ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၂)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၁၂)
မိုးမခ ၊ ဇွန် ၂၂ ၊ ၂၀၂၆
တရုတ်က သူကတော့ မြန်မာပြည်အရေးကို ရှုပ်ချင်သလိုရှုပ်၊ လုပ်ချင်သလိုလုပ်မယ်။ ပြည်သူသတ်နေတဲ့ကောင်ကို လက်နက်ပေးပြီး သယံဇာတ ထုတ်မယ်။ မြေရော ပြည်ရော ပျက်ချင်သလောက်ပျက်၊ ဖျက်မယ်။ ကျားဖြန့်တွေ အခြေစိုက်ပြီး ကမ္ဘာပတ်ငွေလိမ်မယ်။ မအလပြောတဲ့ အက်သနစ်၊ အဲလေ... အက်သစ်ပျက်အောင် ဖျက်မယ်။ လာပြောရင် ဥပဒေထုတ် ဖမ်းမယ်ပေါ့။
ဒါပေမဲ့ ခု ဖမ်းတာကလည်း သူခိုးကျင့် သူခိုးကြံ ပြောရမလား။ "ခွေးနဲ့လိုက်လို့ရရ၊ ဒုတ်နဲ့ပစ်လို့ရရ၊ ယုန်ရဖို့အဓိက" ဆိုတဲ့ မြန်မာစကားပုံလို၊ "ကြောင်ဖြူဖြစ်ဖြစ်၊ ကြောင်မဲဖြစ်ဖြစ်၊ ကြွက်ရဖို့အဓိက" ဆိုတဲ့ တရုတ်ကွန်မြူနစ်မူဝါဒအတိုင်း ဘာအက်သစ်မှမရှိဘဲ ဝေ့လည်ကြောင်ပတ် မလိမ့်တပတ်နဲ့ ထောင်ဖမ်းတာပေါ့လေ။ ကိုးကန့်ခေါင်းဆောင် MNDAA စစ်ဦးစီးချုပ် ဖုန့်တာ့ရွှင်ကို တရုတ်အာဏာပိုင်တွေက ဆေးကုသမှုခံယူဖို့နဲ့ ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားပြီး တရုတ်နိုင်ငံဘက်ရောက်မှ ဖမ်းသလိုမျိုး၊ အခု ကိုမင်းဇင်ကိုလည်း ISP အခြေစိုက်ရာ ချင်းမိုင်ကို ကူမင်းသိပ္ပံအကယ်ဒမီက ပညာရှင်ဆိုသူ တစ်ဦး ရောက်လာ၊ ရင်းနှီးမှုယူပြီးနောက် ကိုမင်းဇင်ကို သူတို့ကူမင်းမှာလုပ်မယ့် ညှိနှိုင်းဆွေးနွေးပွဲတစ်ခု တက်ဖို့ဖိတ်ကြားပြီး ကိုမင်းဇင် ကူမင်းလေဆိပ်အရောက် လူဝင်မှုကြီးကြပ်ရေးဂိတ်ပေါက် မဖြတ်ခင် ဖမ်းလိုက်တာတဲ့။ အဲလို ကမ္ဘာ့အဆင့် (၁) ဖြစ်ချင်တဲ့ မဟာနိုင်ငံတော်ကြီးသားတွေရဲ့လုပ်ပုံက မအလ ငလမလေသံနဲ့ပြောရရင် တကယ့် "အက်သနစ်" မရှိတာနော်။
ဒါတောင် အမေရိကန် ကောင်စစ်ဝန်ရုံးက သူ့နိုင်ငံသားပျောက် ရှာပုံတော်ဖွင့်လို့ သိရတာ။ ဖမ်းခံရပြီး တစ်ပတ်အကြာ ဇွန်လ ၁၁ ရက်နေ့ "နယူးယောက်တိုင်းမ်" သတင်းစာမှာ ကိုမင်းဇင်သတင်းပါလာမှ ဇွန်လ ၁၂ ရက်နေ့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ဖမ်းထားတယ်ဆိုတာ တရုတ်အစိုးရက ဝန်ခံတာ။
အမယ်... ပုဒ်မက တရုတ်နိုင်ငံတော်လုံခြုံရေးဆိုပဲ။ တို့နိုင်ငံစည်းရိုး အကုန်ချိုးဖျက်၊ ဘယ်သူအုပ်ချုပ်၊ ဘယ်သူ့ထောင်ချဆိုတာထိပါ ဝင်စွပ်ဖက်၊ ပြည်ရော မြေရော အခြေအနေရော ထင်သလိုဖျက်ဆီးနေတဲ့သူက သူ့နိုင်ငံလုံခြုံရေးအတွက် သူလျှိုမှုနဲ့ ဖမ်းသတဲ့ဗျာ။ ကျားဖြန့်မိုးကြိုး၊ အဲလေ... ကျားသားမိုးကြိုး။
နယ်စပ်က လက်နက်ကိုင် ERO တွေကို မြှောက်ပေးလိုက်၊ အကြပ်ကိုင်လိုက်၊ ခြိမ်းခြောက်လိုက်လုပ်သလို ခု ကီးဘုတ်ကိုင်တွေကို ခြိမ်းခြောက်၊ ဟိန်းဟောက်လုပ်လာတာပေါ့လေ။ သူတို့အတွက် ကီးဘုတ်ကိုင်လေးတွေကိုတော့ ချီးမြှောက်တာတွေ လုပ်တာပေါ့။ ဒါမျိုးတွေလည်း လုပ်နေတာ အတော်ကြာပါပြီ။ ခု ပြည်တွင်းရုပ်သံမီဒီယာတွေကိုပါ ပေါ်တင်ညွှန်ကြားလာပြီလေ။ ခွေးအုပ်စုထုံးစံအတိုင်း အူတဲ့ကောင်တွေလည်း အူပေးနေတာကြာပါပြီ။ ဟောင်တဲ့ကောင်လည်း ဟောင်၊ အလစ်ဝင်ခဲတဲ့ကောင်လည်း ခဲ၊ ကိုက်တဲ့ကောင်လည်း ကိုက်ပေါ့။ ခွေးဘုရားပွဲ တွေ့နေကြပါပြီ။ ခွေးတို့ထုံးစံ သခင်အားရ ကျွန်ပါးဝ လုပ်ကြတာပေါ့လေ။ ခွေးတွေကလည်း တရုတ်မကယ် သေဖွယ်ရှိအခြေအနေမဟုတ်လား။
အဲဒီလို သူလျှိုလိုလို ငတိုလိုလိုလုပ်ပြီး ဖမ်းသွားတာလူသိတော့မှ သူလျှိုမှုနဲ့ဖမ်းတယ် လုပ်တော့တာ။ ဒါဟာ တရုတ်နဲ့ပတ်သက်ပြီး သုတေသနလုပ် ထုတ်ဖော်ပြောဆိုတာတွေရပ်ဆိုတဲ့ ကမ်ပိန်းလုပ်တာပဲ။ ပြီးတော့ မြန်မာပြည်မှာလုပ်သမျှ တရုတ်စီမံကိန်းတွေအပေါ် ဘယ်သူမှမဟရဲအောင် ခြိမ်းခြောက်ရင်း မအလ ငလမကိုပါ တရုတ်လှမ်းခေါ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ Belt and Road စီမံကိန်းတွေ ဘေးကင်းလုံခြုံရေးလုပ်ပေးဖို့၊ ဒီ့ထက် ဆက်မြှင့်တင်လုပ်ဖို့၊ အဲဒီအတွက် သုနခဂိုဏ်း ရေရှည်တည်တံ့ရေးအတွက် အစွယ်နဲ့ခြေသည်း လက်သည်းတွေ ချွန်ပေးမယ်ဆိုပြီး အူဝါဒချွေတော့ ဟိုကောင်က သုံးကြိမ်သုံးခါဟောင်ပြပြီး "အာမဘန္တေ" ခံခဲ့တယ်တဲ့။
ရှီကျင့်ဖျင်က တရုတ်နဲ့ မြန်မာ့သုနခအုပ်စုတို့ဟာ ယုံကြည်စိတ်ချရတဲ့ မိတ်ဆွေနဲ့ မိတ်ဖက်ဖြစ်တယ်၊ အခြေအနေက စောက်ရမ်းပြတ်သားရမယ်၊ ခိုင်းတာကို ဒီထက်ပိုလုပ်ပေးရမယ်၊ မဟုတ်ရင် နင်တို့အမြှီးဖြတ်၊ အစွယ်ချိုး၊ ခေါင်းဖြတ်ပြီး ပွဲလုပ်ပစ်မယ်လို့လည်း စည်းသုံးစည်းနဲ့ မြှောက်၊ ချောက်၊ ဟောက် စကားကြီးသုံးခွန်း ဆိုလိုက်သတဲ့။ ငလမသုနခချုပ်ကလည်း အစွယ်နဲ့လက်သည်းခြေသည်း ချွန်ပေးဖို့တင်မကဘဲ ချီးရိက္ခာလုံလုံလောက်လောက်ပို့ပေးဖို့နဲ့ အူသံ ဟောင်သံအဆင့်မြင့်ပေးဖို့ပါ တောင်းဆိုသတဲ့။ ပုလင်းတူဗူးစို့ချင်း ရိုင်းပင်းနေကြတာ။
ကိုမင်းဇင်ကို တရုတ်ခေါ်ဖမ်းပြီးနောက် အဲလို ထပ်ပြီး ရုပ်ပျက်ဆင်းပျက်မလုပ်ချင်လို့ ဒီတစ်ခါတော့ ထိုင်းမှာတင် ဖမ်းဖို့ပြင်ပြီ။ သူတို့ရဲ့လှုပ်ရှားမှုတွေ တလှိုင်းပြီးတလှိုင်းလာမယ့်သဘော။ တရုတ်ဟာ ပိုးလမ်းမကြီး တည်ဆောက်ရေးကိုအကြောင်းပြပြီး ထိုင်း (NRCT) နဲ့ တရုတ် (MHESI) တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ သုတေသနအမည်ခံ Thai-Chinese Strategic Research Center သတင်းပေးထောက်လှမ်းရေးအဖွဲ့ဟာ ဘန်ကောက်မြို့၊ ကျတုကျတ်မှာ ရုံးချုပ်တစ်ခုတည်းရှိရာကနေ မြန်မာတော်လှန်ရေးသမားအများစု အခြေစိုက်ရာ မဲဆောက်မြို့မှာ ဇွန် ၁၈ ရက်နေ့က တရားဝင်ရုံးခန်းတစ်ခုဖွင့်ပြီး အခြေစိုက်လှုပ်ရှားဖို့ ပြင်လိုက်ပြီ။ ရုံးလိပ်စာက No. 9/439, Soi 17, Mae Sot Villa, Mae Sot, Tak Province 63110 နော်။
အဓိက သတင်းရယူ ထောက်လှမ်းကြမယ့်သူအားလုံးလိုလိုဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ကြပါတယ်။ အရင်က ခိုးကြောင်ခိုးဝှက်လှုပ်ရှားရာကနေ အခုတော့ ပေါ်တင်ကို လှုပ်ရှားပြီဖြစ်ပါတယ်။ လောလောဆယ် ရေတိုကာလမှာ ဘာမှထူးခြားမှုရှိမှာမဟုတ်သေးပေမဲ့ ဒီနှစ်မကုန်ခင် သိသာတဲ့ ထူးခြားမှုတွေ၊ ရိုက်ခတ်မှုတွေ ရှိလာမယ်ဆိုတာ ကျွန်တော်ပြောရဲပါတယ်လို့ စတီဗင်စန်းယုက ပြောပါတယ်။ မဲဆောက်ကို ဖြဲချောက်ပြီဆိုပါတော့။
ထိုင်း-တရုတ် မဟာဗျူဟာသုတေသနအတွက်လို့ပြောပေမယ့် သုတေသနဌာနလုပ်မယ့်သူတွေ၊ သတင်းပေး သတင်းယူ လုပ်မယ့်လူတွေအားလုံးက မအလ စစ်အုပ်စုရဲ့လူတွေချည်းပါ။ ပါဝင်လှုပ်ရှားကြမယ့် တာဝန်ယူထားကြတဲ့သူတွေရဲ့ အမည်နဲ့ရာထူးကိုတော့ သူ့ပို့စ်မှာ ဖတ်တော်မူကြကုန်။ https://www.facebook.com/share/p/18GEbUNJEC/
ထပ်မံသိရတာကတော့ အခု မြန်မာ-တရုတ်သုတေသနရုံးရဲ့ Secretary and ED လို့ဆိုတဲ့ Dr. Josu Alexwin ဆိုတာ အဖူးမူတူးနား ကပ်နေတဲ့ စောဌေးမြင့်ဆိုသူလို့ သိရပါတယ်။ သူက စစ်ဆေးတက္ကသိုလ်ဆင်းဖြစ်ပြီး အခုချိန်ထိ စစ်အုပ်စုနဲ့အတော်လေး ချိတ်ဆက်မှုရှိပါတယ်။ စစ်အုပ်စုလူဆို ပိုမှန်မယ်ပေါ့။ အခုထိ သူက စောချစ်သူ အတွင်းရေးမှူးလုပ်တဲ့ BGF အကြံပေးနဲ့ကွပ်ကဲရေး (၅) ဦးထဲ ပါနေတုန်းပဲလို့ စုံစမ်းသိရှိရပါတယ်။ နယ်လုံတွေနဲ့ အရမ်းနီးစပ်တယ် ကြားပါတယ်။ သူ့နာမည်အရင်းက စောဌေးမြင့်။ ဆရာမကြီးစင်သီယာမောင်ရဲ့ မယ်တော်ဆေးခန်းမှာလည်း ဘော်လန်တီယာဆရာဝန်လုပ်တယ်ဆိုပြီး သိရပါတယ်။ စုံစမ်းကြည့်ကြပေါ့လေ။ ကရင်ပြည်လည်း ရှမ်းမြောက်လို တရုတ်အောက် တဖြည်းဖြည်းရောက်နေပြီဆိုရမလိုပါဘဲ။ ဒါက သူ့အကောင့်လင့်ပါ။ https://www.facebook.com/share/1KsU7EqyU3/?mibextid=wwXIfr ။
တရုတ်-မြန်မာ ပူးတွဲထုတ်ပြန်ချက်မှာ တရုတ်ဘက်က ငလမကို "T.H.H. Ma A La, Ten House Hold of the Union of Myanmar" ပြည်ထောင်စု မြန်မာနိုင်ငံတော် ဆယ်အိမ်ခေါင်းလို့ တရားဝင် ခေါ်ဝေါ်သုံးနှုန်းထားပြီး "ဆယ်အိမ်ခေါင်း ဂျပေါင်ကု၊ မင်းကို ဘယ်သူအသိအမှတ်မပြုပြု၊ ငါပြုတယ်။ တစ်ခုတော့ ရှိတယ်၊ ငါအသိအမှတ်ပြုတာကိုတော့ ဘယ်သူ့မှ လျှောက်မပြောနဲ့" လို့ ကြိတ်မှာလိုက်သတဲ့။
ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနဲ့ မူဆယ်-မန္တလေး ရထားလမ်းတို့ကို အရှိန်မြှင့် ဆောင်ရွက်မယ်ဆိုတဲ့ကိစ္စမှာ ရှီက ဖုန်းပေးဆက်ဆံပေါင်းသင်းလို့ ဖုန်းကင်ခဲ့တာတဲ့။ တရုတ်ကလည်း ဂွေကိုင်တဲ့ကောင်ကို AI နဲ့ ဂျင်းထည့်လိုက်သေးတယ်။ အက်သနစ်နဲ့ အက်သစ်မကွဲတဲ့ကောင်ကလည်း ခပ်တည်တည်ပဲ ပူးပေါင်းအူပါ့မယ်ပေါ့။
အဲဒီထဲမှာ ရီစရာက ကျားဖြန့်ထောင်သူနဲ့ ကျားဖြန့်လက်ခံသူပေါင်းပြီး ရာဇဝတ်မှုနှိမ်နင်းမယ်ဆိုတာပါဘဲ။ ဖာခေါင်းကလုပ်တဲ့ ပြည့်တန်ဆာပပျောက်ရေးလောက်ကတော့ ဒိုးလေ။ အမယ်... ရာရာစစ၊ လူ့အခွင့်အရေးကို နိုင်ငံရေးအဖြစ် အသုံးချမှု၊ လက်နက်သဖွယ် အသုံးချမှုကို နှစ်ဖက်စလုံးက ဆန့်ကျင်တယ်ဆိုပါကလား။
တိုင်ဝမ်၊ ဟောင်ကောင်၊ ရှင်းကျန်း ဝီဂါ နဲ့ ရှီးကျန့် တိဘက်တို့နဲ့ပတ်သက်ပြီး မြန်မာစစ်ကောင်စီက တရုတ်ဘက်က ရပ်တည်မယ်ဆိုတာဟာ ကိုယ့်နိုင်ငံကို သိမ်းနေတာ၊ မြေချဲ့ခြံစည်းရိုးခတ်နေတာ အိုကေပါတယ်လို့ ပြောတာပဲလေ။ အဲဒီအတွက် တရုတ်က UN နဲ့ ASEAN မှာ လူစာရင်းသွင်းဖို့ ထောက်ခံပေးမယ်ပေါ့။
ဒစ်ဂျစ်တယ်ထောင်လုပ်ဖို့ မျက်နှာမှတ်မိစနစ်၊ အင်တာနက် ထိန်းချုပ်မှု၊ ဖုန်းကြားဖြတ်နားထောင်တာ၊ VPN ဖော်ထုတ်တဲ့ နည်းပညာတွေ ပံ့ပိုးပေးမယ်ပေါ့။ လုံခြုံရေးအမည်ခံပြီး BRI စီမံကိန်းလုံခြုံရေးအတွက် တရုတ်လုံခြုံရေးဝန်ထမ်းတွေထည့်မယ့် အချုပ်အချာအာဏာသိမ်းရေးအကြံ။ ယွမ်နဲ့ ကျပ် တိုက်ရိုက်ချိတ်ဆက်မယ်ဆိုတာကလည်း ဘဏ္ဍာရေးပိတ်ဆို့မှုအပိုင်းကို ပြန်ကယ်ဖို့လုပ်ကြတာပဲလေ။
မအလက ပျော်တာပေါ့အဖေရယ်ဆိုပြီး ဟောင်လိုက်တာက ရာဇဝတ်မှုများအတွက် ကင်းလွတ်ခွင့်ပေးခြင်းပေါ့။ ဘာမဆို သေဒဏ်ကျနေတဲ့ကောင်က ရာဇဝတ်ကင်းလွတ်ခွင့်ဆိုတော့ ဘော ဘယ်လောက်ပြွတ်ရပြွတ်ရ အူတာပေါ့ကွယ်။ ဘာကျူးလွန်လွန် လူမျိုးတုံးသတ်ရုံမက နိုင်ငံလိုက်မျိုးတုံးပစ်လည်း ပြဿနာမရှိ၊ တုံးပါဘိဆိုတဲ့သဘောလေ။ ICC လည်း အေးဆေး၊ ICJ လည်း နိုး၊ IIMM လည်း လစ်လို့ ကစ်လို့ရပြီမဟုတ်လား။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar