မောင်လူမွှေး - ကလေးတွေအပေါ် ဖိနှိပ်နေတဲ့ ပညာရေး
မောင်လူမွှေး - ကလေးတွေအပေါ် ဖိနှိပ်နေတဲ့ ပညာရေး
ပညာရေးဆိုတာ လွတ်လပ်ရပါတယ်။ အာဏာသိမ်း စစ်တပ်လက်အောက်က ပညာရေးဟာ သဘောတရားအရကို ဖိနှိပ်တဲ့ပညာရေးဖြစ်နေပြီးသားပါ။ စစ်တပ်လက်အောက်က ပညာရေးဟာ ဖိနှိပ်တဲ့ပညာရေးဖြစ်နေတဲ့အတွက် တော်လှန်နယ်မြေက ပညာရေးကတော့ လွတ်လပ်တဲ့ပညာရေးဖြစ်တယ်လို့ ပြောလို့မရတာ အသိဉာဏ်နည်းနည်းရှိရင်တောင် သိနိုင်ပါတယ်။ ဖိနှိပ်မှုဆိုတာ ချက်ချင်းကြီး ထပေါ်လာတာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ဓလေ့ဆိုး တစ်ခုဖြစ်ပါတယ်။
တစ်ရက် မောင်လူမွှေး အလယ်တန်းစာသင်ခန်းတခုကိုဝင်တော့ ကလေးတွေသူတို့အချင်းချင်းပြောနေကြတာကို ကြားရတယ်။ " ဟေ့ ဆရာမက ဒူးထောင်ပြီး မထိုင်ရဘူးတဲ့နော်" တဲ့။ ဒူးထောင်ထိုင်နေတဲ့ကောင်တွေ ဒူးတွေပြန်ချသွားကြတယ်။ သူတို့လေးတွေ ထိုင်နေကြရတာက ကြမ်းပြင်မှာ။ ကြမ်းပြင်မှာ အကြာကြီးထိုင်ရတော့ ညောင်းကြရှာတယ်။ သူတို့အတွက် ခန္ဓာကိုယ်လွတ်လပ်မှု ၊ အဆင်ပြေသလို ကိုယ်နေဟန်ထားနဲ့ ထိုင်ဖို့ဟာ သူတို့လွတ်လပ်ခွင့်ဖြစ်ပြီး ဆရာ၊ဆရာမတွေကို စော်ကားသလိုမဖြစ်ရင် ပြီးတာပါပဲ။
" ငါ့အချိန်မှာတော့ လွတ်လပ်လပ်ထိုင်ကြပါ။ ဘောင်းဘီပါလို့ ထဘီတွေ ချွတ်ထားချင်တဲ့သူလည်း ချွတ်ထားကြပါ" လို့ ပြောလိုက်တော့ တချို့ကလေးတွေက " ဟေး " ဆိုပြီး ဒူးပြန်ထောင်ထိုင်သူက ထိုင်ကြတယ်။ ကပိုကရိုဝတ်ထားတဲ့ ထဘီတွေကို ချွတ်ပြီး ဘောင်းဘီနဲ့ပဲ လွတ်လပ်စွာထိုင်သူကထိုင်ကြတယ်။ ဒီဆယ့်နှစ်နှစ်အရွယ် ကလေးတွေကို ကြည့်ပြီး မောင်လူမွှေး သနားမိပါတယ်။
ဆယ့်နှစ်နှစ်အရွယ် ကလေးငယ်တွေကို ပုဆိုး၊ ထဘီဝတ်ခိုင်းထားတော့ သူတို့လေးတွေဟာ ကပိုကရိုနဲ့ ဘယ်နိုင်ပါ့မလဲ။ ဝတ်ခိုင်းတဲ့ဆရာမကို အကျိုးအကြောင်းပြောပြတော့လည်း စဉ်းစားဦးမယ်လို့သာဆိုပါတယ်။ သူ့ရပ်သူ့ရွာဆိုတော့လည်း မောင်လူမွှေးလည်း ပြောရုံပဲတတ်နိုင်တယ်။ ဟိုအရင်အချိန်တွေကတော့ မောင်လူမွှေးတစ်ယောက် စာသင်နေရင် စာသင်ခန်းနောက်မှာ ဘွဲ့ရဆရာမတစ်ယောက်က အဆင်သင့်ကူပေးဖို့ရှိတယ်။ ခုချိန်မှာတော့ ဆယ်တန်းအောင်ဆရာမလေးတစ်ယောက်ကိုတောင် အကြံဉာဏ်အောင်မြင်အောင်မပေးနိုင်တဲ့ အခြေအနေဖြစ်နေတယ်။ ထိုင်းဘက်မှာ အင်္ဂလိပ်စာသင်တန်းသွားဖွင့်နေတဲ့ သူငယ်ချင်းအပါအဝင် ပြည်ပရောက် တကယ့်ပညာတတ်တွေကို မောင်လူမွှေး နားလည်နိုင်ခဲ့တာ ကြာပါပြီ။
ပြီးခဲ့တဲ့နွေရာသီ ခရီးထွက်ရင်း မောင်လူမွှေးဆီ လူငယ်တစ်ယောက်လာတွေ့ရင်း ပြောဖူးတဲ့ စကားတစ်ခွန်းကို ပြန်သတိရမိတယ်။ ဒီလူငယ်ဟာ တက္ကသိုလ်ခြောက်နှစ်တက်ပြီး အင်ဂျင်နီယာဘွဲ့ရထားတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။
" ကျနော်တို့ကဗျာ ငယ်ငယ်ကလေးတည်းကစလို့ အဆင့်ဆင့်သင်းကွပ်ခံခဲ့ရတာ" တဲ့။ သူ့စကားကို နားထောင်ပြီး မောင်လူမွှေး ကြက်သီးထခဲ့ပါတယ်။
ဒီလိုကိုယ်တိုင်ခံရပြီးလို့ ကိုယ်တိုင်သိတဲ့ လူငယ်ဟာ သူ့ဒေသက ကလေးတွေကို သူ့လို သင်းကွပ်ခံရမှာ သိပ်စိုးရိမ်ရှာတယ်။ ဖိနှိပ်မှုဓလေ့ဆိုးကို ကလေးတွေအပေါ် မကျရောက်အောင် ကြိုးစားရှာတယ်။ ဒါပေမယ့် သူလည်း မောင်လူမွှေးလိုပဲ မအောင်မြင်ရှာသေးပါဘူး။
မောင်လူမွှေးတို့ဟာ သည်းခံခြင်းတရားနှင့် မေတ္တာကိုပဲ အားကိုးနေထိုင်ရတယ်။ ဓလေ့ဆိုးတခုကို ပြောင်းလဲဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် သတိပေးရပါတယ်။ သနားစရာကလေးတွေရဲ့ မျက်နှာကို ဦးထိပ်ထားရတယ်။
ဖိနှိပ်တဲ့ပညာရေးဆိုတာ စစ်တပ်လက်အောက်မှာမှရှိတာမဟုတ်ပါဘူး။ ဖိနှိပ်တဲ့ပညာရေးဆိုတာ ကမ္ဘာ့ယဉ်ကျေးမှု အတွေးအခေါ်နဲ့ အဆက်ပြတ်တဲ့နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ ဒီလို အဆက်ပြတ်နေတဲ့နေရာတွေ မောင်လူမွှေးတို့နိုင်ငံမှာ ဘယ်လောက်များရှိမလဲ တွေးကြည့်မိရင် မျိုးဆက်သစ်ကလေးတွေအတွက် ကြေကွဲစရာကောင်းလှပါတယ်ခင်ဗျာ...။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar