မောင်တူး - ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ - မြန်မာနိုင်ငံအမျိုးသမီးများနေ့
မောင်တူး - ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ - မြန်မာနိုင်ငံအမျိုးသမီးများနေ့
မိုးမခ ၊ ဇွန် ၁၉ ၊ ၂၀၂၆
အမျိုးသမီးရှေ့ဆောင်၊ ဂုဏ်ရောင်ပြောင်သည့်
ဒေါ်အောင်ဆန်းစုကြည်၊ မွေးနေ့သည်သာ
မြန်ပြည်တရိုး၊ အမျိုးသမီးများနေ့
ဝှဲချီးကျင်းပကြရပါမည်တကား။ ။
ဇွန်လ ၁၉ ရက်နေ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ကျင်းပနေကြပေမဲ့ အဲဒီနေ့ဟာ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဆိုတာ သိသူနည်းပါးကြတယ်။ ဒါကြောင့် ပြည်တွင်းပြည်ပ အားလုံး သိရှိကြပြီး မွေးနေ့နဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ပူးတွဲ ကျင်းပနိုင်ကြဖို့ ပြောပြလိုက်ပါတယ်။
“ငါ့အား
ပညာတတ်မိခင်တယောက်ပေးပါ
ကြီးကျယ်သော အင်ပါယာတခု
သင်တို့အား ငါပေးပါမည်”
(နပိုလီယံ)
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ဟု နှစ်စဉ်ကျင်းပ
ဇွန် ၁၉ ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် တိုင်းနဲ့ ပြည်နယ် ၁၄ ခုရဲ့ မြို့တော်တိုင်းမှာ နှစ်တိုင်း ကျင်းပကြပါတယ်။ ရန်ကုန်က NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုရုံးချုပ်မှာ ကျင်းပသလို တခြားမြို့တွေမှာလည်း ကျင်းပကြတယ်။ ဒီလို ကျင်းပကြရမယ်လို့လည်း NLD ဗဟိုက ညွှန်ကြားထားပါတယ်။ စစ်ထောက်လှမ်းရေးကလည်း မကျင်းပဖို့ နှစ်တိုင်းတားတယ်။ နှစ်တိုင်းလည်း ကျင်းပကြတယ်လေ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) ပန်းတွေပန်ကြ၊ ပန်းပန်သူတွေကို ဖမ်းကြ ဆီးကြ ထောင်တွေချ ပန်းရောင်း ပန်းသယ် ပန်းပန် စောင့်ကြည့်စစ်ဆေး ဖမ်းဆီး ထောင်ချတဲ့နေ့ပေါ့။ တကယ့်ဟာသပါ။ ပန်းပန်လို့ ထောင်ကျတဲ့ နိုင်ငံ။
ဇွန် တဆယ့်ကိုး
အမျိုးသမီးနေ့
စုမွေးနေ့အား
သတ်မှတ်ထားခဲ့ကြပါသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေနဲ့ နယ်စပ်တွေမှာလည်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန်လ ၁၉ ရက်ကို ၁၉၉၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံအမျိုးသမီးများနေ့ဆိုပြီး ကျင်းပနေခဲ့ကြပါတယ်။ ကျောင်းသားတပ်မတော် ABSDF ဒေါင်းခွင်ဌာနချုပ်၊ မာနယ်ပလော ဌာနချုပ် စတာတွေအပြင် မဲဆောက်၊ ဘန်ကောက်၊ ချင်းမိုင်၊ နယူးဒေလီ၊ အမေရိကား စသဖြင့် နိုင်ငံတကာရောက် မြန်မာတွေကလည်း (ဇွန် ၁၉ ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့) အဖြစ် ကျင်းပနေခဲ့ကြပါတယ်။ ခုနပြောခဲ့သလို NLD ရန်ကုန်ဌာနချုပ် အပါအဝင် တပြည်လုံးမှာလည်း မွေးနေ့နဲ့အတူ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို စည်စည်ကားကား ကျင်းပခဲ့ကြတာပေါ့။ မှတ်မိသေးတယ်။ ကျောင်းသားတပ်မတော် ဌာနချုပ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ပူးတွဲကျင်းပဖို့ ညလုံးပေါက် နောက်ခံပိုစတာကြီးကို စာလုံးတွေရေးကြ ညှပ်ကြ ကပ်ကြတာတွေ။ DVB သတင်းတွေလုပ်ရင်းက ရန်ကုန် NLD ဌာနချုပ်ရဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနား သတင်းတွေ နှစ်စဉ် ဇွန် ၁၉ မှာ ထုတ်လွှင့်ခဲ့တာတွေ။
ပထမဆုံး မြန်မာနိုင်ငံအမျိုးသမီးများနေ့ ကျင်းပခြင်း
၁၉၉၇ ခုနှစ် ဇွန်လ ၁၉ ရက် ဒေါ်အောင်ဆန်းစုကြည် ၅၇ နှစ်ပြည့် မွေးနေ့ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ "မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ပြည်ပရောက် မြန်မာနိုင်ငံသူတွေ ပူးပေါင်းပြီး စတင်ကျင်းပခဲ့ကြပါတယ်။ Alternative ASEAN Network on Burma (Alt SEAN - BURMA) အဖွဲ့က ဦးဆောင်ပြီး 1. Friends of Women Foundation 2. Women Workers Unity Group 3.Gender Watch Group (GWG) 4.Asean Forum for Human Rights and Development (Forum - Asia) 5. Alternative ASEAN Network on Burma (Alt SEAN - BURMA) အဖွဲ့ နဲ့ 6. Burmese Women Union (BWU) မြန်မာ့အမျိုးသမီးသမဂ္ဂ စတဲ့ အဖွဲ့ ၆ ဖွဲ့ ပူးတွဲ ပြုလုပ်ခဲ့ကြတာပါ။ The international lunch of Burma Women Day and The 52nd Birthday of Daw Aung San Suu Kyi ( June 19, 1997) မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် နိုင်ငံတကာသို့ ကြေညာခြင်းနဲ့ ၅၂ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ" အဖြစ် ကျင်းပခဲ့ကြပါတယ်။ အခုဆိုရင် ၂၉ နှစ် ရှိပြီ။ ဒါကြောင့် ဒီနှစ် ဒေါ်အောင်ဆန်းစုကြည် ၈၁ နှစ်ပြည့် မွေးနေ့ပွဲနဲ့အတူ ၂၉ နှစ်မြောက် မြန်မာနိုင်ငံအမျိုးသမီးများနေ့လို့ ပူးတွဲ စာတန်းထိုး ကျင်းပရပါမယ်။
၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့
သမိုင်းကို သမင်လည်ပြန် လှည့်ကြည့်လိုက်ရင် ၁၉၉၇ ခုနှစ်ကစပြီး ဇွန် ၁၉ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြပါတယ်။ သက္ကရာဇ် ၂၀၀၀ ဇွန် ၁၉ ဒေါ်အောင်ဆန်းစုကြည် ၅၅ နှစ်မြောက် မွေးနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ ၄ ကြိမ်မြောက်ပါ။ အဲ့သည် ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ချင်းမိုင်၊ မဲဆောက်၊ နယူးဒေလီမြို့နဲ့ ပြည်တွင်းက မြို့တွေမှာ ကျင်းပခဲ့ပါတယ်။ အဲဒီ ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ၅၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် စာအုပ်တအုပ်ကိုလည်း ထုတ်ဝေထားပါတယ်။ ဒီ ဒေါ်အောင်ဆန်းစုကြည် ၅၅ မွေးနေ့ "မြန်မာနိုင်ငံ အမျိုးသမီးများနေ့" အထိမ်းအမှတ် ထုတ်ဝေတဲ့ "မြန်မာနိုင်ငံ အမျိုးသမီးများအသံ" စာအုပ်ကို Alternative ASEAN Network on Burma (Alt SEAN - BURMA) က ဦးစီးထုတ်ဝေခဲ့တာပါ။ ဒီစာအုပ်မှာ ဒေါ်အောင်ဆန်းစုကြည်ကလည်း အမှာစာ ရေးသားခဲ့တာပါ။
၄ ကြိမ်မြောက် အမျိုးသမီးများနေ့ ဒေါ်အောင်ဆန်းစုကြည် အမှာစကား
“အခု ကျမရဲ့ မွေးနေ့ချိန်ခါမှာ ဒီလို ကျမတို့ မြန်မာအမျိုးသမီးများနဲ့ ပြောနိုင်အောင် လုပ်ပေးတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီလိုအချိန်အခါကို ကျမတို့ အခွင့်ကောင်းယူပြီး ပြောစရာရှိတာ ပြောရမှာပါ။ မြန်မာနိုင်ငံတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်နဲ့ ဆွေးနွေးပိုင်ခွင့် မရှိတဲ့အခါကျတော့ ကျမတို့ မြန်မာအမျိုးသမီးများနဲ့ ဆက်သွယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အာဏာရှင်အောက်မှာဆိုလို့ရှိရင် ဒီလိုပါပဲ။ လွတ်လွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ် ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်း ဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမဲ့လည်း ကျမတို့ဟာ ဒီလို လွတ်လပ်မှုတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။
“ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးဟာ နိုင်ငံရေးသက်သက် မဟုတ်ဘူး။ လူထုအရေးဖြစ်တယ် ဆိုတာကို အထူးသဖြင့် ကျမတို့ရဲ့ အမျိုးသမီးတွေ နားလည်စေချင်ပါတယ်။ ဒီလိုပြောခြင်းဟာ အမျိုးသားတွေက နားလည်ပြီးသားထင်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးသားတွေ နားလည်ဖို့ မလိုဘူးလို့ ထင်လို့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလို ကျမရဲ့ မွေးနေ့ အချိန်အခါမှာ အမျိုးသမီးတွေကို ကျမ အာရုံပြုချင်လို့ ဖြစ်ပါတယ်။ ကျမတို့ အခု မြန်မာနိုင်ငံမှာဆိုရင် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာဟာ ဆယ်နှစ်ကျော်သွားပါပြီ။ ဒီဆယ်နှစ်ကျော်အတွင်း ရုန်းကန်မှုထဲမှာဆိုရင် အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ ဘယ်လောက်အထိ အဓိကကျတယ်ဆိုတာ ကျမတွေ့မြင်ခဲ့ရပါတယ်။ အမျိုးသမီးတွေ စိတ်ခိုင်မာမှသာလျှင် မိမိတို့နဲ့ သက်ဆိုင်တဲ့ အမျိုးသားများက နိုင်ငံရေးသော်လည်းကောင်း၊ လူမှုရေးသော်လည်းကောင်း တက်တက်ကြွကြွ ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာ မြင်ရပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ အမျိုးသမီးတွေဟာ အများကြီးပဲ အနစ်နာခံပါတယ်။
“မကြာခင်ကဆိုရင် သူ့ရဲ့သား အဖမ်းခံသွားခဲ့ရတဲ့ အမျိုးသမီးကြီး တယောက်နဲ့လည်း ကျမ တွေ့ခဲ့ပါတယ်။ နောက်အမျိုးသမီးကြီး တယောက်နဲ့လည်း ထပ်တွေ့ခဲ့ပါတယ်။ အဲဒီ အမျိုးသမီးကြီး ၂ ယောက်ဟာ စိတ်သဘောထားခြင်း အတူတူပါပဲ။ မိမိတို့ရဲ့ ကလေးတွေ လုပ်နေတာမှန်တယ်။ အများရဲ့ ကောင်းကျိုးအတွက် လုပ်နေတဲ့ ကိစ္စမို့လို့ ဘာပဲဖြစ်ဖြစ် လက်ခံမယ်၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓာတ်ရှိပါတယ်။ မိန်းကလေးတယောက်ရဲ့ အမေဟာဆိုရင် သူ့သမီးလေး မသွားခင် မှာလိုက်တယ်။ ‘အမေ့ကြောင့်မို့လို့တော့ အဖွဲ့ချုပ်က လက်မှတ်ထိုးပြီး ထွက်တဲ့အဖြစ် မဖြစ်ပါစေနဲ့’ တဲ့...။ ဆိုလိုတာကတော့ အမေ့ကိုငဲ့ပြီး ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စကို မလုပ်ဘဲ မနေပါနဲ့လို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓာတ်ခိုင်မာတဲ့ အမျိုးသမီးတွေကြောင့် ဒီမိုကရေစီလှုပ်ရှားမှုဟာ အဖိနှိပ် အချုပ်အချယ်ပေါင်း များစွာကြားထဲက အရှိန်အဟုန် မလျော့သွားဘဲနဲ့ ဒီနိုင်ငံမှာတင်မက ကမ္ဘာကြီးမှာ ငြိမ်းချမ်းမှုရဖို့ အေးချမ်းမှု ရဖို့ဆိုတာ အမျိုးသမီးတွေက အများကြီး လုပ်ပေးဖို့ လိုပါတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်းမှု မရှိဘူး၊ လုံခြုံမှု မရှိဘူး၊ စီးပွားတိုးတက်မှု မရှိဘူး၊ ကျန်းမာရေး ပညာရေး တိုးတက်မှု မရှိဘူးဆိုရင် အဓိကခံရတာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့ အမျိုးသမီးများဟာ မိမိတို့ရဲ့ မိသားစုအရေးနဲ့ နိုင်ငံ့ရေးကို ခွဲခြားလို့ မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ အဲဒီ နားလည်မှုရှိတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ဆိုတာ တော်တော်များများ ကျမတို့ တွေ့မြင်ခဲ့ရလို့ အင်မတန်လည်း အားတက်ခဲ့ရပါတယ်။
“နောက် ကျမတို့ နိုင်ငံတွင်းမှာ ငြိမ်းချမ်းမှုရှိဖို့၊ စည်းလုံးညီညွတ်မှုရှိဖို့ ဆိုတာလည်း အမျိုးသမီးများကနေ ဦးဆောင်ပြီး လုပ်ပေးဖို့ လိုပါတယ်။ ကျမတို့နိုင်ငံ အတွင်းမှာဆိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမ များစွာ နေကြပါတယ်။ ဒီတော့ ဒီလို တိုင်းရင်းသားများ အချင်းချင်း နားလည်မှုရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးပေါ်တဦး ခင်ခင်မင်မင် မေတ္တာ စေတနာ ထားနိုင်ဖို့အတွက် အမျိုးသမီးတွေက အများကြီး လုပ်ပေးနိုင်ပါတယ်။ အမျိုးသမီး အချင်းချင်းဆိုရင် နားလည်မှု အများကြီးရှိပါတယ်။ ကလေးများအတွက် ပူပင်တာ မွန်မိခင်တယောက်ဖြစ်စေ၊ ကရင်မိခင်တယောက်ဖြစ်စေ၊ ဗမာမိခင်တယောက်ဖြစ်စေ၊ ချင်းမိခင်တယောက်ဖြစ်စေ၊ မိခင်များက ကလေးများအတွက် စိုးရိမ်တာ ပူပန်တာတွေဟာ တယောက်နဲ့တယောက် နားလည်မှု ရှိကြပါတယ်။ အခြေခံ နားလည်မှုတွေအပေါ်မှာ ကျမတို့ကနေပြီး နိုင်ငံအတွက် ညီညွတ်မှုကို တည်ဆောက်ကြရမှာ ဖြစ်ပါတယ်။
“ဒီတော့ ကျမတို့ အမျိုးသမီးတွေကို နိုးကြားတက်ကြွစေချင်ပါတယ်။ စိတ်ဓာတ် ခိုင်မာစေချင်ပါတယ်။ ခိုင်မာပြီးသား စိတ်ဓာတ်တွေကို ပိုပြီး ခိုင်မာအောင်လို့ ပြုစုပျိုးထောင် စေချင်ပါတယ်။ ကျမတို့ရဲ့ လူမှုရေး အသိုက်အဝန်း၊ နိုင်ငံရေး အသိုက်အဝန်းမှာ အမျိုးသမီးများ မပါဝင်လို့ မဖြစ်ဘူးဆိုတဲ့ အသိကိုလည်း စွဲစွဲမြဲမြဲ နှလုံးသွင်းထားစေချင်ပါတယ်။ ဒီနိုင်ငံမှာ အားလုံးဟာ နည်းနည်းလေးတော့ လုပ်ပေးနိုင်တာ ရှိတာပါပဲ။ ဒီမိုကရေစီ ရရှိရေးအတွက် လူတိုင်းဟာ နည်းနည်းလေး၊ နည်းနည်းလေး တယောက်စီ လုပ်ပေးမယ်ဆိုရင် ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာ ပြည်သူအားလုံးအတွက် လုံခြုံမှု၊ အေးချမ်း တည်ငြိမ်မှုပေးမဲ့ ပန်းတိုင်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီပန်းတိုင် ရောက်ဖို့အတွက်ကို ကျမတို့ မြန်မာနိုင်ငံက အမျိုးသမီးများ အားလုံးကနေပြီးတော့ ဝိုင်းဝန်း ကူညီကြပါလို့ ကျမ မေတ္တာရပ်ခံချင်ပါတယ်။ ။”
ကျေးဇူးတင်ပါသည်
အောင်ဆန်းစုကြည်
သက္ကရာဇ် ၂၀၀၀ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၅၅ နှစ်မြောက် မွေးနေ့နဲ့ ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိးသမီးများနေ့အထိမ်းအမှတ် ထုတ်ဝေတဲ့ "မြန်မာအမျိုးသမီးများအသံစာအုပ်" အတွက် လွန်ခဲ့တဲ့ ၂၆ နှစ်က ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပေးပို့တဲ့ အမှာစကား ဖြစ်ပါတယ်။
စစ်အာဏာရှင်တွေရဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့အတု
အာဏာသိမ်းပြီး လုပ်နေတာက အစိုးရအတုပါ။ မဲရွေးပွဲအတုလုပ်ပြီး အခုတော့ အစိုးရအတု ထပ်လုပ်ပြန်ပါပြီ။ မအလ ကလည်း သမ္မတအတုပါ။ တရုတ်၊ အိန္ဒိယ၊ ရုရှားတို့ကလွဲပြီး လက်ခံတဲ့နိုင်ငံကလည်း များများစားစားမရှိပါ။ အစိုးရအတု၊ စစ်တပ်အတု၊ သံဃာအတု၊ ကျပ်ငွေစက္ကူအတု၊ ဆေးဝါးအတုတွေက မြန်မာပြည်မှာ ရှိနေပါတယ်။ စစ်တပ်က သတ်မှတ်ပေးထားတဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ဟာ ဇူလိုင် ၃ ရက်ပါ။ အမျိုးသမီးအခွင့်အရေး အတုအယောင် ရွှေရည်စိမ်ကို ပေးထားတာပါ။ စစ်တပ်သတ်မှတ်ပေးထားတဲ့ အမျိုးသမီးများနေ့ဟာ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ စတင်ဖွဲ့စည်းတဲ့ ၁၉၉၆ ခုနှစ် ဇူလိုင် ၃ ရက်ကို သတ်မှတ်ထားတာပါ။ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီရဲ့ ဥက္ကဋ္ဌဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်ရမယ်လို့ ဆိုပါတယ်။ ပထမဆုံး မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီရဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိန်ထွားပါ။ အခုနောက်ဆုံး ဥက္ကဋ္ဌက ဒေါက်တာစိုးဝင်း ဖြစ်ပါတယ်။ စစ်တပ်ကခန့်ထားတဲ့ အမျိုးသမီးအဖွဲ့ရဲ့ ဥက္ကဋ္ဌ စိန်ထွား၊ စိုးဝင်း စသည်ဖြင့် ယောက်ျားကြီးတွေ ဖြစ်နေမှတော့ စစ်အာဏာရှင်တွေရဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ဇူလိုင် ၃ ဟာလည်း အော်တိုမစ်တစ် အစစ်မဟုတ်တော့ဘူးပေါ့။ ဇူလိုင် ၃ ရက်ဟာ မင်းအောင်လှိုင် မွေးနေ့လည်း ဖြစ်နေပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၈၁ မွေးနေ့ ၂၉ နှစ်မြောက် မြန်မာနိုင်ငံအမျိုးသမီးများနေ့
ကျနော်တို့ လက်ခံထားတဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ဟာ ဇွန်လ ၁၉ ရက်နေ့ ဖြစ်ပါတယ်။ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို သတ်မှတ်ထားတာ ဖြစ်ပါတယ်။ လက်ရှိ ကျနော်ရောက်ရှိနေတဲ့ မဲလ်ဘုန်းမြို့မှာလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကျရောက်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ကျင်းပလေ့ ရှိကြပါတယ်။ ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ နှစ်ပေါင်း ၂၀ ကျော်ကတည်းက နှစ်စဉ်နှစ်တိုင်း ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲ (မြန်မာနိုင်ငံအမျိုးသမီးများနေ့ - ဇွန်လ ၁၉ ရက်) ကို ကျင်းပခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့က NLD အဖွဲ့ဝင်ဖြစ်တဲ့ ကဗျာဆရာ ကိုထိန်လင်းကလည်း အခုလိုပြောခဲ့ပါတယ်။ "ဒေါ်စုမွေးနေ့ ၁၉ ဇွန်ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့လို့ ကျနော်တို့ ကျင်းပခဲ့ကြပါတယ်။ ၁၉၉၀ ကျော်ကတည်းက NLD ရုံးမှာ ကျင်းပပါတယ်။ ၁၉၉၉ ခုနှစ် ၂၀၀၀ တွေမှာ ပြည်တွင်းမှာ ပုံနှိပ်ထုတ်ဝေခွင့်တွေ မရတဲ့အချိန်မှာ ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ကဗျာစာအုပ်တွေလို့ ခေါင်းစဉ်တပ်ပြီး လက်ရေးစာစောင်တွေအဖြစ် ထုတ်ကြပါတယ်။ ဒါကို နောက်မျိုးဆက်တွေ သိစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကို အရေးမပေးလိုသူတွေ ဂုဏ်မပြုလိုသူတွေနဲ့ စစ်အာဏာရှင်တွေက ဇူလိုင် ၃ ရက်ကို အမျိုးသမီးများနေ့ သတ်မှတ်ပြီး အပြိုင်ကျင်းပတယ်။ တကယ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန် ၁၉ ကို အမျိုးသမီးများနေ့ သတ်မှတ်တာက အရင်ဦးဆုံးပါ" လို့ ပြောခဲ့ပါတယ်။
ဇွန် ၁၉ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ စတင်သတ်မှတ် ကျင်းပခဲ့တဲ့ ၁၉၉၇ ခုနှစ် အခမ်းအနားကို BWU ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူတဦးကတော့ ဒေါ်အေးအေးမာပါ။ ဒေါ်အေးအေးမာဟာ SAW အဖွဲ့ကို မဲဆောက်မြို့မှာ တည်ထောင်ထားသူပါ။ သူ့ရဲ့ SAW ရုံးမှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို နှစ်စဉ်လိုလို ကျင်းပခဲ့သူပါ။ သူက ဒီကနေ့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ အခုလို ရေးသားထားပါတယ်။
ဇွန်လ ၁၉ ရက်နေ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့
အမျိုးသမီးထုအတွက် အမျိုးသမီးအဖွဲ့အစည်းများအတွက် သတင်းစကားပါ။
ဇွန်လ ၁၉ ရက် နေ့ဟာ မြန်မာနိုင်ငံက အမျိုးသမီး သူရဲကောင်းတွေနဲ့ ဖိနှိပ်ခံ အမျိုးသမီးအားလုံးကို ကိုယ်စားပြုတဲ့ နေ့တနေ့ပါ။ လွန်ခဲ့တဲ့ ၂၉ နှစ် ၁၉၉၇ ခုနှစ်ကစလို့ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တာကတော့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ပါ။ အခုဆိုရင် ၂၉ နှစ် ရှိသွားပါပြီ။ နှစ်စဥ်နှစ်တိုင်းမှာ အဲဒီနေ့ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့အဖြစ် ထိုင်း-မြန်မာနယ်စပ်မှာ ခက်ခဲတဲ့ အခြေအနေတွေကြားမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိမ်းသိမ်းခံနေရတဲ့ ကာလတလျှောက်လုံး တနှစ်မှမပျက် ကျင်းပခဲ့တာပါ။ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုတွေကို နိုင်ငံတကာ သိရှိစေဖို့ပါပဲ။ အဲဒီနေ့မှာဆို ခေတ်အဆက်ဆက် နယ်ပယ်အသီးသီးမှာ ထူးချွန်အောင်မြင်ခဲ့ကြတဲ့ အမျိုးသမီးတွေအကြောင်း ထုတ်ဖော်ခဲ့ကြတယ်။ ဖမ်းဆီး အကျဥ်းကျခံရသူတွေ၊ တော်လှန်ရေး၊ နိုင်ငံရေးမှာ ပါ၀င်ခဲ့ကြတဲ့ အမျိုးသမီးတွေသာမက နယ်ပယ်စုံက အမျိုးသမီး အသီးသီးတွေအကြောင်း ဂုဏ်ပြုခဲ့ကြပါတယ်။
အဲဒီအချိန် အဲဒီကာလတွေမှာ အတူတူ ပူးပေါင်းပါ၀င်ပေးခဲ့ကြတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေ၊ အမျိုးသမီး တဦးတယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်မိပါတယ်။ အဲဒီခေတ်ကာလ အချိန်တုန်းက အခမ်းအနားတွေကို တက်ရောက် စကားပြောပေးခဲ့ကြတဲ့ ဆရာမကြီး ဒေါက်တာစင်သီယာမောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးသန်းထွဋ်၊ ကေအန်ယူ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ဖဒိုဘသင်၊ ဗိုလ်ချုပ်ကြီး တာမလာဘော၊ ကယန်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်မားရ်ကိုဘန်း စတဲ့ တိုင်းရင်းသားခေါင်းဆောင် အသီးသီးကိုလည်း အထူးကျေးဇူးတင် အမှတ်ရမိပါတယ်။ နှစ်စဥ်နှစ်တိုင်း မပျက်မကွက် တက်ရောက်ပေးခဲ့ကြတဲ့ တဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်မိပါတယ်...။
အထူးကျေးဇူးတင်မိတာက ခက်ခက်ခဲခဲ အခြေအနေတွေ အောက်ကနေ အတူတူ ကြေညာချက် ပူးပေါင်းထွက်ပေးရာမှာ ပါ၀င်ခဲ့ကြတဲ့ Thai နဲ့ India နယ်စပ်အသီးသီးက ညီအစ်မ အမျိုးသမီး အဖွဲ့အစည်း အသီးသီးကိုလည်း မမေ့မလျော့ သတိရနေမိတယ်။ အန်တီမော်လီ၊ မသင်းသင်းအောင်၊ မတင်တင်ခိုင်၊ မကြွေ၊ မယုယုခိုင်၊ ဒေါ်လှမြင့်၊ မသင်း၊ မတင်နွယ်၊ မကြည်ကြည်ခင် စတဲ့ ညီအစ်မများ အားလုံးကိုလည်း ကျေးဇူးတင် သတိရနေမိပါတယ်..။ ကျမလုပ်သမျှကို အားပေး၀န်းရံ ပါ၀င် အနစ်နာခံပေးခဲ့တဲ့ ကျမရဲ့ SAW မိသားစု၀င်တွေကိုလည်း ကျေးဇူးတင်မိပါတယ်..။ အဲဒီကာလတွေတုန်းက တက်ရောက်ပေးခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက် သတင်းသမားများ အားလုံးကိုလည်း ကျေးဇူးတင်မိပါတယ်..။ အဘိုး တာမလာဘောနဲ့ ဦးမားရ်ကိုဘန်းတို့ဟာ ကျမတို့လုပ်ခဲ့တဲ့ မြန်မာနိုင်ငံအမျိုးသမီးများနေ့ ပွဲတွေကို ၁၀ နှစ်ကျော်ကြာ တနှစ်မှမပျက် လာရောက်အားပေး ၀န်းရံမှုတွေကတော့ တကယ့်ကို လေးစား ဂုဏ်ပြုစရာ ဖြစ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ "မြန်မာနိုင်ငံအမျိုးသမီးများနေ့" နှစ်စဉ် ကျင်းပရေးကော်မတီက ဂုဏ်ပြုလက်မှတ်တွေ ပေးအပ်ခဲ့ဖူးပါတယ်။
ဗိုလ်ချုပ်ကြီးတာမလာဘောဟာ အဲဒီအချိန်တုန်းက KNU စစ်ဦးစီးချုပ်ဖြစ်ပြီး ဦးခွန်မားရ်ကိုဘန်း ကတော့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ခံရတဲ့ ကယန်းအမျိုးသား လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သလို ထင်ရှားတဲ့ တိုင်းရင်းသားခေါင်းဆောင်လည်း ဖြစ်ပါတယ်။ နောက်ထပ် ကျေးဇူးတင်စရာ အမျိုးသမီးတဦးကတော့ Altsean Burma အဖွဲ့က Mrs. Debbie Stothard ပါ။ သူဟာ မြန်မာနိုင်ငံက အမျိုးသမီးတွေကို နိုင်ငံရေးလောကမှာ ဦးဆောင်ပါ၀င်နိုင်အောင် လေ့လာခွင့်တွေရအောင် စွမ်းဆောင်ပေးခဲ့သူပါ..။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့သာမက မြန်မာနိုင်ငံအမျိုးသမီးများနေ့ အဖြစ်လည်း ကျင်းပပေးစေချင်ပါတယ်။ မြန်မာနိုင်ငံက နှိပ်စက်ညှဉ်းပန်း အဖိနှိပ်ခံနေကြရတဲ့ အမျိုးသမီးသူရဲကောင်း အားလုံးအတွက် ကိုယ်စားပြုတဲ့နေ့အဖြစ် ကျင်းပပေးကြပါနော်။ ဇွန်လ ၁၉ ရက် မြန်မာနိုင်ငံအမျိုးသမီးများနေ့ အမှတ်တရ ၂၀၂၆။
ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ အမျိုးသမီးများနေ့ကို ပူးတွဲ ကျင်းပကြပါ
မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ ရှိသင့်ရှိထိုက်တဲ့နေ့ပါ။ မြန်မာနိုင်ငံရှိ အမျိုးသမီးဘဝ မြှင့်တင်ရေး၊ အမျိုးသမီးအခွင့်အရေးတွေ ရရှိဖို့ ထင်ရှားတဲ့ အမျိုးသမီးထုအတွက် နေ့တနေ့ပေါ့။ ဒါပေမဲ့ စစ်အာဏာရှင်အလိုကျ ဇူလိုင် ၃ ရက်နေ့ကတော့ မဖြစ်ထိုက်ပါ။ အမျိုးသမီးအခွင့်အရေး မရနိုင်ပါလို့သာ ပြောချင်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသမီးအခွင့်အရေး၊ ကလေးအခွင့်အရေး၊ သက်ကြီးရွယ်အို အခွင့်အရေးတွေကို လုပ်နေခဲ့သူ ဖြစ်ပါတယ်။ အမျိုးသမီးများ ပညာရေး စိတ်ခွန်အားမြှင့်တင်ရေး တို့အတွက် သူဟာ ရှေ့ဆောင် စံပြ အနစ်နာခံ ကိုယ်ကျိုးစွန့်သူ အမျိုးသမီးတဦးလည်း ဖြစ်နေပါတယ်။ အမျိုးသမီးတွေဟာ လူ့အဖွဲ့အစည်းကို ဦးဆောင်နိုင်သူတွေဖြစ်ကြောင်း ကိုယ်တိုင်က လက်တွေ့လုပ်ပြခဲ့သူပါ၊ လုပ်ပြနေသူပါ။ တခြားတပါး အမျိုးသမီးတွေကိုလည်း သင်ကြား ပြောပြပေးနေသူတဦးပါ။ ဒါကြောင့် သူ့ရဲ့ မွေးနေ့ ဇွန်လ ၁၉ ရက်ကိုသာ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ကြပါ။ ဒီကနေ့ ၈၁ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့အတူ ၂၉ နှစ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ကို ပူးတွဲ ကျင်းပကြပါစို့။ ။
ကိုးကား - Ngel Naing Blog
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar