Breaking News

နန္ဒအောင် - ဉာဏ်လင်းကပေးတဲ့ အလင်းရောင်များ

နန္ဒအောင် - ဉာဏ်လင်းကပေးတဲ့ အလင်းရောင်များ

မိုးမခ ၊ ဇူလိုင် ၁၃ ၊ ၂၀၂၆


ဒီတစ်ပတ် စာအုပ်စင်ကဏ္ဍမှာ “ဉာဏ်လင်း ဓမ္မစာပဒေသာ” စာစောင်အကြောင်း တင်ဆက်ပါ့မယ်။ ဉာဏ်လင်း ဓမ္မစာပဒေသာနဲ့ ထိတွေ့ခွင့်ရတာ အမှတ်တမဲ့ကနေ စာရေးဖို့အထိ အမှတ်တရဖြစ်ခဲ့ပါတယ်။

ဉာဏ်လင်း ဓမ္မပဒေသာစာစောင် မျက်နှာဖုံးမှာ “မြကေသီ (မဟာဝိဇ္ဇာ) စီစဉ်သည်” လို့ အမြဲဖော်ပြထားပါတယ်။ မျက်နှာဖုံးပန်းချီကိုလည်း မောင်အေးမြင့် (မြန်မာ့ရိုးရာဒီဇိုင်း) ကပဲ သရုပ်ဖော်လေ့ရှိတယ်။ ‘ဓမ္မစာစောင်’ ရယ်လို့ ကြွေးကြော်သံနဲ့အညီ မျက်နှာဖုံးပန်းချီတွေကို ဓမ္မပုံရိပ် အငွေ့အသက်တွေနဲ့ သရုပ်ဖော်လေ့ရှိတယ်။

ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် နှစ်အုပ်ကို အခြေခံပြီး ရေးပါ့မယ်။ အဲဒီနှစ်အုပ်က ၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ်နဲ့ ၁၉၈၄ ခုနှစ် ဇူလိုင်လ ၁၀ အုပ်မြောက် အထူးထုတ် စာစောင်တွေပါ။ ကျွန်တော်ငယ်ငယ်က မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်တွေ စုံစုံလင်လင်နဲ့ ထိတွေ့ခဲ့တာမဟုတ်တော့ “ဉာဏ်လင်း” ကို အရွယ်တစ်ခုရောက်မှ၊ စာဖတ်တာ အချိန်တစ်ခုရောက်မှ ထိတွေ့ခဲ့ပါတယ်။

ဓမ္မစာပဒေသာ၊ ဓမ္မစာစောင်ဆိုတော့ မျက်နှာဖုံးနဲ့တင် ဘာသာရေးစာစောင်ကြီးပဲလို့ ထင်ခဲ့မိပါတယ်။ ခေါင်းစဉ်လောက်ဖတ်ပြီး ကောက်ချက်ချတဲ့သူ၊ တစ်ပိုင်းကြောင်သူလိုမျိုး ဖြစ်သွားတယ်ပေါ့ဗျာ။ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ကို လှန်ကြည့်ပြီး အထဲကစာတွေကို ဖတ်ကြည့်တော့မှ သာသနာ၊ စာပေ၊ ယဉ်ကျေးမှုတို့ စုဝေးရာ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ကြီးဆိုတာကို သိရတော့တယ်။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်မှာ ‘စာပြင်စာတည်းကို ဆရာ ရန်အောင်၊ သမိန်သောင်း၊ စာပြင်ကို တင့်လွန်း၊ ရွှေမြိုင်ဝင်းကြည်’ လို့ ဖော်ပြထားပါတယ်။ အုပ်ရေ ၅,၀၀၀ တန်ဖိုး ၇ ကျပ်လို့ သိရပါတယ်။ အုပ်ရေ ၅,၀၀၀ အထိ ထုတ်ဝေတဲ့ စာစောင်ဆိုတော့ ဉာဏ်လင်းစာစောင်ဟာ သူ့ပရိသတ်နဲ့သူ အမာခံစာဖတ်ပရိသတ်တွေရှိတဲ့ စာစောင်တစ်စောင် ဖြစ်ပါတယ်။

၁၉၈၃ ခုနှစ် ကာလရဲ့ တန်ဖိုး ၇ ကျပ်ဆိုရင် လက်ဖက်ရည် ဘယ်နှစ်ခွက် သောက်ရလဲ၊ ကြက်ဥ၊ ဘဲဥ တစ်လုံးဈေးဘယ်လောက်လဲလို့ စူးစမ်းကြည့်ချင်မိပါတယ်။ ဘာလို့စူးစမ်းချင်သလဲဆိုရင်တော့ ဒီလိုပါ၊ ဒီနေ့အချိန်အခါမှာ လက်ဖက်ရည်တစ်ခွက် ၂,၅၀၀ ကျပ်၊ ၃,၀၀၀ ကျပ်ပါ။ ပုံနှိပ်မီဒီယာတွေ ရပ်တည်ဖို့ မလွယ်တော့တဲ့အချိန်အခါမှာ “ဒေါင်းစာပေ” ရဲ့ ‘အတွေးအမြင် မဂ္ဂဇင်း’ က တန်ဖိုး ၆,၀၀၀ ကျပ်နဲ့ ဒီနေ့အချိန်အခါအထိ ဆက်လက်ထုတ်ဝေရပ်တည်နေဆဲပါ။ တန်ဖိုး ၆,၀၀၀ ကျပ်ဆိုတော့ ၃,၀၀၀ ကျပ် တန်ဖိုးရှိ လက်ဖက်ရည် နှစ်ခွက်တန်ဖိုးနဲ့ ညီမျှပါတယ်။ အတွေးအမြင်ရဲ့ မူအတိုင်း ထုတ်ဝေနေသေးတဲ့ စာစောင်ဖြစ်တဲ့အတွက် တန်ဖိုး ၆,၀၀၀ ကျပ်ဆိုတာ မများလှဘဲ ဝယ်ဖတ်သင့်တဲ့ စာစောင်ဖြစ်ပါတယ်။ ဒါကြောင့်မို့ ၁၉၈၃ ခုနှစ် ဉာဏ်လင်းစာစောင် တန်ဖိုး ၇ ကျပ်ခေတ်ကာလရဲ့ လက်ဖက်ရည်တစ်ခွက်ဈေး၊ ကြက်ဥ၊ ဘဲဥ‌ဈေးတွေ စူးစမ်းကြည့်မိတာပါ။ ထားပါ၊ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်အကြောင်း ဆက်ကြစို့ စာဖတ်မိတ်ဆွေတို့။

၁၉၈၄ ခုနှစ် ဇူလိုင်လထုတ် ၁၀ အုပ်မြောက် အထူးထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်မှာတော့ မွမ်းမံအယ်ဒီတာက “ဆရာကြီး ဦးအောင်မွန်” လို့ ဖော်ပြထားပါတယ်။ အုပ်ရေကတော့ ၅,၀၀၀ ပါပဲ။ တန်ဖိုးကတော့ ၁၀ ကျပ် ဖြစ်လို့လာပါပြီ။ ဆရာကြီး ဦးအောင်မွန်ကို သုတေသီပညာရှင်၊ ထင်ရှားတဲ့ ဗုဒ္ဓဘာသာ စာပေပညာရှင်ရယ်လို့ မြန်မာစာပေလောကမှာ လက်ခံထား၊ သိထားကြပါတယ်။ ဆရာကြီး ဦးအောင်မွန် (မြတ်ဆုမွန်) ရဲ့ အရေးအသားတွေကို ဘာသာရေးစာစောင်တွေမှာ တွေ့ရတတ်ပါတယ်။

ဆရာကြီး ဦးအောင်မွန်တစ်ယောက် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ကို ပဲ့ကိုင်ဖြစ်ပုံကို နောက်များတွေ့မှ မေးစမ်းကြည့်ရဦးမယ်။ ဉာဏ်လင်း ဓမ္မစာစောင် အယ်ဒီတာလုပ်ဖြစ်ပုံ အကြောင်းမှမဟုတ်ဘူး၊ ဆရာကြီးလို လူမျိုးဆီက မေးစရာတွေမှ တစ်ပုံတစ်ပင်ကြီးပါ။ စာအုပ်စာပေကျမ်းဂန်ပုံတွေကြားမှာ အချိန်ကုန်လေ့ရှိတဲ့ ဆရာကြီးလို လူမျိုးဆီမှာလည်း ပြောပြစရာတွေ အများကြီးရှိတယ်ဆိုတာ အသေအချာပါပဲ။ ကျွန်တော့်လို အညတရစာရေးသူက ဆရာကြီး ဦးအောင်မွန်လို ပညာရှင်တစ်ယောက်နဲ့က အဝေးကြီးပါ။ ကျွန်တော်ရေးတဲ့ အရေးအသားလေးတွေကြောင့် ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဆရာကြီးနဲ့ အနည်းငယ် ထိတွေ့ခွင့်ရပါတယ်။ တစ်နေ့နေ့မှာတော့ ဆရာကြီး ဦးအောင်မွန်လို ပညာရှင်ကြီးဆီ ရောက်အောင်သွားပါဦးမယ်။ တွေ့တော့မှ ဆရာကြီး ပဲ့ကိုင်ခဲ့တဲ့ မဂ္ဂဇင်းတွေအကြောင်း၊ ရေးခဲ့တဲ့ စာအုပ်တွေအကြောင်း မေးပါဦးမယ်။

ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်မှာ ‘ရ’ လို့ မသုံးနှုန်းဘဲ ‘ယ’ လို့ပဲ သုံးနှုန်းတာကို တွေ့ရပါတယ်။

အရင်ဆုံး ဉာဏ်လင်း ဓမ္မစာပဒေသာရဲ့ ‘မူ’ ကို လေ့လာကြည့်မိသလောက် တင်ပြပါ့မယ်။ မဂ္ဂဇင်းတစ်စောင်ရဲ့ အာဘော်ကို ခေါင်းကြီးပိုင်းမှာ ဖော်ပြလေ့ရှိတယ်။ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် စီစဉ်သူ မြကေသီ (မဟာဝိဇ္ဇာ) ကလည်း “စာညွှန်းလွှာ” ကနေ ဉာဏ်လင်း ဓမ္မစာစောင်ရဲ့ အာဘော်တွေကို ဖော်ပြလေ့ရှိပါတယ်။ ဉာဏ်လင်း ဓမ္မစာပဒေသာရဲ့ ‘စာညွှန်းလွှာ’ ဆိုတာ တစ်နည်းအားဖြင့် ခေါင်းကြီးပိုင်းပဲပေါ့။

၁၉၈၄ ခုနှစ် ဇူလိုင်လထုတ် (၁၀ အုပ်မြောက် အထူးထုတ်) စာစောင်ထဲမှာ စာညွှန်းလွှာထဲမှာ အခုလို ဖော်ပြထားပါတယ်။

စာကောင်းပေမွန်များကို စိစစ်ရွေးချယ်ထုတ်ဝေခဲ့သော ဉာဏ်လင်းစာပေ၏ အစဉ်အလာကို ထိန်းသိမ်းသောအားဖြင့် သာသနာ၊ စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာ “ဉာဏ်လင်း ဓမ္မစာပဒေသာ” စာအုပ်များကို စီစဉ်ထုတ်ဝေခဲ့သည်မှာ (၁၀) အုပ်မြောက်၊ အထူးထုတ်သို့ပင် တိုင်ခဲ့ပါပြီ။

(၁၉၈၄ ခုနှစ်၊ ဇူလိုင်လ ၁၀ အုပ်မြောက် အထူးထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် စာမျက်နှာ - ၄ မှ)

ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ရဲ့ “မူ” ကို ပိုပြီးသ‌ဘောပေါက်နားလည်ဖို့ စာညွှန်းလွှာကို ဆက်ဖတ်ကြည့်ရအောင် စာဖတ်မိတ်ဆွေတို့ရေ...

၁၀ အုပ်မြောက် အထူးထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် စာညွှန်းလွှာထဲမှာပဲ အခုလို ဆက်ပြီး ဖော်ပြထားပါတယ်။

ဤ ဉာဏ်လင်း ဓမ္မစာပဒေသာ စာအုပ်များကို ထုတ်ဝေရာတွင် “လေးနက်တည်ငြိမ် ခိုင်ခန့်သော ဓမ္မအကြောင်းဆိုင်ရာ စာပေ” တို့ကို ခေတ်နှင့်လျော်သော အဆင်အပြင် အမွမ်းအမံတို့ဖြင့် “ခေတ်စာဖတ်ပရိသတ်တို့အား လွယ်လင့်တကူ ဖတ်ရှုစေလိုသော စေတနာ” ဆန္ဒကို ဦးထိပ်ရွတ်လျက် စီစဉ်ထုတ်ဝေနေခြင်း ဖြစ်ပါသည်။

သို့ပါ၍ ဉာဏ်လင်းဓမ္မ စာပဒေသာ စာအုပ်များတွင် -

မှတ်သားလေ့လာဖွယ် သာသနိက အဆောက်အအုံ၊ စေတီပုထိုး၊ ဂူဘုရားတို့၏ သမိုင်းကြောင်းကို ဓာတ်ပုံ၊ မြေပုံ၊ ခိုင်မာသော အချက်အလက်စာကိုးတို့ဖြင့် ပြုစုထားသော စာပေများ။

သာသနာဝင်ဆိုင်ရာ အကြောင်းအရာ အဖြစ်အပျက်များ၊ အတုယူကြည်ညိုဖွယ် သာသနာ့ထိပ်ခေါင်တင် မဟာထေရ်ကျော်ကြီးများ၏ ထေရုပ္ပတ္တိဆိုင်ရာ စာပေများ။

စိတ်ဝင်တစား ကြားနာမှတ်သားဖွယ် သာသနာတော် စာပေ ကျမ်းဂန်လာ ဝတ္ထု ဇာတ်လမ်းတို့ကို ခေတ်နှင့်လျော်သော ရေးသားချက်ဖြင့် စာပန်းချီခြယ်ထားသော ဝတ္ထုများ။

 ... စသော အစဉ်ဖတ်ရှုလေ့လာသိမ်းဆည်းထားအပ်သော စာပေတို့ကို လစဉ်မခြား ဖော်ပြခဲ့ပါသည်။

(၁၉၈၄ ခုနှစ်၊ ဇူလိုင်လ ၁၀ အုပ်မြောက် အထူးထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် စာမျက်နှာ - ၄ နှင့် ၅ မှ)

စာညွှန်းလွှာကို “ဤသို့‌သော ဓမ္မစာပဒေသာများကို ဉာဏ်လင်း စာတည်းအဖွဲ့မှ တစ်အုပ်ထက်တစ်အုပ် ပိုမိုကောင်းမွန် ခိုင်ခံ့တန်ဖိုးရှိအောင် ကြိုးပမ်းထုတ်ဝေသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်” လို့ အဆုံးသတ်ထားပါတယ်။

ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်မှာ စစ်ကိုင်းတောင်ရိုး၊ မင်းကွန်းတောင်ရိုး၊ မန္တလေးမြို့၊ အမရပူရမြို့၊ ပုဂံညောင်ဦး၊ ပဲခူးမြို့၊ သရေခေတ္တရာ၊ ပြည်မြို့စတဲ့ သမိုင်းဝင်ဒေသက စေတီပုထိုးပုံတွေကို ဝေဝေဆာဆာ ဖော်ပြလေ့ရှိပါတယ်။ အဲဒီဒေသတွေကို သမိုင်းသုတေသီတွေ၊ ဓာတ်ပုံဆရာတွေ၊ သရုပ်ဖော်ရေးဆွဲသူတွေနဲ့ စာတည်းအဖွဲ့ဝင်တွေက ကိုယ်တိုင်သွားရောက်ကာ လေ့လာဆည်းပူး မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြတယ်လို့ စာညွှန်းလွှာအရ သိရပါတယ်။ ဆောင်းပါးတစ်ပုဒ်၊ စာတမ်းတစ်စောင်အတွက် လွယ်လွယ်ကူကူ ရေးလို့ရတယ် ထင်နေသူတွေအနေနဲ့ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ကို ဖတ်ကြည့်စေချင်ပါတယ်။

ဒီအကြောင်းအရာတွေကို ဆင်ခြင်ကြည့်ရင် ဉာဏ်လင်း ဓမ္မစာပဒေသာရဲ့ ‘မူ’ နဲ့ ကြိုးစားအားထုတ်မှုကို စာဖတ်ပရိသတ်တို့ သိမြင်နားလည်ကြမှာပါ။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်အကြောင်း ပြောပါ့မယ်။ ၁၉၈၃ ခုနှစ် စက်တင်ဘာထုတ် ဉာဏ်လင်း ဓမ္မစာစောင်မှာ ဆရာကြီး ဦးသုခ၊ သုတေသီမြင့်ထွန်း၊ ဆရာပါရဂူ၊ မဦးဇွန်း၊ မာဂဓီ (သာစည်) နဲ့ အခြားကလောင်တွေ ရေးသားထားပါတယ်။ ၁၉၈၃ ခုနှစ် စက်တင်ဘာထုတ် ဉာဏ်လင်း ဓမ္မစာစောင်ရဲ့ မျက်နှာဖုံးကို မောင်အေးမြင့် (မြန်မာ့ရိုးရာဒီဇိုင်း) က ရာဇကုမာရ်ရဲ့ အငွေ့အသက် ပုံရိပ်တွေနဲ့ ပုံဖော်ထားပါတယ်။

မာတိကာကို လှန်ကြည့်လိုက်ရင် “မျက်နှာဖုံးအညွှန်း” ဆိုပြီး စာမျက်နှာ - ၄ မှာ ပုဂံမြင်းကပါ ဂူပြောက်ကြီး စေတီပုထိုးပုံနဲ့ မြစေတီပုံတွေကို ဖော်ပြထားပါတယ်။ မြစေတီပုံကို “ပုဂံငလျင်ဒဏ်ကြောင့် ထီးတော်မြေခခဲ့စဉ်က ဖူးတွေ့ရသော မြစေတီ (၁၉၇၅ - ဇူလိုင်လ) ပုံနဲ့ ဂူပြောက်ကြီးမှလှမ်း၍ ဖူးမျှော်ရသော မြစေတီ (၁၉၈၃ - ဩဂုတ်လ) ပုံ” ဆိုပြီး ပုံ ၂ ပုံ ဖော်ပြထားတာကို တွေ့ရပါတယ်။

ရာဇကုမာရ် ကျောက်စာကို ပျူ၊ မွန်၊ ပါဠိ၊ မြန်မာ လေးဘာသာနဲ့ ရေးထိုးခဲ့တယ်ဆိုတာကို ငယ်ငယ်တုန်းက စာသင်ခန်းထဲကနေ သိခွင့်ရခဲ့တယ်။ ပုဂံဘက်ဆီကို အလည်သွားရင်လည်း ရာဇကုမာရ်ကျောက်စာကို သွားကြည့်ဖြစ်တယ်။ ပျူလိုလည်းမတတ်၊ မွန်လိုလည်းမတတ်၊ ပါဠိလိုလည်းမတတ်၊ မြန်မာလိုတောင် နည်းနည်းပဲတတ်တဲ့ ကျွန်တော့်လို လူမျိုးအတွက်က ရာဇကုမာရ်ကျောက်စာကို ဘယ်‌ဖတ်တတ်လိမ့်မတုံး။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် မျက်နှာဖုံးအညွှန်းမှာတော့ ရာဇကုမာရ် ပျူကျောက်စာ ၅ ကြောင်း၊ မွန်ကျောက်စာ ၆ ကြောင်း၊ ပါဠိကျောက်စာ ၇ ကြောင်းတို့ကို မြန်မာအက္ခရာနဲ့ ဖလှယ်ထားပုံ မြန်မာကျောက်စာ ၈ ကြောင်းကို ခေတ်မြန်မာအက္ခရာနဲ့ ဖလှယ်ထားပုံတို့ကို ပုံနဲ့တကွ ဖော်ပြထားတာ တွေ့ရပါတယ်။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း စာစောင်မှာ ဆရာကြီး ဦးသုခရဲ့ “လယ်သမားကို ဘုရားချီးမွမ်းသည်” ဆိုတဲ့ ဆောင်းပါးကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ဆောင်းပါးရဲ့အဆုံးမှာ စီစဉ်သူက “မှတ်ချက်” ဆိုပြီး ‘၁၉၈၂ - ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်း၊ သမဝါယမ ဦးစီးဌာန၌ ကျင်းပသော တောင်သူလယ်သမားနေ့အကြို စာပေဟောပြောပွဲအဖြစ် ဟောပြောခဲ့သည်’ လို့ ဖော်ပြထားပါတယ်။

အဲဒီဟောပြောပွဲမှာ ဆရာကြီး ဦးသုခနဲ့ ဆရာမောင်ဝံသတို့ တစ်ယောက်နဲ့တစ်ယောက် ဖော်ကောင်လုပ် အရွှန်းဖောက်ပြီး ဟောပြောကြတာကို ဖတ်ရပါတယ်။ ဆရာမောင်ဝံသက ဆရာကြီး ဦးသုခရှေ့ကနေ ပွဲထွက်ပြီး ဟောပါတယ်။

ဆရာမောင်ဝံသက “သုခ လာရင် ချမ်းသာကြတော့မှာပဲဆိုပြီး မသိမသာလေးနဲ့ ဆရာကြီး ဦးသုခ အသက်ကို ဖော်ကောင်လုပ်ပြောသွားပါတယ်။”

ဆရာကြီး ဦးသုခက သူ့အလှည့်ရောက်တော့ ‘အမှန်ကတော့ မောင်ဝံသက သူ ငယ်‌ပါသေးတယ်လို့ ပြောချင်တာပါ၊ သို့သော်လည်း ကိုယ့်ဟာကိုယ် ငယ်ချင်လို့ ငယ်ရင် ငယ်ပါတော့လား။ ကျွန်တော့်အသက် ဘာပြုလို့ သူက ဖော်ကောင်လုပ်သွားရတာလဲ။ ကျွန်တော်က သူ့အသက်တော့ ဘယ်လောက်ရှိတယ်လို့ မပြောပါဘူး” လို့ ပြောပါတယ်။

ဆရာကြီး ဦးသုခက ဆရာမောင်ဝံသကို ရုပ်ရှင်ရိုက်ဖို့ စဉ်းစားမိတဲ့အကြောင်းကို “သူက နိုင်‌ငံရေးစာရေးဆရာ၊ ဗိုလ်တထောင် အယ်ဒီတာ၊ အမေရိကန်သွားပြီးတော့ သတင်းစာပညာ ဒီပလိုမာယူခဲ့တဲ့ ပုဂ္ဂိုလ်၊ လူချောပါ။ ကျွန်တော် တော်တော်လေး သူ့ကို ရုပ်ရှင်ရိုက်ဖို့ စိတ်ကူးမိပါတယ်။ သို့သော်လည်း စိန်မြင့်ကြီးပြီးမှ သူဖြစ်လိမ့်မယ်” (၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် စာမျက်နှာ - ၁၀ မှ) လို့ ပြောပါတယ်။

ဆရာကြီး ဦးသုခ ဖော်ကောင်လုပ်ပြောသွားတဲ့ အကြောင်းကတော့ စာဖတ်ပရိသတ်တစ်ယောက်က ဆရာမောင်ဝံသကို ဆရာမောင်ဝဏ္ဏနဲ့ မှားသွားတဲ့အကြောင်းပါ။ စာဖတ်ပရိသတ်က ဆရာမောင်ဝံသကို လာနှုတ်ဆက်ရင်း ‘ခင်ဗျားအဖေကော နေကောင်းလား’ မေးတော့ ဆရာက ‘ကျွန်တော့်အဖေ ဆုံးတာကြာပါပြီ’ လို့ ပြန်ပြောပါတယ်။ စာဖတ်ပရိသတ်က ခင်ဗျားအဖေ ဟိုတစ်နေ့ကမှ နိုင်ငံ့ဂုဏ်ရည် ဒုတိယအဆင့်ရတာလေဆိုမှ ဆရာလည်း သူ့ကို ကိုဝဏ္ဏနဲ့ မှားနေကြောင်း သိတော့တယ်။ ဒီအကြောင်းကို ဆရာကြီး ဦးသုခက ဖော်ကောင်လုပ်ပြီး “စာရေးဆရာချင်းတော့ တူပါရဲ့၊ ဟိုက စာရေးဆရာ အချစ်စာရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ သူက နိုင်ငံရေးစာရေးဆရာ၊ ဗိုလ်တထောင်သတင်းစာ အယ်ဒီတာ၊ အဲဒီတော့ မောင်ဝံသနဲ့ မောင်ဝဏ္ဏမှားလို့ သူ့အဖေ တစ်‌ယောက်တိုးခဲ့ရပါတယ်” လို့ အရွှန်းဖောက် ပြောသွားပါတယ်။

အဲဒီ တောင်သူလယ်သမားနေ့အကြို စာပေဟောပြောပွဲမှာ ဆရာမောင်ဝံသက တောင်သူလယ်သမားနေ့ကို ‘နိုင်ငံရေးအမြင်’ ကနေ သုံးသပ်ပြီး ဟောပြောသွားတယ်။ ဆရာကြီး ဦးသုခက တောင်သူလယ်သမားနေ့ကို ‘ဗုဒ္ဓရဲ့ ပရိယတ္တိအမြင်’ ကနေ သုံးသပ်ပြီး ဟောပြောသွားပါတယ်။ ‌

အဲဒီလို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံက အယူအဆ အတွေးအမြင်တွေဟာ လိုအပ်ပါတယ်။ ကျွန်တော်တို့ အရပ်ဆီမှာ အဲဒီလို ဘက်ပေါင်းစုံက တွေးမြင်တဲ့ အတွေးအမြင် အယူအဆတွေ လိုအပ်နေတာလည်း ကြာလှပါပြီ။ မတူညီကွဲပြားခြားနားမှုတွေနဲ့ အတူယှဉ်တွဲနေထိုင်ဖို့ဆိုရင် ကိုယ်နဲ့မတူတဲ့ အတွေးအမြင်တွေကိုလည်း လက်ခံနိုင်ရပါ့မယ်။ ကြံဖန်လွမ်းရမယ်ဆိုရင် ဆရာကြီး ဦးသုခတို့ခေတ်၊ ဆရာမောင်ဝံသတို့ရဲ့ ခေတ်ကြီးကိုပဲ လွမ်းရပါတော့မယ်။ ဪ... ဆရာကြီးတွေက ဘက်ပေါင်းစုံက အတွေးအမြင်တွေကို တွေးပြနိုင်ခဲ့သလို မတူညီကွဲပြားခြားနားတဲ့ အယူအဆတွေနဲ့အတူ ယှဉ်တွဲနေထိုင်ပြသွားကြတာပဲ။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ထဲမှာ သုတေသီမြင့်ထွန်းရဲ့ “ရွှေတိဂုံစေတီတော်ကြီးအောက်မှ အံ့မခန်းဆံတော်တွင်း” ဆောင်းပါးကိုလည်း ဖော်ပြထားပါတယ်။ ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ ဆံတော်တွင်းကို ရောက်ဖူးတယ်ဆိုတဲ့ အာမေးနီးယားလူမျိုး မစ္စတာဒီအက်(စ်)အပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းထားတဲ့အကြောင်းပါ။

သုတေသီမြင့်ထွန်းက ၁၃.၃.၁၉၆၈ နေ့ထုတ် ကြေးမုံသတင်းစာ၊ ၂၉.၁၂.၁၉၇၀ နေ့ထုတ်နဲ့ ၃၀.၁၂.၁၉၇၀ နေ့ထုတ် ကြေးမုံသတင်းစာတွေကို အခြေခံပြီး “ရွှေတိဂုံစေတီတော်ကြီးအောက်မှ အံ့မခန်းဆံတော်တွင်း” ဆောင်းပါးကို ရေးသားခဲ့တာပါ။ သတင်းစာအသက် တစ်မနက်၊ သတင်းစာနဲ့ မျက်နှာသစ်တယ်ဆိုတဲ့ ခေတ်ကြီးပေါ့။ ၂၉.၁၂.၁၉၇၀ နေ့ထုတ် ကြေးမုံသတင်းစာမှာ “ရွှေတိဂုံစေတီ ဌာပနာတိုက်အတွင်းသို့ ဆင်းကြမည် ဆင်းနိုင်သည့် ဝင်ပေါက် ငါးပေါက်တွေ့ မဆင်းမီ အစစအရာရာ ပြင်ဆင်မည်” ဆိုတဲ့သတင်း ဖော်ပြထားပါတယ်။ အဲဒီကြေးမုံသတင်းစာကို ဖတ်ပြီး ဌာပနာတိုက်အတွင်းကို ဆင်းဖို့ စီစဉ်ထားကြောင်းသိတာနဲ့ ဂေါပကရုံးခန်းနဲ့ လုံခြုံရေးအဖွဲ့ရုံးခန်းများသို့ လူကိုယ်တိုင်ရော တယ်လီဖုန်းနဲ့ပါ ဆံတော်အတွင်းကို ဆင်းရင် သူတို့လည်း လိုက်ပါလိုကြောင်း ဆန္ဒပေးကြတယ်လို့ ၃၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ ၃၀.၁၂.၁၉၇၀ နေ့ထုတ် ကြေးမုံသတင်းစာမှာ “ဌာပနာတိုက်တွင်းဆင်းရန် ဆန္ဒပေးသူများပေါ်၊ ဂူများရှိရာ သွားကြည့်သူကြည့်” ဆိုတဲ့သတင်း ဖော်ပြထားပါတယ်။

၂၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာဖတ်ပြီး ဆန္ဒပေးသူတွေ ပေါ်လာသလို၊ သွားကြည့်တဲ့ လူတွေ များပြားလာတာကို တွေ့ရတော့ ပြည်သူတွေအနေနဲ့ သတင်းအပေါ် စိတ်ဝင်စားမှုကို အထင်အရှား တွေ့မြင်ရပါတယ်။ အဲဒီခေတ်အခါက ကြေးမုံသတင်းစာကြီးရဲ့ အချက်အလက် တိကျခိုင်မာမှုဩဇာကြောင့်လည်း စာဖတ်ပရိသတ်ရဲ့ သတင်းအပေါ် စိတ်ဝင်စားမှုနှုန်းကလည်း မြင့်တက်လို့နေမှာပါ။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ထဲမှာ သုတေသီမြင့်ထွန်းရဲ့ “ရွှေတိဂုံစေတီတော်ကြီးအောက်မှ အံ့မခန်းဆံတော်တွင်း” ဆောင်းပါးမှာ ခေတ်အမျိုးမျိုးက ရွှေတိဂုံစေတီတော်ပုံတွေကို ဝေဝေဆာဆာ ဖော်ပြထားတာ တွေ့ရပါတယ်။ ‘ယနေ့ ရွှေတိဂုံ၊ ရှေးရွှေတိဂုံ၊ ရှေးခေတ် ဂရိတို့၏ ပါသီနွန်ဘုရားကျောင်းကို တည်ဆောက်ထားသော လက်ရာရှင်တို့ကဲ့သို့ပင် အနုပညာအမြင်၊ ဗိသုကာအမြင်တို့၌... ၊ ထက်မြတ်စူးရှသော ပါရမီဉာဏ်ရှိကြသော ရှေးမြန်မာတို့၏ ကမ္ဘာကျော် ဗိသုကာလက်ရာများ စုဝေးရာ လေးဆူဓာတ်ပုံ ရွှေတိဂုံ... ၊ ယနေ့ဖူးတွေ့ရသော နောင်တော်ကြီး စေတီတော်နှင့် ရွှေတိဂုံ စေတီတော်... ၊ ခရစ်သက္ကရာဇ် ၁၈၅၈ - ခုနှစ်ဆီက ရန်ကုန်မြို့တွင် တွေ့မြင်ခဲ့ရသော ဆင်အပြေးပြိုင်ပွဲ၊ အင်္ဂလိပ် - မြန်မာ ဒုတိယစစ်ပွဲအချိန်က ရွှေတိဂုံစေတီတော်အား မြောက်ဘက်မုခ်ရှိ သစ်တပ်များအနီးမှ ဓာတ်ပုံရိုက်ကူးထားပုံ၊ အင်္ဂလိပ် မြန်မာ ပထမစစ်ပွဲအတွင်းက အင်္ဂလိပ်စစ်ဗိုလ်တစ်ဦး ရေးဆွဲခဲ့သည့် ရွှေတိဂုံ စေတီတော်ရင်ပြင်... ထိုစဉ်က စဉ့်ကူးမင်းခေါင်းလောင်းကြီး ချိတ်ဆွဲထားဟန်ကို တွေ့နိုင်သည်၊ ရွှေတိဂုံစေတီတော်ကြီးကို အရှေ့တောင်ထောင့်မှ ဓာတ်ပုံဆရာ ဦးသိန်းမောင် (မြူ - ကျန်းမာရေး) က ၁၉၅၀ - ပြည့်နှစ်က ရိုက်ကူးထားသောပုံဖြစ်သည်၊ ယခုအခါ တန်‌ဆောင်းပြာသာဒ်ဖုံး၍ ဤပုံမျိုးရအောင် ထပ်မရိုက်တော့ပါ ပုံတွေနဲ့ အခြားပုံတွေရောပါ’ ပုံပေါင်း ၁၈ ပုံအထိ ဝေဝေဆာဆာ ဖော်ပြထားပါတယ်။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ထဲမှာပဲ ဦးရဲလွင်ရဲ့ ‘သီလ သမာဓိ ပညာ အားကောင်းသော ထေရဝါဒ ဆရာတော်ကြီးများ’ အကြောင်း ရေးထားတဲ့ ဆောင်းပါးလည်း ဖော်ပြထားပါတယ်။ ဦးရဲလွင် ရေးသားထားတဲ့ ဆရာတော်ကြီးတွေက ‘ပခုက္ကူ ဆရာတော်ကြီးများ၊ နိဗ္ဗိန္ဒတောရ ဆရာတော်၊ ဝေဘူ ဆရာတော်၊ တောင်ပုလု ဆရာတော်၊ မဟာစည် ဆရာတော်၊ ဆရာတော် ဦးသေဋ္ဌိလ၊ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ၊ စစ်ကိုင်း ရွှေဟင်္သာဆရာတော်၊ ဝန်းသိုမြို့ ခန္တီးဆရာတော်’ တို့ အကြောင်းတွေပါ။

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်မှာ မာဂဓီ (သာစည်) ရဲ့ ဆောင်းပါးဟာလည်း မှတ်သားစရာတွေပါပြီး ဖတ်လို့ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဆောင်းပါးနာမည်က ‘ကုလားလေယာဉ်ပျံနှင့် ဘုရားလေယာဉ်ပျံ’ တဲ့။ မာဂဓီ (သာစည်) က “၁၉၂၂ ခုနှစ်မှာ မြန်မာ့မြေပေါ်သို့ လေယာဉ်ပျံ စတင်ဆင်းဖူးသည်” လို့ မှတ်တမ်းတင်ထားပါတယ်။

မာဂဓီ (သာစည်) က

“မြန်မာသက္ကရာဇ် ၁၂၈၄ - ခု (ခရစ်သက္ကရာဇ် - ၁၉၂၂) က မန္တလေးမြို့ သိပ္ပံကွင်း (ယခု မန္တလေးတက္ကသိုလ်တစ်ဝိုက်) သို့ လေယာဉ်ပျံတစ်စင်း ပထမဆုံးအကြိမ် မြန်မာမြေပေါ်သို့ ဆင်းသက်ဖူးရာ မန္တလေးတစ်မြို့လုံး အုတ်အုတ်ကျက်ကျက်ဖြစ်၍ သွားလေသည်။

အဆိုပါ လေယာဉ်မှာ တရုတ်ပြည်အသွား ဓာတ်ဆီကုန်၍ ထိုးဆင်းရကြောင်း သိရသည်။ ထိုအချိန်က မြန်မာနိုင်ငံတွင် လေယာဉ်ပျံကွင်း လုံးဝမရှိသေး၍ ပြောင်းခင်းထဲ ထိုးဆင်းရကြောင်း ကိုယ်တိုင်ကိုယ်ကြပ် မြင်ဖူးသော ကျောက်ဆည်မြို့ လေသာဆရာတော် ဘုရားကြီးက အမိန့်ရှိ၍ သိရသည်”

(၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် စာမျက်နှာ - ၉၈ မှ) လို့ ရေးသားထားပါတယ်။

မြန်မာ့မြေပေါ်ကို လေယာဉ်ပျံဆင်းလာတာနဲ့ ပတ်သက်ပြီး လူတွေဝိုင်းကြည့်ရှုပြီး နိုင်ငံခြားသားတို့ရဲ့ ပညာစွမ်းကို မြန်မာတို့က ချီးမွမ်းအဆန်းတကြယ် ပြောဆိုကြတာကို မန္တလေးမြို့ ဒက္ခိဏာရာမ ဘုရားကြီးတိုက်က စာချအကျော် ဆရာတော် ဦးနန္ဒိယ (ကဗျာနန်) ကိုယ်တော်ကြီးက သီချင်းတစ်ပုဒ် ရေးစပ်ခဲ့ပါတယ်။ သီချင်းနာမည်က ‘ဘုရားလေယာဉ်ပျံနှင့် ကုလားလေယာဉ်ပျံ’ ဖြစ်ပါတယ်။

ဆရာတော် ဦးနန္ဒိယ (ကဗျာနန်) ရဲ့ သီချင်းကို မာဂဓီ (သာစည်) က အကျယ်ချဲ့ ရှင်းပြထားပါတယ်။ မာဂဓီ (သာစည်) ရဲ့ အရေးအသားထဲက အရေးအသားအချို့ကို ကူးယူဖော်ပြပါ့မယ်။

ဥရောပသားတို့က လေယာဉ်ပျံကို ပန်ကာတပ်၍ ပျံသန်းလျှင်၊ ဗုဒ္ဓဘာသာ မြန်မာတို့က ဒါနသီလကို ပန်ကာတပ်၍ လှည့်ပတ်ပျံသန်းပြမည်။

ဥရောပသားတို့က လေယာဉ်ပျံကို ဓာတ်ဆီထည့်၍ မောင်းနှင်လျှင်၊ ဗုဒ္ဓဘာသာ မြန်မာတို့က သမထနှင့် ဝိပဿနာကို လောင်စာဆီအဖြစ် အသုံးပြု၍ မောင်းနှင်ပျံသန်းမည်။

ဥရောပသားတို့က လေယာဉ်ပျံကို တောင်ပံတပ်၍ ပျံသန်းသလို၊ ဗုဒ္ဓဘာသာမြန်မာတို့က အဋ္ဌင်္ဂိကမဂ် (မဂ္ဂင်ရှစ်ပါး) ကို တောင်ပံအဖြစ် တပ်ဆင်၍ နိဗ္ဗာန်အထိ ပျံသန်းပြမည်။

ဥရောပသားတို့၏ လေယာဉ်ပျံသည် ကမ္ဘာဆုံးအောင် ပတ်နိုင်သော်လည်း သံသရာခရီးအဆုံး ရောက်အောင်ကား မပျံသန်းနိုင်ချေ၊ ဗုဒ္ဓဘာသာ မြန်မာတို့၏ ဘုရားပေးသော လေယာဉ်ပျံကမူ သံသရာခရီးအဆုံး (နိဗ္ဗာန်) ရောက်အောင် ပျံသန်းနိုင်၏၊ အဝေးလည်း ပြိုင်နိုင်၏၊ အမြန်လည်း ပြိုင်နိုင်၏၊ ဒါကြောင့် ကုလားလေယာဉ်ပျံထက် မိမိတို့၏ ဘုရားလေယာဉ်ပျံက အဘက်ဘက်မှ သာလွန်ပါကြောင်း ကဗျာနန်က ကလောင်စွမ်းပြ၍ မှတ်တမ်းတင်ထားခဲ့လေသည်။

(၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် စာမျက်နှာ - ၁၀၀ မှ)

၁၉၈၃ ခုနှစ် စက်တင်ဘာလထုတ် ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်အကြောင်းပြီးရင် ၁၉၈၄ ခုနှစ် ဇူလိုင်လ ၁၀ အုပ်မြောက် အထူးထုတ် စာစောင်အကြောင်း နည်းနည်းတော့ ပြောပါ့မယ်။ ၁၀ အုပ်မြောက် အထူးထုတ်ဆိုတော့ ကလောင်အင်အားလည်း များပါတယ်။ ၁၀ အုပ်မြောက် အထူးထုတ် စာစောင်မှာ မင်းယုဝေ၊ ပါရဂူ၊ မင်းသုဝဏ်၊ သုခ၊ ဗြဟ္မစာရီမွန်ဗိုကေ၊ မဦးဇွန်း၊ ရန်အောင်၊ ရဝေထွန်း၊ ဒဂုန်ဦးစန်းငွေ၊ ဦးအောင်မွန်၊ ချစ်ဦးညို၊ မာဂဓီ (သာစည်)၊ ဓမ္မာစရိယ ဦးဌေးလှိုင်၊ ငွေဥဒေါင်း၊ ရင်ရင်ဌေး၊ ရည်စိန်တို့ ပါဝင်ရေးသားပါတယ်။

၁၉၈၄ ခုနှစ် ဇူလိုင်လ ဉာဏ်လင်း ဓမ္မစာပဒေသာ ၁၀ အုပ်မြောက် အထူးထုတ် စာစောင်ထဲက ထုတ်နုတ်ပြောပြချင်တဲ့ ဆောင်းပါးကတော့ ဆရာကြီး ဦးဗိုကေ (ဗြဟ္မစာရီမွန်ဗိုကေ) ရဲ့ ဆောင်းပါးပဲ ဖြစ်ပါတယ်။ ဆောင်းပါးနာမည်က “ဟင်္သာ ဖို မ၏ ထူးခြားသော အနေအထား” ပါ။ ဆရာကြီး ဦးဗိုကေက ဟံသာဝတီ ပဲခူးတိုင်းက ဟင်္သာ ဖို မ အနေအထားအကြောင်းကို ကျမ်းအကိုးအကား‌တင်မကဘဲ သိပ္ပံနည်းကျကျဖြင့် သုံးသပ်ရေးသားထားပါတယ်။ သုတေသနသမားတွေအတွက် စံပြုထိုက်တဲ့ အရေးအသားပါ။

ဆရာကြီး ဦးဗိုကေ (ဗြဟ္မစာရီမွန်ဗိုကေ) က “ဟင်္သာ ဖို မ တစ်ကောင်ကျောပေါ် တစ်ကောင်နားနေဟန်ကို ၁၂၅၇ - ခုတွင် ဆရာကြီး ဦးဖူး၏ ရွှေမောဓောရာဇဝင် သမိုင်းစာအုပ်တွင် ပထမဆုံး တွေ့မြင်ရသည်။ ထိုထက်စော၍ ထိုကဲ့သို့သော အနေအထားအကြောင်း ရှေးအဆိုအမိန့်ကိုကား ကျွန်ုပ်တို့ မတွေ့ဖူးပါ။ အကယ်၍ ရှိပါက ရှေးစာဟောင်း တွေ့ရှိမိသော ပညာရှင်တို့က ဖော်ပြပေးပါရန် မေတ္တာရပ်ခံပါသည်” (၁၉၈၄ ခုနှစ် ဇူလိုင်လ ဉာဏ်လင်း ဓမ္မစာပဒေသာ ၁၀ အုပ်မြောက် အထူးထုတ် စာစောင် စာမျက်နှာ - ၇၃ မှ) လို့ ရေးသားထားပါတယ်။

ဆရာကြီး ဦးဗိုကေ (ဗြဟ္မစာရီမွန်ဗိုကေ) က ‘ဆရာကြီး ဦးဖူးသည် ရေးသားဖော်ပြရာတွင် အချို့သူဟောင်းတို့အဆိုဟူ၍ မသေချာသော ပါးစပ်ရာဇဝင်စကားမျှ ဖြစ်ကြောင်း အတိအလင်း ရှင်းလင်းထားသည်ကို သတိပြုမှတ်သားနိုင်ပါသည်’ လို့ ရေးသားထားတယ်။

ဆရာကြီး ဦးဗိုကေ (ဗြဟ္မစာရီမွန်ဗိုကေ) က ဟင်္သာ ဖို မ နှစ်ကောင် အနေအထားဟာ ရှေးမွန်ရာဇဝင်ကြီးများနဲ့တကွ ရှေးမှတ်တမ်းစာပေများမှာ ဖော်ပြထားတာ မရှိကြောင်း ဆိုထားပါတယ်။

ဆရာကြီး ဦးဗိုကေက “အခြားသော မွန်ဘာသာဖြင့် ရေးသားသော ရာဇဝင်များ၊ ဘုရားသမိုင်းများနှင့် ပျို့ကဗျာများတွင်လည်း ကျွန်ုပ်တို့ ရှာဖွေနိုင်သမျှ သဲသောင်ပေါ်တွင် ဟင်္သာ ဖို မ နားကြောင်းပါရှိလေသည်။ ဆရာကြီး ဦးဖူး၏ အချို့သူဟောင်းတို့ အဆိုမျိုး ဟင်္သာ ဖို မ အနေအထားကိုမူ မည်သည့် ရှေးစာဟောင်းတို့တွင်မှ မတွေ့ရဖူးပေ” လို့ ရေးသားထားပါတယ်။

ဆရာကြီး ဦးဗိုကေ (ဗြဟ္မစာရီမွန်ဗိုကေ) က ရွှေဟင်္သာ ဖို မ တစ်ကောင် ကျောပေါ် တစ်ကောင်ထပ် နားနေဟန်ကို ဘယ်လိုကြောင့် ယူဆကြတယ်ဆိုတဲ့ သူ့အမြင်ကို အခုလို ရေးသားထားပါတယ်။

ဤကဲ့သို့ ရှေးမွန်ဘာသာ၊ မြန်မာဘာသာ စာဟောင်း ပေဟောင်းတို့တွင် ရွှေဟင်္သာနှစ်ကောင်ကို သောင်ပေါ်၌ နားနေသည်ဟု ပါရှိရာမှ အဘယ်ကြောင့် “နောက်များမကြာမီ လက်ဝါးတစ်အုပ်ခန့် သဲခုံပေါ်လာရာ ကောင်းကင်က ရွှေဟင်္သာဖိုမတို့သည် ပျံလာ၍ နှစ်ကောင်နားစရာ မရခြင်းကြောင့် တစ်ကောင်၏ ကျောပေါ်မှ တစ်ကောင်ဆင့်၍ နားရ၏” ဟူသော စကားသည် ပေါ်ပေါက်လာလေသနည်းဟု တွေးတောဆင်ခြင်ဖွယ် ရှိပါသည်။ မူလမွန်စာဟောင်းတို့တွင် ရွှေဟင်္သာနှစ်ကောင်ကို ဖော်ပြသော နေရာတိုင်းတွင် (ဓိုဝ်ထဝ်ဓါ) ဟူသော စကားကို သုံး‌ထားသည်။ ဓိုဝ် = ဟင်္သာ၊ ထဝ် = ရွှေ၊ ဓါ = နှစ်။ ဤတွင် ဤစကားကို ဘာသာပြန် ဖတ်ရှုရာတွင် မွန်ဘာသာဖြင့် ရေးထားသော ‘ထဝ်’ ဟူသော စကားမှ ဝ - သတ်သည် ပ - သတ်ကဲ့သို့ ဖြစ်နေ၍ ထပ် - ဟု ယူဆပြီး မွန်ဘာသာ၌ ထပ် - ကို အနက်မရ၍ မြန်မာဘာသာ ထပ် (ထပ်ဆင့်သည်၊ ထပ်သည်) ဟူ၍ စကားဆွဲယူ၍ ဟင်္သာဖိုမ ထပ်၍နားကြောင်း စိတ်ကူးပေါ်ပေါက်ကြံဆခဲ့လေသလားဟု တွေးဆမိပါသေးသည်။ ‌ဤကားကျွန်ုပ်၏ တွေးဆချက်သာ ဖြစ်ပါသည်။

(၁၉၈၄ ခုနှစ် ဇူလိုင်လ ဉာဏ်လင်း ဓမ္မစာပဒေသာ ၁၀ အုပ်မြောက် အထူးထုတ် စာစောင် စာမျက်နှာ - ၇၉ နှင့် ၈၀ မှ)

ဆရာကြီး ဦးဗိုကေ (ဗြဟ္မစာရီမွန်ဗိုကေ) ဆိုတာ ပညာရှင် သုတေသီတစ်ယောက်ဆိုတာ သမိုင်းစာပေလိုက်စားသူတိုင်း သိပါတယ်။ ဆရာကြီး ဦးဗိုကေရဲ့ ဆောင်းပါးဟာ စနစ်တကျ ရေးသားထားတဲ့ စာတမ်းဆောင်းပါး ဖြစ်ပါတယ်။ ကျမ်းကိုးတွေနဲ့ ရေးချင်သူတွေအတွက် ‘ဒီလိုရေးရတယ်’ လို့ နည်းပေးလမ်းပြတဲ့ သုတေသနဆောင်းပါး တစ်ပုဒ်လည်း ဖြစ်ပါတယ်။

၁၉၈၄ ခုနှစ် ဇူလိုင်လ ဉာဏ်လင်း ဓမ္မစာပဒေသာ ၁၀ အုပ်မြောက် အထူးထုတ် စာစောင်ထဲမှာ အယ်ဒီတာဖြစ်တဲ့ ဆရာကြီး ဦးအောင်မွန်က “မဟာဝိသုဒ္ဓာရုံ ဆရာတော်နှင့် လယ်တီဆရာတော်” ဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ရေးပါတယ်။

ဆရာကြီး ဦးအောင်မွန်က ဆောင်းပါးအစကို လယ်တီပဏ္ဍိတ ဦးမောင်ကြီးနဲ့ ဆာဂျေအေမောင်ကြီးတို့ အကြောင်းကနေ အစချီထားတယ်။ ဆာဂျေအေမောင်ကြီး ပြည်ထဲရေးဝန်ကြီး ဖြစ်တုန်းက လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးကို “အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ် ချီးမြှင့်ပါရစေ၊ လက်ခံပါလို့” တောင်းပန်ဖူးတယ်။ ဆရာဦးမောင်ကြီးက “သူ့မှာ လယ်တီပဏ္ဍိတဘွဲ့ တစ်ခု ရှိပြီးသားဖြစ်လို့ အဂ္ဂမဟာပဏ္ဍိတဘွဲ့ကို ထပ်ပြီး လက်မခံပါရစေနဲ့၊ ကျေးဇူးရှင် မဟာဝိသုဒ္ဓါရုံ ဆရာတော်နဲ့ လယ်တီဆရာတော်ကြီးတို့ ပေးသနားတော်မူခဲ့တဲ့ လယ်တီပဏ္ဍိတဘွဲ့ ကွယ်ပျောက်သွားမှာစိုးလို့ပါ” ဆိုပြီး ငြင်းပယ်ခဲ့ပါတယ်။

ဆရာကြီး ဦးအောင်မွန်က မဟာဝိသုဒ္ဓါရုံ ဆရာတော်နဲ့ လယ်တီဆရာတော်ကြီးဟာ သာသနာအပေါ်မှာ ကျေးဇူးတရားကြီးမားတဲ့အကြောင်းကို ပူဇော်ရေးဖွဲ့ထားပါတယ်။

ကျွန်တော် ကိုးကားရေးတဲ့ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင် ၂ အုပ်ရဲ့ သက်တမ်းကိုကြည့်ရင် ကျွန်တော့်ထက်တောင် အသက်ကြီးနေပါသေးတယ်။ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်ဟာ သူတို့ကြွေးကြော်ထားတဲ့ မူအတိုင်း သာသနာ၊ စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်တို့ဆိုင်ရာ စာတမ်းဆောင်းပါးတွေကို ဖော်ပြလေ့ရှိပါတယ်။ ဉာဏ်လင်း စာစောင်ကို ဖတ်ကြည့်ရင် မှတ်စရာ၊ တွေးတောစရာလေးတွေပါ တွေ့ရပါတယ်။ စာဖတ်ပရိသတ်ကို ဉာဏ်အလင်းရောင် တကယ်ပေးနိုင်တဲ့ ‌စာစောင်တစ်စောင်ပါလို့ ညွှန်းချင်ပါတယ်။

ဉာဏ်လင်းကို ပဲ့ကိုင်ခဲ့တဲ့ ဆရာကြီး ဦးအောင်မွန်ဆိုရင် အခုအချိန်အထိ သူမြတ်နိုးတဲ့ သုတေသနစာတမ်းတွေ ရေးနေဆဲ၊ ညွှန်ပြနေဆဲပါ။ အခုချိန်ထိ ကျမ်းစာအုပ်ပုံတွေကြားမှာ အချိန်ကုန်နေဆဲပါ။ စာဖတ်ပရိသတ်‌တွေကို ဉာဏ်အလင်းရောင်များ ဖြာထွက်နိုင်ဖို့ အလင်းပေးနိုင်စွမ်းရှိတဲ့ ဉာဏ်လင်း ဓမ္မစာပဒေသာ စာစောင်လို စာစောင်တွေ ပေါ်ထွက်လာစေချင်ပါတယ်။

အခုတော့လည်း... သာသနာ၊ စာပေ၊ ယဉ်ကျေးမှု အမွေအနှစ်တို့ စုဝေးရာ “ဉာဏ်လင်း ဓမ္မစာပဒေသာ” စာစောင်ကိုဖတ်ပြီး ထိုင်လွမ်းနေရုံမှတစ်ပါး အခြားရှိပါသေးရဲ့လား စာဖတ်မိတ်ဆွေ‌တို့ရေ။


နန္ဒအောင်

၁၂. ၇. ၂၀၂၆



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar