ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၃)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၃)
မိုးမခ ၊ ဇွန် ၂၈ ၊ ၂၀၂၆
ဒီဒွန်နယာမှာ ခွေးမျိုး ၃၆၁ ရှိတဲ့အထဲမှာ ပန်းလေညှင်းရင်ကို တဟင်းဟင်းနဲ့ ဒေါသထွက်နေတဲ့ခွေးမျိုး၊ ပန်းလေးမြူးရင် မူးနောက်ဝေရီ ဖင်တသီသီဖြစ်နေတဲ့ ခွေးမျိုး၊ ပန်းလေသွေးရင် ခွေးရူးဘဝ အထူးရတဲ့ခွေးမျိုး ဆိုပြီး ပန်းသံကြားရင် တဂါးဂါး ဖြစ်တဲ့ခွေးမျိုးလည်း ရှိတယ်နော်။
မြန်မာပြည်ပေါက်ခွေးတွေဆို အဲဒီလို ပန်းကြောက်ခွေးမျိုးချည်းပါဘဲ။ သူတို့အကြောက်ဆုံးပန်းကတော့ နှင်းဆီ။ နှင်းဆီက သင်းကြည်နေတော့၊ လူတွေကို ကြည်လင်စေတဲ့ သင်းရနံ့ ရှိတော့၊ အဲဒီဂုဏ်ကို ခိုလှုံနိုင်တဲ့ အင်္ဂါရပ် ချို့တဲ့နေတဲ့ ထူးခြားခွေးမျိုး ဆိုတော့ကား ဘယ်ခွေးနဲ့မှမတူ တမူ ရူးနှမ်းနေတာပေါ့လေ။ ခွေးမတွေဆို နှင်းဆီပန်း မြင်တာနဲ့ အော့ကြ အန်ကြ အမြုပ်တစီစီ ဘွတ်ဘွတ်တဘွီဘွီနဲ့ မြေပြင်မှာ လူးလှိမ့်နေကြတာများ။ အထီးတွေကတော့ နှင်းဆီနံ့ရရင်ကို အူချင်ဟောင်ချင်လာပြီး နှင်းဆီပန်း မြင်ရင်တော့ ကိုက်ကြ ဆွဲကြ လုပ်ကြတာပဲ။ ဘုရားပန်းအိုးက နှင်းဆီပန်းတောင်မရ ခွေးရူးဝဲကျသလို ကိုက်တာ။ ကျန်တဲ့အချိန် ဘုရားလိုဏ်ခေါင်း အောင်းပြီးမာန်သွေး ဟောင်တဲ့ခွေး လုပ်ပေမဲ့ နှင်းဆီသခင် မွေးနေ့နီးပြီဆို ဖောက်လာပြီ။ လက်ပံပွင့်ချိန် ရူးတာထက် ဆိုးတယ်။ နှင်းဆီသခင်မွေးနေ့မှာဆို ခွေးအူသံတွေ ညံ၊ ပွက်၊ ခွေးအီသံတွေ ထွီစရာကောင်း၊ ခွေးသွားရည်နံ့တွေ ထောင်းလမောင်းခတ်လို့ လူ့ဘဝဟာ သုနခတွေကြောင့် အကျည်းတန်ရတဲ့အချိန်ဘဲ။ သူတို့က ပန်းကို အမြဲကြောက်တာမျိုးတော့မဟုတ်ဘူး။ ပန်းနိမိတ်ပေါ်တဲ့ ရက်တွေဆို သပြေတို့ဘာတို့တောင် ကြောက်တဲ့ရက်တွေလည်း ရှိတယ်။
အဲဒီပန်းကြောက်ခွေးတွေရဲ့ ခေါင်းဆောင်က ရှောက်ကြည့်ပြုံးတဲ့။ ဒီနာမည်က တရုတ် သွားတုန်းကရတာ။ တရုတ်တွေက ခွေးကြိုက်မောင်တွေ မဟုတ်လား။ စားချင်လို့မှာတော့ အဲခွေးချုပ် တရုတ် ရောက်သွားတာ။ ဟိုမှာက သူ ကျင်လည်ဟောင်စားနေကျ ဈေးတန်းမျိုး မဟုတ်ဘူးလေ။ အဲသမှာ သူ သိတာ ဘာမှမရှိ၊ သူ့ဟောင်သံ အူသံလည်း မပေးရဲတော့ ရှောက်ရင်းကြည့်၊ ကြည့်ရင်းပြုံးပဲလုပ်နေလို့ မအလနဲ့ ငလမကိုလည်း ထုတ်မခေါ်ရဲအတူတူ ရှောက်ကြည့်ပြုံးလို့ တရုတ် နာမည်ပေးလိုက်သတဲ့။ အစပထမကတော့ မအလလို့ ခေါ်သတဲ့၊ တခါတရံလဲ ငလမပေါ့။ ဘာခေါ်ခေါ် ကြားတဲ့သူတွေက ကြည့်ကြည့်ပြုံးကြတော့ ရှီကျင့်ဖျင်ပါ ကြားကြည့်ပြုံးနာမည်ရမှာကြောက်ပြီး မခေါ်ရဲတော့တာတဲ့။ အဲဒီရောက်တဲ့ မြန်မာခွေးတိုင်းလိုလို ရှောက်ကြည့်ပြုံးဘဲလုပ်ကြတော့ အကုန်လုံးကို ရှောက်ကြည့်ပြုံးတွေလို့ဘဲခေါ်ကြတော့တယ်။ရှောက်ကြည့်ပြုံးတွေကိုမြည်းစမ်းပြီးတဲ့ တရုတ်တွေဟာ ပန်းကြောက်ခွေးသားကြိုက်သွားပြီး ဈေးကွက်တင်ဖို့လုပ်တော့ ဒီရောင်တွေ ခြေရာဖျောက်လို့မရအောင်၊ ခေါ်လို့လွယ်အောင်ဆိုပြီး Huawei ဖုန်းလေး ခွေးလည်ပင်းချိတ်ပေးလိုက်သတဲ့။ အဲသမှာ Huaweiကုမ္ပဏီက ဒေဝါလီခံရကိန်းဆိုက်တော့မှာပဲဆိုပြီး ဒီပရက်ရှင်တောင် ဝင်နေသတဲ့။ ဘာ့လို့ဆို သူက ဒီခွေးနဲ့ထိစပ်သမျှ ပျက်စီးဒုက္ခရောက်တတ်တာကို သိထားတာမို့တဲ့။
ရှောက်ကြည့်ပြုံးဟာ တဖြည်းဖြည်း မျိုးတုံးပျောက်ကွယ်တော့မဲ့ သူတို့ပန်းကြောက်ခွေးမျိုးရိုးအတွက် ရတက်အေးရာအေးကြောင်း စက်ရုပ်ခွေး ထုတ်လုပ်တဲ့နေရာကို သွားစပ်စုခဲ့သတဲ့။ ရှောက်ကြည့်ပြုံးတွေရဲ့ ခွေးခေါင်းဆောင် ပီသကြောင်းလည်း ပြချင်တာကိုး။ စိတ်မအေး ဖြစ်နေကြတာ ဆိုတော့ ခွေးစက်ရုပ်တွေ အစားထိုးပေးနိုင်ရင် သူ့ရဲ့သုနခမဟာရာဇာ ရာထူးမြဲမယ် မဟုတ်လား။ မဟုတ်ရင် သူ့ကို ဖြုတ်ကြတော့မှာလေ။ သူ့လက်ထက်ကျမှ ခွေးက တကောင်ချင်းတောင်မဟုတ်၊ အုပ်လိုက်ပြုတ်တာလား။ ပြုတ်သမျှကလည်း သူ့မိသားစု ကာကွယ်ရင်းဆိုတော့ ဘယ်ခွေးမှ မကျေနပ်တော့။ အဲဒီတော့ စက်ရုပ်ခွေးတွေ ကမ္ဘာကို တင်ပို့ရောင်းချနေတဲ့ကုမ္ပဏီထဲမှာ ဘာမမှား ခွေးရှောက်ကြည့်ပြုံးလေးဟာ စက်ရုပ်ခွေးတွေကြား ရှောက်ကြည့်ပြုံးရင်း ဒီခွေးတွေဟာ ငါ့ကို ခွေးခေါင်းဆောင်ကြီးအဖြစ် သက်တမ်းတိုးပေးတော့မှာကို မြင်ယောင်ရင်း မြောက်ကြွမြောက်ကြွနဲ့ လမ်းသလားရတာ အတော်ပျော်ခဲ့ရှာသတဲ့ကွယ်။ ဟို တရုတ်ဘက်ကလဲ ခွေးမျိုးမတုံးစေရ အာမခံပေးလိုက်ဆိုကိုး။ အထူးသဖြင့် ပန်းကြောက်ခွေးမျိုး သီးသန့်ထုတ်ပေးမယ်ဆိုတော့ ပျော်ရှာတာပေါ့။ ရှောက်ကြည့်ပြုံးက ခွေးသားအစစ်ပို့၊ ရှီကျင့်ဖျင်က စက်ရုပ် ခွေးနှစ်ဆပြန်ထုတ်ပေးဖို့ ခြောက်ချက်အူ၊ သုံးချက်ဟောင်ကာ ခွေးရေပုရပိုဒ်မှာ မှတ်တမ်းတင်ခဲ့သတဲ့။
ရှောက်ကြည့်ပြုံးရဲ့ အူသံပြန် ကိန်ကိန်ဆိုး အဲလေ ခိုင်ခိုင်စိုးကလည်း ခွေးမျိုးမတုံးရေး၊ ရာသီအလိုက် ခွေးရူးချိန်ရူး၊ မိတ်လိုက်ချိန်မိတ်လိုက်၊ ပန်းကြောက်ချိန်ကြောက်၊ အူသံဟောင်သံမှန်မမှန်တွေ စောင့်ကြည့်ဖို့ ဂြိုဟ်တုတလုံး ကူလွှတ်ပေးမယ့်အစီအစဉ်ထူးကြီးတောင် ပါလာတယ်ဆိုပြီးလည်း ကြွားလုံးထုတ်သွားရဲ့။ الخွေးခွေးချင်း အစွယ်မြင်တွေကတော့ တရုတ်က ခွေးဝမ်းသာအောင် လေလည်ပြတာလို့ အူကြတယ်။ ခုတိုင်းဆို ငလမဟာ နေမြင့်လေ အရူးရင့်လေ ဖြစ်ပြီတဲ့။ အင်းလေ ခွေးကို အရူးဆေးထိုးရတာ ဘာခက်တာမှတ်လို့။
ဟာဝေကြီး လည်ပင်းဆွဲပြန်လာမယ့် ငလမ သုနခချုပ်မှူးကြီးကို အိန္ဒိယ ခွေးသားရောင်းခရီးစဉ်ထက် ပိုပြီး ခမ်းခမ်းနားနားကြိုဖို့ ရုပ်ရှင်၊ အဆိုတော်၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့တွေ၊ တိုင်းရင်းသားရိုးရာ အကအလှ အတီးအမှုတ်အဖွဲ့တွေနဲ့ စီးပွားရေးအဖွဲ့တွေပါ ခေါ်ထားတယ်။ ဒီတရုတ်ခရီးစဉ်က အိန္ဒိယခရီးစဉ်ထက်ပိုပြီး ခွေးသားရောင်းကောင်းတယ်ပေါ့။ အဲဒါကြောင့် ပိုပြီး ခမ်းခမ်းနားနား အူကြ ဟောင်ကြဖို့ ဝပ်ကျင်းနဲ့ ခွေးစားခွက်ပါ စရိတ်ငြိမ်း အကုန်စီစဉ်ပေးထားတာ။ နေပြည်တော်ဟိုတယ်ဇုန်မှာ ဝပ်ကျင်းတွေ စီစဉ်ပေးတယ်။ လေးဘမ်းမှာ သေးပန်းရေးကအစ အကုန်အပြီးအငြိမ်းခေါ်တာ။ သူတို့ကို မစင်ဖိုး ပြန်ပေးတာ ရှိတယ်။ အဲဒါကတော့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေဘက်က စီစဉ်ပေးရတာ" လို့ နေပြည်တော်ခွေးဘက်သတင်းရင်းမြစ်က အူပါတယ်။
အူရပြီလေ။ သူတို့မအူလို့မရ။ ငလမက ဟိုမှာ အသကုန်အူခဲ့တော့ သူတို့လည်း အူရပြီပေါ့။ ဘာတဲ့၊
"ဒေါ့ဂ်တွေရဲ့ “Concept” သို့မဟုတ် အူပုံ ဟောင်ပုံ ပြောင်းလဲမှုများ မဖြစ်ပေါ်ဘဲ ဒေါ့ဂ်လောကတိုးတက်ရေး လုပ်ငန်းတွေ မအောင်မြင်နိုင်" တို့၊
"ဒေါ့ဂ်ထုရဲ့ Concept အတွေးအခေါ်တွေ လိုက်ပါနိုင်အောင် ဆောင်ရွက်ပေးရမယ်။ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ အများကြီးရှိတယ်။ ဒါကတော့ ၁ နှစ်၊ ၂ နှစ်နဲ့ မရဘူး။ ၄၊ ၅ နှစ်လောက်နဲ့ မရဘူး။ ၁၀ နှစ်လောက် ၁၅ နှစ်လောက် ဒေါ့ဂ်တို့ ကြိုးစားရလိမ့်မယ်။ ဒါပေမယ့် အရေးကြီးတာက ဒေါ့ဂ်ပြည်အပေါ်မှာ ကောင်းစေချင်တဲ့ စိတ်ရှိတဲ့ ဒေါ့ဂ်တိုင်းရဲ့ စိတ်ဓာတ်ပဲ" တို့၊
"ဒေါ့ဂ်ပြည်တွင်း ပြဿနာများကို ဖြေရှင်းရာမှာ ဥပဒေနဲ့ စည်းကမ်းများအပေါ် အခြေခံဆောင်ရွက်ရမှာဖြစ်ပေမယ့် တင်းကျပ်တဲ့ ပုံစံမျိုးမဟုတ်ဘဲ ဒေါ့ဂ်သူဒေါ့ဂ်သားများ စိတ်ကျေနပ်မှုရရှိစေဖို့ လိုက်လျောညီထွေ ဆောင်ရွက်ရမယ်။ ဒေါ့ဂ်သူဒေါ့ဂ်သားတွေ စိတ်ချမ်းသာအောင် လုပ်ပေးရမယ်။ စိတ်ချမ်းသာအောင် လုပ်ပေးရမယ်။ ဒါက အဖြေပဲ ။ ဒေါ့ဂ်သူဒေါ့ဂ်သားကို စိတ်ချမ်းသာအောင် လုပ်ပေးရမယ်" ဘာညာနဲ့ အူသံစွဲအလင်္ကာတွေနဲ့ ငလမက အူခဲ့တော့ သူတို့လည်း အဲထက်ကဲ အူရတော့မယ်လေ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar