Breaking News

မောင်တင့်တယ် - လီနင်ပြောတဲ့ တော်လှန်ရေးအောင်မြင်ရန် လိုအပ်သည့် အခြေအနေ နှစ်ရပ်*



လီနင်ပြောတဲ့ တော်လှန်ရေးအောင်မြင်ရန်လိုအပ်သည့် အခြေအနေ နှစ်ရပ်
မောင်တင့်တယ်
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၂၆


"တော်လှန်ရေးတိုင်းသည် မြောက်မြားစွာသော လူထုကြီး၏လူနေမှုဘဝများတွင် ပြင်းထန်သော အလှည့်အပြောင်းဖြစ် ခြင်းကို ဆိုလိုသည်။ ထိုကဲ့သို့သော အလှည့်အပြောင်းအတွက် အချိန်အခါကောင်း (အခြေအ နေ) မရင့်မှည့်သေးသရွေ့ မည်သည့် စစ်မှန်သော တော်လှန်ရေးမျှ ဖြစ်ပေါ်မလာနိုင်ပေ။ လူတဦးချင်းစီ၏ ဘဝတွင် ကြုံတွေ့ရသော အလှည့်အပြောင်းတိုင်းသည် ထိုသူအား သင်ခန်းစာများစွာကို သင်ကြားပေးပြီး ကြွယ်ဝသော အတွေ့အကြုံများနှင့် ကြီးမားသော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုများကို ဆောင်ကြဉ်းပေးသကဲ့သို့ပင်၊ တော်လှန်ရေးတခုသည်လည်း တမျိုးသားလုံးကို အလွန် ကြွယ်ဝပြီး တန်ဖိုးရှိသော သင်ခန်းစာများကိုတိုတောင်းသော အချိန်ကာလတခုအတွင်း၌ သင် ကြားပေးလေသည်။

တော်လှန်ရေးကာလတခုတွင် သန်းဆယ်နှင့်ချီသော ပြည်သူများသည် ပုံမှန် အေးတိအေး စက် ဖြတ်သန်းရသည့် သာမန်သက်တမ်း တနှစ် စာထက်မက ပိုမိုများပြားသော အသိအမြင် များကို တပတ်အတွင်းမှာပင် ဆည်းပူးမိကြပါသည်။ ဘာကြောင့်လဲဆိုသော် တိုင်းပြည်တခုလုံး၏ ကံကြမ္မာအလှည့်အပြောင်းကြီး ဖြစ်ပေါ် လာသည့် အချိန်တွင် လူထုထဲမှ အလွှာစုံ၊ လူတန်းစားစုံသည် ဘာရည်မှန်း ချက်များ ရှိနေကြသလဲ၊ ဘယ် လိုအင်အားများ ပိုင်ဆိုင်ထားကြသလဲ၊ ထို့ပြင် ဘယ်လိုနည်းဗျူ ဟာများကို အသုံးချနေကြသလဲဆိုသည်မှာ အထူးပင် အထင်အ ရှား ပေါ်လွင်လာသောကြောင့် ဖြစ်ပါသည်။"

ဤစာသားသည် တော်လှန်ရေးတခုတွင် "လူထုနိုးကြားမှု" မည် မျှမြန်ဆန်လာပုံကို လီနင်က ၎င်း၏ တော်လှန်ရေးသင်ခန်းစာများ (Lessons of the Revolution)မှ ပါတီတည် ဆောက်ရေးဟာ သော့ချက် ဖြစ်ကြောင်းနှင့်တော်လှန်ရေးအောင် မြင်ရန် အခြေအနေ နှစ်ရပ် လို အပ်ကြောင်း ရှင်းလင်းဖွင့်ဆိုချက်ဖြစ်သည်။

ထို့ပြင် ဗလာဒီမီယာ လီနင် (Vladimir Lenin) သည် တော် လှန်ရေးအောင်ပွဲအတွက် လိုအပ် သော ပကတိဘာဝအခြေအနေများ (Objective Conditions) နှင့် အတ္တဘာဝအခြေအနေများ (Subjective Conditions) ကို ၁၉၁၅ ခုနှစ်တွင် ရေးသားခဲ့သည့် “The Collapse of the Second International” (ဒုတိယအင်တာနေရှင်နယ် ပြိုကွဲခြင်း) ဆောင်းပါး (အထူးသ ဖြင့် အခန်း ၂) တွင် အသေး စိတ် ရှင်းပြခဲ့သည်။ 

ထို့ပြင် ၁၉၂၀ ပြည့်နှစ်တွင် ထွက်ရှိခဲ့သည့် ၎င်း၏ နာမည် ကျော် လက်ဝဲဂိုဏ်းကွန်မြူ နစ်သူငယ်နာ( “Left-Wing Communism: An Infantile Disorder” ) စာအုပ်တွင်လည်း ဤအခြေအနေများကို တော်လှန်ရေး၏ အခြေခံစည်းမျဉ်းများအဖြစ် ထပ်မံအတည်ပြု ရှင်း လင်းခဲ့သည်။ 

လီနင် ရှင်းပြခဲ့သည့် အခြေ အနေ နှစ်ရပ်၏ အနှစ်ချုပ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။*ပကတိဘာဝ အခြေအနေများ*
 (Objective Conditions)

ဤအခြေအနေသည် လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းတခုခု၏ အလိုဆန္ဒကြောင့် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ခေတ်စနစ်နှင့် စီးပွားရေးအကျပ်အတည်းများကြောင့် လူ့အဖွဲ့အစည်းအတွင်း အလိုအလျောက် ပေါ်ပေါက်လာသည့် "တော်လှန်ရေးအခြေ အ နေ" (Revolutionary Situation) ကို ဆိုလိုသည်။ ၎င်းတွင် အချက် ၃ ချက် ပါဝင်သည်။ 

က။ “အုပ်စိုးသူလူတန်းစားများ မအုပ်ချုပ်နိုင်တော့ခြင်း”

အုပ်စိုးသူများကြားတွင် နိုင်ငံ ရေး အကျပ်အတည်းဖြစ်ပြီး အဟောင်းအတိုင်း ဆက်လက် မအုပ်စိုးနိုင်တော့သည့် အခြေ အနေ။

ခ။ "အဖိနှိပ်ခံလူထု၏ ဆင်းရဲဒုက္ခ ပိုမိုဆိုးရွားလာခြင်း”

သာမန်အချိန်များထက် လူထု ၏ လူမှုစီးပွားဘဝ ကမောက် ကမ ဖြစ်ပြီး ပိုမိုကျပ်တည်းလာခြင်း။

ဂ။ “လူထု၏ နိုင်ငံရေးနိုးကြားမှု မြင့်မားလာခြင်း”

အထက်ပါ အချက်သုံးချက် ကြောင့် ငြိမ်သက်နေသော လူထုသည် သမိုင်းဝင် လှုပ်ရှားမှုများ ပြုလုပ်ရန် စတင်လှုံ့ဆော်လာခြင်း။ 

၂။ အတ္တဘာဝအခြေအနေများ
(Subjective Conditions)

ပကတိဘာဝတော်လှန်ရေးအ ခြေအနေများရှိရုံမျှဖြင့် တော်လှန်ရေးသည် အလိုအလျောက်မအောင်မြင်နိုင်ပါ။ တော်လှန်ရေးအောင်မြင်ရန် လူ သားတို့၏ ပြင်ဆင်မှုနှင့် ကြိုး  ပမ်းအားထုတ်မှုဖြစ်သည့် "အတ္တဘာဝအကြောင်းအချက် (Subjective Factor) လိုအပ် သည်။ ၎င်းတွင်အောက်ပါ အ ချက်များ ပါဝင်သည်။ 

က။ “တော်လှန်ရေးတပ်ဦး ပါတီရှိခြင်း”- 

စနစ်တကျ ဖွဲ့စည်းထားပြီး မာ့က်စ်ဝါဒသီအိုရီကို ကျွမ်းကျင်သောရှေ့ဆောင် ကွန်မြူနစ်ပါတီ (Vanguard Party) ရှိရမည်။

ခ။ “လူထုကို ဦးဆောင်နိုင်စွမ်း”

အုပ်ချုပ်ရေးယန္တရားကို ဖြို ဖျက်နိုင်လောက်သည့် အင်အားပါဝင်သော လူထုတိုက်ပွဲများ ဖြစ်လာအောင် အဆိုပါ-ပါတီက မဟာဗျူဟာ၊ နည်းဗျူဟာများဖြင့် စနစ်တကျ စည်းရုံးဦး ဆောင်နိုင်ရမည်။ 

လီနင်က တော်လှန်ရေးတခု အောင်မြင်ရန်အတွက် ဤ ပကတိဘာဝနှင့်အတ္တဘာဝ (Objective နှင့် Subjective) အခြေအနေနှစ်ရပ်စလုံး သမိုင်းပေးအချိန်အခါတခုတွင် ပေါင်း ဆုံမိရန် အလွန်အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်သည်။ 

"ပကတိဘာဝ(Objective)နှင့် အတ္တဘာဝ(Subjective)အခြေအ နေများ မည်သို့ လက်တွေ့ ဆက်စပ် အလုပ် လုပ်သလဲ”

လီနင်က တော်လှန်ရေးအခြေနေတခုပေါ်ပေါက်လာခြင်းနှင့်ပကတိဘာဝအခြေအနေများ (Objective Conditions) သည် တော်လှန်ရေးအောင်ပွဲရရန် လုံလောက်သောအကြောင်းရင်းမဟုတ်သေးကြောင်း အမြဲသတိပေးခဲ့သည်။

၎င်း၏ အယူအဆအရ ဖြစ်နိုင် ခြေရှိသော တော်လှန်ရေးကို တ ကယ် အကောင်အထည်ဖော်နိုင် သည်မှာ အတ္တဘာဝအကြောင်း အချက် (Subjective Factor ) တည်ဆောက်ရေးသည် အခရာကျကြောင်း အလေးအနက်ထားပြောဆိုခဲ့သည်။

“အဓိကအချက်များ”

-ပကတိဘာဝ (Objective) သည် အခွင့်အလမ်းဖြစ်သည်။ စီးပွားရေးပျက်ပြားမှု၊ စစ်ပွဲရှုံးနိမ့်မှု သို့မဟုတ် အုပ်စိုးသူများ အာ ဏာလုမှုတို့ကြောင့် လူထုဒုက္ခရောက်ကာ စနစ်ကြီးတခုလုံး ရိုက်ခတ်မှု ဖြစ်လာခြင်း ဖြစ်သည်။ ယင်းသည် ဖန်တီးယူ၍မရဘဲ သမိုင်းဖြစ်စဉ်အရပေါ် ပေါက်လာတတ်သည်။

-အတ္တဘာဝ(Subjective)သည် တွန်းအားဖြစ်သည်။ အထက်ပါအကျပ်အတည်း ဖြစ်နေချိန်တွင် အဖိနှိပ်ခံလူထုအား မှန်ကန်သောလမ်းညွှန်ချက်ပေးနိုင်မည့် တော်လှန်ရေးပါတီ (Vanguard Party) မရှိပါက၊ သို့မဟုတ် လူထုတွင် တိုက်ပွဲဝင်လိုစိတ်မရှိပါက ထိုအခြေအနေသည် အလဟဿကုန်ဆုံးသွားမည် ဖြစ်သည်။

အုပ်စိုးသူတို့ အလိုလိုမပြိုလဲပါ။ လီနင်က "အုပ်စိုးသူ လူတန်း စားသည် (တွန်းချခြင်း မခံရလျှင်) အကျပ်အတည်း မည်မျှပင်ဆိုးရွားစေကာမူ အလိုအလျောက် ပြိုလဲကျသွားမည်မဟုတ်" ဟု အလေး အနက် ပြောကြားခဲ့သည်။

“အချိန်အခါကောင်း ရင့်မှည့် ခြင်း”(ခေါ်) ပကတိဘာဝအခြေအနေများ (Objective Conditions) ဟူသည့်သဘောတရားသည် မာ့က်စ်-လီနင်ဝါဒ (Marxism-Leninism) တွင် အလွန်အရေးကြီးသော လူ့ အဖွဲ့အစည်းဆိုင်ရာ သဘောတရာတခု ဖြစ်သည်။

လီနင်က တော်လှန်ရေးတခုအောင်မြင်ရန်အတွက် လူတဦးတယောက် သို့မဟုတ် ပါတီတခုတည်း၏ "လိုလားချက်/စိတ်ဆန္ဒ" (Subjective factors) မျှဖြင့်မရနိုင်ဘဲ၊ လူ့အဖွဲ့အစည်းအတွင်း ပြောင်းလဲ၍ မရသော ပြင်ပပတ်ဝန်းကျင်အခြေအနေမှန်များ ပေါ်ပေါက်လာရန်လိုအပ်ကြောင်း ထောက်ပြခဲ့သည်။
၎င်း၏ အဓိက အနှစ်သာရများကို အောက်ပါအတိုင်း ခွဲခြားလေ့လာနိုင်သည်။

၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်

-လူတို့၏ စိတ်အလိုနှင့် မဆိုင် ခြင်း - ပကတိဘာဝအခြေအနေများ (Objective Conditions) ဆိုသည်မှာ လူသားတို့၏ စိတ်ဆန္ဒ၊ အတွေးအခေါ် သို့မဟုတ် ကြွေးကြော်သံများအပေါ်တွင် အခြေမခံဘဲ လူ့အဖွဲ့ အစည်းအတွင်း (အထူးသဖြင့် စီးပွါးရေးနှင့် လူတန်းစား ဖွဲ့စည်းပုံ၌) အမှန်တကယ် ဖြစ်ပျက်နေသော ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အခြေအနေများကို ဆိုလိုသည်။

-အခြေအနေ ရင့်မှည့်ခြင်း - လူထုအတွင်း ငတ်မွတ်ခေါင်းပါးမှု၊ စီးပွားရေး ပျက်ပြားမှု၊ နှင့် အုပ်ချုပ်သူ လူတန်းစား၏ ဖိ နှိပ်မှုများက လွန်ကဲလာပြီး လူ ထုက ယခင်အတိုင်း ဆက်လက် အသက်မမွေးနိုင်တော့ဘဲ အုပ်ချုပ်သူများကလည်း ယခင်အတိုင်း ဆက်လက်မအုပ်ချုပ်နိုင်တော့သည့်အခြေအနေကို "တော်လှန်ရေး အခြေအနေ ရင့်မှည့်ခြင်း" ဟု ခေါ်သည်။

"လီနင် သတ်မှတ်သော တော် လှန်ရေး အခြေအနေ (၃) ချက်”

ဤအကြောင်းအရာနှင့်ပတ် သက်၍ ထပ်မံရှင်းလင်းရလျှင်-

လီနင်က တော်လှန်ရေးတခုအ တွက် ပကတိဘာဝအခြေအနေများ(Objective Conditions) ပြည့်စုံရန် အောက်ပါအချက် ၃ ချက် လိုအပ်သည်ဟု သတ်မှတ် ခဲ့သည်။

၁။ အုပ်ချုပ်သူလူတန်းစားများမအုပ်ချုပ်နိုင်တော့ခြင်း -အထက်တန်းလွှာနှင့် အစိုးရအတွင်း နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းများဆိုက်ရောက်ပြီး ၎င်းတို့၏ အာဏာကို ယခင်ပုံစံအတိုင်း ထိန်းသိမ်းထားရန် မဖြစ်နိုင်တော့ခြင်း။

၂။*ဖိနှိပ်ခံ လူတန်းစားများ၏ ဆင်းရဲဒုက္ခ ပိုမိုဆိုးရွားလာခြင်း* - အောက်ခြေလူထု၏ လူနေမှုဘဝနှင့် ဆင်းရဲကျပ်တည်းမှု သည် ပုံမှန်ထက် များစွာ ပိုမိုဆိုးရွား ပြင်းထန်လာခြင်း။

၃။ လူထု၏ လှုပ်ရှားရုန်းကန်မှု မြင့်မားလာခြင်း
- အခြေအနေများကြောင့် ငြိမ် သက်နေသော လူထုကြီးတရပ်လုံးသည် သမိုင်းဝင်လှုပ်ရှားမှုကြီးများ (ဥပမာ-ဆန္ဒပြပွဲ၊ သပိတ်မှောက်မှု) တွင် ကိုယ်တိုင် ကိုယ်ကျ အရှိန်အဟုန်ဖြင့် ပါဝင်လာခြင်း။

"လက်တွေ့ သမိုင်းဝင် ဥပမာ”
 (၁၉၁၇ ရုရှားတော်လှန်ရေး)

လီနင်သည် ဤသီအိုရီကို ရုရှားနိုင်ငံ၏ အောက်တိုဘာ တော်လှန်ရေးတွင် လက်တွေ့အသုံးချခဲ့သည်။

လီနင် ဤဆောင်းပါးကိုရေးသားချိန် (၁၉၁၇ ခုနှစ်) က ရုရှားနိုင်ငံတွင် ပကတိဘာဝအခြေအနေများ(Objective Conditions) များ အပြည့်အဝ ရင့်မှည့် (မှည့်ဝင်း)နေခဲ့ပြီသည်။

ရုရှား၏ ပကတိဘာဝအ ခြေအနေများ
(Objective Conditions)

-ပထမကမ္ဘာစစ်ကြောင့် ရုရှားစစ်တပ် အရေးနိမ့်ခြင်း၊ ပြည်သူများ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ဇာဘုရင်စနစ် ပျက်ပြားကာ ယာယီအစိုးရအပေါ် လူထု ယုံ ကြည်မှု ကင်းမဲ့နေသည်။

-မြို့ကြီးများတွင် ပေါင်မုန့်နှင့် ရိက္ခာ ပြတ်လပ်မှုကြောင့် လူထု ငတ်မွတ် ခေါင်းပါးနေသည်။

-ဇာဘုရင်စနစ် ပြုတ်ကျပြီးနောက် တက်လာသော ယာယီအစိုးရသည်လည်း ပြဿနာများကို မဖြေရှင်းနိုင်ဘဲအကျပ်အတည်း ဆိုက်နေခဲ့သည်။

ထို့ကြောင့် လီနင်က "အချိန်အခါကောင်း ရင့်မှည်(မှည့်ဝင်း)နေပြီ" ဖြစ်၍ ဘိုလ်ရှီဗစ်ပါတီ အ နေဖြင့် လူထုကို ဦးဆောင်ကာ တော်လှန်ရေးကို အပြတ်အသတ်ဆင်နွှဲရမည်ဟု တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

ရုရှား၏ အတ္တဘာဝအခြေ အနေများ
(Subjective Conditions)

လီနင် ဦးဆောင်သော ဘိုလ်ရှီဗစ် (Bolshevik) ပါတီသည် စနစ်တကျဖွဲ့စည်းထားပြီးဖြစ်သည့်အပြင်၊ ပါတီ၏အကြွင်းမဲ့ဦးဆောင်မှုအောက်တွင်လည်း လီယွန်ထရော့စကီဦးဆောင်သည့် တပ်နီတော်၏ ရှေ့ပြေး (Red Guards)ကိုလည်း ဖွဲ့စည်းထားရှိပြီး ဖြစ်သည်။ ၎င်းတို့သည် လူထုနိုးကြားလာစေရန် စည်းရုံးနိုင်ခဲ့ပြီး "အာဏာအားလုံး ဆိုဗီ ယက်များထံသို့" ဟူသော ကြွေးကြော်သံဖြင့် လူထုကိုမှန်ကန် သောအချိန်တွင် လမ်းညွှန်ထိုးစစ်ဆင်စေခဲ့သောကြောင့် တော်လှန်ရေးအောင်မြင်ခဲ့ခြင်းဖြစ် သည်။

နိဂုံးချုပ်ဆိုရလျှင်- 
မာ့က်စ်-လီနင်ဝါဒအရတော်လှန်ရေးတရပ်အောင်ပွဲခံရန်အတွက် ပကတိဘာဝအခြေအနေ (Objective Conditions) နှင့်တွဲဖက်၍ အတ္တဘာဝအခြေ အနေ"Subjective Conditions" သို့မဟုတ် လူထုနှင့် ပါတီ၏ နိုးကြားမှုစွမ်းအား* မှာ မရှိမဖြစ်လိုအပ်လှပေသည်။

အကျဉ်းချုပ်ထပ်မံဖော်ပြရလျှင်-

လီနင်၏ အဆိုအရ တိုင်းပြည်တွင် စီးပွားရေး ပျက်ကပ်နှင့် ဒုက္ခဆင်းရဲများ မည်မျှပင် ပကတိဘာဝအခြေအနေများမှည့်ဝင်းနေပါစေ၊ ရှိနေပါစေ၊အောက်ပါ အတ္တဘာဝအခြေအ နေများ (Subjective Conditions)များ မပြည့်စုံပါက တော်လှန်ရေးသည် ဘယ်သော အခါမှ အောင်မြင်မည် မဟုတ် ဘဲ အလိုအလျောက် ပြိုလဲသွားရုံသာ ရှိလိမ့်မည် ဖြစ်ကြောင်း ၊

ထိုသို့သော ပကတိဘာဝ အခြေ အနေများ ရင့်မှည့်ချိန်၌အောက် ပါအတ္တဘာဝအခြေ အနေ (Subjective Conditions) (၃) ရပ်ကိုလည်း မဖြစ်မနေ တည် ဆောက်ရန်လိုအပ်ကြောင်းလက် တွေ့အတွေ့အကြုံများအရ
အလေးအနက်ပြောဆိုခဲ့သည်။

၎င်းတို့မှာ

၁။ “တော်လှန်ရေး အသိနိုးကြားမှု” 
(Revolutionary Consciousness)

လူထုသည် မိမိတို့ ဆင်းရဲဒုက္ခ ရောက်နေသည်ကို သိရုံမျှဖြင့် မလုံလောက်ဘဲ၊ ဤဆင်းရဲဒုက္ခများ၏ အရင်းအမြစ်သည် "စနစ်" ကြောင့်ဖြစ်ကြောင်းနှင့် ထိုစနစ်ကို ဖျက်သိမ်းရမည်ဟူသော နိုင်ငံရေး အသိအမြင်ရှိလာခြင်းဖြစ်သည်။

၂။ “စနစ်တကျ ဖွဲ့စည်းထားသော ဗဟိုဦးစီးပါတီ”
(The Vanguard Party)

လူထု၏ စွမ်းအားကို လမ်းမှန်သို့ ဦးဆောင်ပေးမည့်၊ ပြတ်သားသော မဟာဗျူဟာရှိသည့် ကွန် မြူနစ်ပါတီ (ရုရှားတွင် ဘိုလ်ရှီဗစ်ပါတီ) ရှိရမည်။ ပါတီမရှိပါက လူထု၏လှုပ်ရှားမှုသည် အရှိန်အဟုန်ပျက်ပြီး အုပ်ချုပ်သူများ၏ နှိမ်နင်းခြင်းကို ခံရမည်ဖြစ်သည်။

၃။ "လူထုပါဝင် ဆောင်ရွက်မှု”
 (Mass Action)
အုပ်ချုပ်သူအစိုးရကိုဖြုတ်ချရန်အတွက် လူထုကြီးတရပ်လုံးနှင့်အင်အားစုအသီးသီးက စနစ်ဟောင်းကို အလုံးစုံဖျက် ဆီးပစ်ရန် ညီညွတ်စွာဖြင့် လက်တွေ့တိုက်ပွဲဝင်ရန်အသင့်ဖြစ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးတရပ်အောင်မြင်ရန်အတွက်-

“လီနင်၏အယူအဆကို ယနေ့ခေတ် ဗမာပြည်တော်လှန်ရေးအတွေ့အကြုံများနှင့် ပေါင်းစပ်သုံးသပ်ရလျှင်…”

ဤကဲ့သို့သော ပကတိဘာဝအခြေအနေများရင့်မှည့်နေချိန်၌ အတ္တဘာဝအခြေအနေများဖြစ်သည့် (ပါတီ၊တပ်၊ တပ်ပေါင်းစု) ဆိုသည့် ပြဒါး ရှင်လုံး (၃) လုံးကို မဖြစ်မနေတည်ဆောက်ရေးမှာ သမိုင်းကတောင်းဆိုနေသည့် အရေး
ကြီးတာဝန်တရပ် ဖြစ်ပေတော့ သည်။

မောင်တင့်တယ်။
(ပြီး) 

 -

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar