အာဏာသိမ်းစစ်တပ်က စစ်ရေးအရ ထိုးစစ်ဆင်နေချိန် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၃ မြင်ကွင်း
(မိုးမခ) ဇွန် ၂၄ ၊ ၂၀၂၆
အာဏာသိမ်းစစ်တပ်က စစ်ရေးအရ ထိုးစစ်ဆင်နေချိန် တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခ
အာဏာသိမ်းစစ်တပ်က အိန္ဒိယနယ်စပ် တမူးမြို့ကနေ ကလေး-မုံရွာတို့ကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ထိန်းချုပ်ဖို့ စစ်ကြောင်းတွေ ထိုးစစ်ဆင်ကာ ခမ်းပတ်မြို့ကို ပြန်လည်သိမ်းယူထိန်းချုပ်ချိန် မှာ မြန်မာနိုင်ငံ အထက်ပိုင်း အညာဒေသထဲက မြင်းခြံခရိုင် တောင်သာမြို့နယ်မှာတော့ ပြည်သူ့လွတ်မြောက်ရေး PLA လက်နက်ကိုင်တပ်ဖွဲ့ရဲ့ စခန်းတခုကို အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်တွေက သိမ်းယူဖို့ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
NUG အစိုးရဘက်က PLA စခန်းကို ဝင်ရောက်စီးနင်းရတဲ့ အကြောင်းရင်းအဖြစ် တောင်သာမြို့နယ်ထဲက အရပ်သားပြည်သူ တယောက်ကို စစ်တပ်ရဲ့ သတင်းပေးအဖြစ် PLA က စွပ်စွဲဖမ်းဆီးပြီး ရိုက်နှက်ကာ ထိန်းသိမ်းထားခဲ့တာ၊ မိသားစုထံက ငွေသိန်း ၂ ထောင် တောင်းခံခဲ့တာ အစရှိတဲ့ ပြစ်မှုတွေကြောင့် ဝင်ရောက်စီးနင်းရတာလို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ PLA ဘက်ကတော့ ၄င်းတို့ ဖမ်းဆီးစစ်ဆေးခဲ့တဲ့ သူနဲ့ပတ်သက်တဲ့ ဝန်ခံပြောဆိုချက် ဗီဒီယိုဖိုင်ကို ထုတ်ပြန်ခဲ့သလို မြင်းခြံခရိုင် ကွပ်ကဲရေးတာဝန်ခံနဲ့ PLA ဘက်က တဦးနဲ့ ဖုန်းပြောတဲ့ အသံဖိုင်တွေကိုလည်း အများသိအောင် ထုတ်ပြန်ခဲ့ပါတယ်။
မြင်းခြံခရိုင် တောင်သာနယ်ထဲမှာ လှုပ်ရှားနေတဲ့ PLA တပ်ဖွဲ့နဲ့ NUG လက်အောက်က တဖက်နဲ့ တဖက် တင်းမာနေချိန်မှာ NUG အစိုးရဘက်က PLA တပ်ဖွဲ့တွေရဲ့ သတင်းပေးစွပ်စွဲဖမ်းဆီးခံရသူနဲ့ ပတ်သက်လို့ အပြစ်မဲ့ ပြည်သူကို ဖမ်းဆီးထားတယ် ဆိုတဲ့ စွပ်စွဲချက်ပါဝင်တဲ့ ထုတ်ပြန်ချက်လည်း ထုတ်ပြန်ခဲ့ပါတယ်။ PLA စခန်းကို NUG လက်အောက်တပ်တွေက ဝင်စီးရာမှာ မိုင်းထိပြီး ပကဖ တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တာပါ။
အခုရက်ပိုင်း ဖြစ်ပျက်တဲ့ ဖြစ်ရပ်တွေဟာ တော်လှန်ရေးလက်နက်ကိုင် အင်အားစုတွေ အကြား ပွတ်တိုက်မှုအဆင့် မဟုတ်တော့ဘဲ ရန်ဘက်သဖွယ်တိုက်ခိုက်မှုတွေဆီ ဦးတည်နေတဲ့ အခြေအနေရောက်ရှိနေတာလည်း ဖြစ်ပါတယ်။
အခုလို တော်လှန်ရေးတပ်တွေ အချင်းချင်းအကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားနေချိန် အခြားတဖက်မှာတော့ အာဏာသိမ်းစစ်တပ်က အညာဒေသ၊ အညာဒေသနဲ့ ဆက်စပ်နေတဲ့ ချင်းပြည်နယ်တို့မှာ လေကြောင်းတိုက်ခိုက်မှုတွေ စစ်ကြောင်းထိုးတာတွေနဲ့ စစ်ကိုင်းတိုင်းထဲက ကလေး-တမူး လမ်းပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အရပ်ဝတ်လဲပြီး ရွေးကောက်ခံသမ္မတသဖွယ်အသွင်ပြောင်းပြီး အိမ်နီးချင်းနိုင်ငံတွေရဲ့ သံတမန်ရေး အသိအမှတ်ပြုမှုနဲ့ နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုလို အဆင့်တွေအထိ ဆွေးနွေးလုပ်ဆောင်နေချိန်မှာ နိုင်ငံထဲက ပြည်သူ့ကာကွယ်ရေးတပ် PDF တွေနဲ့ အခြားသော တော်လှန်ရေးလက်နက်ကိုင် တပ်တွေအကြား ပဋိပက္ခတွေက အရှိန်မြင့်တက်လာနေတာဟာ စစ်အာဏာရှင်တွေကို ဖြုတ်ချရေး စစ်ရေးလှုပ်ရှားမှု၊ နိုင်ငံရေး စုစည်းမှုတွေကို အင်အားလျော့နည်းစေမှာ အသေအချာပင် ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က PDF လက်နက်ကိုင်တပ်တွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင် ဒေသတွေကလွဲလို့ ဗမာလူမျိုးနဲ့ အခြားလူမျိုးရောနှောနေထိုင်ကြတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး နဲ့ တနင်္သာရီ တိုင်းတို့လို ဒေသတွေမှာ ရှိနေကြတဲ့ ပသုံးလုံးမဟုတ်တဲ့ တော်လှန်ရေးလက်နက်ကိုင်တွေ နဲ့ ဘယ်လို ပူးပေါင်း အလုပ်လုပ်ကြမလဲဆိုတဲ့ မေးခွန်းအတွက် အဖြေမရှိသေးတဲ့ အနေအထားဖြစ်ပေမယ့် လက်တွေ့ မြေပြင်မှာတော့ ထိစပ်ရာဒေသတွေမှာ အခြားသော တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကို NUG လက်အောက် ဝင်မလား သို့မဟုတ် နယ်မြေထဲကနေ ထွက်ခွာမလားဆိုတာမျိုး တပ်အင်အားနဲ့ တိုက်ခိုက်တဲ့အထိ လုပ်ဆောင်နေတာတွေ့ရပါတယ်။
တော်လှန်ရေး လက်နက်ကိုင်အင်အားစုတွေကို အမိန့် တစုတစည်းတည်း ဖြစ်အောင်လုပ်ဆောင်ဖို့ ဆိုတာ စိတ်ကူးအားဖြင့် စကားလုံးအားဖြင့် လှပကောင်းမွန်ပေမဲ့ တကယ့် လက်တွေ့ဘဝမှာ လွယ်ကူတဲ့တာဝန်တော့ မဟုတ်ပါဘူး။ ဖြစ်နိုင်ခြေရှိရဲ့လား၊ ဘယ်လို လုပ်မှာလဲ၊ ဘယ်လောက်အချိန်ကာလ သတ်မှတ်ပြီးလုပ်ဆောင်မှာလဲ စတဲ့ မေးခွန်းတွေလည်း ရှိနေသလို အဲလို စစ်ရေးအမိန့်တခုတည်းအောက်မှာ တိုက်ပွဲဝင်နိုင်တဲ့ စုစည်းမှုမျိုး အဆင့်မရောက်ခင် မဟာမိတ်အဆင့်ကို အရင် လုပ်ဆောင်နိုင်ကြဖို့ လိုတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ပိုင်းတွေတုန်းက အာဏာသိမ်းစစ်တပ်နဲ့ ရင်ဆိုင် ဖြစ်ပွားခဲ့တဲ့ စစ်ဆင်ရေးတွေ၊ တိုက်ပွဲတွေမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ မဟာမိတ်လုပ်ပြီး တိုက်ပွဲဝင်ကြတာ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ် (NUG သာမက ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါ)တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့ သာဓကအများအပြားရှိခဲ့တာ တွေ့ရပါလိမ့်မယ်။ ၁၀၂၇ စစ်ဆင်ရေးမှာ တိုင်းရင်းသား လက်နက်ကိုင် ၃ ဖွဲ့နဲ့ ၄င်းတို့ကို ဘေးမှနေ စစ်သည်အင်အားနဲ့ ကူညီတိုက်ပေးခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့တွေ အများအပြားရှိခဲ့ကြတာ ဖြစ်ပါတယ်။ ကရင်နီ၊ အညာ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေးတို့က ပြည်သူ့ကာကွယ်ရေးတပ်တွေ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
အထက်ကလို အာဏာသိမ်းစစ်တပ် နယ်မြေတွေ အများအပြားထိန်းချုပ်ထားချိန်မှာ စုပေါင်းတိုက်ခိုက်ခဲ့ကြချိန် ရေဆန်မှာချောမွေ့ခဲ့ကြပေမဲ့ အာဏာသိမ်းစစ်တပ် နယ်မြေလက်လွှတ်ဆုံးရှုံးပြီး အဆိုပါနယ်မြေတွေကို တော်လှန်ရေး လက်နက်ကိုင်တပ်တွေက အုပ်ချုပ်ကြတဲ့အချိန် ရေစုန်မှာ ရင်မောစရာတွေ ကြုံတွေ့လာကြရတာလည်း ဖြစ်ပါတယ်။
မိမိတို့ ထိန်းချုပ်နယ်မြေတွေကို ထပ်ချဲ့ထွင်လိုတာ၊ သယံဇာတ၊ အခွန်အကောက်နဲ့ စစ်သားသစ်စုဆောင်းရေးတွေမှာ ထိစပ်နေတဲ့ နယ်မြေတွေက တော်လှန်ရေးလက်နက်ကိုင်တွေနဲ့ အကျိုးစီးပွား ပဋိပက္ခဖြစ်တာတွေ စတင်လာခဲ့တာလည်း ဖြစ်ပါတယ်။
အာဏာ ပြဿနာနဲ့ အခွန်အခ၊ သယံဇာတ ပြဿနာမှာ မဟာမိတ်တွေ အချင်းချင်း အကြား ပူးပေါင်းဆောင်ရွက်မှု လျော့ကျလာတာ၊ ပွတ်တိုက်မှုဖြစ်ပွားလာတာ ၊ လက်နက်နဲ့ တိုက်ခိုက်တာတွေအထိ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။ KIA နဲ့ TNLA အကြား၊ TNLA နဲ့ MNDAA အကြား ပွတ်တိုက်မှုနဲ့ တိုက်ပွဲတွေ ၂၀၂၅ နဲ့ ၂၀၂၆ ခုနှစ်တွေမှာ ဖြစ်ပွားခဲ့တာတွေ့ကြရမှာ ဖြစ်ပါတယ်။
ဒါက တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း အကြားက ပြဿနာဖြစ်ပြီး မြန်မာနိုင်ငံ အလယ်ပိုင်း၊ အညာဒေသတွေ နဲ့ ပတ်သက်ရင် NUG လက်အောက်က ပသုံးလုံးလို့ ခေါ်တဲ့ ကာကွယ်ရေး လုံခြုံရေးနဲ့ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ အခြားသော တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ အကြား နယ်မြေ အုပ်ချုပ်ခွင့်၊ အခွန်ကောက်ခံခွင့်တွေနဲ့ ပတ်သက်ပြီး ပဋိပက္ခစတင်ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။
ဒီပြဿနာကို နိုင်ငံရေး၊ စစ်ရေးဆန်ဆန်တဲ့ စကားလုံးတွေ ဖြစ်တဲ့ CoC ၂ ရပ် အောက်ဝင်ခြင်း မဝင်ခြင်းဆိုပြီး ပုံဖော်ပြောဆိုကြသည့်တိုင် အတွင်း အနှစ်သာရကတော့ နယ်မြေ အုပ်ချုပ်ရေး နဲ့ အခွန်အခ ကောက်ခံရေး ကိစ္စတွေလို့ ကောက်ချက်ချနိုင်ပါတယ်။
NUG အနေနဲ့ တိုင်းရင်းသား ဒေသတွေကို ချန်လှပ်ပြီး အညာဒေသအပါအဝင် အခြားသော တိုင်းဒေသကြီးနယ်မြေတွေ၊ နေပြည်တော်၊ ရန်ကုန်တို့လို ဒေသတွေမှာ NUG လက်အောက်က ပသုံးလုံးအဖွဲ့တွေကသာ ထိန်းချုပ်၊ အုပ်ချုပ်ရမယ်လို့ ခံယူထားကောင်းထားမယ်လို့ မှန်းဆနိုင်ပါတယ်။ တိုင်းရင်းသားဒေသတွေဟာ ဖက်ဒရယ်စနစ်အရ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေကသာ ကိုယ်ပိုင်အုပ်ချုပ်မှု သို့မဟုတ် ကွန်ဖက်ဒရေးရှင်း အဆင့် နဲ့ သွားကြမယ့် သဘောကို NUG က နားလည်ထားပြီး ကျန်ဒေသတွေကိုတော့ NUG ရဲ့ ထိန်းချုပ်နယ်မြေ အဖြစ်ရည်မှန်းထားတဲ့သဘောလည်း ဖြစ်ပါတယ်။ ဒီ မျှော်မှန်းချက်၊ နားလည်ချက်တွေက အခုဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေရဲ့ အကြောင်းခံတွေ ဖြစ်ပါတယ်။
သို့ပေမဲ့ အရပ်စကားနဲ့ ပြောရရင် မုန့်ဆီကြော် ဘယ်နေမှန်းမသိ ဆိုတဲ့စကားပုံလိုပဲ တော်လှန်ရေးအောင်ပွဲက ခုနှစ်လား နောင်နှစ်လား၊ နောင် ဘယ်နှနှစ်လဲ ဆိုတာ တိတိပပ မဆုပ်ကိုင်နိုင်သေးချိန်မှာ အချင်းချင်း စည်းလုံးမှုကို ဖျက်ဆီးမဲ့ အခုလို ဖြစ်ရပ်တွေက အောင်ပွဲကို ပိုပြီး ဝေးကွာစေလိမ့်မယ်ဆိုတာ သတိကြီးကြီး ထားဖို့ နှိုးဆော်ချင်တာ ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar