မြန်မာ စစ်တပ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်နဲ့ အကျိုးသက်ရောက်မှု
မြန်မာ စစ်တပ်ခေါင်းဆောင်ရဲ့ တရုတ်နိုင်ငံခရီးစဥ်နဲ့ အကျိုးသက်ရောက်မှု
မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မင်းအောင်လှိုင်ဟာ လွတ်လပ်မှုမရှိတဲ့ ရွေးကောက်ပွဲဥပဒေ၊ အုပ်ချုပ်မှု အာဏာကို အသုံးချပြီး ရွေးကောက်ပွဲမှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ စစ်တပ်နောက်ခံပြု ကြံ့ခိုင်ရေးပါတီက ရွေးချယ်ပေးတဲ့ သမ္မတရာထူးကို ရယူဖို့ စစ်တပ်မှာ လူယုံဖြစ်သူကို တပ်ချုပ်တာဝန်လွှဲပေးပြီး ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ အသွင်ဆောင်ယူကာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု နဲ့ အိမ်နီးချင်း အိန္ဒိယ၊ တရုတ် နိုင်ငံတို့လို အင်အားကြီးနိုင်ငံတွေရဲ့ အသိအမှတ်ပြုမှုကို ရယူလျှက်ရှိတာ တွေ့မြင်နေကြရပါတယ်။
အိန္ဒိယနိုင်ငံကို ၅ ရက်ကြာ တရားဝင်ခရီးစဥ်သွားရောက်ပြီး တလမျှပင် မကြာတဲ့ အချိန်ကာလအတွင်း တရုတ်နိုင်ငံကို ၅ ရက်ကြာ တရားဝင်ခရီးစဥ် အဖြစ်ထပ်မံသွားရောက်ခဲ့ပြန်တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံခရီးစဥ် အတွင်းမှာ နယ်စပ်ဒေသ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ကုလားတန်မြစ် ဘက်စုံစီမံကိန်း၊ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ ဆက်သွယ်ချိတ်ဆက်မယ့်လမ်း စီမံကိန်း စတာတွေကို အဓိက ဆွေးနွေးခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်က အိန္ဒိယ လုပ်ငန်းရှင်ကြီးတွေကို ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်မှုတွေလည်း လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယ ခရီးစဥ်ဟာ မြန်မာစစ်ခေါင်းဆောင်ကို သမ္မတရာထူးရယူပြီးနောက် တရားဝင် အသိအမှတ်ပြုတဲ့ သဘောလည်း သက်ရောက်တာကြောင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်အဖို့ သံတမန်ရေးအရ အကျိုးအမြတ်ရရှိခဲ့တဲ့ ခရီးစဥ်လို့ဆိုရမှာ ဖြစ်ပါတယ်။ အိန္ဒိယခရီးစဥ်အပြီး နောက်မကြာခင် မြန်မာစစ်ခေါင်းဆောင်ကို တရုတ်နိုင်ငံက တရားဝင်ခရီးစဥ် ဖိတ်ကြားခဲ့ခြင်းဟာ မြန်မာစစ်ခေါင်းဆောင်အဖို့ သံတမန်ရေးအရ ဂုဏ်ယူဝင့်ကြွားစရာ အနေအထားဖြစ်ပြီး တရုတ်နိုင်ငံခရီးစဥ်ကို တလမပြည့်ခင်အတွင်း သွားရောက်ခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံ သမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံခဲ့တာ ရှိခဲ့သည့်တိုင် ဒုတိယကမ္ဘာစစ်ပြီး ဂျပန်ကို အနိုင်ရရှိခဲ့တဲ့ နှစ် ၈၀အထိမ်းအမှတ်ပွဲကို တက်ရောက်ရင်း တွေ့ဆုံရတာမျိး၊ အခြားသော အခမ်းအနားတခုကို တက်ရောက်စဥ် တရုတ်နိုင်ငံခေါင်းဆောင်နဲ့ တွေ့ခွင့်ရခဲ့တာမျိုးဖြစ်ပြီး အခုလို မြန်မာနိုင်ငံက သမ္မတအဖြစ်သီးခြားဖိတ်ကြားကာ နိုင်ငံခေါင်းဆောင် အဖြစ် အခမ်းအနားတွေနဲ့ ကြိုဆိုတာ နေ့လည်စာတည်ခင်းဧည့်ခံတာ၊ Great Hall မှာ ဧည့်ခံတွေ့ဆုံတာ စတဲ့ အခင်းအကျင်းတွေက စစ်ရာထူးနဲ့ တုန်းက မရခဲ့ဘဲ ခုသမ္မတဖြစ်မှ ရရှိတဲ့ အခွင့်အရေးတွေ ဖြစ်ပါတယ်။
တရုတ်နိုင်ငံအနေနဲ့ ၂၀၂၄ ခုနှစ် သြဂုတ်လ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နေပြည်တော်ခရီးစဥ် အချိန်ကစလို့ အာဏာသိမ်းစစ်တပ်သည်သာလျှင် အစဥ်အလာရှိပြီး ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံကို ထိန်းချုပ်နိုင်မယ်လို့ ကောက်ချက်ချခဲ့ကာ မြန်မာအပေါ် ထားရှိတဲ့မူဝါဒ အလှည့်အပြောင်းကို ပြသခဲ့တာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကမ္ဘာ့ကုလသမဂ္ဂမှာ စစ်တပ်ရဲ့ အမိန့်ကို နာခံခြင်းမရှိဘဲ အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံခဲ့တဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို ဆက်လက် အသိအမှတ်ပြုရေးကိစ္စတွေမှာ တရုတ်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စု၊ ဥရောပနိုင်ငံအချို့နဲ့ သဘောတူထားခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ ၂၀၂၄ သြဂုတ်နောက်ပိုင်း အာဏာသိမ်းစစ်တပ်ကို တရုတ်နိုင်ငံက သိသာထင်ရှားစွာ ထောက်ခံအားပေးခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ကိုလည်း အာဏာသိမ်းစစ်တပ်ကို ဖိအားပေး တိုက်တွန်းခဲ့တာပါ။
၂၀၂၄ သြဂုတ်လက စတင်ရေတွက်ရင် ၁ နှစ်ခွဲနီးပါးအကြာမှာ ရွေးကောက်ပွဲကျင်းပခဲ့ပြီး ၂ နှစ်မပြည့်မီမှတော့ တရုတ်နိုင်ငံက လိုလားတဲ့ ရွေးကောက်ပွဲနဲ့ အာဏာရလာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်သမ္မတအဖြစ် လူသိရှင်ကြား ဖိတ်ခေါ် ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။
ဒီခရီးစဥ်အတွင်း တရုတ်နိုင်ငံအနေနဲ့ ၄င်းတို့ရဲ့ ရင်းနှီးမြှုပ်နှံမှု၊ သဘာဝဓါတ်ငွေ့နဲ့ ရေနံပိုက်လိုင်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေကို အကာအကွယ်ပေးဖို့ ၊ BRI စီမံကိန်းရဲ့ မြန်မာနိုင်ငံအပိုင်းတွေ အကောင်အထည်ဖော်နိုင်ဖို့ ၊ တရုတ်မြန်မာ စင်္ကြံလမ်းစီမံကိန်းတွေကို လုံခြုံရေးအာမခံပေးဖို့၊ နယ်စပ်ကုန်သွယ်ရေးတွေ ပြန်ဖွင့်ဖို့ နဲ့ မြန်မာနိုင်ငံထဲက ကျားဖြန့်လုပ်ငန်းတွေ နှိမ်နှင်းဖို့ စတဲ့ အကြောင်းအရာတွေကို အဓိက တောင်းဆိုခဲ့တယ်လို့ သတင်းတွေက ဆိုကြပါတယ်။
အခုလို တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံထဲက လုပ်လက်စစီမံကိန်းတွေ၊ နောက်ထပ်အသစ်ဖော်ဆောင်မယ် ဆိုတဲ့ စီမံကိန်းတွေကို လုံခြုံရေး အာမခံချက်ပေးဖို့ တောင်းဆိုမှုကို မြန်မာစစ်ခေါင်းဆောင် အနေနဲ့ လွယ်လွယ်ကူကူ အကောင်အထည်ဖော်နိုင်ပါ့မလား ဆိုတာကို လက်ရှိအနေအထားကို ကြည့်ပြီး အများက သံသယရှိကြတာလည်း တွေ့ရပါတယ်။
သို့ပေမဲ့ အဲလို လုံခြုံရေးအာမခံနိုင်အောင် မြန်မာစစ်ခေါင်းဆောင်နဲ့ ၄င်းရဲ့ စစ်တပ်ဟာ တရုတ်နိုင်ငံရဲ့ အကူအညီတွေ ရယူဖို့ စိတ်အားထက်သန်နေလိမ့်မယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ မြန်မာစစ်တပ်အနေနဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးအရ ထိုးစစ်ဆင်ပြီး နယ်မြေပြန်လည်ရရှိရေးတွေ လုပ်ဆောင်ရာမှာ တရုတ်နိုင်ငံထံမှ လက်နက်ခဲယမ်း၊ နည်းပညာနဲ့ ရုပ်ဝတ္ထုတွေ အကူအညီရဖို့ မြန်မာစစ်တပ်က ကြိုးပမ်းလိမ့်မယ်လို့ ယူဆရပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ တရုတ်နိုင်ငံဘက်က ဒရုန်းတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အသာစီးရခဲ့ကြပေမဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းနောက်ပိုင်းမှာတော့ မြန်မာအာဏာသိမ်းစစ်တပ်ကို တရုတ်နိုင်ငံဘက်က ဒရုန်းနဲ့ပတ်သက်တဲ့ နည်းပညာနဲ့ ပစ္စည်းတွေ၊ အစိုးရအချင်းချင်းသာ ဝယ်ယူနိုင်တဲ့ ဒရုန်း၊ လှိုင်းဖျက်ကိရိယာ စတာတွေ ရောင်းချပေးခဲ့ရာက တော်လှန်ရေးအင်အားစုတွေ အဖို့ ခက်ခက်ခဲခဲ ယှဥ်ပြိုင်လာရတဲ့ အနေအထား ဖြစ်လာပါတယ်။
ဒါ့အပြင် ညီနောင် ၃ ဖွဲ့အနက် ၂ ဖွဲ့ကို အပစ်ရပ်သဘောတူဖို့ ဖိအားပေးခဲ့တယ်လို့ အများက ကောက်ချက်ချခဲ့ကြပြီး တရုတ်နယ်စပ်မှာ အခြေပြုထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တရုတ်နိုင်ငံကို ပစ်ပယ်လို့ မရကြောင်း သဘောပေါက်အောင် တရုတ်နိုင်ငံက သင်ခန်းစာပေးခဲ့တာ တွေ့ရပါတယ်။
မြန်မာနိုင်ငံတည်ငြိမ်မှု ရရှိရေးဟာ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်နဲ့ အုပ်ချုပ်သည် ဖြစ်စေ၊ မအုပ်ချုပ်သည်ဖြစ်စေ မြန်မာနိုင်ငံ တည်ငြိမ်ဖို့က အဓိကလိုလားချက်ဖြစ်ပြီး အဲဒီလို တည်ငြိမ်မှုမှုရရှိစေဖို့ အတွက် NUG လို အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံကို အားပြုထားတဲ့ အင်အားစုကို တရုတ်အနေနဲ့ အားမကိုးလိုသလို မိမိတို့ အမျိုးသားနယ်မြေတွေ မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပြဋ္ဌာန်းခွင့်အတွက် ရည်မှန်းချက်ထား တိုက်ခိုက်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း အားကိုးလို့မရတာ တရုတ်နိုင်ငံက နားလည်သဘောပေါက်ထားပုံရပါတယ်။
ဒီအကြောင်းအချက်တွေက မြန်မာအာဏာသိမ်းစစ်တပ်ကို ထောက်ခံဖို့ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်တဲ့ အကြောင်းတရားတွေ ဖြစ်ပြီး အခုလို ရွေးကောက်ပွဲကျင်းပပြီးချိန် အရပ်သားအသွင်ယူထားတဲ့ အစိုးရတက်လာချိန်မှာ မင်းအောင်လှိုင် အစိုးရကို သံတမန်ရေးအရပါ ထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင် ပြသလိုက်တာဖြစ်သလို ရှေ့လာမဲ့ကာလတွေမှာ တရုတ်နယ်စပ်မှာ အခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို ဖိအားပေးတာ၊ မင်းအောင်လှိုင်အစိုးရကို စစ်ရေး၊ စီးပွားရေး အားပေးထောက်ခံမှုတွေ ပိုတိုးပွားလာနိုင်စရာ အလားအလာလည်း ရှိနေတာဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar