မောင်တူး - ဆလိုင်းတင်မောင်ဦး လွမ်းခဲ့ရ နှစ်ငါးဆယ်
မောင်တူး - ဆလိုင်းတင်မောင်ဦး လွမ်းခဲ့ရ နှစ်ငါးဆယ်
မိုးမခ ၊ ဇွန် ၂၇ ၊ ၂၀၂၆
ကြိုးစင်အတက်၊ တုန်လှုပ်ချက်မရှိ
စွန့်သည့်လူသား၊ ကျောင်းသားခေါင်းဆောင်
ဆလိုင်းတင်မောင်ဦး၊ သတ္တိထူးခြား
ကွယ်လွန်သွားတာ၊ နှစ်ငါးဆယ်တိုင်
မမေ့နိုင်ကြ ထာဝရပါတကား ။ ။
နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ အင်းစိန်ထောင်မှာ ကြိုးပေး ကွပ်မျက်ခံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသား ခေါင်းဆောင် အရှိုချင်းလူမျိုး ဆလိုင်းတင်မောင်ဦး ကျဆုံးခဲ့တာ ၂၀၂၆ ခုနှစ် ဇွန်လ ၂၆ ရက်မှာ နှစ် ၅၀ ပြည့်ပါပြီ။ ၁၉၇၂ ခုနှစ်ကစလို့ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားရင်း ဦးသန့် အရေးအခင်း၊ ရွှေတိဂုံ ကျောင်းသားအရေးအခင်းတို့မှာ ပါဝင်ခဲ့တဲ့ ဆလိုင်းတင်မောင်ဦးဟာ အသက် ၂၅ နှစ် အရွယ်မှာ ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ မဆလ အစိုးရရဲ့ ကြိုးပေးကွပ်မျက်တာ ခံခဲ့ရပါတယ်။
ဆလိုင်းတင်မောင်ဦး
ဦးမညွှတ် ဒူးမထောက်
အဓမ္မကို ဆန့်ကျင်တဲ့
ကျောင်းသားထုရဲ့ သမိုင်းတလျှောက်မှာ
ဗိုလ်အောင်ကျော် ပြီးရင်
သူဟာ ရဲရဲနီစွေး
အာဏာရှင် ဆန့်ကျင်ရေးကို
သွေးနဲ့ရေးခဲ့သူ။
ဆလိုင်းတင်မောင်ဦးကို ၁၉၅၁ ခုနှစ်၊ ဇွန် ၁၁ ရက်မှာ အရှိုချင်းတိုင်းရင်းသားတွေဖြစ်ကြတဲ့ အဖ ဦးလှဒင် (ဒုံရွာ၊ သံတွဲ-ရခိုင်ပြည်နယ်ဇာတိ) နဲ့ အမိ ဒေါ်နှင်းမြိုင် (ရခိုင်ပြည်နယ်ဇာတိ) တို့က တောင်ငူမြို့မှာ မွေးဖွားခဲ့တယ်။ ဆလိုင်းတင်မောင်ဦးဟာ ငယ်စဉ်ကတည်းက ရန်ကုန် ဗိုလ်တထောင်မြို့မှာ အဒေါ်နဲ့အတူ နေထိုင်ကြီးပြင်းလာခဲ့သူပါ။ သူဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းချိန်မှာ အသက် ၁၁ နှစ်အရွယ်ရှိပြီဖြစ်ပြီး ၁၉၆၇ ခုနှစ် အသက် ၁၆ နှစ်မှာ အခြေခံပညာအထက်တန်းကျောင်း အောင်မြင်ခဲ့တယ်။ အားကစားထူးချွန်ပြီး ကရာတေးသမား ဖြစ်ရုံသာမက အနုပညာမှာလည်း တယောကို ကောင်းစွာတီးတတ်သူပါ။ ရန်ကုန်တက္ကသိုလ်တက်နေတုန်း ၁၉၇၄ ဦးသန့်အရေးအခင်းမှာ ခေါင်းဆောင်ခဲ့မှုနဲ့ မဆလ ဦးနေဝင်းက သူ့ကို သေဒဏ်ပေးခဲ့ပါတယ်။ ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင် အမှောင်တိုက် နံပါတ် ၁ မှာ ချုပ်နှောင်ထားခဲ့တာပါ။ စစ်ခုံရုံး ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ ညှိခဲ့ပေမဲ့
"မင်းတို့
စစ်ဖိနပ်အောက်မှာ
ငါဘယ်တော့မှ
ဒူးမထောက်နိုင်ဘူး"
လို့ ရဲဝံ့စွာ ပြန်ပြောခဲ့သူပါ။
၁၉၇၆ ခုနှစ် ဇွန် ၂၆ ရက်မှာ မဆလပါတီ အာဏာရှင် အစိုးရက ကြိုးပေး သတ်တယ်။ သူကျဆုံးတာဟာ အခု ဇွန် ၂၆ မှာ နှစ် ၅၀ ပြည့်ပါပြီ။
ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှမသေ။ ။
– လင်းခါး –
လွန်ခဲ့သော နှစ် ၅၀
လွန်ခဲ့တဲ့ နှစ် ၅၀ ပြည့် ၂၆ ဇွန် ၁၉၇၆ ခုနှစ် မနက် ၄ နာရီက အင်းစိန်ထောင်မှာ တွံတေးသိန်းတန် သီချင်းတွေကို အကျယ်ကြီး ဖွင့်ထားတယ်။ သီချင်းသံကြားနေရကတည်းက ထောင်အာဏာပိုင်တွေ သီချင်းသံကို အကာအကွယ်ယူပြီး မဟုတ်တာ လုပ်တော့မယ်ဆိုတာ သိနေကြတယ်တဲ့။ အဲ့သည်အချိန် ထောင်ကျနေသူ နိုင်ငံရေးအကျဉ်းသား ဦးမောင်မောင်တိတ်က ပြန်ပြောပြခဲ့ဖူးတာပါ။ အဲသည် သီချင်းသံတွေ ကြားထဲကပဲ
"ဟေ့ကောင်တွေ
ငါ့ကို လူမသိသူမသိ
သတ်ဖို့
ခေါ်ထုတ်လာကြပြီ"
ဆိုတဲ့ အသံ ကြားလိုက်ရတယ်။ ကိုတင်မောင်ဦး ဖြစ်တယ်။ သူ့အသံ မဆုံးခင်ဘဲ ဟေး ဟေး ဆိုတဲ့ ထောင်ဝန်ထမ်းတွေရဲ့ အသံတွေ ဆက်တိုက်ကြားနေရတယ်။ ဟေး ဟေး အသံတွေဆုံးရင် ငါ့ကို သတ်ဖို့ ခေါ်လာကြပြီဆိုတဲ့ ကိုတင်မောင်ဦးအသံကို ကြားလိုက်၊ ဟေး ဟေး ဟေး ဆိုတဲ့ ထောင်ဝန်ထမ်းတွေ အသံနဲ့ဖုံးပစ်လိုက်နဲ့ ကြိုးစင်ကို ရောက်သွားတယ်လို့ ဦးမောင်မောင်တိတ်က ပြောပြခဲ့ပါတယ်။
"ငါတော့သွားပြီ။
မင်းတို့
ဆက်တိုက်ကြ”
ဆိုတဲ့ ကိုတင်မောင်ဦးရဲ့ အသံဟာ တသက်လုံး ပဲ့တင်ထပ် ပြန်ကြားနေရပါတယ်တဲ့။ ကိုလိုနီခေတ်ကစပြီး ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ မတိုင်မီအထိ ပထမဆုံး တဦးတည်းသော ကြိုးပေးခံကျောင်းသားခေါင်းဆောင်ဟာ ဆလိုင်းတင်မောင်ဦးသာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆလိုင်း အာဇာနည်အတွက် စကား
“ကျမအမြင် ဆလိုင်းတင်မောင်ဦးဟာ သူတဦးတည်းရဲ့ ယုံကြည်မှုအတွက် အသက် စတေးသွားခဲ့တာ မဟုတ်ပါဘူး။ ကျမတို့နိုင်ငံကို လူမျိုးပေါင်းစုံ ပြည်သူအားလုံးရဲ့ ကွန်းခိုရာအဖြစ် မြင်တွေ့ချင်ကြတဲ့ မြောက်မြားလှစွာသော မြန်မာနိုင်ငံသူ နိုင်ငံသားတို့ရဲ့ ယုံကြည်ချက်တွေ အတွက်ပါ အသက်စတေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့ကို အောက်မေ့ သတိရနေကြတဲ့အခါမှာ ရဲစွမ်းသတ္တိရှိတဲ့ သူရဲကောင်းတဦး အတွက်တင်မက မြန်မာပြည်သူပြည်သား အားလုံးအတွက်ကိုပါ ရည်စူးအောက်မေ့ပြီး သတိရကြရမှာ ဖြစ်ပါတယ်။ ကျမတို့အားလုံးဟာ လွတ်လပ်စွာ တွေးတောပိုင်ခွင့်၊ လွတ်လပ်စွာ ရေးသား ဖော်ပြပိုင်ခွင့်၊ လွတ်လပ်စွာ စုဝေး ဖွဲ့စည်းပိုင်ခွင့် အစရှိတဲ့ လွတ်လပ်မှုတွေကို ယုံကြည်တယ်ဆိုရင် ဆလိုင်းတင်မောင်ဦးကို အငြင်းပယ်ခံခဲ့ရတဲ့ ဒီအခွင့်အရေးတွေ အားလုံး ရှင်သန်အောင် သူ့ရဲ့ လုပ်ဆောင်ချက်တွေကို ကျန်ရှိနေတဲ့ ကျမတို့တတွေက ဆက်လက်လုပ်ဆောင်ပြီး တိုက်ပွဲဝင် သွားကြရမှာ ဖြစ်ပါတယ်။ ဒီနေ့ လူမျိုးပေါင်းစုံ ပြည်သူလူထုက ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ်နေ့ ကျင်းပနေကြတာကို မြင်တွေ့ရတဲ့အခါမှာ ပြည်တွင်းမှာ ရုန်းကန်နေကြတဲ့ ကျမတို့ ပြည်သူတွေကို ခွန်အားရစေပါတယ်။ မကြာတော့တဲ့ ကာလမှာ ကျမတို့ဟာ အာဇာနည်တွေ၊ သူရဲကောင်းတွေရဲ့ရှေ့မှာ မားမားမတ်မတ်ရပ်ပြီး ရဲဘော်တို့ရဲ့ ပေးဆပ်မှုတွေဟာ ပေးဆပ်ရကျိုး နပ်ပါတယ်ဆိုပြီး ဥဒါန်းကျူးနိုင်တော့မှာ ဖြစ်ပါတယ်။”
(မှတ်ချက်။ ။ ၂၀၁၁ ခုနှစ် ဆလိုင်းတင်မောင်ဦး အောက်မေ့ဖွယ် အခမ်းအနား ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့မှာ ကျင်းပချိန် ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ အင်္ဂလိပ်ဘာသာ ဗွီဒီယို အမှာစကားကို ဆလိုင်းကစ်ခိုလျန်က ဘာသာပြန်ထားချက် ဖြစ်ပါတယ်။)
စာရေးဆရာကြီး ဒဂုန်တာရာရဲ့ ဆလိုင်းတင်မောင်ဦး ဂုဏ်ပြုစာ
တောင်ခိုးများဝေမှိုင်းသော
တောင်ဇလပ်ပန်းများ ဆင်သသော
စိမ်းသော၊ ပြာညို့သော (ချင်းပြည်မှ)
အောက်ချင်းငှက်သည် သစ္စာရှိခြင်း
ညီညွတ် စည်းလုံးခြင်း အေးချမ်းခြင်းတေးသံကို
သီဆို ကျူးရင့်ပါစေသတည်း။ ။
ဒဂုန်တာရာ - (တက္ကသိုလ်များ ရန်ကုန်၊ ချင်း မဂ္ဂဇင်း ၁၉၈၂ - ၈၃ မှ)
(ဆလိုင်းတင်မောင်ဦးစိတ်ဓာတ် ကိုင်စွဲ တိုက်ပွဲဝင်ကြ)
လွန်ခဲ့တဲ့ နှစ် ၅၀ က ဆလိုင်းတင်မောင်ဦးဟာ စစ်အာဏာရှင် ကြိုးစင်ထက်မှာ ရဲရဲတောက် အခုလို သမိုင်းဝင်စကားကို ပြောခဲ့ပါတယ်။
“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။
ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့
ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။
မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ
ဒူးထောက်မှာ မဟုတ်ဘူးကွ” လို့ ကြိုးစင်ကို မရွံ့ကြောက်ဘဲ သူရဲကောင်းပီသစွာ အသက်စွန့်သွားခဲ့တယ်။
သူ့ရဲ့ ရဲဝံ့မြင့်မြတ်တဲ့ စိတ်ဓာတ်ကို နွေဦးတော်လှန်ရေး တိုက်ပွဲဝင်နေကြသူတိုင်းက အတုယူကြရပါမယ်။ သူ ကြွေးကြော်ခဲ့တဲ့ မတရားမှုကို ဆန့်ကျင်ပြီး စစ်အာဏာရှင်ကို အဆုံးအထိ ဖီဆန်မယ်ဆိုတဲ့ ရဲရင့်ခိုင်မာလှပါတဲ့ စိတ်ဓာတ်ကို စွဲကိုင်ပြီး နွေဦးတော်လှန်ရေး အောင်မြင်တဲ့အထိ အားလုံးက ဦးလည်မသုန် ကြိုးပမ်းသွားကြပါ။
ဆလိုင်းတင်မောင်ဦးပေါင်း များစွာရှိတယ်
ကြိုးစင်မမှုတဲ့ ဆလိုင်းတင်မောင်ဦးဟာ ပထမဆုံး တယောက်တည်း ရှိခဲ့တယ်။ အခု နှစ်ပေါင်း ငါးဆယ် ပြည့်မှာတော့ သူလိုလူတွေဟာ များစွာ ရှိလာနေပါပြီ။ ထောင်၊ ကြိုးစင်၊ စစ်မြေပြင်တွေကို မမှုတဲ့ ထီမထင်တဲ့ နွေဦးတော်လှန်ရေး အာဇာနည် တင်မောင်ဦးလို လူပေါင်းများစွာ ရှိလာနေကြပါပြီ။ "မင်းတို့ စစ်ဖိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” ဆိုပြီး ကြိုးပေးမခံရခင် “စစ်အာဏာရှင်ကို လုံး၀ဒူးမထောက်ဘူး” ဆိုတဲ့ သတင်းစကားကို ၂၅ နှစ်သာ ရှိသေးတဲ့ ကျောင်းသားလူငယ် ဆလိုင်းတင်မောင်ဦး တယောက်က ရဲရဲဝံ့ဝံ့ ပြောခဲ့တာပါ။ ဒီနေ့မှာလည်း "စစ်အာဏာရှင်တွေ လုံးဝ အုပ်ချုပ်ခွင့် မရစေရဘူး" လို့ ကျောင်းသား လူငယ် ရာ ထောင် သောင်း သိန်းက ပြောဆိုရင်း တိုက်ပွဲဆက်နေကြပါပြီ။ ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar