နွေဦးတော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်စေမဲ့ အဖြစ်အပျက်တွေ
မြန်မာနွေဦးခရိုနီကယ် - ဇွန် ၂၆ မြင်ကွင်း
(မိုးမခ) ဇွန် ၂၇ ၊ ၂၀၂၆
နွေဦးတော်လှန်ရေးရဲ့ ပုံရိပ်ကို ထိခိုက်စေမဲ့ အဖြစ်အပျက်တွေ
NUG အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ယင်းမာပင်ခရိုင်ထဲက တပ်ရင်းအမှတ် (၆) ရဲ့ တပ်ရင်းမှူးဖြစ်သူ ပုလဲမောင်ကို ခရိုင်ညှိနှိုင်းကွပ်ကဲရေးမှူးရဲ့ ကိုယ်ရေးအရာရှိ (PA) တာဝန်ယူထားသူက အစည်းအဝေး လုပ်နေစဥ်အတွင်း သေနတ်နဲ့ အနီးကပ် ပစ်သတ်လိုက်တယ် ဆိုတဲ့ သတင်းက ဖြစ်စဥ်ဖြစ်ပွားတဲ့ ဇွန်လ ၂၆ ရက်နေ့မှာပဲ ထွက်ပေါ်လာခဲ့ပါတယ်။
သတင်းထွက်ပေါ်လာပြီးနောက် နာရီပိုင်းအတွင်းမှာပဲ ပစ်ခတ်သူ ဖြစ်တဲ့ ကိုယ်ရေးအရာရှိ ငဖြိုး ဆိုသူကို မေးမြန်းထားတဲ့ ဗီဒီယိုအတိုလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကို ဘယ်တာဝန်ရှိသူက မေးမြန်းရိုက်ယူထားသလဲ ဆိုတာ သဲသဲကွဲကွဲ မသိရပေမဲ့ ယင်းမာပင်ခရိုင် ညှိကွပ် ဗိုလ်စွမ်းသူမောင်ရဲ့ ကိုယ်ရေးအရာရှိ ငဖြိုးက စစ်ဝတ်စုံ၊ လက်နက်ကျည်ဆန်တွေ ထည့်ထားတဲ့ စစ်အသုံးအဆောင်တွေကို ချွတ်မထားရသေးဘဲ ဖြေကြားထားတဲ့ တမိနစ်ခွဲကြာ ဗီဒီယိုဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ သူ့ရဲ့ ဆရာဖြစ်သူကို ယင်းမာပင်ခရိုင် ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို လုပ်ကြံသတ်ဖြတ်ပေးဖို့ ငွေကျပ် သိန်း ၅ ထောင်ပေးပြီး ကမ်းလှမ်းတာကြောင့်၊ တပ်ရင်းတွေရဲ့ တည်နေရာလို အချက်အလက်တွေ သူ့ကို မေးမြန်းခဲ့တာတွေရှိပြီး တဖက်စစ်တပ်ကို သတင်းပေးလို့လည်း စွပ်စွဲပြောဆိုထားတာ တွေ့ရပါတယ်။
ဒီဗီဒီယိုဟာ ပစ်ခတ်မှုဖြစ်ပြီး မိနစ် နာရီပိုင်းအတွင်း ရိုက်ယူမေးမြန်းကာ လူအများသိအောင် ဖြန့်ဝေခဲ့တာလို့ ကောက်ချက်ချရပါတယ်။ သတင်းဌာနက မေးမြန်းတာမျိုးလည်း မဟုတ်သလို မေးမြန်းသူဟာ လုပ်ကြံပစ်ခတ်ခဲ့သူကို ဆန့်ကျင်ဘက် မေးခွန်းမျိုးတွေ မေးမြန်းတာမျိုးမဟုတ်ဘဲ ဝါဒဖြန့်ချိဖို့ မေးမြန်းထားတဲ့ သဘောလို့ ယူဆရပါတယ်။
အခုလို လုပ်ကြံပစ်ခတ်မှုမှာ အဓိက သက်ဆိုင်သူတဦးဖြစ်တဲ့ ဗိုလ်စွမ်းသူမောင်ရဲ့ ပြောဆိုချက် မှတ်ချက်တွေတော့ ထွက်ပေါ်လာတာ မတွေ့ရသေးပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်က အဖြစ်အပျက်ဖြစ်ပျက်တဲ့ ဇွန်လ ၂၆ ရက်နေ့ ညပိုင်းမှာပဲ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ရာမှာ ဇွန်လ ၂၆ ရက်နေ့မှာ ရဲဘော်ငဖြိုး က အမှတ် (၆) တပ်ရင်းမှူး ရဲဘော် ပုလဲမောင် အား ပစ္စတိုဖြင့် ပစ်ခတ်ခဲ့ရာမှာ တပ်ရင်းမှူးဖြစ်သူ အဆိုပါနေရာမှာပဲ ကျဆုံးသွားခဲ့ကြောင်း၊ ရဲဘော် ငဖြိုးကို လက်နက်ဖြုတ်သိမ်း၍ ယင်းမာပင်စစ်ဌာန အချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ကြောင်းနဲ့ စစ်ရုံးချုပ်အနေနဲ့ စစ်ဘက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ အထူးအလေးပေး ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။
အခုလို အညာဒေသ စစ်ကိုင်းတိုင်းထဲက ယင်းမာပင်ခရိုင်မှာ ၂၀၂၁ ခုနှစ် နှောင်းပိုင်းက PDF တပ်ဖွဲ့တဖွဲ့ကို ဦးဆောင်တဲ့ ဗိုလ်သံမဏိက အခြားသော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ အဖြစ်အပျက်နဲ့ ပတ်သက်လို့လည်း ၅ နှစ်နီးပါး ရှိလာတဲ့တိုင် တစုံတရာအရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိတာ တွေ့ရပါတယ်။ ယခုနှစ်ဆန်းပိုင်းကလည်း ပုလဲနယ်ထဲက ဗိုလ်နဂါး ဦးဆောင်တဲ့ BNRA တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးက အာဏာသိမ်းစစ်တပ်ထံ လက်နက်ချ အညံ့ခံဝင်ရောက်သွားပြီး BNRA တပ်ဖွဲ့ဝင်ရာဂဏန်းကို NUG လက်အောက်က တပ်ရင်းတွေက ကာလအတန်ကြာ ထိန်းသိမ်းခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်တာနဲ့ သတင်းဖော်ပြချက်တချို့အရ သိရပါတယ်။ ဗိုလ်နဂါး လက်နက်ချတဲ့ အဖြစ်အပျက် ဖြစ်ပြီးနောက်မှာ ဗိုလ်နဂါး ကိုးကွယ်တယ်ဆိုတဲ့ ဘုန်းတော်ကြီးတပါးကိုလည်း NUG အောက်က ယင်းမာပင်ခရိုင်တပ်ဖွဲ့ တွေက ဖမ်းဆီးခဲ့သလို အဆိုပါ ဆရာတော်ရဲ့ ကားကို သိမ်းယူသွားခဲ့တာလည်း ဖြစ်ပါတယ်။ အခု ပစ်သတ်ခံရတယ်ဆိုတဲ့ တပ်ရင်း အမှတ် (၆) တပ်ရင်းမှူးဖြစ်သူ ပုလဲမောင်ဟာ အဆိုပါ ဘုန်းတော်ကြီးထံက သိမ်းယူထားတဲ့ ကားကို သိန်း ၂၀၀ ကျပ်နဲ့ ရောင်းစားခဲ့တယ်ဆိုတဲ့ စွပ်စွဲခံထားရသူ တဦးလို့လည်း သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။
အခုလို အဖြစ်အပျက်တွေ ဖြစ်ပွားခဲ့တဲ့ ယင်းမာပင်နဲ့ ပုလဲနယ်ထဲမှာပဲ အခုနောက်ဆုံး PDF တပ်ရင်းတွေထဲက တပ်ဖွဲ့ဝင် အချင်းချင်း သတ်ဖြတ်မှု ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။
ခု ရက်ပိုင်းအတွင်း ဖြစ်ပွားနေတဲ့ နောက်ဖြစ်ရပ်တခုက မြင်းခြံခရိုင်ထဲမှာ PLA ပြည်သူ့လွတ်မြောက်ရေးတပ်မတော် နဲ့ NUG လက်အောက်က မြင်းခြံခရိုင် ကွပ်ကဲရေးအဖွဲ့၊ ပသုံးလုံးအဖွဲ့တို့အကြား ပဋိပက္ခဖြစ်နေတဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်က မဟာမိတ် လက်နက်ကိုင်အဖွဲ့တွေလို့ နားလည်ထားကြတဲ့ PLA နဲ့ NUG/MOD လက်အောက်က တပ်တွေအကြား နယ်မြေစိုးမိုးမှု၊ အုပ်ချုပ်ရေး တို့အပေါ် အငြင်းပွားစရာ သို့မဟုတ် လက်နက်ကိုင်တပ်အချင်းချင်း တိုက်ခိုက်မှုတွေ ဖြစ်ပွားလာမလားဆိုတဲ့ စိုးရိမ်မှုတွေအထိ ရှိနေကြတာလည်း ဖြစ်ပါတယ်။
နွေဦးတော်လှန်ရေးအနေနဲ့ စစ်ရေးအနေအထားအရ ခံစစ်အနေအထားမှာ ရောက်ရှိနေချိန် တော်လှန်ရေး အောင်မြင်မှုအပေါ် လူထုအနေနဲ့ သံသယအချို့ ဝင်လာချိန်မှာ NUG လက်အောက်မှာရှိတဲ့ တပ်ဖွဲ့တွေနဲ့ အခြားသော နွေဦးတော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအကြားက ပဋိပက္ခတွေ၊ တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်သတ်ဖြတ်မှုတွေက နွေဦးတော်လှန်ရေးအပေါ် မျှော်လင့်ချက်ကြီးကြီးမားမားနဲ့ စောင့်မျှော်နေကြတဲ့ ပြည်သူလူထုကို စိတ်အားယုတ်လျော့စေတာလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံရဲ့ ဒေသအချို့မှာ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကနေ ဆုတ်ခွာပေးရတဲ့ အခြေအနေတွေ မြင်တွေ့လာရချိန်မှာ အချို့သောပြည်သူတွေ အနေနဲ့ တော်လှန်ရေး အောင်ပွဲက ဝေးသွားပြီလားဆိုတဲ့ စိတ်အားလျော့တဲ့ အဖြစ်အပျက်တွေ ရှိနေခဲ့တာဖြစ်ပါတယ်။
နွေဦးတော်လှန်ရေး အစပိုင်းကာလကလို ဒီနေ့ မနက်ဖြန် သို့မဟုတ် ဒီနှစ်ကုန် စတဲ့ မဝေးတဲ့ကာလမှာ အောင်မြင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ၊ ခေါင်းဆောင်တွေရဲ့ ကတိကဝတ်တွေနဲ့ ပြည်သူလူထုဟာ စိတ်အားတက်ကြွစွာ ပါဝင်ခဲ့ကြတာ ဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေး ၅ နှစ်ကျော် ကြာမြင့်လာချိန်မှာတော့ ရန်သူ စစ်တပ်ဘက်က ပြန်လည် ထိုးစစ်ဆင်လာနေတာ၊ မိမိတို့ မဟာမိတ် တပ်ဖွဲ့တွေအချင်းချင်း အကြားအကျိုးစီးပွားတွေ ကွဲပြားမှုအပေါ် အခြေခံပြီး မဟာမိတ်ဆက်ဆံရေးတွေ ထိခိုက်ယုတ်လျော့လာနေတဲ့ အဖြစ်တွေ မြင်တွေ့လာရပြီး ပြည်သူလူထုအနေနဲ့ စိတ်အားယုတ်လျော့မှုတွေ ရှိနေကြတာလည်း ဖြစ်ပါတယ်။
ဒီလို တစတစ လျော့ကျလာနေတဲ့ မျှော်လင့်ချက်၊ တော်လှန်ရေး အရှိန်အဟုန်ကို ပြန်လည်မြှင့်တင်နိုင်ဖို့ အတွက်ဆို တဖွဲ့ချင်း၊ တဦး တယောက်ချင်း အကျိုးစီးပွားထက် အများရဲ့ အကျိုးစီးပွားကို ဦးစားပေး လုပ်ဆောင်ကြဖို့နဲ့ အုပ်စုဖွဲ့ခြင်း၊ အုပ်စုခွဲခြားသတ်မှတ်ပြီး ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်ခြင်းတွေကို ရှောင်ရှားကြဖို့ အရေးတကြီး လိုအပ်နေတာလည်း ဖြစ်ပါတယ်။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar