Breaking News

နန္ဒအောင် - ကျွန်တော် ဆွဲခြစ်မိတဲ့ ကာတွန်းဦးဖေသိန်း

Image- Credit
 ကျွန်တော် ဆွဲခြစ်မိတဲ့ ကာတွန်းဦးဖေသိန်း
နန္ဒအောင်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၆


လူတိုင်း ငယ်ဘဝမှာ ကာတွန်းနဲ့ မကင်းကြပါဘူး။ စာအုပ်ခေတ်တုန်းက ကာတွန်းကို စာအုပ်ကိုင်ဖတ်ကြတယ်။ ဖုန်းခေတ်ရောက်တော့လည်း ဖုန်းထဲကနေ ကာတွန်းပုံတွေ ဖတ်ကြ၊ ကာတွန်းကားတွေ ကြည့်ကြရင်းနဲ့ ကလေးဘဝကို ဖြတ်သန်းကြမှာပါ။ ကျွန်တော်ကတော့ စာအုပ်ကိုင်ဖတ်ရတဲ့ ခေတ်မှာ ကြီးပြင်းလာတာဆိုတော့ ဂျာနယ်၊ စာအုပ်တွေ ကိုင်ဖတ်ရင်း ကြီးပြင်းလာတာပါ။ ကျွန်တော့် ငယ်ဘဝမှာ ရွှေသွေး ဂျာနယ်၊ မောင်ဆွေမင်း ( ဓနုဖြူ ) ရဲ့  ' မြိုင်ရာဇာ တွတ်ပီ ' တို့ ဖတ်ရင်းနဲ့ ကြီးပြင်းခဲ့တယ်။ တွတ်ပီကတော့ ကလေးတွေအတွက် အသည်းစွဲပေါ့ဗျာ။ စာအုပ်အငှားဆိုင်တွေကလည်း တခြားစာအုပ်တွေသာ စုံချင်မှစုံမယ်၊ တွတ်ပီ စာအုပ်တွေတော့ စုံအောင် ဖြည့်ထားလေ့ရှိတယ်။

ကျွန်တော်တို့ဟာ ကလေးဘဝမှာ စိတ်အာဟာရကို ကာတွန်းကနေ စသင်ယူရင်းနဲ့ ဖြည့်ဆည်းခဲ့တယ်။ ကာတွန်း ဦးဘဂျမ်း၊ ကာတွန်းဦးဖေသိန်း၊ မောင်ဆွေမင်း ( ဓနုဖြူ ) တို့ လက်ရာတွေက ခေတ်အဆက်ဆက်က ကလေးတွေကို စိတ်အာဟာရ ဖြည့်တင်းပေးနိုင်ခဲ့တယ်။ ဆရာတို့ရဲ့ ကာတွန်းတွေက ကလေးသူငယ်တွေအတွက် အဆိပ်အတောက်ဖြစ်တာ မရှိခဲ့ဘူး။ ကာတွန်း ဦးဘဂျမ်းရဲ့ လူနေမှုဘဝ၊ ကာတွန်းအပေါ် ထားတဲ့  အမြင်၊ ခံယူချက်တွေက စိတ်ဝင်စားစရာ ကောင်းတယ်။ အဲဒီလိုပဲ ကာတွန်းဦးဖေသိန်းရဲ့ လူနေမှုဘဝ၊ ကာတွန်းအပေါ်   ထားတဲ့အမြင်၊ ခံယူချက်ဆွေ စိတ်ဝင်တစား ဖတ်မိတယ်။ ကျွန်တော် သိသလောက်၊ လက်လှမ်းမီသလောက် ကာတွန်းဦးဖေသိန်းအကြောင်း ရေးပါ့မယ်။

ကာတွန်းဦးဖေသိန်းက နိုင်ငံရေး မျိုးရိုး၊ စာပေမျိုးရိုးကနေ ဆင်းသက်လာတာပါ။ ကာတွန်းဖေသိန်းက နိုင်ငံရေးမျိုးရိုး၊ စာပေမျိုးရိုးကနေ ဆင်းသက်လာတယ်ဆိုတဲ့ ကျွန်တော့် မှတ်ချက်ကို ရှင်းပါ့မယ်။ ကာတွန်းဖေသိန်း အဖေရဲ့ အစ်ကိုအရင်းက ' ဦးထွန်းရှိန် ' ပါ။ မြန်မာ့ နိုင်ငံရေးသမိုင်းထဲက ဝိုင်အမ်ဘီအေ အဖွဲ့ကြီးရဲ့ ဖေ၊ ပု၊ ရှိန် လို့ လူသိများတဲ့ ဦးဘဖေ ၊ ဦးပု၊ ဦးထွန်းရှိန် သုံးယောက်ထဲက ဦးထွန်းရှိန်ပါ။ ကာတွန်းဖေသိန်းရဲ့ အဖေက " ရွှေပြည်တော် ဦးဘတင် " ပါ။ ရွှေပြည်တော် ဦးဘတင်နဲ့ ဦးဝင်းဖေရဲ့ အဖေ ' ရွှေပြည်ဦးဘတင်' နဲ့က မတူပါ။ ကျွန်တော်လည်း စသိရတုန်းက အမှတ်တမဲ့ ဦးဝင်းဖေရဲ့ အဖေ ရွှေပြည်ဦးဘတင်လားလို့ တွေးထင်ခဲ့ဖူးတယ်။

ရွှေပြည်တော် ဦးဘတင်ကို အရင်တုန်းက ဘတင်လေးလို့ ခေါ်တယ်။ ဦးထွန်းရှိန်ရဲ့ ညီငယ်လေးမလို့။ " သူကြီးဂေဇက် " သတင်းစာကို ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ခါနီးလာတော့ ' ရွှေပြည်တော် ' သတင်းစာလို့ နာမည်ပြောင်း ထုတ်ဝေတယ်။ ကာတွန်းဖေသိန်းရဲ့ အဖေ ဦးဘတင်က အုပ်ချုပ်ထုတ်ဝေရာကနေ ' ရွှေပြည်တော် ဦးဘတင် ' ရယ်လို့ ဖြစ်လာတယ်။ အယ်ဒီတာချုပ်ကတော့ သူကြီးဂေဇက် ဦးခင်မောင်ပါပဲ။ ကာတွန်း ဦးဘဂျမ်း၊ ကာတွန်း ဦးဟိန်စွန်းတို့လည်း ရွှေပြည်တော်မှာ ကာတွန်းတွေ ဝင်ရေးတယ်။ ရွှေပြည်တော် သတင်းစာကို အကြောင်းပြုပြီး ရွှေပြည်တော် ဦးဘတင်နဲ့ ကာတွန်း ဦးဘဂျမ်းလည်း ရင်းနှီးလာတယ်။ အဲဒီ ရင်းနှီးမှုတွေကနေ နောင်တချိန်မှာကာတွန်းဖေသိန်း တယောက် ဦးဘဂျမ်းဆီမှာ ကာတွန်းပညာဆည်းပူးဖို့ ဖြစ်လာတယ်။

ကာတွန်းဖေသိန်းရဲ့အဖေ ရွှေပြည်တော် ဦးဘတင်ရဲ့ လူသိနည်းတဲ့အချက်တချက်ကတော့ အမျိုးသားပညာဝန်တယောက်ဆိုတာပါပဲ။ ၁၉၂၀ ကျောင်းသားသပိတ် ဖြစ်ပြီးတော့ အမျိုးသားကျောင်းတွေ ပေါ်ပေါက်ခဲ့တယ်။ အမျိုးသား ပညာဝန် သုံးယောက်ခန့်တယ်။ အဲဒီ သုံးယောက်က ဒီးဒုတ်ဦးဘချို၊ ဦးဖိုးကျားနဲ့ ကာတွန်းဖေသိန်းအဖေ ဦးဘတင်တို့ပါ။ ဦးဘတင်ပန်းတနော်မှာ ကျောင်းဆရာလုပ်တုန်းက ဦးသန့်က ကျောင်းသားပဲရှိပါသေးတယ်။ ဦးဘတင်က ပြန်ကြားရေးဝန်ထောက်တာဝန်လည်း  ထမ်းဆောင်သေးတယ်။

" ကဗျာကို စာမူခ စပေးတာကလည်း ရွှေပြည်တော် သတင်းစာတိုက်က စပေးတာ " လို့ ဆရာ ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) က ဆိုပါတယ်။

" တစ်နေ့ ငါကိုယ်တိုင် အတွင်းဝန်များရုံးထဲသွားပြီး ပြန်ကြားရေးဌာနနဲ့ ရွှေပြည်တော် သတင်းစာ အယ်ဒီတာများ အခန်းဝင်သွားတော့ မင်းအဖေနဲ့ တွေ့တာပေါ့။ ငါက ငါ့ကဗျာပေးတော့ မင်းအဖေက ငါ့ကို ရွှေပြည်တော်သတင်းစာထဲမှာပါခဲ့တဲ့ငါ့ကဗျာတွေအတွက် စာမူခကိုထုတ်ပေးတယ်။ အံ့ရော ကွာ .. အဲဒီတုန်းက ကဗျာကို ဘယ်တိုက်ကမှ စာမူခမပေးဘူး၊ ရွှေပြည်တော် သတင်းစာက အစိုးရကထုတ်တော့လည်း ပေးနိုင်တာပေါ့၊ အဲဒီကတည်းက မင်းအဖေနဲ့ ခင်သွားတာပဲ အကြောင်းသင့်ရင်တော့ မင်းအဖေကြောင်း ရေးရဦးမယ် " လို့ ဆရာဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) က ပြောပြတာကို ကာတွန်းဖေသိန်းက ရေးဖူးတယ်။ ( ရွှေပြည်တော်သတင်းစာမှာ ဦးဆန်းထွန်းက ရှင်ဉာဏိဿရ ( ကာဝိယဝါစီ ) ကလောင်နာမည်နဲ့ကဗျာတွေရေးပါတယ်။ ပြန်ကြားရေးဝန် ဦးအောင်သန်းနဲ့ ပြန်ကြား ရေးဝန်ထောက် ဦးဘတင်တို့က ကဗျာစာမူခတွေ ယူမှဖြစ်မယ်။ မယူလို့မဖြစ်အကြပ်ကိုင်တာတောင် သူငြင်းဆိုခဲ့သေးကြောင်း သူ့ဘဝအကြောင်းထဲမှာ
ရေးဖူးပါတယ် )

ဆရာဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) တယောက် လည်း ရွှေပြည်တော် ဦးဘတင်အကြောင်း မရေးဖြစ်ခဲ့ပါ။  ဆရာကြီး ဒဂုန်နတ်ရှင်ကလည်း ကာတွန်းဖေသိန်းကို ' မင်းအဖေအကြောင်း မင်းရေးသင့်တယ် ' လို့ တိုက်တွန်းဖူးတယ်။ ပြည့်ပြည့်စုံစုံ မသိလို့ဆိုတော့ ဒဂုန်နတ်ရှင်က " အိမ်လာခဲ့ ပြောပြမယ် " လို့ စာဆိုတော်နေ့ သက်ကြီး စာပေပညာရှင်တွေကို ပူဇော်ကန်တော့ပွဲမှာ ပြောပါတယ်။ ဒဂုန်နတ်ရှင်လည်း အဲဒီပွဲပြီးသိပ်မကြာခင်ကွယ်လွန်သွားလို့ ကာတွန်းဖေသိန်းလည်း သူ့အဖေအကြောင်းတွေ မမေးဖြစ်ခဲ့ပါ။

ရွှေပြည်တော်သတင်းစာက ရွှေပြည်တော် ဆိုတဲ့ ခေါင်းစီးစာလုံးကို ကာတွန်းဖေသိန်းရဲ့အစ်ကိုရင်း ဦးသိန်းထွန်းက  ရေးဆွဲတာပါ။ ကာတွန်းဖေသိန်းရဲ့အစ်ကိုကြီးမောင်သိန်းထွန်းက ပန်းချီအနုပညာကျောင်းတက်ရင်း ဒုတိယနှစ်မှာ ရထားပေါ်ကနေလိမ့်ကျသေဆုံးသွားတာပါ။ ရွှေပြည်တော် ဦးဘတင်က သူ့သားနှစ်ယောက်နဲ့ ပတ်သက်ပြီး  ' လူတွေဟာ ကံစီမံတဲ့ အတိုင်း ဖြစ်လာကြတာပဲ။ သားကြီးကို ပန်းချီဆရာ တစ်ယောက်ဖြစ်အောင် ပန်းချီကျောင်းထားပေမယ့်၊ မဖြစ်ရှာဘူး။ ကျွန်တော် ပုံဆွဲစက္ကူတောင် ဝယ်မပေးဖူးတဲ့ သားက အခု ကာတွန်းဆရာဖြစ်နေပြီ ' လို့  ပြောလေ့ရှိတယ်။ ကာတွန်းဖေသိန်းရဲ့ ဦးလေးက မျိုးချစ်ပုဂ္ဂိုလ်ကြီး ဦးထွန်းရှိန်၊ အဖေက ရွှေပြည်တော် ဦးဘတင်၊ အစ်ကိုတော်သူ ဦးသိန်းထွန်းကလည်း ပန်းချီအမ်တင်အေးတို့နဲ့ တခေတ်ထဲ ပန်းချီအနုပညာကျောင်းတက်သူတွေပါ။ ဒါကြောင့်မလို့ ကာတွန်းဦးဖေသိန်းက နိုင်ငံရေးမျိုးရိုး၊ အနုပညာမျိုးရိုးကနေ ဆင်းသက်လာတာလို့ ပြောတာပါ။   ဦးလေးနဲ့ အဖေရဲ့သွေး‌အပြည့်ပါလာတဲ့ ကာတွန်းဦးဖေသိန်းကလည်း  " နိုင်ငံရေးကာတွန်းကို ပိုစိတ်ဝင်စားတယ် "လို့ ပြောလေ့ရှိတယ်။

ကာတွန်းဦးဖေသိန်းရဲ့အဖေ ရွှေပြည်တော် ဦးဘတင်က သူ့သားရဲ့ ကာတွန်းဝါသနာကိုတတ်နိုင်သလောက် ပါရမီဖြည့်ပေးတယ်။ ရွှေပြည်တော် ဦးဘတင်က ဒီးဒုတ်ဦးဘချိုနဲ့ ရင်းနှီးတော့ ဦးဘချိုကို  ' ဟောဒါ ကျွန်တော့်သား ဖေသိန်းပဲ။ သူကတော့ ကာတွန်း ဝါသနာပါတယ်။ ဆရာ့ ဒီးဒုတ်ဂျာနယ်မှာ ခိုင်းစရာရှိရင် ခိုင်းပါ ' လို့ ပြောတယ်။ စစ်ပြီးခေတ်မှာ ဦးဘဂျမ်းဆီကနေ ကာတွန်းပညာ ဆည်းပူးဖို့ကိုလည်း ရွှေပြည်တော် ဦးဘတင်က အပ်ခဲ့တာပါ။  ရွှေပြည်တော် ဦးဘတင် ဆုံးတော့ ကာတွန်း‌ဦးဖေသိန်းက နာရေးကြော်ငြာကို သတင်းစာတွေမှာ ထည့်ဖို့ သွားတယ်။ မြန်မာ့အလင်း၊ ဟံသာဝတီ၊ အိုးဝေနဲ့ အင်္ဂလိပ် သတင်းစာ‌တွေမှာ အဆင်ပြေပေမယ့် ဟယ်ရီတန် အရေးအခင်းဖြစ်သွားတာမလို့ ဗမာ့ခေတ် သတင်းစာတိုက်ကို ဝင်မရခဲ့တာကလည်း ထူးထူးခြားခြားပါ။

၁၉၄၆ ခုနှစ် စစ်ပြီးခေတ်မှာ ကာတွန်းဦးဖေသိန်း တက္ကသိုလ် ရောက်တယ်။ အိုးဝေ ဦးညိုမြက
  ' သတင်းစာ အတွေ့အကြုံ ဟောပြောပွဲ ' လာဟောပြောတယ်။ ' သတင်းစာ ပညာနဲ့ ပတ်သက်လို့ မေးစရာရှိရင် ပရိသတ်ထဲမှ မေးနိုင်ပါတယ်။ ‌ဖြေကြားပါ့မယ် ' ပြောလို့ ဝိုင်းမေးကြတယ်။ ကာတွန်းမောင်ဖေသိန်းက နောက်ဆုံးရောက်နေလို့ မမေးလိုက်ရဘဲ ဟောပြောပွဲက ပြီးသွားတယ်။ အဲဒီလို မမေးလိုက်ရတာကိုက ကာတွန်းမောင်ဖေသိန်းအတွက် အိုးဝေ သတင်းစာမှာ ကာတွန်းဆရာ ဖြစ်လာဖို့ အကြောင်းဖန်လာတာပါ။ ဘာလို့ဆို၊ ကျောင်းအပေါက်ဝမှာ တစုံတယောက်ကို ရပ်စောင့်နေတဲ့ အိုးဝေ ဦးညိုမြကို တွေ့တယ်။ ကာတွန်းမောင်ဖေသိန်းလည်း ' ခုနက မေးခွန်းတခု မမေးလိုက်ရဘူး ' ပြောတော့ ဦးညိုမြက ' မေးနိုင်ပါတယ် ' လို့ ပြန်ပြောတယ်။ ကာတွန်းမောင်ဖေသိန်းက   " သတင်းစာမှာ ကာတွန်းရဲ့ လွတ်လပ်မှုကို သိချင်လို့ပါ " မေးရာကနေ ဦးညိုမြက အိုးဝေမှာ ကာတွန်းရေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ဟောပြောပွဲ အခန်းအနားထဲတုန်းကသာ မေးဖြစ်လိုက်ရင် ဦးညိုမြလည်း ဒီလို မဖိတ်ခေါ်ဖြစ်လောက်ပါဘူး။ အပြင်မှာ နှစ်ယောက်တည်း ပြောဖြစ်တာကနေ အိုးဝေ ဦးညိုမြက ပိုပြီး သတိထားမိသွားတာလို့ တွေးမြင်မိပါတယ်။

ကာတွန်းဦးဖေသိန်းလည်း အိုးဝေသတင်းစာမှာ ကာတွန်း ရေးဖို့ ဖြစ်လာတယ်။ ကာတွန်းဦးဖေသိန်းက ၁၉၄၇ ခုနှစ် သူ့ အသက် ၂၃ နှစ်မှာ ကာတွန်းဆရာ ဖြစ်လာတယ်။ အိုးဝေသတင်းစာမှာပါတဲ့ ပွဲဦးထွက် ကာတွန်းကလည်း နိုင်ငံရေးကာတွန်းပါ။   " နိုင်ငံတော် အစိုးရက နွားမသတ်ရ အမိန့်ထုတ်ထားသော်လည်း ဗမာခေတ် နသိုးများကား နွားသတ်ရုံ အပို့ခံရလေပြီတကား " ဆိုတဲ့ သရုပ်ဖော် ကာတွန်းလေးပါ။ အဲဒီအချိန်ကာလတုန်းက အစိုးရက နွားမသတ်ရ အမိန့်ထုတ်ထားပြီး ဗမာ့ခေတ် သတင်းစာ အယ်ဒီတာတွေဖြစ်တဲ့ ဦးအုန်းခင်နဲ့ ဦးအုန်းမြင့်တို့ကို အစိုးရက ဖမ်းဆီးထားတာပါ။ ကာတွန်းဦးဖေသိန်းက အဲဒီ သတင်း နှစ်ပုဒ်ကို ကာတွန်းနဲ့ သရုပ်ဖော်ပြလိုက်တာပါ။ အဲဒီအချိန်တုန်းက ဦးအုန်းခင်နဲ့ ဦးအုန်းမြင့်တို့ကလည်း သူတို့ကိုယ်သူတို့ ဗမာ့ခေတ် နွားသိုးတွေလို့ ခေါ်ဝေါ်ရေးသားကြတာပါ။

ကာတွန်းဦးဖေသိန်းရဲ့ ကာတွန်းဆရာ ပေါက်စဘဝဟာ ပြည်တွင်းစစ်ကြားမှာ ရုန်းကန်လှုပ်ရှားခဲ့ရတာပါ။ ကာတွန်းဦးဖေသိန်း ကိုယ်တိုင်ကလည်း " နိုင်ငံရေး ကာတွန်း " ကို ပိုစိတ်ဝင်စားပါတယ်။ ကာတွန်းဦးဖေသိန်းရဲ့  နိုင်ငံရေးယုံကြည်မှုက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးလေးနက်နက် နှစ်သက်ယုံကြည်မှုပါ။ ပြည်တွင်းစစ်ထဲဆိုတော့ ဦးနုရဲ့ ဖဆပလအစိုးရအုပ်ချုပ်တဲ့ အချိန်ကာလပေါ့။ ကာတွန်းဦးဖေသိန်းက " ဖဆပလအစိုးရက ပါလီမန်ဒီမိုကရေစီအစိုးရဆိုတော့ အတော်အသင့် လွတ် လပ်စွာရေးသားခွင့်ရှိတယ် " လို့  ရေးပါတယ်။ " ၁၉၄၅ မှ ၁၉၅၈ အတွင်း သတင်းစာများ အတော်အသင့် လွတ်လပ်သည်ဆိုသော်လည်း သတင်းစာဆရာများ အဖမ်းခံရပါသည်။ ထိုစဉ်က ကာတွန်းဆရာများ  အဖမ်းခံရခြင်း၊ ကာတွန်းများကို ဆင်ဆာလုပ်ခြင်း မရှိပါ " လို့လည်း ကာတွန်းဦးဖေသိန်းက ရေးပါတယ်။  ပြည်တွင်းစစ်ကြားမှာ တိုးထွက်လာတဲ့ ကာတွန်းဆရာပေါက်စတယောက်အတွက်တော့ ခေတ်ကိုမှတ်တမ်းတင်ရတာ မလွယ်ကူပါဘူး။

ဦးဖေသိန်းလည်း ခေတ်ကို မှတ်တမ်းတင်တဲ့ ကာတွန်းဆရာ တယောက်အနေနဲ့ အစိုးရဘက်ကိုကော တောခိုသူတွေဘက်ကိုကော နှစ်ဘက်စလုံးကို ဝေဖန်ရေးဆွဲခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကြောင့် ကာ တွန်းဦးဖေသိန်းရဲ့ သူငယ်ချင်းဟောင်းတွေ ဖြစ်တဲ့ တောခိုကွန်မြူနစ်တွေရဲ့ ကြိမ်းဝါးတာကိုလည်း ခံရပါတယ်။ ကာတွန်းဦးဖေသိန်းက ' သို့သော် သူတို့က ကျွန်တော့်ကို ချစ်ခင်ကြသောကြောင့် ရန်မမူကြပါ  ' လို့ ရေးသားပါတယ်။  ဖဆပလအဖွဲ့ကြီးက နု - တင် ( ဦးနု - သခင်တင် ) နဲ့ ဆွေ - ငြိမ်း ( ဦးဗဆွေ - ဦးကျော်ငြိမ်း )နှစ်ဖွဲ့ကွဲတော့ ကာတွန်းဦးဖေသိန်းက နု - တင်ဘက်မှ ထောက်ခံသူဖြစ်ပါတယ်။ ရွေးကောက်ပွဲကြီးနီးလာတော့ ဦးဖေသိန်းက ကာတွန်းအစွမ်းနဲ့ ဦးနုဘက်ကနေ ထောက်ခံပြီး ဆွေ - ငြိမ်းအုပ်စုကို ထိုးနှက်ပါတယ်။ ဆန့်ကျင်ဘက်အုပ်စုကနေ ပစ်စာတွေ ရောက်လာပါတယ်။ သတင်းစာတိုက်ကိုလည်း ခြိမ်းခြောက်စာတွေ ရောက်လာတယ်။ ဟံသာဝတီ သတင်းစာ အယ်ဒီတာချုပ်ဦးစိန်က ကာတွန်းဦးဖေသိန်းကို အသက်အန္တရာယ်စိုးရိမ်ရလို့ " သိပ်လည်း အစွမ်းမပြနဲ့ဦး ...  " လို့  စာရေး သတိပေးရတဲ့အထိ ခြိမ်းခြောက်ခံခဲ့ရတယ်။

'  ၁၉၆၂ ခုနှစ် နောက်ပိုင်း ရောက်တော့ ကာတွန်းတွေကို ဆင်ဆာလုပ်တာတို့၊ ပယ်တာတို့၊ လုံးဝ ရေးသားခွင့်မပြုတော့တာတွေနဲ့ ချုပ်ချယ်ခံရတယ် ' လို့ကာတွန်းဦးဖေသိန်းက ရေးပါတယ်။ သတင်း စာတိုက်တွေကို ပြည်သူပိုင် သိမ်းခံရတော့ အစိုးရက ပေါ်လစီချမှတ်ထားတဲ့အတိုင်း ကာ တွန်းရေးဆွဲရတယ်။ ဦးဖေသိန်းကာတွန်းတွေလည်း နေ့တိုင်းမပါနိုင်တော့ပါ။ ဦးနုဖဆပလ အစိုးရလက်ထက်တုန်းက အစိုးရ‌ဘက်ကိုကော၊ တောခိုသူတွေဘက်ကိုကော ဝေဖန်ရေးဆွဲရာကနေ ၁၉၆၂ ခုနှစ် နောက်ပိုင်းမှာ  တောခိုသူဘက်တွေကိုသာ တစ်ဘက်တည်းကိုပဲ ဝေဖန်ရေးဆွဲရသလို ဖြစ်လာရပါတယ်။ အဲဒါကြောင့်  " ကာတွန်း ဦးဖေသိန်း - ခင်ဗျားဟာ နာမည်ကျော်ကာတွန်းဆရာကြီးပါ။ ပြည်သူက လေးစားအားကိုးခဲ့ပါတယ်။ ခင်ဗျားက အစိုးရကိုတော့ မဝေဖန်မရေးဆွဲတော့ဘဲ၊ အခုတော့ ကျွန်တော်တို့ကို ရေးရဲသလား ... ခင်ဗျား သတိထားနေပါ " စတဲ့ ခြိမ်းခြောက်စာတွေ ရောက်လာပါတယ်။ ကာတွန်း ဦးဖေသိန်း တင်မဟုတ်ဘဲ၊ သူ့မိသားစု သားသမီး‌တွေဆီကိုပါ ခြိမ်းခြောက်စာတွေ ရောက်လာပါတယ်။ အဲဒီအချိန်ကနေစပြီး ကာတွန်းဦးဖေသိန်းလည်း အစိုးရ သတင်းစာတွေမှာ ကာတွန်းမရေးဆွဲတော့ဘဲ မဂ္ဂဇင်းနဲ့ ဂျာနယ်တွေမှာသာ ကာတွန်းရေးဆွဲပါတော့တယ်။

ကာတွန်းဦးဖေသိန်းက နိုင်ငံရေးကာတွန်းတွေ အရေးများတယ်။ ကာတွန်းဦးဖေသိန်းရဲ့ နိုင်ငံရေးကာတွန်းတွေဟာ  ကာလဒေသအရဆိုရင် အချိန်တချိန်၊ နေရာတနေရာမှာတင် ရပ်တန့်မနေဘဲ ခေတ်အဆက်ဆက်ထိ အသက်ဝင်နေတာ တွေ့ရတယ်။ ကာတွန်းဦးဖေသိန်းရဲ့ နိုင်ငံရေးကာတွန်း အချို့ကို ဖတ်ကြည့်,ကြည့်ရအောင်လား စာဖတ်မိတ်ဆွေတို့

' ဘာပဲလုပ်လုပ်တရားမျှတမှ ကောင်းဒါကွဲ့ မြေဇာရဲ့

ဒါကြောင့် ငါနိုင်ငံရေးကို တရားမျှမျှတတနဲ့ လုပ်ချင်လို့ နိုင်ငံရေးထဲ ဝင်တော့မလို့ '

' ဟင် . ဒုက္ခပါဘဲ - နိုင်ငံရေးဆိုဒါ အဲဒီလို - ခြေထိုးလိုက်လို့- လဲအသွားမှာ

ဟောဒီလို - ခုတုံးလုပ်ပြီး အတက်မြန်ရတယ်ဗျ - ဒီတော့ ခင်ဗျား တရားမျှတမှုနဲ့ နိုင်ငံရေးနဲ့ ဖြစ်ပမလားဗျာ '  ဆိုတဲ့ ကာတွန်းကွက်လေးကိုလည်း သရုပ်ဖော် ရေးဆွဲခဲ့တယ်။


' အံမယ် - ဟိုကလာဒါ သခင် ခင်မောင်အုပ်ပါလား - ကျုပ်တို့ ပြည်သူလူထုကြီးတရပ်လုံးအတွက် တယ်ကြိုးစားပါလားနော်...

လမ်းသွားရင်းတောင် နိုင်ငံရေး စာအုပ်ကြီးဖတ်နေလိုက်တာ.

ဟော ဟော - လုပ်ပါအုံး တွင်းထဲချော်ကျသွားပြီ ပြေးဆွဲလိုက်ပါဗျာ '

' အို - ဘာဖြစ်လို့ ဆွဲရမှာလဲ ...

နိုင်ငံရေးခြတွေကို ထောင်ထားတဲ့ ထောင်ချောက်ထဲကျသွားဒါသိလား သူဖတ်လာတဲ့ စာအုပ်က နိုင်ငံရေးမှတ်လို့လား - ခြဘုရင်ဖြစ်နည်း စာအုပ်ကို မဲဖတ်လာဒါဗျ ' ဆိုတဲ့ နိုင်ငံရေးကာတွန်းကွက်တွေ သရုပ်ဖော်ရေးဆွဲခဲ့တယ်။

ဖဆပလ နှစ်ဖွဲ့ကွဲတော့ ဦးဖေသိန်းက သန့်ရှင်း ( နု - တင် ) ဘက်ကနေပြီး တည်မြဲ ( ဆွေ - ငြိမ်း ) ဘက်ကို ကာတွန်းရေးဆွဲပြီး ထိုးနှက်တယ်။

အိုးဝေသတင်းစာမှာ ' ဥဒေတယံ ' ဆိုတဲ့ နာမည်နဲ့ ကာတွန်းတွေ ရေးဆွဲတယ်။ ဥဒေတယံမှာ   တည်မြဲရွေးကောက်ပွဲဆောင်ပုဒ် ဆိုတဲ့ ခေါင်းစဉ်နဲ့

မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းက စင်မြင့်ပေါ်မှာ သေ‌နတ်ကြီးကိုင်ပြီး

' ငါတို့ နိုင်ရင်လဲ နိုင်ရမယ်
ရှုံးရင်လဲ နိုင်ရမယ် ' ဆိုတဲ့ကာတွန်းကွက်တွေကို သရုပ်ဖော်ရေးဆွဲခဲ့တယ်။ အဲဒီလို သရုပ်ဖော် ရေးဆွဲတဲ့ကာတွန်းတွေကြောင့်လည်း ကာတွန်းဦးဖေသိန်းဆီကို ခြိမ်းခြောက်စာ‌တွေ ရောက်လာကြတာပါ။

ကြေးမုံမှာ ဖေသိန်း၏ ကြေးမုံနီတိ နာမည်နဲ့ကာတွန်းရေးတော့ ကာတွန်းပုံအောက်မှာ  " ယနေ့ - ဖေသိန်းရေငုံနေမည် " ဆိုတဲ့ ကာတွန်းပုံလေးကလည်း စာနယ်ဇင်းလောကတခုလုံးကို ကိုယ်စားပြုလိုက်သလိုပါပဲ။ မြန်မာစကားမှာ ' ရေငုံနှုတ်ပိတ်နေမယ် ' ဆိုတဲ့ စကားလည်း ရှိတယ်မလား။
စာနယ်ဇင်းလောကထဲက သတင်းစာဆရာ၊ စာရေးဆရာ၊ ကာတွန်းဆရာတို့ဆိုတာ ခေတ်ကြေးမုံတွေဖြစ်တဲ့အတွက် ခေတ်အကြောင်းကို မှားတာကို မှားကြောင်း၊ မှန်တာကိုမှန်ကြောင်း မှတ်တမ်းတင်ခွင့်ရှိပါတယ်။ မှားနေတာကိုမှားကြောင်း မှတ်တမ်းတင်ခွင့်မရှိတော့၊ ဝေဖန်ခွင့်မရှိတော့ ရေငုံနေလိုက်ဖို့ပဲ ရှိပါတော့တယ်။ ' ယနေ့ ဖေသိန်း ရေငုံနေမည် ' ဆိုတဲ့ကာတွန်းကွက်လေးကို သရုပ်ဖော်ခဲ့တဲ့ ဦးဖေသိန်းရဲ့ အတွေးအခေါ်ဟာ လေးစားစရာပါ။ ကာတွန်းတကွက်တည်းနဲ့ အတွေးအခေါ်တွေ အများကြီးကို တွေးပြ၊ မြင်ပြသွားတာပါ။ ကာတွန်းဦးဖေသိန်းရဲ့ ကာတွန်းတွေဟာ ရယ်ဖို့သက်သက် မဟုတ်တဲ့ အတွေးအခေါ်ဘက်ကို ပိုရောက်တဲ့ ကာတွန်းတွေပါလို့ ဆိုချင်ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ ပြီးတော့ ကာတွန်း ဦးဖေသိန်းကို ကာတွန်းရေးဆွဲခြင်း၊ စာပေရေးသားခြင်း၊ သူရေးဆွဲခဲ့တဲ့ ကာတွန်းတွေ၊ ကြော်ငြာကာတွန်းနဲ့ သူ့ဓာတ်ပုံပါမကျန် အကုန်လုံးကို လုံးဝပိတ်ပင်ခြင်းခံရတယ်။ ကာတွန်းဦးဖေသိန်း ကိုယ်တိုင် ရေးဆွဲတဲ့ ပုံပမာ လစဉ်ထုတ် ကာတွန်းစာအုပ်ကိုပါ ပိတ်ပစ်ခြင်းခံရတယ်။ ကာတွန်းဦးဖေသိန်းရဲ့ကာတွန်းဆရာဘဝမှာ အတိုက်အခံတွေ၊ ခြိမ်းခြောက်ခံရတာတွေ၊ အနုပညာလှုပ်ရှားခွင့်တွေ ပိတ်ပင်ခံရတာဖတ်ရတော့  ' ကာတွန်းဆရာဘဝဟာ လူမုန်းမများလောက်ဘူး ' လို့ ကျွန်တော် ငယ်ငယ်ကသိမှတ်ထားတဲ့အသိဟာကွာကြပြီး ပြောင်းလဲသွားတယ်။ ကာတွန်းဦးဖေသိန်းလည်း ကာတွန်းဆရာ တ‌‌‌ယောက်အနေနဲ့ မျက်မှောက်ခေတ်ကို သရုပ်ဖော်ရေးဆွဲတယ်။ တခါတလေမှာ သရုပ်ဖော်ရေးဆွဲရင်းနဲ့ တိုးမိတိုက်မိ၊ ထိမိခိုက်မိတာတော့ ရှိမှာပေါ့။ ကာတွန်းဦးဖေသိန်းရဲ့ အဆိုအမိန့်လေး တခုကိုလည်း သွားပြီး သတိရမိတယ်။

' ယနေ့ ခေတ်သစ်၏
  ကာတွန်း အနှစ်သာရကို
  မခံစားတတ်ဘူးဆိုလျှင်
  ကျောက်ခေတ်ကိုသာ
  ပြန်သွားပါ။
  ယနေ့ ပြည်သူတို့၏ ဘဝ
  ခံစားချက်ကို မဖော်ထုတ်နိုင်လျှင်
   ယနေ့ခေတ်သစ်နှင့်
  ကင်းကွာနေသော
  ကာတွန်းဆရာမျှသာ ... ' ဆိုတဲ့ အဆိုအမိန့်လေးပါ။

ကာတွန်းဦးဖေသိန်းရဲ့  အဆိုအမိန့်တွေက မှတ်သားစရာ ကောင်းပါတယ်။ စာဖတ်မိတ်ဆွေတို့လည်း ဖတ်ကြည့်ပါဦး

' ကာတွန်းကြည့်ပြီး
ပါးစပ်နဲ့သာ
ဖြဲ မရယ်ပါနဲ့။
နှလုံးသားနဲ့
တွေး ... ပြုံးပါ ' တဲ့။ ဟုတ်ပါတယ်၊ ကာတွန်း ဦးဖေသိန်းရဲ့  နိုင်ငံရေး ကာတွန်းတွေဟာ ရယ်စရာတွေ နည်းပါတယ်။ ကာတွန်းဦးဖေသိန်း ပြောနေကျ စကားလိုပဲ " ကာတွန်းဆိုတိုင်း ရယ်စရာလိုတော့ မထင်ကြပါနဲ့ " လို့ပဲ ပြောရမှာပဲ။

' ကာတွန်းအကြောင်း ပြောရရင် ကာတွန်းဟာ
သရော်တာ...
ဆဲတာ မဟုတ်ဘူး။
ခေတ်ကာလရဲ့
အမြှီးအမောက် မတည့်တာကို
သူက သရော်တာ၊ ဆဲတာ၊ စော်ကားတာ
မဟုတ်ဘူးဆိုတာကို နားလည်ဖို့ လိုတယ် ' တဲ့။ ဟုတ်ပါတယ်၊ ကာတွန်းဆရာဆိုတာ မျက်မှောက်ခေတ်ကို သရုပ်ဖော်ရတာပါ။ ကာတွန်းတကွက်ဟာ ခေတ်ကို ထင်ဟပ်စေတဲ့ ခေတ်ကြေးမုံတချပ်ပါ။ ကာတွန်းဟာ သရော်ဖို့ သက်သက်၊ ဆဲဖို့ သက်သက်၊ စော်ကားဖို့ သက်သက် မဟုတ်ပါဘူး။

' စာမဲ့ကာတွန်း တစ်ခု၏
ခံစားမှုသည် ... လေးနက်ခြင်း၏
နက်ရှိုင်းမှုဖြစ်သည် '  တဲ့။ ကာတွန်း‌ဦးဖေသိန်းရဲ့ ကာတွန်းတွေဟာ အနက်ကိုဖော်ရင်း တွေးရင်းနဲ့ အတွေး‌တွေကို လေးနက်စေပါတယ်။

ကာတွန်းဦးဖေသိန်းက စာပေဟောပြောပွဲတွေလည်း လိုက်ဟောပြောတာ တွေ့ရတယ်။ တချို့ ဟောပြောပွဲတွေမှာ ဆရာက ကာတွန်းဆရာဆိုတော့ စင်ပေါ်မှာ ကာတွန်းဆွဲပြနိုင်အောင် ကျောက်သင်ပုန်းကြီးတွေ အသင့်ထောင်ပေးထားတယ်။ စာပေဟောပြောပွဲ တပွဲမှာ ဆရာကြီး ဦးရန်အောင်၊ လင်းယုန်မောင်မောင်၊ ကာတွန်းဦးဖေသိန်းတို့ သုံးယောက် အတူတူ ဟောပြောကြတယ်။ ဦးဖေသိန်း ကာတွန်းဆွဲဖို့ ကျောက်သင်ပုန်းကြီး ထောင်ပေးထားတယ်။ ဆရာကြီး ဦးရန်အောင် အလှည့်ပြီးတော့ လင်းယုန်မောင်မောင်က ခပ်တည်တည်နဲ့ ကာတွန်း ရေးဖို့ထောင်ထားတဲ့ ကျောက်သင်ပုန်းကြီးမှာ ရေးဆွဲပြီး ဟောပြောတယ်။ ကာတွန်းဦးဖေသိန်းလည်း သူ့အလှည့်ရောက်တော့ ကျောက်သင်ပုန်းကြီးမှာ သူ့အရင် ရေးဆွဲသွားတဲ့ လင်းယုန်မောင်မောင်ကို အရွှန်းဖောက် ဟောပြောလိုက်တာ ပရိသတ်လည်း အတော်ပွဲကျသွားကြတယ်။

ကာတွန်းဦးဖေသိန်းရဲ့ လူနေမှုဘဝထဲက လူမှုဆက်ဆံရေးမှာလည်း ဆရာ သော်တာဆွေနဲ့ အလွန်ရင်းနှီးတာ တွေ့ရ၊ ဖတ်ရတယ်။ ဟာသဓာတ်ခံ ရှိတဲ့ နှစ်ယောက်သားမလို့လည်း ပိုပေါင်းဖြစ်တယ် ထင်တယ်။ ဆရာ သော်တာဆွေက နွေဆိုရင် အပူရှောင်တဲ့ အနေနဲ့ သူ့မိန်းမ အန်တီမေတို့ အမျိုးတွေ ရှိရာ တောင်ကြီးဘက်ကို သွားတတ်တယ်။ သော်တာဆွေတို့ ဇနီးမောင်နှံ့က အရင်သွားပြီးရင် နောက်ကနေ ရှုမဝ ဦးကျော်၊ ဦးကျော်သား မောင်ဆွေတင့်၊ ကာတွန်းဦးဖေသိန်းတို့က နောက်ကနေ လိုက်သွားတတ်တယ်။ တောင်ကြီးဘက်က တောင်တန်းရှုခင်းတွေကို ကာတွန်းဦးဖေသိန်းက ပုံဆွဲရေးတယ်။ ' မနက်စောစောထ လမ်းလျှောက်ကြ၊ ဈေးထဲ ဝင်ပြီး ရှမ်းအစားအစာဆွေ စားလိုက်ကြ၊ မုံတဝဂူဘက် သွားလိုက်ကြနဲ့ ပျော်စရာ အချိန်တွေပါ ' လို့ ဆရာသော်တာဆွေက " ကျွန်တော့်ဘဝဇာတ်ကြောင်း " ထဲမှာ ရေးတယ်။

ဆရာသော်တာဆွေနဲ့ ကာတွန်းဦးဖေသိန်းရဲ့ ရင်းနှီးမှုလေးက အတော်နက်ရှိုင်းပါတယ်။ ဆရာ‌ သော်တာဆွေက ရွာတန်းရှည်ကနေ မာလကာခြံဆိုတဲ့ ခြောက်မိုင်ဘက်ကို ပြောင်းတယ်။ မာလကာခြံဘက်မှာ ဆရာသော်တာဆွေ စအခြေချ‌နေတုန်းက ကာတွန်းဦးဖေသိန်းက မိန်းမ မရသေးပါဘူး ရန်ကင်းတိုက်ခန်းမှာ မိသားစုနဲ့ နေတယ်။  ကာတွန်း ဦးဖေသိန်း အိမ်ထောင်ကျတော့ သော်တာဆွေဆီ ရောက်လာပြီး ' ကိုဆွေရေ ... ကျွန်တော် အိမ်ဆောက်ရတော့မယ်၊ ခင်ဗျား အနီးအနားမှာ ခြံမြေရာ ကြည့်ပေးပါဗျာ ' လို့ အကူအညီတောင်းတယ်။  ဆရာသော်တာဆွေက သူ့အိမ်နားက မြေကွက်ကို လိုက်ပြပေးတယ်။ ရောင်းသူ၊ ဝယ်သူ ဈေးစကားပြောတော့ ' တစ်သောင်း ' ဈေးပေါက်တယ်။ ကာတွန်းဦးဖေသိန်းကလည်း အဲဒီဈေးထက် လျှော့ပေးစေချင်တယ်။ ရောင်းသူဘက်ကလည်း လျှော့မပေးနိုင်ဘူး။ ဆရာသော်တောဆွေက ' တစ်သောင်းရရင် ကျွန်တော့ကို ပွဲခ ငါးရာပေးမယ်လို့ ခင်ဗျား စကားရှိတယ်။ ဒီတော့ ကျွန်တော့်အတွက် ပွဲခ မထားနဲ့တော့။ ကိုဖေသိန်းကို ၉၅၀ဝိ နဲ့ ပေးလိုက်ပေရော့ ... ' လို့ ဝင်ပြောရာကနေ ဈေးတည့်သွားကြတယ်။

အဲဒီ အချိန်ကာလတုန်းက ဆရာသော်တာဆွေ အရေးအသားအရဆိုရင် ရွှေတစ်ကျပ်သားကို နှစ်ရာပတ်လည် ရှိပါတယ်။ ပွဲခ ငါးရာ ရမယ်ဆိုရင် မနည်းပါ။ ဒါပေမဲ့ ပွဲစားခယူလိုက်ရင် ဦးဖေသိန်းဆီကနေ ယူလိုက်သလို ဖြစ်မှာစိုးလို့ ဆရာသော်တာဆွေက ' သူ့ကို အားကိုးပြီး နီးနီးနားနား လာနေချင်တဲ့ မိတ်ဆွေ ဦးဖေသိန်းဆီကနေ မယူရက်ပါ ' လို့ ဖွင့်ဟ ရေးသားပါတယ်။  ကာတွန်းဦးဖေသိန်းကလည်း ဆရာ သော်တာဆွေကို အရမ်းခင်တော့ သော်တောဆွေ အိမ်နား ပြောင်းလာချင်တယ်။ ဆရာသော်တာဆွေကလည်း ဦးဖေသိန်းလို မိတ်ဆွေကောင်းနဲ့ အိမ်နီးနားချင်း ဖြစ်ချင်တော့ အတတ်နိုင်ဆုံး ကူညီပေးတယ်။ အဲဒီလိုကနေ သော်တာဆွေနဲ့ ကာတွန်းဖေသိန်းတို့ နှစ်ယောက် အိမ်နီးနားချင်း မိတ်‌ဆွေကောင်းတွေ ဖြစ်လာတယ်။ 

ဆရာသော်တာဆွေ ရွာတန်းရှည်မှာနေကတည်းက ' အဟိ ' စာစောင်ထုတ်တော့ မျက်နှာဖုံးနဲ့ အတွင်းခေါင်းစီးပုံတွေကို ဦးဖေသိန်းနဲ့ ကာတွန်း အောင်ရှိန်တို့က ဆွဲပေးတာပါ။ ကာတွန်းဦးဖေသိန်းကော၊ အောင်ရှိန်ကောက သရုပ်ဖော် ရေးဆွဲခကို ဆရာ သော်တာဆွေ ဆီကနေ တစ်ပြားမျှ မယူပါ။ ဆရာ သော်တာဆွေက အားနာလွန်းလို့ ပေးရင် ' ကိုဆွေ ကျွန်တော်တို့ကို စိမ်းကားလာပြီ ' လို့ ပြောတတ်တယ်။ ကာတွန်းအောင်ရှိန်လည်း သော်တာဆွေနဲ့ ကာတွန်းဦးဖေသိန်းတို့ မာလကာခြံဘက်ကို ခဏခဏ လာလည်ရင်းနဲ့ သော်တာဆွေကို ' ကိုဆွေ၊ ကျွန်တော်လည်း ခင်ဗျားတို့ဆီမှာ လာနေချင်တယ်ဗျာ ' ပြောတာကနေ ဆရာသော်တာ‌ဆွေ အိမ်နားမှာ ငှားနေဖြစ်သွားတယ်။

ရှုမဝ မဂ္ဂဇင်းက ဆရာသော်တာဆွေ ဝတ္ထုနဲ့ စာမူတွေကို ကာတွန်းဦးဖေသိန်းကပဲ လတိုင်း သရုပ်ဖော် ရေးဆွဲပေးတာပါ။ ' အဟိ ' စာစောင်ထုတ်တော့ သော်တာဆွေက ကာတွန်းဦးဖေသိန်းရဲ့ ရန်ကင်းတိုက်ခန်းက အိမ်ကို တစ်လ နှစ်ခေါက်လောက်လာတတ်တယ်။ ကာတွန်းဦးဖေသိန်းက ရန်ကင်းတိုက်ခန်းအိမ်မှာပဲ သော်တာဆွေ ခေါ်လာလို့ ဆရာကြီး ရွှေဥဒေါင်းနဲ့  စဆုံဖူးတာပဲ။ ကာတွန်းဦးဖေသိန်းလည်း  သော်တာဆွေကို အကြောင်းပြုပြီး ဆရာကြီး ရွှေဥဒေါင်း၊ ဦးခင်မောင်လတ်၊ ဒေါ်ခင်မျိုးချစ်၊ မိုးကုတ်မြမောင်တို့နဲ့ ရင်းနှီးခဲ့တယ်။ 

ဆရာသော်တာဆွေ ဇနီး အန်တီမေက ခွေးချစ်တတ်တယ်။ ရန်ကြီးအောင်ဆိုတဲ့ ခွေးမွေးထားတယ်။ ထူးခြားတာက ရန်ကြီးအောင်က ကာတွန်း ဦးဖေသိန်းတို့ တအိမ်လုံးကို အရမ်းခင်တယ်။ ရန်ကြီးအောင်က ဆရာ သော်တာဆွေ အိမ်မှာထက် ကာတွန်းဦးဖေသိန်းအိမ်မှာ နေတဲ့ အချိန်က ပိုများတယ်။  တခါတခါ အန်တီမေက သွားခေါ်မှ ပြန်လာတယ်။ ဦးဖေသိန်းသားတွေဖြစ်တဲ့ ဖေမောင်သိန်း၊ ဖေမောင်ငြိမ်း၊ ဖေမောင်ဟိန်းတို့က ရန်ကြီးအောင် ကျောပေါ်တက် မြင်းစီးကစားရင်းနဲ့ ကြီးပြင်းခဲ့ကြတာပါ။ ' အကယ်၍ ရန်ကြီးအောင်သာ ပုံဆွဲဝါသနာ ပါခဲ့လျှင် ခုလောက်ရှိ ကာတွန်းဆရာဖြစ်လောက်ပြီ ' လို့ ဆရာသော်ဝာာဆွေက အရွှန်းဖောက် ရေးခဲ့တယ်။ ဆရာသော်တာဆွေက ကာတွန်းဦးဖေသိန်းကိုလည်း အရက်သောက် သင်ပေးတာ သူပါပဲလို့ ပြောလေ့ရှိတယ်။ ' ၁၉၆၃ - ၆၄ ခုနှစ်လောက် ယခု သူ့အိမ်ကြီးဆောက်ပြီး၍ ကျွန်တော်ရှိရာမာလကာခြံသို့ရောက်လာသောအခါ၌ကား ကိုဖေသိန်းသည် ဆရာကောင်းတပည့် ပန်းကောင်းပန်၊ ရမ်ကိုသာမက အရက်ဖြူကိုပါ နှံတတ်နေပြီ ' လို့ ဆရာ သော်တာဆွေက ရေးတယ်။  ကာတွန်းဦးဖေသိန်းကတော့ ' ကျွန်တော်သည် သော်တာဆွေကို စိုးရိမ်နေမိသည်။ ယမကာဝိုင်းတွင် သော်တာဆွေ ပါလာပြီဆိုမှဖြင့် ပွဲကြမ်းခဲ့သည်။ ကျွန်တော်တို့ကို နိုင်ချင်တိုင်း နိုင်ခဲ့သည်။ သူ့ကို ထိန်းသိမ်းရသည်မှာ မလွယ်လှ ... ' လို့ ရေးပါတယ်။

ဆရာသော်တာဆွေတို့ဇနီးမောင်နှံနဲ့ ကာတွန်းဦးဖေသိန်းတို့ဇနီးမောင်နှံတို့ စာပေဟောပြောပွဲ သွား ရင်းနဲ့ ကျိုက်ထီးရိုးဘုရားကို ခရီးအတူတူသွားကြသေးတယ်။ စစ်တောင်း စက္ကူစက်က ဆရာ သော်တာဆွေကို စာ‌ပေဟောပြောပွဲလာဖိတ်တယ်။ တခြား ဆရာတွေကိုလည်း ဆရာသော်တာဆွေပဲ စီစဉ်ပေးပါဆိုတော့ မိတ်ဆွေကောင်းကြီး ကာတွန်းဦးဖေသိန်းပါဖိတ်ဖို့ တိုက်တွန်းတယ်။ အဲဒီလိုကနေ သော်တာဆွေနဲ့ ကာတွန်းဖေသိန်းတို့မိသားစုနှစ်စု ကျိုက်ထီးရိုးဘုရားကို ခရီးအတူတူသွားဖြစ်ကြတယ်။ ကာတွန်းဦးဖေသိန်းက သော်တာဆွေကို ' ကိုဆွေ ' လို့ ခေါ်ပြီး၊ ကာတွန်းဖေသိန်း ဇနီးက ' အဘ ' လို့ ခေါ်ကြတယ်။ ကာတွန်းဖေသိန်းရဲ့ သားသမီးတွေက သော်တာဆွေကိုအဘလို့ ခေါ်စေချင်လို့ သူ့ဇနီးက အဘလို့ ခေါ်တာပါ။

ကာတွန်းဦးဖေသိန်းအိမ်မှာ တယ်လီဖုန်းတပ်ဆင်ထားတာဆိုတော့ ဆရာသော်တာဆွေဆီကို ဆက်သွယ်ချင်ရင် ဦးဖေသိန်းအိမ်ကို လှမ်းဆက်သွယ်လေ့ရှိကြတယ်။ ဆရာသော်တာဆွေကလည်း ဖုန်းဆက်ချင်ရင် ဦးဖေသိန်းအိမ်ကိုသွားဆက်လေ့ရှိတယ်။  ရုပ်ရှင်မင်းသားကျော်ဟိန်းဆိုရင် သူ့ဇာတ် ကားတွေရုံတင်တဲ့အခါမျိုးမှာ ဆရာသော်တာဆွေ ရုပ်ရှင်ကြည့်ဖို့ကိုလာခေါ်ဖို့ ဦးဖေသိန်းအိမ်ကို ဖုန်းလှမ်းဆက်ပြီး ဆက်သွယ်လေ့ရှိတယ်။ ဦးသာဓုဆီကို ဖုန်းဆက်ချင်ရင်လည်း သော်တာဆွေက ဦးဖေသိန်းအိမ်ကို ဖုန်းသွားဆက်လေ့ရှိတယ်။  ကာတွန်းဖေသိန်းက ' ကျွန်တော့် တယ်လီဖုန်းသည် မာလကာခြံနှင့် သာဓုခြံကို အောင်သွယ်လုပ်ပေးနေရသည် ' လို့ ရေးပါတယ်။  ဆရာသော်‌တာဆွေနဲ့ ကာတွန်းဦးဖေသိန်းဟာ စာပေဉာဏ်၊ ဟာသဉာဏ်လည်း ကိုက်ညီကြတော့ အတော်ရင်းနှီးသွားကြတဲ့ မိတ်ဆွေကောင်းတွေဖြစ်သွားတာပါ။ နောက်ထပ် တူညီတာတခုကတာ့ ငယ်နာမည်ပါ။  ဆရာ သော်တာဆွေရဲ့ ငယ်နာမည်ကလည်း ဘိုနီ ၊ ကာတွန်း ဦးဖေသိန်းရဲ့ ငယ်နာမည်ကလည်း ဘိုနီ ပါပဲ။

ကာတွန်းဦးဖေသိန်းရဲ့ ဘဝမှာ ကာတွန်းဦးဟိန်စွန်းနဲ့ ဆက်ဆံရေးကလည်း တကယ်ကို နက်ရှိုင်းပါတယ်လို့ ပြောချင်ပါတယ်။ နှစ်ယောက်လုံးကလည်း ကာတွန်းနယ်ပယ်က ကာတွန်းဆရာတွေဆိုတော့ ပိုပြီးရင်းကြတယ်။ ကာတွန်းလောကထဲကို အစောဆုံး ဝင်ရောက်လာတဲ့ ဦးဘကလေးပြီးရင်  ဦးဘဂျမ်းနဲ့  ဦးဟိန်စွန်းတို့ပါပဲ။ ဦးဖေသိန်းကတော့ ဦးဘဂျမ်းနဲ့ ဦးဟိန်စွန်းထက် ငယ်ပါတယ်။ ကာတွန်းလောကကိုလည်း ဦးဟိန်စွန်းတို့နောက်ကျမှ ရောက်လာတာပါ။ ဦးဘဂျမ်းနဲ့ ဦးဟိန်စွန်းက ၁၉၀၂ ခုနှစ် တနှစ်တည်းဖွားတွေပါ။ ဦးဟိန်စွန်းက အသက်ရှည်တော့ နောက်ပိုင်းမှာ ဦးဖေသိန်းနဲ့ ပိုတွဲဖြစ်ပါတယ်။ ဦးဖေသိန်းက ၆ မိုင် ဓမ္မာရုံလမ်းဘက်မှာနေတယ်။ ဦးဟိန်စွန်းက ၇ မိုင်ဘက်မှာနေတယ်။ ဦးဟိန်စွန်းက ဦးဖေသိန်းကို အရမ်းခင်တော့ တပတ်တခါ ဦးဖေသိန်းအိမ်ကို ရောက်အောင် လာလေ့ရှိတယ်။  ဦးဟိန်စွန်းတယောက် အသက်အရွယ် ရလာတော့ ဦးဖေသိန်းအိမ်ကို လာရင် လမ်းထဲဝင်တာနဲ့ ဦး‌လေးချစ်ရဲ့ ဇလွန် လက်ဖက်ရည်ဆိုင်မှာ  ဝင်နားလေ့ရှိတယ်။ ဦးလေးချစ်က ဦးဟိန်စွန်းနဲ့  ဦးဖေသိန်းကို လက်ဖက်ရည် ဒါနပြုနေကျပါ။ ဦးဟိန်စွန်းနဲ့ ဦးဖေသိန်းတို့က အဲဒီလို လူချစ်လူခင်ပေါများတာ။  

ဦးဖေသိန်းက " ပန်ရုပ်စုံ မဂ္ဂဇင်း " မှာ  ဦးဟိန်စွန်းအကြောင်းကို  ' ကျွန်ုပ်တို့၏ ခေါင်းမာသော ရုပ် ပြောင်ရေးဆရာ ' ဆိုပြီး တင်စားရေးတယ်။ ၁၉၇၅ ခုနှစ် စာပေဗိမာန်က ဆရာထင်ကြီး ( တက္ကသိုလ် ထင်ကြီး )  ကြီးမှူးပြီး စာနယ်ဇင်းသမိုင်း စာတမ်းဖတ်ပွဲကြီး ကျင်းပတော့ ကာတွန်းသမိုင်းကို ဦးဖေသိန်းက ဖတ်ပါတယ်။  အစတုန်းက ကာတွန်းစာတမ်းကို ဦးဟိန်စွန်း ဖတ်ဖို့ စီစဉ်ထားတာပါ။ ဦးဟိန်စွန်းက ' သူပွဲမတိုးချင်ကြောင်း စာတမ်းကို သူဖတ်လို့ မဖြစ်ကြောင်း ဖေသိန်းကို ဖတ်ခိုင်းပါ ' ပြောလာလို့ ဦးဖေသိန်းက တာဝန်ယူဖြစ်သွားတာပါ။ ဦးဖေသိန်းစာတမ်းပြုစုဖို့ အချက်အလက်တွေလည်း ဦးဟိန်စွန်းက ကူညီခဲ့ပါတယ်။ ဦးဟိန်စွန်းရဲ့ နောက်ဆုံးအချိန်ကာလတွေမှာ ကာတွန်းလောကထဲက ဆိုရင်  ဦးဖေသိန်းနဲ့ပဲ ပိုပြီးအထိအတွေ့များပါတယ်။ ဦးဟိန်စွန်းရဲ့ နာရေးကြေညာကိုလည်း သတင်း စာတွေမှာ ထည့်ဖို့ ဦးဖေသိန်းကိုယ်တိုင်ပဲ ရေးတာပါ။  ကာတွန်းဦးဖေသိန်းရဲ့ ဘဝမှာ ကာတွန်းဦးဟိန်စွန်းနဲ့ ပတ်သက်ပြီး အမှတ်တရတွေ အများကြီးနဲ့ ပြည့်နှက်နေပါတယ်။

ကာတွန်းဦးဖေသိန်းရဲ့ ဘဝမှာ ဆရာကြီးဦးဘဂျမ်းကလည်း မှတ်မှတ်ရရတွေနဲ့ပါပဲ။ စစ်ပြီးခေတ်မှာ ဦးဖေသိန်းက ဦးဘဂျမ်းဆီမှာ ကာတွန်းပညာဆည်းပူးသင်ယူခဲ့တယ်။ ဦးဘဂျမ်းရဲ့ တပည့်ရင်းတယောက်အနေနဲ့ ရန်ကုန်တိုင်း လမ်းမတော်မြို့နယ် အောက် - ၁၃ လမ်းက တန်ဆောင်တိုင် ကာ တွန်း မီးထွန်းပွဲတော်ကိုလည်း ဦးဘဂျမ်း၊   ဦးဟိန်စွန်းတို့နဲ့ အတူတူ  မီးပုံးတွေမှာ ကာတွန်းရေးဆွဲရင်း ကျင်းပကြတယ်။  ဦးဘဂျမ်း ကျန်းမာရေး မကောင်းဖြစ်လာတော့ သူ့ကာတွန်းတွေကို သတင်းစာတိုက်၊ မဂ္ဂဇင်းတိုက်တွေကိုပို့ပေးရတယ်။ ဦးဘဂျမ်းကာတွန်းတွေကို ' ကူ ' ဆွဲပေးရတယ်။ ဦးဘဂျမ်းကာတွန်းမရေးဆွဲနိုင်တော့ ဦးဖေသိန်းက ကာတွန်း ရေးဆွဲခွင့်ရလာပြီး နာမည်ကြီးလာပါပြီ။  တရက်ကျတော့ ဦးဘဂျမ်းကို ဆေးရုံတင်လိုက်ရတယ်။

ဦးဘဂျမ်းက အကူအညီတောင်းလို့ ‌ဦးဖေသိန်းက ဆေးရုံမှာ နေ့စောင့်ပေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဦးဘဂျမ်းကို ဆေးရုံမှာ ညစောင့်ပေးတဲ့ လူနာမည်က ' သောင်းဖေ ' တဲ့။ ကာတွန်းဦးဖေသိန်း စကားနဲ့ ပြောရမယ်ဆိုရင် ဖေသိန်းက သောင်းဖေထက် သုညတလုံးပိုတယ်။ ဦးဘဂျမ်းကို ဆေးရုံကနေ လက်လျှော့လိုက်တော့ သူ့နေအိမ်ကို ပြန်သယ်လာတယ်။

' ငါသည် ထူးချွန်သောသူ ဖြစ်၏။
ငါ့အား ဤရောဂါသည် မနှိပ်စက်နိုင်စေရ  '  ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ အားပေးစာတမ်းကို ဦးဖေသိန်းကိုယ်တိုင် ရေးပြီး ဦးဘဂျမ်းမြင်‌အောင် သူ့ကုတင်နဲ့ မျက်နှာချင်းဆိုင်က နံရံမှာ ကပ်ပေးထားတယ်။ ဦးဘဂျမ်းဟာ ကာတွန်းပညာမှာ ထူးချွန်တဲ့ သူဆိုတာ အများကြီး ပြောပြနေစရာမလိုလောက်အောင်ကိုပင် ထူးချွန်ပါတယ်။ သူ့နယ်ပယ်မှာ ထူးတဲ့ ချွန်တဲ့ ဦးဘဂျမ်းတယောက် သေမင်းနဲ့ တိုက်ပွဲဝင်နေရချိန်မှာ ကာတွန်းဦးဖေသိန်းရဲ့ အားပေးစာတမ်းလေးက ခွန်အားဖြစ်စေမှာ သေချာပါတယ်။ အဲဒီစာလေးကိုဖတ်ပြီး ကာတွန်းဦးဖေသိန်းဟာ အချိန်တိုင်းနေရာတိုင်းမှာ အတွေးအခေါ်ကို ကောင်းကောင်းကြီး အသုံးချတတ်တယ်လို့ တွေးမိ၊ ထင်မိပါတယ်။

  ဦးဘဂျမ်းဆုံးပြီး မနက်ကျတော့ " ဗမာ့ခေတ် " သတင်းစာမှာ ' ဦးဘဂျမ်း ကွယ်လွန်ပြီ ' ဆိုတဲ့ သတင်းနဲ့အတူ ' ကာတွန်းဝိဇ္ဇာနှင့် လိမ်လည်မှု ' ဆိုတဲ့သတင်းတခုပါ ပါလာတယ်။ ကာတွန်းဝိဇ္ဇာနဲ့ လိမ်လည်မှု သတင်းကို ကူးယူဖော်ပြပါ့မယ်။

ကာတွန်းဝိဇ္ဇာနှင့် လိမ်လည်မှု

ကာတွန်းဝိဇ္ဇာဖေသိန်းခေါ် ကိုသောင်းဖေ၊ အမှတ် - ၁၅၊ ဟုံးလမ်း၊ ရန်ကုန်မြို့၌ နေထိုင်သူကို မတ်လ ၁၇ ရက်နေ့က လိမ်လည်မှု ၂ မှုဖြင့် ကျောက်တံတားဌာနတွင် တိုင်ချက်ဖွင့်ထားသည်။

ပထမအမှု၌ ရန်ကုန်မြူရုံးကြီးတွင် အလုပ်ရမည်ဆိုကာ မီးဘေးဒုက္ခသည် ဗန္ဓုလပန်းခြံတွင်နေ ကိုသာခင်ထံမှ ငွေ ၁၅ဝိ/- လိမ်ယူ၍ ဒုတိယအမှုတွင် ပြည်သူ့ထောက်ပံ့ရေးဌာနမှ နို့ဆီ ၂ - သေတ္တာနှင့် စီးကရက်ဘူး ၁၀၀ ရမည်ဆိုကာ အိမ်အမှတ် - ၃၂၊ ၂၄ - လမ်းနေ ကျင်ဟုတ်ဆိုသူထံမှ မတ်လ ၂ ရက်နေ့က ငွေ ၁၇၅ိ/- လိမ်လည်သွားခြင်းကြောင့် ရဲဌာနတွင် တိုင်သည်။ ဌာနမှ ပုဒ်မ ၄၂၀ အရ အရေးယူထား၏။

အဲဒီသတင်း ဖတ်ရတော့ ကာတွန်းဦးဖေသိန်းလည်း တုန်လှုပ်သွားတယ်။ ကာတွန်းဝိဇ္ဇာ ဖေသိန်းရဲ့ လိမ်လည်မှုသတင်းကလည်း လူတိုင်း ပါးစပ်ဖျားမှာ ပြောနေကြတယ်။ တကယ်တော့ အမှုမှန်မှာ ကာတွန်းဖေသိန်းထက် သုညတလုံး နည်းတဲ့ ' သောင်းဖေ ' လက်ချက်ပါ။ သောင်းဖေက ညစောင့်ဆိုတော့ ဦးဘဂျမ်း ဆုံးသွားပြီ ဆိုတာနဲ့ မဟာဗန္ဓုလပန်းခြံထဲသွားပြီး မီးဘေးဒုက္ခသည်တွေကို  သူက ကာတွန်းဆရာ ဖေသိန်းဖြစ်ကြောင်းပြောဆိုပြီး ဗမာ့ခေတ် သတင်းစာထဲမှာ ပါတဲ့အတိုင်း မီးဘေး ဒုက္ခသည်တွေကို လိမ်ညာသွားတာပါ။

ဗမာ့ခေတ် သတင်းထောက်ဟာ ဗန္ဓုလပန်းခြံထဲက မီးဘေးဒုက္ခသည် စခန်းကို သတင်းသွားယူရင်း ကာတွန်းဦးဖေသိန်း သတင်းကို အနံ့ခံမိတာပါ။ သတင်းထူး ရပြီဆိုတာနဲ့ ကျောက်တံတား ရဲစခန်းကနေ အတည်ပြုချက် ရယူပြီး ကာတွန်းဝိဇ္ဇာ ဖေသိန်း လိမ်လည်မူ လို့ သတင်းရေးလိုက်တာပါ။ အဲဒီသတင်းကို လိုက်ခဲ့သူက  ဗမာ့ခေတ် သတင်းထောက် ' ခင်မောင်ကြည် ' ပါ။ ခင်မောင်ကြည်ဆိုတာ စိန်ခင်မောင်ရီရဲ့ ညီအရင်းပဲ။  ကာတွန်း ဦးဖေသိန်းက နွယ်နီမဂ္ဂဇင်းမှာ ' ခင်မောင်ကြည်သည် ဗမာ့ခေတ် သတင်းစာတွင် ကာတွန်းဝိဇ္ဇာဖေသိန်း လိမ်လည်မှုဟု ခေါင်းစဉ်တပ် သတင်းရေးလိုက်သောကြောင့် ကျွန်တော်သည်  ကာတွန်းဝိဇ္ဇာဘွဲ့ကို အချောင်ရလိုက်ခြင်း ဖြစ်ပါသည် ' လို့ အရွှန်းဖောက် ရေးသားခဲ့တယ်။

ကာတွန်းဦးဖေသိန်းရဲ့ လိမ်လည်မှုသတင်းက အတော် ရေပန်းစားသွားပါတယ်။ လူတိုင်း ပါးစပ်ဖျားမှာ လိမ်လည်မှုသတင်းကိုသာ စိတ်ဝင်တစား ပြောဆိုနေကြပြီး ကာတွန်းဦးဖေသိန်းရဲ့ ပြန်ပြီး ဖြေရှင်းချက်ကို မဖတ်မိသူက များပါတယ်။
ကာတွန်းဝိဇ္ဇာ လိမ်လည်မှု သတင်းနဲ့ ပတ်သက်ပြီး  ဦးဖေသိန်းကို သတင်းစ‌ပေးတာက ကာတွန်း ဦးဟိန်စွန်းပါ။ ဦးဖေသိန်းရဲ့ ကာတွန်းဝိဇ္ဇာ လိမ်လည်မှုသတင်းကို ထင်မြင်ချက်တွေ အမျိုးမျိုးပေးကြတယ်။ စာပေအသိုင်းအဝိုင်းနဲ့ သာမာန် အသိုင်းအဝိုင်းနဲ့ကတော့ ထင်မြင်ချက်တွေ မတူကြပါ။ စာပေ အသိုင်းအဝိုင်းကတော့ ဦးဖေသိန်းရဲ့ ရိုးဂုဏ်၊ မျိုးရိုးဂုဏ်ကို သိပြီးသားဆိုတော့ ဦးဖေသိန်းရဲ့ အမှုမှန်ဟာ သူမဖြစ်နိုင်ကြောင်း သိကြပြီးသားပါ။

စာပေအသိုင်းအဝိုင်းက လူတွေရဲ့ ကာတွန်းဦးဖေသိန်းရဲ့ လိမ်လည်မှုသတင်းအပေါ် မှတ်ချက်တွေကို ဖတ်ကြည့်လိုက်ရအောင်

ကာတွန်းဦးဟိန်စွန်းက   ' အေး ... မင်းမဟုတ်တဲ့ အကြောင်းကိုတော့ ဗမာ့ခေတ်က ဖြေရှင်းချက် ထည့်ပေးရမှာပေါ့။ ငါအခု သွားပြောလိုက်ဦးမယ် '

သခင်တင်ဦးက   ' ခင်ဗျား မဟုတ်ဘူးမလား။ ဖြေရှင်းချက်တွေဘာတွေ လုပ်မနေနဲ့။ ဒါမှ လူတွေရဲ့ အတွင်းစိတ်ကို ကောင်းကောင်းကြီး သိလိမ့်မယ်။ ဒါဟာ ခင်ဗျားအတွက် ကာတွန်းအိုင်ဒီယာ ရစရာတွေချည်းပဲ '

ဆရာကြီး မဟာဆွေက   ' မင်းသတင်း ဗမာ့ခေတ်ထဲမှာ ဖတ်မိတာနဲ့ မင်း မဖြစ်နိုင်ဘူးဆိုတာ ငါကြိုတင်တွက်ထားပြီးသားပါ။ မင်းအဖေရဲ့ ဂုဏ်၊ မင်းရဲ့ မျိုးရိုးကို စိတ်ချပြီးသားပါ '

ကာတွန်းဦးဖေသိန်းရဲ့ အဖေနဲ့ ဦးလေးကတော့ ' မဖြစ်နိုင်တာကို သူတို့သိတယ်။ ဒါကြောင့် ဆွေမျိုးဂုဏ်ကို မညှိုးနွမ်းဖို့ သတင်းစာတွေကနေ အမြန်ဖြေရှင်းဖို့ ' အမိန့်ပေးသွားတယ်။

မဟာဂီတ သီချင်းတွေ ဆိုတဲ့  ဒေါ်လှိုင်က ' ဖေသိန်းရယ် ... နင်ဟာ နင့်အဖေ ဂုဏ်ကိုမှ မထောက် လုပ်ရက်တာဟယ်.. ' လို့ ပြောတယ်။ အမှန်တော့ ဒေါ်လှိုင်က ကာတွန်း ဦးဖေသိန်းရဲ့ ပြန်ဖြေရှင်းချက်ကို မဖတ်ရသေးလို့ပါ။

နောက်ဆုံးတော့ အမှုမှန် ပေါ်ပါတယ်။ ကာတွန်းဦးဖေသိန်းလည်း ဆရာကြီး ဦးဘဂျမ်းရဲ့ ဂုဏ်ကို ထောက်တာကြောင့်ကော၊ ဦးဘဂျမ်းရဲ့ အစ်မကြီးက တောင်းပန်တာကြောင့်ကော အဲဒီ ညစောင့် လူလိမ် သောင်းဖေကို တရားမစွဲတော့တာပါ။ ခင်မောင်ကြည် နာမည် အပေးကောင်းတာနဲ့ ဦးဖေသိန်းလည်း ကာတွန်းဝိဇ္ဇာဘွဲ့ကို ရသွားပါတယ်။ 

" ကြေးမုံ " သတင်းစာ ခေါင်းစီးစာလုံးကလည်း ကာတွန်းဦးဖေသိန်း ရေးဆွဲပေးတဲ့ လက်ရာပါ။ ကြေးမုံစာလုံး ဒီဇိုင်း ရေးဆွဲခအနေနဲ့ ပထမနှစ်မှာ ' နှစ်ရာကျပ် ' ရတယ်။ တနှစ်ပြည့်တိုင်း နှစ်တိုင်း လေးရာကျပ် အပိုဆုကြေးရပါတယ်။ ကြေးမုံသတင်းစာ စထွက်တော့ ကာတွန်းဦးဖေသိန်းရဲ့  ' ကြေးမုံနီတိ 'ကာတွန်း နေ့တိုင်း ပါ,ပါတယ်။ ကြေးမုံနီတိ ကာတွန်းရေးဆွဲခ အနေနဲ့ နေ့တိုင်း ရေးသည်ဖြစ်စေ၊ မရေးနိုင်သည်ဖြစ်စေ လတိုင်းလေးရာကျပ် ပေးပါတယ်။

အထောက်တော် လှအောင်ရဲ့ သတင်းဂျာနယ်ကိုလည်း ကာတွန်းဦးဖေသိန်းကပဲ ရေးဆွဲပေးတာပါ။ ကာတွန်းဦးဖေသိန်းဟာ သူ့ဘဝမှာ ' ကာတွန်းမှ တပါး အခြားမရှိ ' ဆိုတဲ့ လူနေမှုပုံစံနဲ့ နေခဲ့သူပါ။ ငယ်ငယ်တုန်းကတော့  ငယ်နာမည် ဘိုနီ အနေနဲ့ ရုံးစာရေး ဝင်လုပ်ပြီး၊ ဖေသိန်း နာမည်နဲ့ ကာတွန်းရေးဖို့ ရည်ရွယ်ခဲ့ပါသေးတယ်။ ကာတွန်းဦးဖေသိန်းရဲ့ အဖေက ' ကျွန် '  အလုပ်နဲ့ လူညွန့်မတုံးစေလို။ ကိုယ့်ဒူးကိုယ်ချွန်တဲ့ ကာတွန်း အနုပညာရှင်တယောက် ဖြစ်စေချင်တာမလို့ ရုံးစာရေး အလုပ်လည်း မလုပ်ဖြစ်ခဲ့ပါ။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ခေတ်တုန်းက မောင်ဖေသိန်းဟာ ကန်ကြီးဒေါင့် အာရှလူငယ်များ အစည်းအရုံးမှာ ကင်းထောက်မှူးနဲ့ စာကြည့်တိုက်မှူးတာဝန်တွေ ထမ်းဆောင်ခဲ့တယ်။ ဂျပန် တော်လှန်ရေးမှာ မြေအောက်တော်လှန်ရေးအနေနဲ့ ပါဝင်လှုပ်ရှားခဲ့တယ်။ ဦးဖေသိန်း အရွယ်ရောက်တော့ ' လွတ်လပ်ရေး မော်ကွန်းဝင် ဒုတိယအဆင့် '  ရတယ်။  ပုသိမ်ခရိုင် အာရှလူငယ်များ အစည်းအရုံး သမိုင်းကို ပြုစုဖို့ ဦးဖေသိန်းကို တာဝန်ပေးတော့ ဦးဖေသိန်းက အသင့်လျော်ဆုံး ပုဂ္ဂိုလ်က ဒေါက်တာသန်းထွန်း ဖြစ်တယ်လို့ အဆိုပြုခဲ့တယ်။ ဒေါက်တာသန်းထွန်းကလည်း ကျောင်းအလုပ်တွေနဲ့မလို့  ပုသိမ်ခရိုင် အာရှလူငယ်များအစည်းအရုံးသမိုင်းပြုစုဖို့ အချက်အလက်တွေ ရှာပေးဖို့ ကာတွန်းဦးဖေသိန်းကို အကူအညီတောင်းခဲ့တယ်။  ဂျပန်ခေတ် အာရှလူငယ်များအစည်းအရုံးမှာ ဒေါက်တာသန်းထွန်းက ငါးသိုင်းချောင်း၊ ဦးဖေသိန်းက ကန်ကြီးဒေါင့်ကနေလှုပ်ရှားခဲ့ကြတယ်။  ဒေါက်တာသန်းထွန်းကော၊ ကာတွန်းဦးဖေသိန်းကော ဂျပန်ခေတ်တုန်းက ပုသိမ်တခရိုင်ထဲမှာ တမြေတည်းနေ တရေ တည်း‌ သောက်ခဲ့ကြယုံမက အသက်တွေ ကြီးလာတော့လည်း  လှိုင်မြို့နယ် တမြို့နယ်ထဲမှာပဲ နေကြတာ တွေ့ရတယ်။ ဒေါက်တာသန်းထွန်းက လှိုင်မြို့နယ်ယောဂီကျောင်းလမ်းမှာနေသလို၊ ကာတွန်းဦးဖေသိန်းက လှိုင်မြို့နယ် ဓမ္မာရုံလမ်းမှာ အခြေချနေထိုင်ကြတယ်။

ဒုတိယကမ္ဘာစစ်ကြီး အတွင်းမှာ အာရှလူငယ် အစည်းအရုံးနဲ့ မြေအောက်တော်လှန်ရေး လုပ်ရင်း ဖြတ်သန်းတယ်။ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်အတွင်းမှာ ကာတွန်းဆရာ ပေါက်စအနေနဲ့ ရုန်းကန်လှုပ်ရှားခဲ့တယ်။ သန့်ရှင်း ဖဆပလ ( နု - တင် ) နဲ့ တည်မြဲ ဖဆပလ ( ဆွေ - ငြိမ်း ) နှစ်ဖွဲ့ကွဲတော့ ဦးနုတို့ သန့်ရှင်းအဖွဲ့ကနေ ထောက်ခံပြီး ကာတွန်းရေးဆွဲခဲ့တယ်။ သတင်းစာတိုက်တွေကို ပစ်စာတွေ ၊ ခြိမ်းခြောက်စာတွေ ရောက်လာတယ်။ ဦးနု လက်ထက်တုန်းက အစိုးရဘက်ကိုကော၊ တောခိုတဲ့အဖွဲ့အစည်းတွေဘက်ကိုကော ဝေဖန် ရေးဆွဲခဲ့တယ်။ ၁၉၆၂ ခုနှစ် နောက်ပိုင်း ရောက်တော့ တောခိုတဲ့ အဖွဲ့အစည်းတွေဘက်ကိုပဲ ဝေဖန် ရေးဆွဲခွင့်ရတော့တယ်။ သူ့ကိုတင် မဟုတ်ဘဲ၊ မိသားစုထိပါ ခြိမ်းခြောက်ခံရတဲ့အထိ ကာတွန်းဆရာဘဝကို ရုန်းကန်လှုပ်ရှားရင်းနဲ့ ဖြတ်သန်းခဲ့တယ်။ ၁၉၉၀ ခုနှစ် နောက်ပိုင်းမှာ ကာတွန်းဦးဖေသိန်းရဲ့ ကာတွန်း လှုပ်ရှားမှု အကုန်လုံး ပိတ်ပင်ခံခဲ့ရတယ်။ ကာတွန်းဦးဖေသိန်းဟာ ဘယ်လောက်ပဲ ခြိမ်းခြောက်ခံရပါစေ၊ ပိတ်ပင်တားဆီးခံရပါစေ သူမြတ်နိုးတဲ့ ကာတွန်းဆရာ ဘဝကို မစွန့်လွှတ်ခဲ့ပါဘူး။ နောက်ဆုံးအချိန်တွေထိ ကာတွန်းဦးဖေသိန်းဆိုတဲ့ ကာတွန်းဆရာဘဝကို ဖက်တွယ်ထားခဲ့တယ်။

ကာတွန်းဦးဖေသိန်းရဲ့ အကြိုက်ဆုံးကာတွန်းက ၁၉၈၈ ခုနှစ် ဆရာအောင်ပြည့် အယ်ဒီတာအဖြစ် တာဝန်ယူတုန်းက ထုတ်ဝေခဲ့တဲ့ ဩဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းမှာ ဖော်ပြပါရှိတဲ့   " ကမ္ဘာသူကမ္ဘာသားများ လွတ်လပ်ကြပါစေ " တစ်ကွက် ကာတွန်း ဖြစ်ပါတယ်။

နန္ဒအောင်

၂၆. ၇. ၂၀၂၆

*စာကိုး

ကာတွန်း ဖေသိန်း ရာပြည့်အထိမ်းအမှတ်၊ သူ့လက်ရာနှင့် သူ့စာများ။ ၂၀၂၄။ စိတ်ကူးချိုချို။
ကာတွန်းဖေသိန်းရဲ့ စာပဒေသာ။ ၂၀၁၀။ ရုပ်ပြောင်စာပေ။
သော်တာဆွေ။ ၂၀၁၆။ ကျွန်တောာ့်ဘဝဇာတ်ကြောင်း - ၁ ။ စိတ်ကူးချိုချို။
သော်တာဆွေ။ ၂၀၁၆။ ကျွန်တော့်ဘဝဇာတ်ကြောင်း - ၂ ။ စိတ်ကူးချိုချို။
သော်တာဆွေ။ ၂၀၂၂။ ကျွန်တော့်ဘဝဇာတ်ကြောင်း - ၃ ။ စိတ်ကူးချိုချို။

 -

 Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar