Breaking News

ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြား သင့်မြတ်စွာ ရှင်သန်နိုင်ရေး အုတ်မြစ်

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၁ မြင်ကွင်း

(မိုးမခ) ဇွန် ၂၂ ၊ ၂၀၂၆

ပြည်သူတွေနဲ့ တော်လှန်ရေးအင်အားစုတွေအချင်းချင်းကြား သင့်မြတ်စွာ ရှင်သန်နိုင်ရေး အုတ်မြစ်

စစ်ခေါင်းဆောင်မင်းအောင်လှိုင်အတွက် အဓိက စိန်ခေါ်မှုမှာ နိုင်ငံကို ထိရောက်စွာ အုပ်ချုပ်နိုင်ခြင်းနှင့် တည်ငြိမ်မှု ထိန်းသိမ်းနိုင်ခြင်း ပေတံဖြစ်တယ်လို့ သုံးသပ်သူတွေက ရေးသားလာကြပါတယ်။ သီအိုရီအရ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးစနစ်အသစ်၏ အစဖြစ်သော်လည်း ပြည်တွင်းစစ်ကို အဆုံးမသတ် နိုင်သေးတာက လက်တွေ့အခြေအနေပါပဲ။  ဒါကြောင့် ၂၀၂၆ ခုနှစ် မြန်မာနိုင်ငံအတွက် အဓိက မေးခွန်းမှာ စစ်ခေါင်းဆောင် တဖြစ်လဲ သမ္မတမင်းအောင်လှိုင် အာဏာဆက်ရှိ၊ မရှိ မဟုတ်ဘဲ ၎င်း ဦးဆောင်ပဲ့ကိုင်နေတဲ့ နိုင်ငံရေးစနစ်ဆိုတာက ပြည်တွင်းစစ်ကို ဖြေရှင်းနိုင်မည်လား၊ သို့မဟုတ် ပဋိပက္ခများသည် ပုံစံပြောင်းလဲကာ ဆက်လက်တည်ရှိနေမည်လား ဆိုတာဖြစ်တယ်လို့ ဆိုလာကြပါတယ်။

လက်ရှိအခြေအနေတွေထဲကနေ သာဓကပြပြီး ဆွေးနွေးကြည့်ရအောင်ပါ။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ်အပြီးမှာ ပြည်တွင်းနဲ့ နယ်စပ်ဒေသတလျောက်မှာရှိတဲ့ အပစ်ရပ်ထားတဲ့ သို့မဟုတ် ငြိမ်းချမ်းရေးစာချုပ် တစုံတရာချုပ်ဆိုထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အာဏာသိမ်းစစ်အုပ်စု၏ ထိတွေ့ဆက်ဆံမှုတွေ တိုးမြင့်လာတာ တွေ့ရှိရပါတယ်။ လက်ရှိ ဆွေးနွေးပွဲတွေမှာ NCA အုပ်စုတွေ၊ RCSS၊ NMSP၊ DKBA စတဲ့ အဖွဲ့တွေပါဝင်နေကြပြီး သူတို့နဲ့ သဘောတူညီချက်အသစ်တွေ၊ လိုက်လျောမှုအသစ်တွေ ဘာတွေတိုးလာမလဲ ဆိုတာကို စောင့်ကြည့်ရမယ့် အခြေအနေဖြစ်ပါတယ်။

အဲသည်ထဲမှာ - UWSA က မြောက်ဝနဲ့ တောင်ဝဒေသတွေကို ပေါင်းစည်းပြီး "Wa State" (ဝပြည်နယ်) အဖြစ် အသိအမှတ်ပြုဖို့ကို ပိုပြီး အာရုံစိုက်လာတယ်လို့ ဆိုပါတယ်။ မြောက်ပိုင်းပန်ဆန်းဒေသနဲ့ ထိုင်းနယ်စပ်အနီး တောင်ဝဒေသကို နိုင်ငံရေးအရ ချိတ်ဆက်နိုင်မယ့် အနေအထားတခုကို အဖြစ်ကို ပိုလိုလားတယ်လို့ သုံးသပ်ကြပါတယ်။ 

NDAA ဟာ မိုင်းလားအထူးဒေသ (၄) ကို တရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် တိတိကျကျ လိုချင်တာလို့ Myanmar Peace Monitor က ဖော်ပြထားပါတယ်။ ထောက်ပြတဲ့ အချက်ကတော့ သူတို့နယ်မြေတွေကို စစ်တပ်က စစ်အုပ်ချုပ်ရေး ကြေညာထားတာမျိုးကို စွက်ဖက်မှုအဖြစ် နှစ်သက်ပုံမရပါဘူး။  ၂၀၂၅-၂၀၂၆ တွေ့ဆုံမှုတွေမှာ NDAA က မိုင်းလားမြို့နယ်အပေါ် ကြေညာထားတဲ့ Martial Law ကို ရုပ်သိမ်းပေးဖို့ တိုက်ရိုက်တောင်းဆိုခဲ့တာ ရှိပါတယ်။

ရှမ်းပြည်နယ်တွင်းမှာ ရှိတဲ့ RCSS/SSA တို့၊ SSPP/SSA တို့၏ အနေအထားကျတော့ သူတို့၏ နိုင်ငံရေးမြေပုံကို အခြားနဲ့ ခွဲဝေပေးလိုက်ရမှာကို ပိုစိုးရိမ်ပြီး ရှမ်းနိုင်ငံရေးအင်အားစုအချို့အတွက် နယ်မြေအဆင့်အတန်းနှင့် အနာဂတ်ဖက်ဒရယ်ဖွဲ့စည်းပုံဆိုင်ရာ ဆုံးဖြတ်ချက်များဆိုတာက နေပြည်တော်နှင့် ဆွေးနွေးညှိနှိုင်းရမည့် အကြောင်းအရာများအဖြစ် ဆက်လက်မြင်တွေ့နေကြပုံ ရပါတယ်။  ရှမ်း၊ တအာင်း၊ ဝ၊ ကိုးကန့်နှင့် အခြားတိုင်းရင်းသားအင်အားစုများအကြား နိုင်ငံရေးအာဏာနှင့် နယ်မြေအဆင့်အတန်းကို ဘယ်လိုခွဲဝေမလဲ ဆိုတဲ့ မေးခွန်းအပေါ်ကနေ ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။

ဖယ်ဒရယ်အရေးနဲ့ပတ်သက်ပြီးဖြစ်စေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ဖြစ်စေ ၊ နောက်ဆုံး နယ်မြေခွဲခြမ်းရေးအတွက် ဆွေးနွေးကြမယ်၊ ဆုံးဖြတ်ချက်တွေ အတည်ပြုချက်တွေ ရယူကြမယ်ဆိုရင် လက်ရှိ အာဏာနဲ့ လက်နက်အင်အားအများစုကို သိမ်းပိုက် ချုပ်ကိုင်ထားတဲ့ မြန်မာစစ်တပ်နဲ့ပဲ ဖြေရှင်းကြရမယ်လို့ သဘောထားကြတဲ့ အစုအဖွဲ့တွေ ဘက်တွေ ရှိနေတာကို မြင်တွေ့ကြရတဲ့ သဘောဖြစ်ပါတယ်။

 ဒီဖြစ်စဉ်တွေက လက်ရှိမြန်မာ့နိုင်ငံရေးမှာ စစ်ရေးအင်အားတစ်ခုတည်း မဟုတ်တော့ဘဲ အနာဂတ် နိုင်ငံရေးအဆင့်အတန်း၊ နယ်မြေအုပ်ချုပ်ခွင့်နဲ့ တရားဝင်မှုတို့ကို အပြိုင်ညှိနှိုင်းနေကြတဲ့ အဆင့်တစ်ခုဆီ ရောက်လာနေပြီဆိုတာကို ပြသနေပါတယ်။

၂၀၂၁ ကနေ ပေါ်ထွန်းလာတဲ့ မြန်မာနွေဦးတော်လှန်ရေး အင်အားစုတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် ကျယ်ပြန့်လာတဲ့ ပြည်တွင်းစစ်နယ်မြေတွေက ပြည်သူတွေအတွက်ကတော့ စစ်အုပ်စုနဲ့ ဘယ်လိုမျိုး ဖြေရှင်းကြမလဲဆိုတဲ့ မေးခွန်းမှာ - စစ်ရေး နိုင်ငံရေးအရ ရပ်တည်ချက်ဆိုတာမှာ၊ ရေတိုကော ရေရှည် အတွက်ပါ ဘယ်လိုသတ်မှတ်ထားကြမလဲဆိုတာက တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့တွေထက် ပိုပြီး ကျယ်ပြန့်တဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။

နွေဦးတော်လှန်ရေးက စစ်အာဏာရှင်ကို လုံး၀ဖြုတ်ချရေးဖြစ်တာကြောင့် အဲဒီအခါ မေးခွန်းက "ဘယ်လို အနိုင်ယူမလဲ"  တစ်ခုတင်သာ မဟုတ်တော့ပဲ  "ဘယ်လို နိုင်ငံရေးအင်အားစုအဖြစ် ရပ်တည်မလဲ" ဆိုတာ ဖြစ်လာတယ်လို့ အကဲခတ်တွေက ဆိုကြပါတယ်။ လက်ငင်း ၂၀၂၁ ပြည်တွင်းစစ် ငါးနှစ်ကျော်ကြာလာချိန်မှာ စစ်အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဒေသတွင်းအင်အားကြီးနိုင်ငံများကိုယ်တိုင်က ၎င်းတို့၏ အကျိုးစီးပွားအတွက် နေရာယူမှုများ စတင်လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုများအတွက် အရေးကြီးဆုံး မေးခွန်းမှာ စစ်အစိုးရကို မည်သို့ရင်ဆိုင်မည်နည်း ဆိုသည့် မေးခွန်းတစ်ခုတည်း မဟုတ်တော့လို့ ဆိုချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ၊ တရားမျှတမှုနှင့် ပြည်သူ့ကိုယ်စားပြုမှုတို့ကို မည်သို့ဆက်လက်ထိန်းသိမ်းမည်နည်း၊ စစ်အုပ်စု၏ စစ်ရေး အုပ်ချုပ်ရေးနဲ့ တရားဝင်မှုကို တိုးချဲ့လာနေတဲ့ မြန်မာနိုင်ငံမှာ ဘယ်လိုမျိုး စစ်ရေးနဲ့ နိုင်ငံရေးအခန်းကဏ္ဍဖြင့် ရပ်တည်မည်နည်း ဆိုသည့် မေးခွန်းများ ပိုမိုအရေးပါလာတယ်လို့ ဆိုကြပါတယ်။

သည်လိုမျိုး မေးခွန်းထုတ်လို့ တော်လှန်ရေးအင်အားစုများ၏ ဝေဖန်မှုကိုလည်း ရင်ဆိုင်ရနိုင်ပေမယ့် လက်ရှိအခြေအနေမှာ တော်လှန်ရေးအဖွဲ့ဝင်တွေ အချင်းချင်းကြားမှာ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေခြင်း၊ အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခများ ဖြစ်ပွားနေခြင်း၊ မဟာမိတ် တပ်ပေါင်းစု စသည့် စည်းမျဉ်းများ  ပြန်လှန် သုံးသပ်နေရတဲ့ အခြေအနေတွေ ရင်ဆိုင်နေရတာ အားလုံး အသိပဲ ဖြစ်နေပါတယ်။ စစ်ပူဒေသက ပြည်သူတွေနဲ့ စစ်အေးဒေသက ပြည်သူတွေကြားက အခြေအနေချင်း မတူညီကြတာမို့၊ ကွာဟချက်တွေ ကြီးလာတာမို့၊ ပြည်သူတွေအချင်းချင်း ကိုယ်ချင်းစာပြီး ထောက်ကူပေးကြဖို့ သွေးမအေးကြဖို့ စာနာကြဖို့ အားစိုက်ပြီး တိုက်တွန်း နှိုးဆော်နေရတဲ့ အခြေအနေကိုလည်း ရင်ဆိုင်နေကြရပါတယ်။ 

တဖက်တွင် စစ်အုပ်စုက  နိုင်ငံရေးဆွေးနွေးပွဲများ၊ ဒေသတွင်းသံတမန်ရေး လှုပ်ရှားမှုများနှင့် အုပ်ချုပ်ရေးယန္တရားများမှတဆင့် ၎င်း၏ တရားဝင်မှုကို တိုးချဲ့ရန် ကြိုးပမ်းနေပါတယ်။ အခြားတဖက်တွင် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုမှာ စစ်ပွဲ၏ ပင်ပန်းနွမ်းနယ်မှု၊ အကျိုးစီးပွားပဋိပက္ခများနှင့် အချင်းချင်းကြား နားလည်မှုကွာဟချက်များကို ရင်ဆိုင်နေကြရပါတယ်။

ဤအခြေအနေတွင် တော်လှန်ရေး၏ အင်အားသည် လက်နက်ကိုင်နိုင်မှုတစ်ခုတည်းတွင် မရှိတော့ဘဲ ပြည်သူအချင်းချင်းကြား ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုနှင့် အတူတကွ ရှင်သန်နိုင်သည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ရပ်ကို ဆက်လက်ထိန်းသိမ်းနိုင်ခြင်းအပေါ် ပိုမိုမှီတည်လာပါတယ်။ စစ်အုပ်စု၏ ခြေလှမ်းများ ပိုမိုတိုးလာလေ၊ တော်လှန်ရေးဘက်က မိမိတို့အချင်းချင်းကြား ယုံကြည်မှုနှင့် စည်းလုံးမှုကို ပိုမိုတည်ဆောက်နိုင်လေလေ ဖြစ်ရပါမယ်။ အဆုံးအဖြတ်ပေးမည့်အရာမှာ မည်သူက နယ်မြေပိုမိုထိန်းချုပ်ထားသလဲ ဆိုတာတစ်ခုတည်း မဟုတ်တော့ဘဲ မြန်မာနိုင်ငံ၏ အနာဂတ်ကို တည်ဆောက်ရာတွင် မည်သူက ပြည်သူများ၏ ယုံကြည်မှုကို ပိုမိုထိန်းသိမ်းနိုင်သလဲ ဆိုသည့် မေးခွန်းပင် ဖြစ်လာနေပြီ ဖြစ်ပါတယ်။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar