Breaking News

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၇)


နိုင်ငံတကာအခင်းအကျင်းသစ်များ (၇)

လှကျော်ဇော

 မိုးမခ ၊ ဇွန် ၂၂ ၊ ၂၀၂၆


ရှီကျင့်ဖိန်ရဲ့ မြောက်ကိုရီးယားခရီး

"လမ်းများအားလုံး ပေကျင်းသို့ (All roads to Beijing)" တဲ့။

ဘီဘီစီရဲ့ တွေ့ဆုံဆွေးနွေးခန်းတစ်ခုမှာ ဩစတြေးလျ ပညာရှင်တစ်ယောက် ပြောသွားတဲ့ စကားပါ။ ပြောလည်း ပြောစရာပါပဲ။ လာလိုက်ကြတဲ့ နိုင်ငံခြားခေါင်းဆောင်တွေဆိုတာ နေ့စဉ်မပြတ်သလောက်ပါပဲ။ ထိပ်ဆုံးခေါင်းဆောင်တွေ နိုင်ငံတော် အလည်အပတ်ခရီး (State visit) ဆိုတဲ့ နာမည်နဲ့ လာလို့ကတော့ ကမ္ဘာ့ထိပ်တန်းနိုင်ငံများက ခေါင်းဆောင်များ (ဥပမာ - ထရန့်၊ ပူတင် စသဖြင့်) ကစလို့ အလွန်နာမည်ပျက်နေတဲ့ ခေါင်းဆောင်မျိုး (ဥပမာ - မအလ) အဆုံး လာသမျှ ခေါင်းဆောင်တွေကို တန်းတူရည်တူ တျန်အန်မင်ရင်ပြင်မှာ (သို့မဟုတ် ရာသီဥတုမကောင်းရင် ပြည်သူ့ခန်းမကြီးထဲမှာ) စစ်သည်ဗိုလ်ပါ အပြည့်အစုံနဲ့ အကျအန ကြိုဆိုတဲ့ အခမ်းအနားများ လုပ်နေတာ မပြတ်လှပါ။

အဲဒီလို နိုင်ငံတကာက ခေါင်းဆောင်တွေ တဝေါဝေါလာနေလို့ နေ့စဉ်ရက်ဆက် ဧည့်ခံနေရတဲ့ အိမ်ရှင် တရုတ်သမ္မတ ရှီကျင့်ဖိန်က မြောက်ကိုရီးယားကို နိုင်ငံတော် အလည်အပတ်ခရီးအဖြစ် ဇွန်လ ၈ ရက်နေ့မှာ စတင်လိုက်တဲ့အခါ တကမ္ဘာလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားပြီး စိတ်ဝင်တစား စောင့်ကြည့်တာ၊ နိုင်ငံတကာက ထင်မြင်ချက်အမျိုးမျိုးနဲ့ ရေးထားတဲ့ ဆောင်းပါးတွေ ထွက်လာတာနဲ့ အတော်ပွဲစည်သွားပါတယ်။

တကယ်တော့ တရုတ်က ကမ္ဘာကို ပေးချင်နေတဲ့ သတင်းစကားတွေကို တစ်ဆင့်ပြီးတစ်ဆင့် ပေးနေပုံပါပဲ။ ဇာတ်လမ်းက မနှစ် (၂၀၂၅) က ပေကျင်းမှာ အကြီးအကျယ် ကျင်းပခဲ့တဲ့ "ဂျပန်ခုခံရေးစစ်ပွဲ အောင်မြင်တဲ့ အနှစ် (၈၀) အထိမ်းအမှတ်ပွဲ" မှာ အစပျိုးခဲ့တာပါ။ အဲဒီပွဲကို တရုတ်က ဖိတ်လို့ နိုင်ငံပေါင်း ၆၀ ကျော်က ခေါင်းဆောင်အများအပြား (အဲဒီတုန်းကလည်း မအလ တက်တယ်။) တက်ရောက်ခဲ့ကြပါတယ်။ အဲဒီမင်းပေါင်းစုံထဲကမှ တရုတ်သမ္မတ ရှီကျင့်ဖိန်ဟာ တျန်အန်မင်ရင်ပြင်မှာ ဗိုလ်ရှုခံတဲ့အခါ သူ့ဘေး တစ်ဖက်တစ်ချက်မှာ ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားသမ္မတ ကင်ဂျုံအန်းတို့ကို အထူးဧည့်သည်တော်ကြီးများအဖြစ် ခြံရံပြီး နေရာပေးခဲ့ပါတယ်။ အနောက်သတင်းဌာနတွေက အလွန်သေးသိမ်စွာ (အာဏာရူး၊ တနိုင်ငံလုံး ဆင်းရဲတွင်းဆွဲသွင်းနေသူ စသဖြင့်) ရုပ်ဖျက်ထားတဲ့ မြောက်ကိုရီးယားသမ္မတကို တျန်အန်မင်ပေါ် ဆွဲတင်ပြီး နိုင်ငံခေါင်းဆောင်ကြီးတစ်ဦးအဖြစ် ပွဲထုတ်ပေးခဲ့တာပါ။

တျန်အန်မင်စင်မြင့်ပေါ်က ဗိုလ်ရှုခံနေတဲ့ အလယ်က ရှီကျင့်ဖိန်‌နဲ့ ဘေးတစ်ဖက်တစ်ချက်က ပူတင်နဲ့ ကင်ဂျုံအန်း သုံးယောက်တွဲပုံဟာ "မဟာမိတ်သုံးဦး ခိုင်ခိုင်မာမာ ဖွဲ့စည်းထားပြီဖြစ်ကြောင်း" တရုတ်က ကမ္ဘာကို ပေးလိုက်တဲ့ သတင်းစကားပါ။

နောက်သတင်းစကားတစ်ခုကတော့ ဒီနှစ်ထဲ တရုတ်ပြည်ကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတဲ့ ထရန့်နဲ့ ပူတင်တို့ရဲ့ ခရီးစဉ်များအပြီး ပေါ်ထွက်လာတဲ့ ကြေညာချက်များပါ။ အမေရိကန်နဲ့ ချုပ်ဆိုတဲ့ အဓိကစာချုပ်ဟာ "အပြုသဘောဆောင်တဲ့၊ မဟာဗျူဟာကျတဲ့၊ ရေရှည်ခံတဲ့ ဆက်ဆံရေး တည်ထောင်ရန်" တဲ့။ ရုရှားနဲ့ကျတော့ "ဘက်ပေါင်းစုံ မဟာဗျူဟာကျတဲ့ ဟန်ချက်ညီစွာ ပူးပေါင်းဆောင်ရွက်မှု" တဲ့။ အတော်ကွာခြားပါတယ်။ အမေရိကန်နဲ့က ဘက်နှစ်ဘက် ဆက်ဆံရေးပဲဖြစ်ပြီး ရုရှားနဲ့ကျတော့ တကမ္ဘာလုံးဆိုင်ရာ နည်းဗျူဟာများမှာပါ ပူးပေါင်းလုပ်ဆောင်မဲ့ သဘောပါ။ အဆင့်မတူပါဘူး။ ရုရှားနဲ့ ဆက်ဆံရေးက ပိုမြင့်ပါတယ်။ (တရုတ်ကတော့ သူ့ရဲ့ မဟာမိတ်စာချုပ်များဟာ ဘယ်တတိယနိုင်ငံကိုမှ ပစ်မှတ်မထားပါဘူးလို့တော့ မပြတ်ပြောနေပါတယ်။)

အခု မြောက်ကိုရီးယားခရီးမှာလည်း ရှီ ပြောနေတဲ့ စကားများမှာ သတင်းစကားတွေ ပါနေပါတယ်။ တစ်မျိုးမဟုတ် တစ်မျိုး၊ တစ်နေရာမဟုတ် တစ်နေရာမှာ အမြဲထည့်ပြောနေတဲ့ စကားစုများကတော့ -

  •  တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံလုံးဟာ ကွန်မြူနစ်ပါတီများရဲ့ ဦးဆောင်မှုကို ခံယူထားတဲ့ ဆိုရှယ်လစ်နိုင်ငံများ ဖြစ်ကြတဲ့အလျောက် ဒီနှစ်နိုင်ငံရဲ့ အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုဟာ တူညီတဲ့ ယုံကြည်ချက်နဲ့ စံချိန်စံညွှန်းများအပြင် ဘုံရည်မှန်းချက်များအပေါ် အခြေခံထားတာပါ။
  • ဒီနှစ်နိုင်ငံကြားက ချစ်ကြည်ရင်းနှီးမှုများဟာ အလွန်ခိုင်မာတဲ့ သမိုင်းဝင် အခြေခံအုတ်မြစ်ရှိပြီး၊ နိုင်ငံရေးအရလည်း တူညီမှုတွေရှိတဲ့အပြင် စိတ်ခံစားမှုများအရလည်း သံယောဇဉ်နှောင်ကြိုးတွေ တွယ်ယှက်နေပါတယ်။
  • ဒီနှစ်နိုင်ငံလုံးရဲ့ ဆိုရှယ်လစ် အရေးတော်ပုံကြီးအတွက် ပိုမိုတောက်ပတဲ့ အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာရေးအတွက် ကျွန်တော်တို့တစ်တွေ အမြင်ကျယ်ကျယ်ထားပြီး ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းအမျိုးမျိုးကို စုပေါင်းရှာဖွေကြရအောင်... စတဲ့ စကားများပါ။

တကယ်တော့ ရှီကျင့်ဖိန်ဟာ ဆိုရှယ်လစ်စနစ်ရဲ့ အားသာမှုများကို မိမိနိုင်ငံ တစ်နိုင်ငံတည်းမှာသာမက တခြားနိုင်ငံများမှာလည်း တွေ့နိုင်တယ်။ တစ်နည်းပြောရရင် မြောက်ကိုရီးယားဟာ (အနောက်သတင်းများ ဖော်ပြနေသလို) ဆင်းရဲတဲ့နိုင်ငံ မဟုတ်ဘဲ ဆိုရှယ်လစ်စနစ်ကို တည်ဆောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်တယ်။ အရှိန်အဟုန်ကြီးစွာနဲ့ တိုးတက်နေပြီ ဆိုတာကိုလည်း သတင်းစကားပေး ပြသလိုက်တာပါ။

ရှီကို ကြိုဆိုရာမှာ မြောက်ကိုရီးယားလူထုဟာ အလွန်တက်ကြွစွာ၊ စိတ်လှုပ်ရှားစွာ၊ အလွန်ကျေးဇူးတင်စွာနဲ့ ကြိုကြတာကို လမ်းဘေးတွေက ကြိုဆိုနေတဲ့ လူအုပ်၊ ကြိုဆိုတဲ့ အခမ်းအနားလုပ်တဲ့ ရင်ပြင်ကြီးထဲက လူအုပ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။ တကယ်လည်း တရုတ်တွေဟာ (၁၉၅၀ ပြည့်နှစ်များ အမေရိကန် ကျူးကျော်မှုကို) အကျအဆုံး အများအပြား အကျခံပြီး ကူညီတိုက်ထုတ်ပေးခဲ့တာပါ။ (မှတ်ချက်။ တရုတ်က လူပေါင်းသုံးသိန်းကျော် ကျတာ၊ အဲဒီတုန်းက တရုတ်သမ္မတကြီး မော်ရဲ့သား မော်အန့်ရင်းလည်း အဲဒီအထဲ ပါသွားခဲ့ပါတယ်။)

ရှီ ပြောတဲ့ မိန့်ခွန်းတွေမှာ မြောက်ကိုရီးယားရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဒေသဆိုင်ရာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကိုလည်း အထောက်အကူပြုနိုင်တယ် ဆိုတာလောက်သာ ပါပေမဲ့ ဒီသတင်းတွေနဲ့အတူ သတင်းစာတွေထဲမှာပါတဲ့ အတွေးအမြင် ဆောင်းပါးတစ်စောင်မှာတော့ ဒီလို ရေးထားတာ တွေ့ရပါတယ်။

"ဒီခရီးစဉ်ဟာ အာရှတိုက်ရဲ့ အပူကွက်တကွက် ဖြစ်တဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့ တည်ငြိမ်ရေးကို အထောက်အကူပြုနိုင်ပါလိမ့်မယ်" တဲ့။

တောင်ကိုရီးယားရဲ့ လက်ရှိသမ္မတ လီချေမွန်ဟာ ရှီကျင့်ဖိန်နဲ့ ရင်းနှီးသူပါ။ မြောက်နဲ့ တောင်ကိုရီးယားတို့ ရန်တစောင်စောင် မနေတော့ဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေနိုင်ရင်တော့ ကမ္ဘာကြီးအတွက် အလွန်ကောင်းမွန်တဲ့ အစဉ်အလာတရပ် ဖြစ်လာနိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေး ထိန်းသိမ်းရေးအတွက်လည်း ဥပမာကောင်းတရပ် ဖြစ်လာနိုင်စရာ ရှိပါတယ်။

ဒီအကွက်ကလည်း တရုတ်ပြည်က ကမ္ဘာကို ပေးချင်တဲ့ သတင်းစကားများ ဖြစ်လေမလား။

စောင့်ကြည့်ကြရအောင်ပါ။

လှကျော်ဇော

၁၇-၆-၂၀၂၆


-

လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)


လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၃)





Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar