ISP Myanmar တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်နိုင်ငံမှာ ဖမ်းဆီးထား၊ စစ်အစိုးရက အမေရိကန်နိုင်ငံသားတဦးကို ဖမ်းဆီး
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၂ မြင်ကွင်း
(မိုးမခ) ဇွန် ၁၃ ၊ ၂၀၂၆
ISP Myanmar တည်ထောင်သူ ဦးမင်းဇင်ကို တရုတ်နိုင်ငံမှာ ဖမ်းဆီးထား၊ စစ်အစိုးရက အမေရိကန်နိုင်ငံသားတဦးကို ဖမ်းဆီး
မြန်မာနိုင်ငံ အရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ISP Myanmar လို့ အမည်ပေးထားတဲ့ မူဝါဒရေးရာသုတေသနအဖွဲ့တခုကို တည်ထောင်လုပ်ကိုင်နေသူ ဦးမင်းဇင်ကို ဇွန်လဆန်း ၃ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှာ သူလျှိုလုပ်မှု နဲ့ နိုင်ငံလုံခြုံရေးကို ထိခိုက်စေမှုစွပ်စွဲချက်တွေနဲ့ တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၂ ရက်နေ့မှာ သတင်းတွေထွက်ပေါ်လာပြီး တရုတ်အစိုးရက ဖမ်းဆီးမှုကို အတည်ပြုခဲ့ပါတယ်။
အခုသတင်း ထွက်ပေါ်လာတဲ့နေ့မှာပဲ မြန်မာနိုင်ငံမှာလည်း Adam CAstillo ဆိုတဲ့ အမေရိကန်နိုင်ငံသားတဦးကို ဇွန်လ ၁၁ ရက်နေ့ မြန်မာနိုင်ငံကို လေဆိပ်ကပြန်အဝင်မှာ ဖမ်းဆီးလိုက်တဲ့ အကြောင်းသတင်းထွက်ပေါ်လာပါတယ်။ Adam CAstillo ဆိုသူဟာ ရန်ကုန်မြို့ အခြေစိုက်အမေရိကန် ကုန်သည်ကြီးများ အသင်းမှာ ဥက္ကဋ္ဌ တာဝန်ယူဖူးသူဖြစ်ပြီး လက်ရှိကာလမှာ လုံခြုံရေးအကြံပေးကုမ္ပဏီတခုတည်ထောင် လုပ်ကိုင်နေသူ၊ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံရဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စာအုပ်တအုပ် ရေးသား ထုတ်ဝေထားသူဖြစ်ပါတယ်။ သူ့ကို ယင်းစာအုပ်ရေးသားမှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးတာလို့ ယူဆကြပါတယ်။
ဖမ်းဆီးခံရသူ နှစ်ဦးစလုံးဟာ အမေရိကန်နိုင်ငံသား ဖြစ်ပြီး ဦးမင်းဇင်က လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နေထိုင်နေသူ ဖြစ်ပါတယ်။ ဦးမင်းဇင်ဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံဖြစ်ပွားစဥ် အထက်တန်းကျောင်းသား အရွယ်ဖြစ်ပြီး ထိုစဥ်ကတည်းက ကျောင်းသားလှုပ်ရှားမှု၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာပါဝင်ခဲ့ကာ ပြည်တွင်းမှာ ၇ နှစ်ခန့် ပုန်းအောင်းနေထိုင် လှုပ်ရှားခဲ့ပြီးနောက် ထိုင်းနိုင်ငံကို တိမ်းရှောင်နေထိုင်ခဲ့ပြီးနောက် အမေရိကန်ပြည်ထောင်စုကို သွားရောက်ကာ Radio Free Asia မြန်မာပိုင်းအစီအစဥ်မှာ အလုပ်လုပ်ကိုင်ခဲ့ပြီးနောက် ကယ်လီဖိုးနီးယားပြည်နယ် ဘာကလေတက္ကသိုလ်မှာ မဟာဘွဲ့ တက်ရောက်အောင်မြင်ပြီး ဒေါက်တာဘွဲ့ ဆက်လက်တက်ရောက်ခဲ့တဲ့နောက် မူဝါဒရေးရာ သုတေသနအဖွဲ့တည်ထောင် လုပ်ကိုင်နေသူ တဦး ဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ပရောက် မြန်မာနိုင်ငံရေး အတိုက်အခံတွေ ပြန်လာခွင့် ရရှိခဲ့ရာမှာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာပြီး မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု့ ISP Myanmar ကို ၂၀၁၄ ခုနှစ်မှာ ထူထောင်ပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ မူဝါဒဆိုင်ရာ သုတေသန အစီရင်ခံစာ၊ ဆွေးနွေးပြောဆိုမှုတွေကို လုပ်ဆောင်နေခဲ့တာ ဖြစ်ပါတယ်။
NLD အစိုးရ တာဝန်ယူတဲ့ ကာလဖြစ်တဲ့ ၂၀၁၅-၂၀၂၀ ခုနှစ်တွေအတွင်း NLD အစိုးရရဲ့ မူဝါဒ၊ NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု လုပ်ဆောင်ချက်တွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ မူဝါဒနဲ့ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်တွေကို ဝေဖန်ပြောဆိုမှုအချို့ရှိခဲ့တာကြောင့် NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူ အချို့က ISP Myanmar နဲ့ ဦးမင်းဇင်အပေါ်မှာ ဆန့်ကျင်တဲ့အမြင် ရှိနေခဲ့ကြတာလည်း ဖြစ်ပါတယ်။
NLD အစိုးရလက်ထက် ISP Myanmar က ကမကထလုပ် ကျင်းပတဲ့ ယောမင်းကြီးဇရပ်လို့ အမည်ပေးထားတဲ့ မြန်မာ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ပတ်သက်တဲ့ မူဝါဒဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲကိုလည်း အန်အယ်လ်ဒီအစိုးရကို ဝေဖန်တဲ့ နေရာတခုအဖြစ် မြင်ကြပြီး စစ်တပ်ကိုတော့ မဝေဖန်ရဲဘူးဆိုတဲ့ ဝေဖန်ချက် အမြင်ရှိခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီလို အမြင်ရှိကြတဲ့ သူအချို့က အခုလို ဦးမင်းဇင်ကို တရုတ်အစိုးရက သူလျှိုလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တဲ့ သတင်းပေါ်ထွက်လာတဲ့အခါ ဝမ်းသာအားရတဲ့ မှတ်ချက်တွေ ရေးသားမှုတွေ လူမှုကွန်ရက်မီဒီယာမှာ တွေ့ကြရတာ ဖြစ်ပါတယ်။ ဒီလို အမြင်ရှိသူအချို့ရှိပေမယ်လို့ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ၊ သတင်းမီဒီယာသမား၊ လူ့အခွင့်အရေး လှုပ်ရှားသူ စတဲ့ အသိုင်းအဝိုင်းကတော့ အခုလို မြန်မာ့အရေး မူဝါဒသုတေသန အဖွဲ့တခုကို ဦးဆောင်နေသူကို ၄င်းတို့နိုင်ငံထဲ ဝင်ရောက်လာချိန်မှာ ဖမ်းဆီးလိုက်ခြင်းဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့ ဗိုလ်ကျမှုတခု၊ အနိုင်ကျင့်မှုတခုအဖြစ် ရှုမြင်ကြတာလည်း တွေ့ရပါတယ်။ မြန်မာအတိုက်အခံ အင်အားစုဘက်ကသူတွေ၊ ပြည်ပအခြေစိုက် မြန်မာသတင်းမီဒီယာကို ဦးဆောင်သူတွေ၊ တရုတ်နိုင်ငံရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး လူသိရှင်ကြား ဝေဖန်ပြောဆိုနေသူတွေ အနေနဲ့ မြန်မာစစ်အစိုးရရဲ့ ဖမ်းဆီးခံရနိုင်တဲ့ အန္တရာယ်သာမက တရုတ်အစိုးရအနေနဲ့လည်း ၄င်းတို့ အကျိုးစီးပွားကို ဆန့်ကျင်ဝေဖန် ပြောဆိုနေတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမား၊ သတင်းမီဒီယာသမားတွေကို အရေးယူနိုင်တယ်ဆိုတဲ့ အန္တရာယ်ရှိနေတာကို အခုဖြစ်ရပ်က လှစ်ဟပြလိုက်သလို ဖြစ်ပါတယ်။
ကမ္ဘာ့အင်အားကြီးနိုင်ငံ တနိုင်ငံ ဖြစ်လာသလို မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင် ကြိုးဆွဲနေတဲ့ တရုတ်နိုင်ငံရဲ့ အနိုင်ကျင့်ဗိုလ်ကျမှု တခု ဆိုတာထက် မြန်မာအတိုက်အခံ နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ သုတေသနလုပ်ကိုင်သူတွေအပေါ် တရုတ်အစိုးရရဲ့ ခြိမ်းခြောက်မှု တခုအဖြစ် အများက ရှုမြင်ကြတာ ဖြစ်ပါတယ်။
ISP Myanmar ဦးဆောင်သူ ဦးမင်းဇင် ဖမ်းခံရတဲ့သတင်း ပေါ်ထွက်တဲ့ ရက်မှာပဲ အမေရိကန် နိုင်ငံသား မြန်မာနိုင်ငံမှာ လုံခြုံရေးဆိုင်ရာ အကြံပေးကုမ္ပဏီတည်ထောင်ပြီးနေထိုင် နေသူ Adam Castillo ကို စစ်အစိုးရက ဖမ်းဆီးလိုက်ခြင်းဟာ မင်းအောင်လှိုင် အစိုးရအနေနဲ့ အမေရိကန်အစိုးရကို သွေးတိုးစမ်းလိုက်တဲ့ သဘောလို့ ယူဆရမဲ့ အနေအထားဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်းက အနေအထားတွေနဲ့ ပတ်သက်လို့ နိုင်ငံခြားသားတယောက် အနေနဲ့ တွေ့မြင်ကြားသိရတာတွေကို ရေးသားထားတဲ့ စာအုပ်တအုပ်ဖြစ်ပြီး စာအုပ်ထဲမှာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်း ဆက်လက်နေထိုင်နေကြရတဲ့ အခြေအနေ စီးပွားရေး ကမောက်ကမဖြစ်မှု၊ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှု စတာတွေကို ရေးသားထားတာ ဖြစ်ပါတယ်။ ဒီစာအုပ်ကို လွန်ခဲ့တဲ့ မတ်လက ထုတ်ဝေဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ စာအုပ်ထုတ်ဝေ ဖြန့်ချိပြီးနောက် နိုင်ငံအချို့မှာ စာအုပ်နဲ့ပတ်သက်တဲ့ Launching လုပ်တဲ့ အခမ်းအနား၊ ပြောဆိုမှုတွေ ရှိခဲ့ပြီးနောက် လအနည်းငယ်အတွင်း မင်းအောင်လှိုင်အစိုးရက ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။
Adam Castillo ဟာ မြန်မာနိုင်ငံကို ၂၀၁၂ ခုနှစ်နောက်ပိုင်း စတင်ရောက်ရှိလာခဲ့ပြီး ၂၀၁၄ ခုနှစ်ကနေ ယခု ၂၀၂၆ ခုနှစ်ထိ ၁၂ နှစ်ကျော်ကြာ နေထိုင်နေသူဖြစ်ပြီး မြန်မာနိုင်ငံ အမေရိကန်ကုန်သည်ကြီးများအသင်းမှာလည်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖူးသူ ဖြစ်ပါတယ်။
မင်းအောင်လှိုင် စစ်အစိုးရအနေနဲ့ ထရန့် ဦးဆောင်တဲ့ အမေရိကန်အစိုးရနဲ့ ဆက်ဆံရေး ကောင်းမွန်လာစေလိုတဲ့ ဆန္ဒရှိတာကို ယမန်နှစ် ထရန့်အစိုးရက ကုန်သွယ်မှုခွန်တွေ တိုးမြှင့်ခဲ့ချိန်မှာ ပေးပို့တဲ့ စာကို ကြည့်ရင် သိနိုင်ပါတယ်။ မကြာသေးခင်ကလည်း ဝါရှင်တန်ဒီစီက ထရန့်နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးသူတဦးရဲ့ အစိုးရမူဝါဒတွေ ပြောင်းလဲလာဖို့ အကျိုးဆောင်လော်ဘီကုမ္ပဏီ တခုကို ငှားရမ်းခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့အရေးမှာ ယခင် အမေရိကန် အစိုးရတွေနဲ့ ကွဲလွဲတဲ့မူဝါဒရှိတဲ့ ထရန့်အစိုးရနဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးစားနေတဲ့ မင်းအောင်လှိုင် အစိုးရက ဘာကြောင့် အမေရိကန် သံရုံးအသိုင်းအဝိုင်းကိုလည်း ဝင်ဆံ့သူ လူသိများတဲ့ အမေရိကန်နိုင်ငံသားတဦးကို ဖမ်းဆီးလိုက်ခြင်းဟာ ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းထုတ်စရာတွေတော့ ရှိလာပါတယ်။ ၄င်းရေးသားတဲ့ စာအုပ်ကြောင့်ပဲလား သို့မဟုတ် အခြားသီးခြား အကြောင်းအရာများ ရှိမလားဆိုတဲ့မေးခွန်းလည်း ရှိနေပြီး မင်းအောင်လှိုင် အစိုးရဘက်ကတော့ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေး ပြောဆိုတာ မတွေ့ရသေးတဲ့ အနေအထားဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar