လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၅)
လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၅)
မိုးမခ ၊ ဇွန် ၆ ၊ ၂၀၂၆
ဒေါ်လာဩဇာအရှိန်ကျလာခြင်း (Dedollarisation)
မေလ ၂၀ ရက်နေ့က ပေကျင်းမှာ ရောက်နေတဲ့ ရုရှားသမ္မတ ပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖိန်တို့ ချုပ်ဆိုကြတဲ့ သဘောတူညီချက်စာချုပ်ပေါင်း ၂၀ ကျော်မှာ အောက်ပါသဘောတူစာချုပ်လည်း ပါဝင်ပါတယ်။
နှစ်နိုင်ငံကုန်သွယ်မှု၏ ၉၀ ရာခိုင်နှုန်းကျော်ကို အမေရိကန်ဒေါ်လာ သို့မဟုတ် ယူရိုငွေ အသုံးမပြုတော့ဘဲ ရုရှားရူဘယ် (Ruble) နှင့် တရုတ်ယွမ်ငွေ (RMB) တို့ဖြင့်သာ တိုက်ရိုက်ပေးချေရန် သဘောတူညီမှုကို ပိုမိုခိုင်မာစေခဲ့သည်။
အနောက်နိုင်ငံများ၏ ဘဏ္ဍာရေးပိတ်ဆို့မှု (SWIFT) ကို ကျော်လွှားရန်အတွက် နှစ်နိုင်ငံ၏ သီးခြားငွေပေးချေမှုစနစ်များကို အပြန်အလှန် ချိတ်ဆက်ခဲ့ကြသည်။
ဒါတွေကတော့ အမေရိကန်ဒေါ်လာရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစနစ်အပေါ် လွှမ်းမိုးချုပ်ကိုင်နေမှုကို လျှော့ချရေး လုပ်ဆောင်ချက်များထဲက တစ်ချက် ဖြစ်ပုံရပါတယ်။
၁၉၄၅ ခုနှစ်ကစလို့ အမေရိကန်ဒေါ်လာဟာ ကမ္ဘာ့ဗဟိုဘဏ်အများစုရဲ့ အရန်ငွေအဖြစ် တရားဝင်အဖြစ် ရောက်ရှိလာပြီး ကမ္ဘာ့ကုန်သွယ်မှုအများစုကို ဒေါ်လာဖြင့် ပြုလုပ်လာကြရပါတယ်။ ၁၉၇၀ ပြည့်နှစ်များမှာတော့ ဆော်ဒီအာရေဗျနဲ့ သဘောတူညီချက်ရပြီး ရေနံဒေါ်လာ (Petrodollar) ဖန်တီးလိုက်နိုင်မှုက နိုင်ငံတကာအပေါ် ဒေါ်လာရဲ့ လိုအပ်မှုကို ပိုအားပေးခဲ့တာဖြစ်လို့ အမေရိကန်ရဲ့ ကမ္ဘာတစ်ဝန်း ဩဇာကြီးမားလာမှုဟာ ပိုအားကောင်းလာပါတယ်။ ဒါကြောင့်ပဲ အမေရိကန်က ၂၀ ရာစုဟာ အမေရိကန်ရာစုလို့ သတ်မှတ်ကြွေးကြော်နိုင်ခဲ့ကြပါတယ်။ ဒီလိုနဲ့ နိုင်ငံတကာရဲ့ ဒေါ်လာလိုအပ်မှုကို အသုံးချပြီး အမေရိကန်ဟာ ဒေါ်လာကို လက်နက်အဖြစ် အသုံးပြုလာပါတယ်။
မိမိနိုင်ငံနဲ့ သဘောထားကွဲလွဲတဲ့ နိုင်ငံများရဲ့ အရန်ငွေများကို စိတ်ထင်တိုင်း ခဲပစ်လိုက်တာ၊ ရေနံဒေါ်လာကို အကြောင်းပြုပြီး ပိတ်ဆို့အရေးယူမှုတွေ (Sanctions) လုပ်တာ၊ နိုင်ငံတကာ ဘဏ္ဍာရေးစနစ် (SWIFT) က ဖယ်ထုတ်တာ စတာတွေဟာ အမေရိကန်များအနေနဲ့ မိမိတို့ရဲ့ ဒေါ်လာငွေကြေးကို လက်နက်အဖြစ် အသုံးချပြီး မိမိတို့ ဩဇာချဲ့ထွင်ရေးအတွက် လုပ်တဲ့ လုပ်ဆောင်ချက်များပါ။ အမေရိကန်အတွက် အလွန်ကို အကျိုးများစေခဲ့ပါတယ်။
ဒေါ်လာဟာ ကမ္ဘာ့အရန်ငွေဖြစ်တာကြောင့်ရော ရေနံဝယ်ယူရေးနဲ့ပါ ချိတ်ဆက်လိုက်နိုင်မှုကြောင့်ပါ နိုင်ငံတကာရဲ့ ဒေါ်လာလိုအပ်မှုဟာ အလွန်ကြီးမားလာခဲ့ပါတယ်။ ဒီမှာတင် အမေရိကန်က ဒေါ်လာတွေ ရိုက်ထုတ်ပြီး နည်းလမ်းပေါင်းစုံနဲ့ (နိုင်ငံတကာ ဘဏ္ဍာရေးစနစ်တွေဖြစ်တဲ့ နိုင်ငံတကာငွေကြေးအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ် (World Bank) တို့မှာရှိတဲ့ အမေရိကန်ဩဇာကို အသုံးပြုပြီး) ရောင်းချနိုင်လို့ အမြတ်အစွန်းတွေ (စီးပွားရေးအရရော၊ နိုင်ငံရေးအရပါ) အတော်ရလိုက်ပါတယ်။
ဒီလိုကောင်းကျိုးတွေရှိသလို တခြားဘက်မှာလည်း မကောင်းတဲ့အကျိုးတွေ၊ ဂယက်ရိုက်မှုတွေ ရှိလာပါတယ်။
အမေရိကန်တွေဟာ ဒေါ်လာတွေကို ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်နိုင်တာကြောင့် (ရွှေနဲ့ ဆက်ထားခြင်းလည်း မရှိတော့လို့) နိုင်ငံအတွက် လိုငွေပြမှုက ကြာလေများလေ ဖြစ်လာပါတယ်။ ဒါက ပြည်တွင်းပြဿနာ။ ဒါ့အပြင် စိတ်ထင်တိုင်း အရေးယူပိတ်ဆို့တာတွေ၊ သူများနိုင်ငံက အရန်ငွေတွေကို ခဲပစ်တာတွေ လုပ်လာတော့ (တစ်နည်း) ဒေါ်လာကို အမေရိကန်က လက်နက်အဖြစ် အလွန်အကျွံသုံးလာတော့ နိုင်ငံအတော်များများက စိုးရိမ်ပူပန်လာပါတော့တယ်။ မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာရေးစနစ်ကို အမေရိကန်အလိုကျ လုပ်ရတော့မလို ဖြစ်လာတော့ တခြားရွေးချယ်စရာလမ်းတွေ ရှာလာပါတော့တယ်။
ဒီမှာတင် ဒေါ်လာလွှမ်းမိုးမှုကို လျှော့ချဖို့ လုပ်လာကြတာ တွေ့လာရပါတယ်။
အလျင်အမြန် တိုးတက်လာတဲ့ နိုင်ငံများအဖွဲ့ (BRICS+) ရဲ့ လုပ်ဆောင်ချက်များ - မိမိတို့နိုင်ငံအချင်းချင်းကြား ကုန်သွယ်ရေးများကို (အရင်လို ကြားခံအဖြစ် ဒေါ်လာကို အသုံးမပြုတော့ဘဲ) မိမိတို့ ပြည်တွင်းငွေကြေးများဖြင့်သာ လုပ်တဲ့စနစ် (SWAP System) နဲ့ အစားထိုးလာတာ။
ဆော်ဒီအာရေဗျ - အမေရိကန်နဲ့ (ရေနံဒေါ်လာစနစ်အတွက် လုပ်ဆောင်ထားတဲ့) သဘောတူစာချုပ် နှစ်စေ့ရင် ရေနံတွေကို တခြားငွေကြေးများနဲ့ပါ ရောင်းဖို့ ပြင်ဆင်လာတာ။
စတဲ့အချက်တွေကြောင့် ကမ္ဘာ့အရန်ငွေအဖြစ် နိုင်ငံတကာငွေကြေးစနစ်မှာ ဒေါ်လာဟာ ရာခိုင်နှုန်း ၉၀ ကျော်ရှိရာမှ အခုအခါ ရာခိုင်နှုန်း ၅၀ ကျော်အထိ ကျဆင်းလာနေပါပြီ။ နောင်မကြာခင်မှာပဲ ကမ္ဘာ့ဘဏ္ဍာရေးစနစ်အတွင်း ဗဟိုချက်တစ်ခုတည်းအဖြစ် ဒေါ်လာပဲရှိနေတဲ့ စနစ်အစား ဗဟိုချက်အများအပြားရှိတဲ့ ငွေကြေးစနစ်တစ်ခု အစားထိုးဝင်ရောက်လာတော့မှာပါ။
ဒါဟာလည်း နိုင်ငံတကာအခင်းအကျင်းမှာ ဗိုလ်တစ်ဦးတည်းရှိနေရာက (Unipolar World) ဝင်ရိုးစွန်းအများအပြား ပါဝင်တဲ့ (Multipolar World) ပိုမိုတရားမျှတတဲ့ စနစ်တရပ် ပေါ်ထွန်းရေးအတွက် အားတစ်အား ဖြစ်စေပါလိမ့်မယ်။
လှကျော်ဇော
၃၁-၅-၂၀၂၆
-
လှကျော်ဇော - နိုင်င်ငံတကာအခင်းအကျင်းသစ်များ (၁)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar