Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၉)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၉)

မိုးမခ ၊ ဇွန် ၁၁ ၊ ၂၀၂၆


သန်းမကြီး ဗုဒ္ဓဂါယာမှာ ဘာအူခဲ့သလဲလို့ သူ့ကောင်တွေက ဟောင်တော့ "တိုင်းပြည် အေးချမ်းပါစေ၊ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ပြည်သူတွေ ကိုယ်စိတ်နှလုံး ချက်ပြုတ်သတ်ဖြတ် လုပ်ကိုင်စားသောက်နိုင်ကြပါစေ" လို့ နှုတ်သီးကြီးဖြီးပြီး အူပြတယ်။ သူတို့ဇာတ်နဲ့ သူတို့မင်းသား ကြောင်ဇမ္ဗူနဲ့တော့ ကိုက်သမှ။ အင်းလေ ကိုက်ဆို ခွေးဇာတ်ကိုး။

တကယ်ကို သူ ဟောင်တဲ့အတိုင်း ပြည်သူတွေ ကိုယ်ရော စိတ်ရော ချက်ပြုတ်သတ်ဖြတ် လုပ်ကိုင်စားသောက်နေကြရတာနော်။ "လူမှန်ရင် စိတ်မချမ်းသာစေရ" အတိတ်ဘဝ ဆုတောင်းနဲ့ ခွေးရူးကြီး မင်းဖြစ်တဲ့ကာလ၊ ရာဇတော ဝါ မင်းဘေးမှ၎င်းဆိုတဲ့ ကာလနာ ကာလချာ ကာလမသာ၊ ကာလသရောကြီး ခိုင်းဆိုတော့ကား ခွေးစကားတွေချည်း ကြားနေရတာပေါ့။ ခွေးအူသံတွေ ဆူ၊ ခွေးဟောင်သံတွေ ညံ၊ ခွေးမှန်သမျှ ဂွေးလှန်ပြတဲ့ ကာလရိုင်းကြီးလေ။

ရှီကျင့်ဖျင်က သူ့ဘောင်းဘီ ခွေးအနမ်းမခံနိုင်လို့ ပလစ်ထားတဲ့အချိန် နိမနမ်းရလဲ မာမူ ဘာဘူနဲ့ဘဲ ပဝါမကူ ရေမရှု အူတော့မယ်ဆိုပြီး တော်သလင်းကြိုလိုက်တာ။ ဘာဘူကလည်း လာမူကြိုဆီးယောင်ဆောင်ပြီး အမြီးချိုး နားရွက်ဖြုတ် ခေါင်းဖြတ်ဗိုက်ခွဲ တရုတ်ကြီးလို တပွဲဆွဲချင်တာလေ။ ဟို ဉာဏ်မဲ့ လူသတ်သမား မုဒိမ်းကောင် ဟောင်တာ အူတာကလွဲ ဘာမှမတတ် ဓာတ်တိုင်သေးပန်းကတော့ မင်းတို့အာဆီယံမဆက်ဆံလဲ ဆက်ဆံမဲ့ ပေါက်ဖော်ကြီးနဲ့ ဘာဘူကြီး ရှိတယ်။ သူတို့နှစ်ယောက်နဲ့တင် မနားရဘူး။ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ စစ်ကိုင်း အနောက်ခြမ်းဘက်က မြေပေးလိုက်ရတာ ငါ့မိသားစုဟာ တခုမှမပါဘူးလေဆိုပြီး ခပ်ချေချေ လုပ်ပြချင်တာ။ ပြည်သူတွေ အသက်နဲ့ တပ်မတော်သား အသက်ပဲ ဆက်သရတာ ငါ့မိသားစုအသက် တယောက်မှ မနာဘူးလေဆိုတဲ့ ငတုံးကောင် မဟုတ်လား။ တိုင်းပြည်မြေပုံကတော့ တစတစနဲ့ ကုန်တော့မယ်။

ဘာဘူတွေကြား ဘားမှ စိတ်မပူနဲ့၊ ကြိုက်တာလုပ်လို့ရတယ်ဆိုပြီး နွားပျောက်ကြီး တရှဉ်းလက်ဖွဲ့တာမျိုး သူမထိန်းချုပ်နိုင်တဲ့ နေရာမှန်သမျှ လက်ညှိုးထိုး စာချုပ်ချုပ်ချင်နေတဲ့ စောက်ပေါ။ ဟိုကလဲ စောက်ပေါမှန်းသိပါတယ်။ နယ်စပ်က မြေယူချင်တာ ယူဖို့နဲ့ ရသလောက်လေး မြှောက်ပေးသမဖို့ပါ။ တရုတ်ကြီးတယောက်တည်း ထင်သလိုဆွဲနေတာ၊ ကြာရင် သူ့ပါ ဖိလာနိုင်တာသိလို့လေ။ နောက်ပြီး အနီးကပ် စစ်လက်နက်ပစ္စည်း ဖောက်သည်ငချဥ်လေး မဟုတ်လား။ အသရေစုတ် ရေငုတ်လှေပျက်တောင် ငွေလုပ်စက်ဖြစ်သေးတဲ့ ဉာဏ်ပုလေးကို သေးပန်းရတဲ့ဖီလင်လဲ ရချင်တာပေါ့။ ခွေးကို လူလိုဆက်ဆံပေါင်းသင်းရတာ အမ်းခ မြိုးမြိုးမြက်မြက်ရတဲ့အပြင် ခြေဆုပ်လက်နယ်လဲ ပြုခိုင်းလို့ရသေးသလေ။

ငလမ ဆိုတဲ့ မအလကလဲ ပေါက်ဖော်နဲ့ ဆက်ဆံပေါင်းသင်းပြီး ရှမ်းမြောက်နဲ့ ကချင်ကို ထိန်းချုပ်နိုင်သလိုမျိုး ဘာဘူနဲ့ ပေါင်းသင်းဆက်ဆံပြီး ရခိုင်၊ ချင်း၊ စစ်ကိုင်းကို ကရိုင်းချင်တာလေ။ ပြီးတော့ ကျားဖြန့်ရှင်းသလိုလိုနဲ့ အမေရိကန်နဲ့ ပေါက်သင်းဆက်ဆံ အာဆီယံနဲ့ပါ နှံချင်တာကိုး။ ဒါ့ကြောင့် ရဲဝင်းအူကို စစ်ခွေးတပ်မှာရှိသမျှ ခွေးအင်အား၊ ပစ္စည်းအင်အား၊ ခဲယမ်းအင်အားအကုန်သုံးပြီး ပြည်မ၊ တောင်တန်း အကုန်တက် အသေခံကိုက်ခိုင်းနေတာမဟုတ်လား။

ဒီခရီးကပြန်ပြန်ချင်း "မင်းတို့အတွက် အပါယ်တံခါးမပိတ်ဖို့၊ ငါတို့ခွေးသည် ဘဝဆက်တိုင်း ခွေးသာဖြစ်ရမည်" လို့ ဗုဒ္ဓဂါယာမှာ အူဆုပန်ခဲ့တဲ့အကြောင်း ဟောင်လိုက်သေးတယ်။ အပါယ်ဘုံဆိုတာ စစ်အာဏာရှင်ငရဲ၊ ဉာဏ်ပုတိရစ္ဆာန်၊ နိုင်ငံ့ဘဏ္ဍာ ငတ်ကြီးကျ စားမဝပြိတ္တာနဲ့ အသူရကာယ်တို့ စုဝေးရာဘုံ‌မဟုတ်လား။

အခု တရုတ်က ဗမာမုန်းတီးရေး လျှော့ဖို့ စစ်အုပ်စုမီဒီယာတွေနဲ့ပေါင်းလုပ်မဲ့ စီမံကိန်းအတွက် အကွက်ဝင်သွားတာကတော့ မာမူ ဘာဘူတွေဘက် လှည့်ပေးဖို့ ခွင်ပေါ်သွားတယ်လေ။ အိန္ဒိယသွားဖို့ တရုတ်ကြီးကများ သေချာစပွန်စာပေးလိုက်သလား မသိ။ ငလမ ဆိုတဲ့ကောင်က သူ့ဘာသာ သွားမဟောင်ရဲလောက်။ တရုတ်ကြောက်ခွေး ဂျပုလေး ဆိုတာ လူတိုင်း အသိ။ တရုတ်ခွင့်မပြုဘဲ ဘာဘူဘော မ မရဲတာ သေချာတယ်။

မကြာသေးခင်က တရုတ် ချောင်ရှုမင်းတို့အဖွဲ့ MRTV ကိုသွားပြီး တရုတ်ဘာသာစကား သင်ခန်းစာတွေ ရိုက်ကူးနေပုံ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးသီချင်း ထုတ်လုပ်နေပုံနဲ့ နှစ်ဘာသာ ဖျော်ဖြေတင်ဆက်မှုတွေ လေ့ကျင့်နေပုံတွေ ကြည့်ပြီး လိုအပ်သည်များ မှာစားသွားကြတယ်။

မြဝတီနဲ့ တခြားရုပ်သံလိုင်းတွေလည်း ပေါက်ဖော်ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ဖွံ့ဖြိုးတိုးတက်အောင်မြင်မှုတွေကို ဖော်ညွှန်းတဲ့ ဇာတ်လမ်းတွဲတွေ၊ ကာတွန်းတွေ၊ အစီအစဉ်တွေ ထုတ်လွှင့်ပေးနေရပြီ။

ချောင်ရှုမင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ပုဂ္ဂလိက ရုပ်သံလိုင်း ခရိုနီကျော်ဝင်းပိုင် ရွှေသံလွင်မီဒီယာအုပ်စုက Sky Net က ကောင်တွေနဲ့ တွေ့ပြီး Sky Net ကို တရုတ်-မြန်မာ ဆက်ဆံရေးအတွက် အလုပ်အကျွေးပြုရမယ်လို့ အမိန့်ထုတ်သွားတယ်။ ပြီးတော့ နိုင်ငံပိုင် YMG လို့ခေါ်တဲ့ ယူနန်မီဒီယာအုပ်စုဟာလည်း တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအသင်းက ထုတ်ဝေတဲ့ "ဆွေမျိုးပေါက်ဖော်" မြန်မာဘာသာ လစဉ်မဂ္ဂဇင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တခုကို လက်မှတ်ထိုးခဲ့တယ်။ နောက်ထပ် တရုတ်လော်စာနယ်ဇင်းတွေ လာလိမ့်မယ်။ တရုတ်လေ့လာရေးခရီးတွေ၊ တရုတ်ပညာသင်ဆု တွေရောပေါ့။

‌တရုတ်က စစ်အုပ်စုမီဒီယာတွေ သုံးပြီး တရုတ်စောက်မြင်ကတ် စိတ်ဓာတ်ကို တိုက်ဖျက်မဲ့ အစီအစဉ်တွေပေါ့လေ။ ရဦးမယ်။ တရုတ် ရွံတဲ့စိတ်က ထိပ်တက်နေတာကြာပြီ။ ကိုယ့်သတ်နေတဲ့ကောင်ကို သေနတ်နဲ့ ခဲယမ်းပေး ထောက်ပို့ပါ လုပ်ပေးနေတဲ့ တရုတ်ကို ဘယ်လောက်ရွံတယ်ဆိုတာ ဘာပြောစရာရှိသေးလဲ။ တတိုင်းပြည်လုံးက သယံဇာတအချောင်ထုတ်ယူ တိုင်းပြည်ကို စစ်အုပ်စုနဲ့အတူ ဖျက်ဆီးနေတဲ့ကောင်ကို ဘာယဉ်ကျေးမှုအစီအစဉ်ပြပြ မရရေးချမရဘဲ။ တရုတ်ရှုပ်လို့၊ မဟုတ်ရင် ပြုတ်သွားမဲ့ စစ်အာဏာရှင်စနစ်တခုလုံးကို ကျားကန်ပေးတဲ့ကောင်ကြီး မမုန်းလို့ ဘယ်သူ့ မုန်းရမလဲ။ တရုတ်မရှုပ်ရင် ခုချိန် တော်လှန်ရေးအောင်လို့ ပြည်တွင်း ပြည်ပ တက်ကြွပျော်ရွှင်နေရမယ်လေ။ မီးတိုက်သတ်ဖြတ်ခံရတာတွေ ဝေးသွားပြီလေ။ လူငယ်တွေကို မျိုးတုံးပစ်တဲ့ စစ်မှုထမ်းဥပဒေလည်း ပေါ်လာစရာမလိုတော့ဘူးလေ။ လူငယ်တွေ အေးဆေးပညာသင် ပြန်လည်ထူထောင်ရေးမှာ ပါဝင်နေရပြီလေ။

တကယ်တော့ အဲဒီစစ်အုပ်စုရုပ်သံတွေကလည်း စစ်အုပ်စုကတောင် ကောင်းကောင်းမကြည့်တာဆိုတော့ အောင်မြင်ဦးမယ်။ တရုတ်ယွမ်တွေ တွမ်ဖို့ ရုပ်သံကောင်တွေ လုပ်ကြံကြတော့မယ်။ ခုက ဘာမှားပြည်မှာ ဒေါ်လာထက် ယွမ်က ပိုဝင်လာနေတယ် မဟုတ်လား။ ဝုတ်ပရိုဂရမ် ဒေါ်လာတွေပန်းလို့ တရုတ်ပရိုဂရမ် ယွမ်တခေတ်ဆန်းချိန် မဟုတ်လား။ ခွေးငတ်နဲ့ ဖိနပ်ပြတ်တွေ့မဲ့အစီအစဉ်ဆိုပါတော့။

တတိုင်းပြည်လုံး စစ်ကြောင်းထိုး မီးရှို့ရင်း တဖက်ကလည်း ငလမက ရက်တရာအတွင်းမှာ ငြိမ်းချမ်းရေးအစီအစဉ်တွေ လာမယ်။ PDF တချို့ အလင်းဝင်လာနေတယ်။ ERO တချို့နဲ့ စကားပြောနေတယ်လို့လည်း နိုင်ငံတကာကို ကြွယ်အူအူနေတယ်။ အမယ် ငလမက နောက် ၅ နှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန် မျှော်မှန်း ဆောင်ရွက်သွားမယ်လို့ပါ အူသေးတာ။ ဒါပေလို့ လက်နက်ကိုင်တွေက အမှန်တကယ် ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိဖို့ လိုအပ်မယ်လို့ အူသံရှည်ကြီးတောင် ဆွဲလိုက်သေး။

ဘယ်ခွေးမှလိုက်မမီတဲ့ အူချက်တချက်ကတော့ PDF တွေဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာလို့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိလို့ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ကြတာ ဆိုတာပါပဲ။ တကယ့်ခွေး။ ခွေးမြီးတို။ နှုတ်သီးမဲ။ ဝဲစား။ ဝစ်သောက်စောက်ရှက်လို့တော့ မပြောတော့ဘူး၊ ခွေးပါဆို ဟီရိ ဩတ္တပ္ပ ဆိုတဲ့ လောကပါလ ဘယ်သိပါ့မလဲ။

ဒီလို ပြောင်းပြန်အူသံမျိုးက အလကား လျှောက်အူနေတာ မဟုတ်ဘူးလေ။ သွေးသစ္စာသီချင်းကို ခိုးယူတာရဲ့ ရည်ရွယ်ချက်က ဒီမဟုတ်မဟတ်တွေကို အဟုတ်မှတ်အောင် အထပ်ထပ် အူနေဖို့ပဲမဟုတ်ပါလား။







Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar