Breaking News

မောင်လူမွှေး - မုန့်တစ်ထုပ်၊ ကြက်ဥတစ်လုံးနှင့် ခေါက်ဆွဲတစ်ထုပ်တန် စိတ်ထားများ


မောင်လူမွှေး - မုန့်တစ်ထုပ်၊ ကြက်ဥတစ်လုံးနှင့် ခေါက်ဆွဲတစ်ထုပ်တန် စိတ်ထားများ

မိုးမခ ၊ ဇူလိုင်  ၁၉၊ ၂၀၂၆


နွေဦးတော်လှန်ရေးကာလ၊ စစ်အာဏာရှင်စစ်တပ်ကို တိုက်ခိုက်နေရတဲ့ ကာလ၊ စစ်တပ်၏ ကုန်စည်ပိတ်ဆို့မှုကို ရင်ဆိုင်နေရတဲ့ ကာလ၊ စစ်ကြောင်းထိုးမှုနှင့် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို ခံနေရတဲ့ ကာလ။ ပြီးတော့ တော်လှန်နယ်မြေက စီမံခန့်ခွဲမှု လွဲမှားတာတွေ၊ မရိုးသားတာတွေ၊ စစ်အာဏာရှင်ကို တော်လှန်ရင်း နေရာကို မက်မောလာတာတွေ၊ အခြေခံအကျဆုံး လူတန်းစားကို ဖိနှိပ်၊ ဂရုမစိုက် ပစ်ထားတာတွေ တဖြည်းဖြည်း တွေ့ကြုံလာရတဲ့ ကာလ။ ဒီလိုကာလမှာ ပြည်သူတွေ ဒုက္ခရောက်ကြပါတယ်။

ဒုက္ခရောက်နေသည့် ပြည်သူတွေ၊ စစ်ဘေးရှောင်တွေကို NGO အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနှင့် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ အပါအဝင် ကူညီကြပါတယ်။ NGO အဖွဲ့တစ်ခုက ကူညီရေးကို လုပ်ဆောင်မယ်ဆို သူ့စီမံချက်နှင့်သူလာပြီး ဒေသခံတွေကို ဝန်ထမ်းအဖြစ် ခန့်အပ်ပါတယ်။ မိခင်တွေအတွက်၊ ကလေးတွေအတွက်၊ သက်ကြီးရွယ်အိုတွေအတွက်၊ တီဘီရောဂါအတွက် စသဖြင့် ရှိတတ်ကြပါတယ်။

"နို့စို့အရွယ် ကလေးတွေအတွက် ပေးတုန်းက ကျမတစ်ယောက်တည်း မရတာ။ မရတဲ့အပြင် မပေးဘဲနဲ့ ပေးတယ် ပြောတာကို ကျမ တအားခံပြင်းတာ။ ပြီးတော့ အစည်းအဝေးမှာ အားလုံးရအောင် ငါလုပ်ပေးထားတာပဲကိုးလို့ သူကပဲ ပေးတဲ့ပုံစံ ပြောတော့ စိတ်တအားထိခိုက်ရတာ။ နောက် ပေးတဲ့ ခေါက်ဆွဲတွေ၊ ကြက်ဥတွေလည်း မယူချင်တော့ဘူး" လို့ ကျေးရွာလေးတစ်ရွာက ကလေးမိခင်တစ်ဦးက ရင်ဖွင့်ပါတယ်။

တကယ်တော့ NGO အဖွဲ့အစည်းတစ်ခု၏ ဝန်ထမ်းဆိုတာ သူတို့အတွက် ထိုက်သင့်သည့်လစာနှင့် ခရီးစရိတ်တွေ ရရှိပြီးသားဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းတာဝန်ကို ရိုးရိုးသားသား မှန်မှန်ကန်ကန် တာဝန်ထမ်းဆောင်ရင် မွန်မြတ်သည့် လုပ်ငန်းလည်းဖြစ်ပါတယ်။ ငွေကြေးလည်းရ၊ ပညာလည်းရ၊ လူထု၏ ချစ်ခင်မှုကိုလည်း ရနိုင်သည့် လုပ်ငန်းလည်းဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကိုယ့်အတွက်ရော၊ ကိုယ့်အဖွဲ့အစည်းအတွက်ရော၊ ရပ်ရွာပြည်သူလူထုအတွက်ရော အကျိုးဖြစ်ထွန်းမှု နည်းပါးပါလိမ့်မယ်။

"ငါတို့က ကိုယ်ရောက်သည့်အရပ်မှာ ဒေသခံပြည်သူတွေနဲ့ တစ်သားတည်းနေရတယ်။ ဒါမှ အလုပ်လုပ်လို့ရတာကိုး။ ပြီးတော့ ကိုယ်ရသည့်လစာနဲ့ပတ်သက်ပြီးတော့ ကြွားကြွားဝါဝါမလုပ်ရဘူး။ လစာပမာဏကြွားတာကိုမှ ပြောတာမဟုတ်ဘူး။ အဝတ်အစား၊ အသုံးအဆောင်တွေ၊ စားသောက်တာတွေပေါ့ကွာ..." လို့ NGO လုပ်ငန်းမှာ ဆယ်စုနှစ်ချီလုပ်ကိုင်ခဲ့ပြီး အခု UN မှာ လုပ်နေသည့် မောင်လူမွှေး၏ အစ်ကိုသူငယ်ချင်းစကားကို သတိရမိတယ်။


တော်လှန်ရေးကာလမှာ မောင်လူမွှေးတို့ လူ့အဖွဲ့အစည်းဟာ လက်သင့်ရာ စားတော်ခေါ်သည့် လူ့အဖွဲ့အစည်း ဖြစ်လာတယ်။ ဘာတွေလုပ်တတ်တယ်။ ဘယ်လောက်သိတယ်။ ဘယ်လောက်မှန်ကန်တဲ့ စိတ်ထားရှိတယ်ဆိုတာထက် ဘယ်သူနဲ့သိတယ်။ ဘယ်သူနဲ့ခင်တယ်။ ဘယ်သူနဲ့ ပိုင်တယ်ဆိုတာတွေက ပိုအရေးပါလာတာကို ပြည်သူတွေ၏ စကားသံတွေဆီကနေ သိနေရပါတယ်။ လုပ်တတ်ကိုင်တတ်မှုထက် လုပ်ပိုင်ခွင့်ဆိုတာကို အလေးထားကြပါတယ်။

ဆင်းရဲဒုက္ခရောက်နေသည့် ပြည်သူတွေမှာ ဘာမျှမရှိကြတော့ ရချင်ရှာကြတာပါပဲ။ ထောက်ပံ့ကြေးရမှာ။ လုပ်ပေးတဲ့သူကို တစ်ယောက် ဘယ်လောက်နှုန်း ပြန်ပေးရမှာဆိုလည်း ပျော်ပျော်ကြီးပေးကြတဲ့ နေရာတစ်ခု၊ အဖြစ်အပျက်တစ်ခုကို ပြီးခဲ့သည့် နှစ်ပိုင်းက မောင်လူမွှေး ကြုံခဲ့ရဖူးပါတယ်။ တကယ်တော့ မောင်လူမွှေး မသိသည့် ဒီလိုအဖြစ်တွေ အများကြီးကျန်သေးတယ်လို့ စစ်ဘေးရှောင်ဦးလေးကြီးက ဆိုပါတယ်။

ပြီးခဲ့သည့်နှစ် တစ်ညနေ မိုးမိုးချုပ်ချုပ် စစ်ရှောင်စခန်းတစ်ခုမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို အမှတ်ရမိပါတယ်။ "မုန့်ဝေမှာတယ်ဟေ့" ဆိုတော့ စစ်ရှောင်စခန်းက မိသားစုတစ်စုကို တစ်ယောက်နှုန်း သွားကြပါတယ်။ တကယ်တော့ စစ်ရှောင်စခန်းက သူတွေစားရအောင် မုန့်ဝေလာတာမဟုတ်ပါဘူး။ NGO အဖွဲ့အစည်းတစ်ခုက ကျန်းမာရေးနဲ့ပတ်သက်တဲ့ လူထုပညာပေးဟောပြောပွဲလုပ်တာပါ။ ဟောပြောပွဲတက်လာသည့်သူတွေကို မုန့်ဝေပေးသည့်သဘောပါ။ ဒါပေမယ့် ဟောပြောတာက ခဏတာ အချိန်လေးပါ။ ပြီးတော့ မုန့်ဝေ။ အားလုံးပြန်ကြ။ အလုပ်ဖြစ်မြောက်မှုရှိမရှိ စဉ်းစားကြည့်တာနဲ့ သိနိုင်ပါတယ်။

မောင်လူမွှေးတို့ဟာ စနစ်ကိုပြောင်းချင်လို့ အသက်များစွာ၊ ဘဝများစွာပေးဆပ်ပြီး တော်လှန်ရေးလုပ်နေကြတာဖြစ်ပါတယ်။ ဒီလိုကာလမှာ ကိုယ်ကျင့်နှင့်ပညာကိုပါ တည်ဆောက်နိုင်မှ ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ မုန့်ဝေ၊ ကြက်ဥဝေ၊ ခေါက်ဆွဲဝေပြီးပေးနိုင်တာနဲ့ အဟုတ်ကြီးမှတ်နေကြရင်...။ ကိုယ်ကျင့်တရား၊ ဉာဏ်ပညာ၊ မေတ္တာတရားထက် မုန့်တစ်ထုပ်၊ ကြက်ဥတစ်လုံး၊ ခေါက်ဆွဲတစ်ထုပ်ကိုပဲ မြင်နေကြရင်...။ မောင်လူမွှေး သက်ပြင်းရှည်ကြီး ချမိပါတော့တယ်။ မုန့်တစ်ထုပ်၊ ကြက်ဥတစ်လုံးနှင့် ခေါက်ဆွဲတစ်ထုပ်တန် စိတ်ထားတွေနဲ့ ကောင်းမွန်သည့် အနာဂတ်ကို တည်ဆောက်လို့မရနိုင်ပါဘူးခင်ဗျာ...။



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar