Breaking News

အီရန်-အမေရိကန် စစ်ပွဲဂယက်ကြောင့် ထပ်ပြီး ဆိုးရွားစေတဲ့ မြန်မာ့စီးပွားရေး

မြန်မာနွေဦးခရိုနီကယ် - ဇွန် ၁၆ မြင်ကွင်း

(မိုးမခ) ဇွန် ၁၇ ၊ ၂၀၂၆

အီရန်-အမေရိကန် စစ်ပွဲဂယက်ကြောင့် ထပ်ပြီး ဆိုးရွားစေတဲ့ မြန်မာ့စီးပွားရေး 

ဖေဖော်ဝါရီလ နောက်ဆုံးရက်မှာ အမေရိကန်နဲ့ အစ္စရေးလ် ပူးပေါင်းပြီး အီရန်ကို စတင်တိုက်ခိုက်လိုက်တဲ့ စစ်ပွဲကြောင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေ စျေးနှုန်းကြီးမြင့်တာ၊ ဝယ်ယူရခက်ခဲလာတဲ့ အခြေအနေတွေက နဂိုပြည်တွင်းစစ်ကြောင့် ထိခိုက်ပျက်စီးနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ထပ်ပြီး ချည့်နဲ့ ထိခိုက်စေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီနေ့ ထုတ်ပြန်တဲ့ ပုံမှန်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ယမန်နှစ် မတ်လကုန်မှာ စစ်ကိုင်းနဲ့ မန္တလေးဒေသကို အကြီးမားဆုံး ထိခိုက်ပျက်စီးစေတဲ့ ငလျင်ကြီးကြောင့် မြန်မာ့စီးပွားရေးကို ထိခိုက်မှု ဖြစ်စေခဲ့ပြီးနောက် တနှစ်အကြာမှာ တဖန် အမေရိကန်-အီရန်စစ်ပွဲ ဂယက်ကြောင့် လောင်စာဆီ၊ သဘာဝဓာတ်ငွေ့ နဲ့ ဓာတ်မြေသြဇာ အစရှိတဲ့ ကုန်ပစ္စည်းစျေးနှုန်းတွေ သိသိသာသာ မြင့်တက်တာ၊ ဝယ်ယူတင်သွင်းဖို့ အခက်အခဲတွေကနေ အာဏာသိမ်းစစ်အစိုးရရဲ့ နိုင်ငံခြားငွေ ခြိုးခြံချွေတာရေး မူဝါဒတွေကြောင့် မြန်မာ့စီးပွားရေးအပေါ်  ကြီးမားတဲ့ သက်ရောက်မှုတွေ ထပ်ပြီးခံစားရမယ့် အနေအထားဖြစ်ပါတယ်။ 

ယခုနောက်ဆုံးထုတ် ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ ၂၀၂၆ ဧပြီလကနေ ၂၀၂၇ မတ်လကုန်ထိ သတ်မှတ်တဲ့ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးတိုးတက်မှု ၂ ရာနှုန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်-အီရန်စစ်ပွဲ ဖြစ်ပွားခြင်း မရှိခဲ့ရင် မြန်မာနိုင်ငံအနေနဲ့ စီးပွားရေးတိုးတက်မှုနှုန်း ၃ ရာနှုန်းလောက် ရှိနိုင်တယ်လို့ ခန့်မှန်းခဲ့ရာက အဆိုပါ စစ်ပွဲရဲ့ သက်ရောက်မှုတွေကြောင့် တိုးတက်မှုနှုန်း လျှော့ချခန့်မှန်းခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအဖို့ အမေရိကန်-အီရန်စစ်ပွဲရဲ့ သက်ရောက်မှုကို မခံစားရခင် နဂိုကတည်းက ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ သက်ရောက်မှုတွေကြောင့် စီးပွားရေးက ဆိုးရွားနေခဲ့ပြီး ဖြစ်ကာ အခုလို အရှေ့အလယ်ပိုင်း မှာ ဖြစ်ပွားတဲ့ စစ်ပွဲရဲ့ သက်ရောက်မှုလို  ပြင်ပအကြောင်းအချက်တွေကြောင့် လောင်စာဆီ ရှားပါးမှုနဲ့ ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်တာ၊ ဝယ်ယူတင်သွင်းဖို့ အတားအဆီးတွေ ကြောင့် စိုက်ပျိုးရေး ကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြားသော ကုန်ထုတ်လုပ်မှုတွေကိုပါ ကြီးမားတဲ့ ရိုက်ခတ်မှု သက်ရောက်မှုတွေ ရှိလာစေတာ ဖြစ်ပါတယ်။ 

အရှေ့အလယ်ပိုင်းစစ်ပွဲ စတင်ပြီး တပတ်ခန့်အကြာ ယခုနှစ် မတ်လ ပထမပတ်မှာ မြန်မာစစ်အစိုးရက စုံ/မ စနစ်နဲ့ မော်တော်ယာဥ် အသုံးပြုခွင့် အမိန့်ထုတ်ပြန်ခဲ့သလို အဲဒီနောက်ပိုင်း စက်သုံးဆီဝယ်ယူရာမှာပါ ယာဥ်မှတ်ပုံတင်နဲ့ တိုက်ဆိုင်စစ်ဆေးတာ၊ သီတင်းတပတ်မှာ ဝယ်ယူခွင့်ပမာဏ သတ်မှတ်တာတွေ ထပ်တိုးလုပ်ဆောင်ခဲ့တာကြောင့် သယ်ယူပို့ဆောင်ရေး နဲ့ စိုက်ပျိုးရေးကဏ္ဍသုံး လောင်စာဆီ ဖြန့်ဖြူးရေးအစီအစဥ်တွေ စီစဥ်ဆောင်ရွက်တာမျိုး မရှိတာကြောင့် စိုက်ပျိုးသီးနှံတွေကို အချိန်မှီ စျေးကွက်/ဝယ်လက်အရောက် မပို့ဆောင်နိုင်တဲ့ အဖြစ်တွေနဲ့ သယ်ပို့စရိတ်မြင့်တက်လာခြင်းကြောင့် စျေးကွက်တင်ပို့ဖို့ တွက်ချေမကိုက်တဲ့ အဖြစ်၊ အရှုံးတွေနဲ့ ရင်ဆိုင်ကြရတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာနေတာ တွေ့ရပါတယ်။ 

ခရမ်းချဥ်သီးလို ရာသီအလိုက် စိုက်ပျိုးသီးနှံထွက်ကုန်တွေ စျေးကွက်တင်ပို့ဖို့ ကုန်ကျစရိတ်နဲ့ မကာမိတာကြောင့် စိုက်ပျိုးရာဒေသမှာပဲ စွန့်ပစ်လိုက်ရတဲ့ အဖြစ်တွေ၊ ရိတ်သိမ်းပြီးစပါးတွေ ရောင်းချဖို့တွက်ခြေမကိုက်တာကြောင့် နောင်နှစ်တွေ မစိုက်ပျိုးတော့ဘူးဆိုတဲ့ အဖြစ်တွေ ဖြစ်ပွားနေတာ သတင်းတွေထဲ တွေ့မြင်ကြားသိနေကြရတာ ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံ အနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း ကိုဗစ်ကူးစက်ရောဂါ ကပ်ဘေး၊ ပြည်တွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် စိုက်ပျိုးရေး ကဏ္ဍကို ကြီးမားစွာ သက်ရောက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ကစလို့ နဲ့ ၂၀၂၂ အတွင်း ကိုဗစ်ကူးစက်ရောဂါကပ်ဘေးကြောင့် နယ်စပ်ကုန်သွယ်ရေးတွေမှာ အကန့်အသတ်တွေ ကြန့်ကြာမှုတွေ ရှိနေခဲ့တာကြောင့် ထိခိုက်မှုတွေ ရှိနေခဲ့တာတွေ့ရပါတယ်။ တဖန်ကိုဗစ်ကန့်သတ်ချက်တွေ လျော့ပါးလာချိန်မှာတော့ အရှိန်မြင့်လာတဲ့ တိုက်ပွဲတွေ စစ်ဆင်ရေး၊ မြို့ရွာတွေ မှာ မြို့သိမ်းတိုက်ပွဲဖြစ်ပွားတာ၊ အာဏာသိမ်းစစ်တပ်ရဲ့ မြေလှန်စနစ်နဲ့ ကျေးရွာတွေ မီးရှို့တာတွေက စီးပွားရေးကို ထပ်မံထိခိုက်ပျက်စီးစေခဲ့တာလည်း ဖြစ်ပါတယ်။ 

စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ သွင်းအားစုဖြစ်တဲ့ မျိုးစေ့၊ မြေသြဇာ လောင်စာဆီတွေ ဒေသတခုကနေ တခု သယ်ယူရာမှာ လက်နက်ကိုင် အဖွဲ့အသီးသီးက ကောက်ခံတဲ့ အခွန်အခတွေက ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း ကြုံတွေ့ခဲ့ကြရတာကြောင့်လည်း စိုက်ပျိုးသူတွေအဖို့ ဝန်ထုပ်ဝန်ပိုး တခုဖြစ်လာခဲ့ရတာဖြစ်ပါတယ်။ 

စစ်ပွဲတွေကြောင့် မြင့်တက်လာတဲ့ အခွန်အကောက်တွေအပြင် စီးပွားရေးကို ထိခိုက်ဆုတ်ယုတ်စေတဲ့ နောက်အဓိကအကြောင်းတချက်က လုပ်သားအင်အား ရှားပါးမှု ဖြစ်ပါတယ်။ အာဏာသိမ်းစစ်တပ်က အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေနဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း အဓမ္မစစ်သားစုဆောင်းမှုတွေ ရှိနေတာကြောင့် အလုပ်လုပ်ကိုင်နိုင်တဲ့ လူငယ်၊ လူလတ်ပိုင်းအရွယ်တွေ အများအပြား ပြည်ပကို ထွက်ခွာသွားကြတာ၊ လုပ်ငန်းခွင်က လူငယ် လူလတ်ပိုင်းတွေ စစ်မှုထမ်း စုဆောင်းခံရပြီး စီးပွားရေးလုပ်ငန်းတွေ လည်ပတ်ရ ခက်ခဲလာတဲ့ အဖြစ်အပျက်တွေလည်း အခုနှစ်ပိုင်းမှာ နေရာဒေသ အတော်များများမှာ ဖြစ်ပွားနေတာ တွေ့ရပါတယ်။ 

ဒီလို အခြေအနေတွေအောက်မှာ မြန်မာနိုင်ငံ စီးပွားရေးက တိုးတက်ဖို့ အလားအလာ မှေးမှိန်နေတာ ဘယ်သူမှ အငြင်းပွားကြမှာ မဟုတ်ပါဘူး။ 

အာဏာသိမ်းစစ်အစိုးရက ယမန်နှစ်က စပြီးနိုင်ငံခြားငွေ သုံးစွဲမှု လျှော့ချဖို့အတွက် နယ်စပ်ကုန်သွယ်ရေးတွေ တင်းကျပ်တဲ့ မူဝါဒတွေ ချမှတ်ပြီး တင်သွင်းခွင့် လိုင်စင်တွေကို ကန့်သတ်လျှော့ချလိုက်တာကြောင့် လူသုံးကုန်၊ ဆေးဝါး၊ စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းတွေအထိ ရှားပါး ဈေးနှုန်းကြီးမြင့်လာခဲ့တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာလဲနှုန်းမှာ သိသိသာသာ မြင့်တက်ခြင်း မရှိသည့်တိုင် ပြည်တွင်းမှာတော့ ကုန်ပစ္စည်းဈေးနှုန်းတွေ မတန်တဆ မြင့်တက်လာနေတာ ဖြစ်ပါတယ်။ 

အမေရိကန်-အီရန် စစ်ပွဲနဲ့ ဆက်စပ်ပြီး လောင်စာဆီတင်သွင်းမှုကို ၅၀ ရာနှုန်းနီးပါး လျှော့ချနိုင်ခဲ့တယ်လို့ စစ်အစိုးရက မကြာသေးခင်က ကြေညာခဲ့ပါတယ်။ အခုလပိုင်း လောင်စာဆီတင်သွင်းမှု လျော့ကျသွားတဲ့ ပမာဏဟာ တနှစ်တာအနေနဲ့ တွက်ချက်ရင် ကန်ဒေါ်လာ ၂ ဘီလျံလောက် နိုင်ငံခြားငွေ သက်သာသွားမယ်လို့လည်း စစ်အစိုးရက ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ တဖက်မှာ စစ်လက်နက်ပစ္စည်းတွေ နဲ့ လေယာဥ်သုံး လောင်စာဆီတွေအတွက် ကန့်သတ်မှုမရှိဘဲ သုံးစွဲနေချိန်မှာ အခြားတဖက်မှာတော့ လူသုံးကုန်၊ ဆေးဝါးနဲ့ လောင်စာဆီတင်သွင်းမှုတွေကို ကန့်သတ်လျှော့ချနေတဲ့ မူဝါဒက မြန်မာနိုင်ငံ စီးပွားရေးနဲ့ လူထုတွေရဲ့ နေ့စဥ်ဘဝကို ကြီးမားတဲ့ သက်ရောက်မှုတွေရှိတာကို မကြာခင် တွေ့မြင်ရမဲ့ အလားအလာလည်း ရှိနေတာဖြစ်ပါတယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar