း ဖောက်ထားရတယ်။ ဆံပင်ကလည်း သျှောင်ထုံးကလေးနဲ့လို့ ရေးထားတာ ဖတ်ရတယ်။ သျှောင်ထုံး၊ ထိုးကွင်း၊ နားဖောက် စတဲ့ လက္ခဏာတွေဟာ အဲဒီခေတ်အခါက မြန်မာအမျိုးသားတဦးရဲ့ ဝိသေသတွေပါပဲ။ ယဥ်ကျေးမှုဆိုတာကလည်း ဆုပ်ကိုင်ဖက်တွယ်ထားလို့မှ မရတာ၊ ဒါပေမဲ့ စစ်ကိုင်းဦးဘိုးသင်းရဲ့ ပုံပန်းသဏ္ဍန် အရေးအသားကို ကြည့်ခြင်းအားဖြင့် အဲဒီခေတ်အဲဒီအခါက မြန်မာအမျိုးသားတဦးရဲ့ ပုံစံကို မြင်တွေ့နိုင်ပါတယ်။ စစ်ကိုင်းဦးဘိုးသင်းကြီးက`သူဟာ ခုနှစ်တန်းရောက်တဲ့အထိ ဖိနပ်မစီးသေးဘူး၊ သရက်မြို့ကို စာမေးပွဲဖြေသွားတော့မှ ဖိနပ်ကျကျနနစီးဖူးတယ်´လို့ ရေးထားတာ တွေ့ရတယ်။ အဲဒီအရေး အသားမှာတော့ ကျွန်တော့်အတွက် ဆင်ခြင်ခြင်းကိုအခြေခံပြီး စဥ်းစားစရာတွေ ပေါ်လာပြီ။ စစ်ကိုင်းဦးဘိုးသင်းကြီးရဲ့ အဲဒီအရွယ်ထိ ဖိနပ်မစီးသေးဘူးဆိုတာက ကျေးလက်မှာနေတဲ့ လူငယ်လေးတွေကိုကိုယ်စားပြုတာလားပေါ့။ အဲဒီခေတ်တုန်းက ကျေးလက်က လူငယ်တွေ အကုန်နီးပါးကပဲ ဖိနပ်မစီးတဲ့ အလေ့ရှိတာလား၊ စစ်ကိုင်းဦးဘိုးသင်းကပဲ ဘုန်းကြီးကျောင်းပျော်လေးမလို့ ဘုန်းကြီးကျောင်း သားတွေကပဲ ဖိနပ်မစီးတဲ့ အလေ့ရှိတာလားပေါ့။ ဒီဘက်ခေတ်ထိကို ဘုန်းကြီးကျောင်းထဲဆိုရင် ဖိနပ်ချွတ်တဲ့ အလေ့ကရှိနေတာကိုး။ စစ်ကိုင်းဦးဘိုးသင်းတို့ ခေတ်တုန်းက ကျေးလက်နေ လူငယ်အများစုဟာ ဖိနပ်စီးတဲ့အလေ့မရှိဘူးလို့ အလွယ်တကူကောက်ချက်ချရင်တော့ ရတာပေါ့။ ကျွန်တော်ရဲ့ သမိုင်းသုည အမြင်ကနေ အခြေခံပြီး ပြောတာဆိုတော့လည်း သည်းခံခွင့်လွှတ်ကြပါ။
စစ်ကိုင်းဦးဘိုးသင်းကြီးရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိထဲမှာ သင်္ကြန်အကြောင်းလည်း ခဏခဏ ဖတ်ရ၊ တွေ့ရတယ်။ စစ်ကိုင်းဦးဘိုးသင်းကြီးကတော့ သူဖြတ်သန်းခဲ့ရတဲ့ သင်္ကြန်အတွေ့အကြုံကို ရေးတာပါပဲ။ မြန်မာတယောက်ရေးတဲ့ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိပါဆိုမှတော့ သင်္ကြန်ဖြတ်သန်းမှု အကြောင်းက ပါရမှာပေါ့။မြန်မာမှန်ရင် ပုဂံရောက်ဖူးရမယ်လို့ ပြောကြသလို၊မြန်မာမှန်ရင် သင်္ကြန်ကိုဖြတ်သန်းဖူးရမှာပါ။ စစ်ကိုင်းဦးဘိုးသင်းကြီးရဲ့သင်္ကြန်အတွေ့ အကြုံကို ဖတ်ကြည့်ရင် အဲဒီခေတ်တုန်းက မင်းတုန်းနယ်ရဲ့သင်္ကြန်မြင်ကွင်းကိုမြင်ရမှာပါ။ မင်းတုန်းနယ်လို့ပဲ ပြောသင့်တယ်၊ ကျေးလက်ရဲ့ သင်္ကြန်မြင်ကွင်းဆိုရင် တနိုင်ငံလုံးက ကျေးလက်တွေရဲ့ သင်္ကြန်ပုံစံကို ကိုယ်စားပြုသလို ဖြစ်သွားမှာ စိုးရတယ်။
စစ်ကိုင်းဦးဘိုးသင်းရဲ့ မွေးဖွားကြီးပြင်းလာရာ အချိန်ကာလဟာ ကိုလိုနီခေတ်ပါ။ ကိုလိုနီခေတ်မှာကြီးပြင်းရတဲ့ မြန်မာပညာတတ်တွေကော၊ မတတ်တတတ်တွေကော၊ မတတ်သူတွေကောပေါ ကိုလိုနီပြုကျင့်ထားတဲ့ အင်္ဂလိပ်လက်အောက်က ရုန်းထွက်ရမယ်ဆိုတဲ့ အမျိုးသားရေးစိတ်ဓာတ် အနည်းနဲ့အများရှိကြပါတယ်။ ကိုလိုနီခေတ်မှာ ကြီးပြင်းလာရတဲ့ စစ်ကိုင်းဦးဘိုးသင်းမှာလည်း အင်္ဂလိပ်တွေကို မကြိုက်တဲ့ အမျိုးသားရေးအမြင်ကနေ ရေးထားတဲ့ အရေးအသားလေးတွေလည်း တွေ့ရတယ်။ သီပေါမင်းရဲ့ပါတော်မူခန်းကို စစ်ကိုင်းဦးဘိုးသင်းက ရေးတယ်။`ရေကြောင်းကတက်လာတဲ့ အင်္ဂလိပ် သင်္ဘောတွေဟာ ပတ္ထနဂိုရ်ခံတပ်နဲ့ မင်းလှခံတပ်က ညှပ်တိုက်တာမလို့ အခက်တွေ့နေပြီး တက်မရ ဖြစ်နေတယ်၊ မတိုက်ရဆိုတဲ့ ကြေးနန်းကြောင့် မတိုက်တော့လို့ အင်္ဂလိပ်တွေ အလွယ်တကူတက်သွားလို့ရတယ်´လို့ အရီးကပြောတယ်ဆိုပြီး စစ်ကိုင်းဦးဘိုးသင်းကရေးထားတာ ဖတ်ရတယ်။ ဒီအရေးအသားမှာ ဘိုးသင်းလေးရဲ့ ငယ်ငယ်က လက်ခံထားတဲ့သိမှုအခြေခံကို ပညာတတ်နေပြီဖြစ်တဲ့ စစ်ကိုင်းဦးဘိုးသင်းကြီးက ပြန်ရေးထားတာကို ခံစားမိတယ်။ ဘိုးသင်းကလေး ငယ်ငယ်ကဆိုရင်တော့ သူ့အရီးပြောသလိုမျိုး၊ ကြေးနန်းကြောင့် မတိုက်တော့လို့ အင်္ဂလိပ်တွေ တက်သွားနိုင်တာပါ ကွာလို့ ရေးကောင်းရေးလိမ့်မယ်။ ဆင်ခြင်ခြင်းကို အခြေခံနိုင်တဲ့ စစ်ကိုင်းဦးဘိုးသင်းကြီး အရွယ်ရောက်ပြီဆိုတော့ ဘာကိုမှ အသေ အချာကြီး ရေးမထားဘူး။ ခံတပ်နှစ်ခုက ဆက်တိုက်နေလို့လည်း အင်္ဂလိပ်သင်္ဘောတွေ တက်မသွားနိုင်ပါဘူးလို့လည်း အသေအချာကြီးရေးမထားပါဘူး။ ဒီအရေးအသားဟာ စစ်ကိုင်းဦးဘိုးသင်းကြီးရဲ့ ပါးနပ်မှုပါ။ ကျွန်တော့်အမြင်အရဆိုရင်လည်း လက်နက်အင် အားအရမ်းကွာတဲ့ အင်္ဂလိပ်သင်္ဘောတွေကို ခံတိုက်ဖို့ဆိုရင် မလွယ်ပါဘူး။ အပြင်းအထန်သာ တိုက်ပွဲဖြစ်ကြရင် ဒီနေ့ခေတ် သမိုင်းဝင် မင်းလှခံတပ်ကြီးဆိုပြီး သွားကြည့်ရမဲ့ နေရာကလည်း အခုလိုဟုတ်ပါ့မလားပေါ့။ဒါပေမဲ့ ကျွန်တော့်အတွေးအမြင်က ဒီနေ့ခေတ်ကို အခြေခံပြီး တွေးထားတာ၊ မြင်ထားတာလေ။ကျွန်တော်သာ စစ်ကိုင်းဦးဘိုးသင်း အရီးခေတ်၊ စစ်ကိုင်းဦးဘိုးသင်းတို့ခေတ်က သမိုင်းလူသားဆိုရင်လည်း သူတို့လိုပဲ တွေးမိ၊ မြင်မိမှာပဲလေ။
ရသေ့ကြီး ဦးခန္တီနဲ့ပတ်သက်ပြီး စစ်ကိုင်းဦးဘိုးသင်းရဲ့ အမျိုးသားရေးဘောင်ထဲက အရေးအသားကိုလည်း တွေ့ရ၊ ဖတ်ရတယ်။ စစ်ကိုင်းဦးဘိုးသင်းက ကူးသန်းရောင်းဝယ်ရေး သတင်းစာမှာလည်း `အင်္ဂလန်က အိန္ဒိယမှ ဂန္ဒီကို ဘာမှုမလဲ၊ မြန်မာပြည်မှာ ဦးခန္တီရှိနေပြီ´ဆိုပြီး ဆောင်းပါးရေးတယ်။အိန္ဒိယကော၊ မြန်မာကော အင်္ဂလိပ်ရဲ့ကိုလိုနီပြုကျင့်ခံထားရတဲ့အချိန်ကာလတွေပေါ့။ ဂန္ဒီက သူတို့ရဲ့ တိုင်းရင်းဖြစ်အထည်ကိုပဲ အသုံးပြုဖို့ အိန္ဒိယပြည်သူလူထုကို တိုက်တွန်းနေချိန်ပါ။ ရသေ့ကြီး ဦးခန္တီကတော့ ဘိလပ်က သံထည်တွေ၊သံနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ မှာယူနေလို့ စစ်ကိုင်းဦးဘိုးသင်းက ရေးတာပါ။ ကျွန်တော်က စစ်ကိုင်းဦးဘိုးသင်းရဲ့ အရေးအသားလေးတွေကို ဆင်ခြင်သတိထားမိတာလေးတွေကို ပြောတာပါ။ စစ်ကိုင်းဦးဘိုးသင်းရဲ့ အရေးအသားတွေကို မှန်တယ်၊ မှားတယ် ပြောနေတာမဟုတ်ပါ။ မှန်တယ်၊ မှားတယ်ဆိုတာ တဦးချင်းစီရဲ့ သိမှုအခြေခံအပေါ်မှာ မူတည်ပါတယ်။ တခုတော့ရှိတယ်၊ စစ်ကိုင်းဦးဘိုးသင်းရဲ့ အရေးအသားတွေကို ဖတ်မယ်ဆိုရင် စာဖတ်မိတ်ဆွေတို့ရဲ့ အတွေးအမြင်တွေကို စစ်ကိုင်းဦးဘိုးသင်းတို့ခေတ်ရဲ့ အတွေးအမြင်တွေဆီ သယ်ဆောင်သွားဖို့လိုပါတယ်။ ကျောက်ခေတ်လူသားရဲ့ အတွေးအမြင်ကို နားလည်ဖို့ကလည်း အရင်ဆုံး ကျောက်ခေတ်လူသားက ဘယ်လိုတွေးတုန်း၊ နေထိုင်တုန်း နားလည်အောင် ကြိုးစားမှ ရမယ်မလား။
စစ်ကိုင်းဦးဘိုးသင်းက ကူးသန်းရောင်းဝယ်ရေး သတင်းစာမှာ လက်ထောက်အယ်ဒီတာဝင်လုပ်သေးတယ်။ စစ်ကိုင်းဦးဘိုးသင်းက ရွှေချိုးဖြူကလောင် နာမည်နဲ့လည်း ရေးတယ်။ အစိုးရ ယန္တရားကို ကိုင်လှုပ်တဲ့ဆောင်းပါးအများစုရေးတယ်။ ဒါကြောင့်မလို့ ဘုရင်ခံ ဆာဟာကုတ်ဘတ္တလာ ကိုယ်တိုင် စစ်ကိုင်းဦးဘိုးသင်းကိုတွေ့တယ်။ စစ်ကိုင်းဦးဘိုးသင်း လက်ထောက်အယ်ဒီ တာလုပ်တဲ့ ကူးသန်းရောင်းဝယ်ရေး သတင်းစာကို ငွေသုံးထောင် ထောက်ပံတယ်။ အဲဒီခေတ်တုန်းက သုံးထောင်ဟာတန်ဖိုးမနည်းပါ။ ကူးသန်းရောင်းဝယ်ရေး တိုက်အုပ်က စစ်ကိုင်းဦးဘိုးသင်းကို သူ့ကိုပြပြီးမှ ထည့်ပါဆိုပြီး ထိန်းခံလိုက်ရတော့ပါပဲ။ ပြီးတော့ အဲဒီအချိန်တုန်းက စစ်ကိုင်းဦးဘိုးသင်းက ပညာရေးလောကက အရာရှိကြီးတွေနဲ့ မတည့်လို့ အလုပ်ထွက်ထားတာကို သိတော့ မကွေးမှာ ကျောင်းဆရာ ပြန်ခန့်ပေးလိုက်တယ်။ စစ်ကိုင်းဦးဘိုးသင်း ငြင်းလို့မရအောင် သူ့မိန်းမ နေမကောင်းဘူး အမြန်ပြန်လာပါဆိုပြီး၊ စစ်ကိုင်းပြန်အရောက် စစ်ကိုင်းဦးဘိုးသင်းဆရာနှစ်ယောက်က မကွေးမှာ ကျောင်းဆရာခန့်တဲ့ ကြေးနန်းပြပြီး သင်္ဘောပေါ် တင်ပေးလိုက်တာပါ။အင်္ဂလိပ်ရဲ့သူ့ဗျူရိုကရက် ယန္တရားကိုကိုင်လှုပ်လာတယ်ယူဆလို့ ကလောင်ကိုအကွက်ရွှေ့လိုက်တဲ့သဘော။ ဒါပေမဲ့ စစ်ကိုင်းဦးဘိုးသင်းကတော့ နောက်ပိုင်းလည်း ဆက်ရေးတာ တွေ့ရပါတယ်။အင်္ဂလိပ်အကွက် ကျွန်တော်အချက်လို့ပြောရမှာပဲ။ ဘာလို့ဆို စစ်ကိုင်းဦးဘိုးသင်း ကျောင်းဆရာလုပ်မဲ့ မကွေးက ကျွန်တော့်မွေးရပ်ဆိုတော့ ဖတ်စရာ၊ မှတ်စရာ၊ ရေးစရာ အချက်အလက် ရသွားလို့ပဲ။
စစ်ကိုင်းဦးဘိုးသင်း ကျောင်းဆရာလုပ်ခဲ့တဲ့ မကွေးမြို့ကကျောင်းကို နမူနာ ပုံစံကျောင်းလို့ရေးထားတာ တွေ့ရတယ်။ ကျောင်းတည်ရှိရာကတော့ မကွေးမြို့ပေါ်မှာ ဆိုတာတော့ သေချာတယ်။ နမူနာ ပုံစံကျောင်းဆိုတော့ စဥ်းစားရတယ်၊ ဘာလဲပေါ့ အမျိုးသားကျောင်းမဟုတ်တာတော့ သေချာတယ်။ စစ်ကိုင်းဦးဘိုးသင်းကျောင်းဆရာလုပ်တဲ့ခေတ်က အမျိုးသားကျောင်းတွေခေတ်ထက် စောတယ်လို့ ပြောလို့ရတယ်။ နာမည်ကြီးတဲ့ အမျိုးသားကျောင်းတွေထက် ရှေးကျတယ်။ နမူနာ ပုံစံကျောင်းဆိုတာ နော်မန်ကျောင်း ( ဆရာအတတ်သင်ကျောင်း ) တွေကို ခေါ်တာဖြစ်ပါလိမ့်မယ်။အကြောင်းမဲ့ ကောက်ချက်ချတာမဟုတ်ပါ၊ ဘယ်အချက်တွေက နော်မန်ကျောင်းလို့ပြောလို့ရနိုင်သလဲ။ နမူနာ ပုံစံကျောင်းမှာက လက်မှုပညာပါ တွဲသင်ကြားတာပါ တွေ့ရတယ်။ စစ်ကိုင်းဦးဘိုးသင်း တက်တဲ့ကျောင်းက လည်း နော်မန်ကျောင်း (ဆရာအတတ်သင်ကျောင်း ) ပါပဲ။ အဲဒီကျောင်းမှာပဲ စာမေးပွဲအောင်ပြီး ဆရာဖြစ်တာပါ။ တချို့မှတ်တမ်းတွေကလည်း ဒုတိယကမ္ဘာစစ်မတိုင်မီအထိ မကွေးမြို့မှာ နော်မန်ကျောင်း ( ဆရာအတတ်သင်ကျောင်းဘ) ရှိခဲ့တယ်ဆိုတာပါ တွေ့ရတယ်။ နော်မန်ကျောင်းဆိုတာ အတည်ပြုလို့ ရပြီဆိုပါတော့ နော်မန်ကျောင်းက မကွေးမြို့ ဘယ်နားလောက်လဲဆိုတာ ရှာဖွေကြည့်မိတယ်။ မကွေးမြို့က စောတယ်လို့ ပြောရမယ့် အထက( ၁ ) ကျောင်း၊ဆားစည့်ကျောင်း ၊ မြို့မ( မဲထီး ) ကျောင်း ဘယ်ကျောင်းတွေများ ဖြစ်နိုင်မလဲပေါ့။ အဲဒီလိုကြီး သမရိုးကျ စဥ်းစားလို့က မရပြန်ဘူး။ စစ်ကိုင်းဦးဘိုးသင်း အရေးအသားအရ ကျောင်းအကျယ်အဝန်းက အတော်ကျယ်ဝန်းပြီး၊ မြို့ခံတွေကပါ ညနေဆိုရင် ကျောင်းထဲလာပြီး ဘောလုံးတို့၊ ဘတ်စကက်ဘောတို့ပါ လာကစားလေ့ရှိတယ်။ မကွေးမြို့ရဲ့ အစောပိုင်းကာလတွေမှာက မြို့အကျယ်အဝန်းက သိပ်ကျယ်ဝန်းတာမဟုတ်ဘူး။ မြို့မစျေးကြီး အရှေ့ဘက်လမ်းအတိုင်းသွားရင် မြသလွန်ဘုရားကို ရောက်တယ်။ ( အခုအဲဒီလမ်းကို လမ္မတော်လမ်းလို့ ခေါ်တယ်။ ) အဲဒီလမ်း အရှေ့ဘက်မှာက ဘာမှမရှိသလောက်ပဲ၊ ဒါကြောင့်မလို့ နော်မန်ကျောင်းက အဲဒီလမ်းရဲ့ အနောက်ဘက်မှာပဲ ရှိနိုင်မလားပေါ့။ သမိုင်းဆိုတာကလည်း ထင်ကြေးနဲ့ စိတ်ကူးပြီး ပြောလို့က မရပြန်ဘူး။ မကွေးမြို့ရဲ့ နော်မန်ကျောင်းဆိုတာ ဘယ်နေရာနားလောက်ဆိုတာတော့ ဆက်ပြီးရှာရဖွေရဦးမယ်။ဘာပဲပြောပြော စစ်ကိုင်းဦးဘိုးသင်းကတော့ မကွေးမှာ ကျောင်းဆရာလုပ်သွားတာ နှစ်သက်တယ်လို့တော့ ရေးသွားတာပဲ။
စစ်ကိုင်းဦးဘိုးသင်း မကွေးကနေ တောင်သာကို ဒုတိယ ပညာအုပ်အနေနဲ့ ပြောင်းရတော့ ကျောင်း သားတွေဟာ သင်္ဘောဆိပ်ထိလိုက်ပို့ပြီး ငိုကြတယ်။ စစ်ကိုင်းဦးဘိုးသင်းလည်း မျက်ရည်ကျတယ်။ စစ်ကိုင်းဦးဘိုးသင်း သမီး `သီရိ´ဆိုတာက မကွေးမှာမွေးတာ။ စစ်ကိုင်းဦးဘိုးသင်းက မကွေးမှာ သူနေထိုင်သွားပုံကိုရေးရင် စာအုပ်တအုပ် ဖြစ်သွားမယ်လို့ ရေးထားတာ ဖတ်ရတယ်။ တကယ်က ရေးဖြစ်လိုက်ရမှာ၊ ဒါမှ မကွေးဆိုင်ရာလေးတွေ ဖတ်ရ၊ သိရမှာလေ။ စစ်ကိုင်းဦးဘိုးသင်း မကွေးမှာ ကျောင်းဆရာလုပ်တော့ ဂျပန်တွေတောင် မြန်မာပြည် မရောက်သေးဘူး။ စစ်ကိုင်းဦးဘိုးသင်းသာ မကွေးမြို့က သူ့အတွေ့အကြုံကို ရေးခဲ့ရင် ဒုတိယကမ္ဘာစစ်မတိုင်မီက မကွေးမြို့ အကြောင်းတော့ သိခွင့်၊ ဖတ်ခွင့် ရခဲ့မှာ။ စစ်ကိုင်းဦးဘိုးသင်း အရေးအသားအရဆိုရင် သူမကွေးမှာ ကျောင်းဆရာလုပ်ချိန်က ဂျပန်အဝင်ထက် စောတဲ့ ဒိုင်အာခီခေတ်တောင် မရောက်သေးပါဘူး။ စိတ်ကူးချိုချိုထုတ် စာမျက်နှာ - ၄၃၉ မှာ `ထိုအတွင်း မြန်မာပြည်ကို ဒိုင်အာခီပေးရန် ကြေညာ၍ အက်ဥပဒေ၊ နည်းဥပဒေများပင် ပေါ်ထွက်လာချေပြီ´လို့ ရေးထားတာ ဖတ်ရ တယ်။ အဲဒီအချိန်တုန်းက စစ်ကိုင်းဦးဘိုးသင်းက မကွေးကနေ ပြောင်းသွားပါပြီ။ စစ်ကိုင်းဦးဘိုးသင်းက သူ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိရဲ့ နောက်ပိုင်းတွေမှာ ခုနှစ်တွေကိုထည့်ရေးမထားတော့ အခုလိုကောက်ချက်ချဖို့သေချာအောင် အချက်အလက် တွေကို တခြားစာအုပ် စာတမ်းတွေနဲ့ချိန်ထိုးရတယ်။
စစ်ကိုင်းဦးဘိုးသင်း အကြောင်း ၊ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိအကြောင်း ကျွန်တော်ရေးတာမှာ တခြားအချက်အလက်တွေ ကျန်ကောင်းကျန်လိမ့်မယ်။စာအုပ်ညွှန်းရေးတာလည်း မဟုတ်၊ စာဖတ်ညွှန်းရေးတာလည်း မဟုတ်ဘူး။ ကိုယ်ဖတ်ဖြစ်တာလေးကို လက်ဖက်ရည်ဆိုင်မှာ စာအကြောင်းလေး ပြောနေကျသလိုမျိုး ရေးရုံပါ။ ဒါပေမဲ့ စစ်ကိုင်းဦးဘိုးသင်းကို ကျွန်တော်သိသလောက်၊ မြင်သလောက် ရေးထားတယ်။ မသိလို့ဆိုပြီး အတိုးအလျှော့ လုပ်မထားဘူး။
စစ်ကိုင်းဦးဘိုးသင်းသာ မကွေးမှာနေထိုင်သွားပုံကို ကျယ်ကျယ်ပြန့်ပြန့်ရေးသွားခဲ့ရင် မှတ်တမ်းအဖြစ်ရမယ်။ အဲဒီမှတ်တမ်းတွေကို စုဆောင်းပြီးတော့မှ အဲဒီခေတ်က လူမှုစီးပွား၊ အလေ့တွေကို ကောက်ချက်ချလို့ရမယ်။ ကောက်ချက်ချဖို့ ဆိုတာကလည်း မှတ်တမ်းမှတ်ရာက လိုသေးတယ်။ ဘာပဲပြောပြော စစ်ကိုင်းဦးဘိုးသင်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကို ဖတ်ဖြစ်လိုက်တာ တော်တော်အရသာတွေ့တယ်။ မသိသေးတာတွေ၊ မကြားဖူးတာတွေ တွေ့ရတယ်။ မသိသေးတာတွေ သိရဖို့၊ လေ့လာဖို့ကော တချို့အချက်အလက်တွေ ရှာဖို့အတွက်ကော ကျွန်တော့်မှာ ဖတ်စရာ၊ လေ့လာစရာတွေ တိုးသွားတယ်။ အဘ စစ်ကိုင်းဦးဘိုးသင်းရေ အဘကိုယ်တိုင်ရေးတဲ့ အတ္ထုပ္ပတ္တိစာအုပ်ကိုတော့ ကျွန်တော်တို့ရဲ့ နောက်မျိုးဆက်တွေအတွက် အိမ်က စာအုပ်စင်မှာတင်ထားပါတယ်ခင်ဗျ။
နန္ဒအောင်
၂၀.၆.၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
