Breaking News

မောင်ဘဦး - တော သုံးထောင်

မောင်ဘဦး - တော သုံးထောင်

မိုးမခ ၊ ဇူလိုင် ၂၁ ၊ ၂၀၂၆


"ဟော၊ ဆရာကြီး။ အသက်ရှည်ဦးမယ်။ ဒီတခါ ရွာပြန်တာ တော်တော်ကြာနေလို့ အနောက်ဘက်ဆီ အေးဆေးပုံရတယ်လို့ ခုလေးတင် မဟေသီနဲ့ ပြောနေတာ။"

"ဟုတ်ပါတယ် ဆရာကြီး။ ဆရာကြီး မလာတော့ ရွာသတင်းလေးတွေ ဘာမှ မကြားရဘူးလေ။ မျှော်နေ။ အဲ အဲ။ လာဖို့မျှော်တော့လည်း ရွာတွေဘက်ဆီ မအေးဆေးရာကျ၊ ဆရာကြီးက ရွာဘက်ဆီ မအေးဆေးရင် မြို့လာရှောင်တော့၊ ဟို ဟို။ ရွာသတင်းလေးတွေ မျှော်နေမိတာပါ။"

"အေးဆေးလို့ရယ်တော့ မဟုတ်ပါဘူးဗျာ။ မြစ်ရေတက်လာလို့ ရွာထဲနဲ့ စိုက်ခင်းတွေ ရေဝင်တာရော၊ တနေ့လေးကတင် ခွေးသင်္ဘောတွေ ရမ်းသန်းပစ်ဖောက်ပြီး အထက်ဟုမ္မလင်းဘက် တက်သွားတာရောကြောင့် ခဏ ပြန်လာတာ။"

"အဲသည့်သင်္ဘောတွေ မင်းကင်းမှာ ကလေးတွေ လေတပ်နဲ့ အတွယ်ခံလိုက်ရသတဲ့၊ ဒီနေ့ပဲ သတင်းတက်လာတယ်။"

"ဟာ၊ ဟုတ်လား။ ဒါဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပေါ့။"

"ခွေးစစ်ကြောင်းကတော့ ဝမ်ပေါင်ထဲကနေ ထွက်ထွက်ပြီး သူတို့ ထိုးချင်တဲ့အချိန် ထိုးနေတာပါပဲ။ စစ်ကြောင်းထိုးရင် သေနတ်တွေ ပစ်ဖောက်ပြီး ရွာထဲဝင်တယ်ဗျ။ တခါတရံ လက်နက်ကြီး ပစ်ကူက ပါသေးတယ်။ စစ်ကြောင်းဝင်လာတဲ့အခါ တချို့စစ်ခွေးတွေက 'မပြေးကြနဲ့ ကိုယ့်အိမ်ထဲကိုယ် အသာနေ' လို့ ပြောသတဲ့ဗျ။ မပြေးလို့ ဘယ်ဖြစ်ပါ့မလဲ။ မပြေးလို့ လုံးဝကို မဖြစ်တာ။ မပြေးရင်လေ၊ ဟော၊ တွေ့တဲ့သူ ဖမ်းပြီး မေးချင်းတာတွေ မေးမယ်။ မသိဘူး ပြောရင် ရိုက်မယ်နှက်မယ်၊ ဖြေတာ နှေးရင်တောင် ရိုက်တယ်ဗျ။ ပြီးတော့ စစ်ကြောင်းသာ ထွက်တာ။ ဘာရိက္ခာမှ မပါဘူး။ သောက်ရေတောင် ကောင်းကောင်း ပါပုံမရပါဘူး။ ရွာတွေရောက်မှ တွေ့တဲ့သူကို ဆန်တို့ ကြက်ဥတို့ အရက်တို့ အရှာခိုင်းတာ။ ပိုက်ဆံပေးပြီး သွားဝယ်ခိုင်းတာ မဟုတ်ဘူးဗျနော်။ ဒီလိုမှမဟုတ်ရင် ဈေးဆိုင် အရက်ဆိုင်ကို လိုက်အပြခိုင်းတယ်။ ဈေးဆိုင်မှာ လူမရှိရင် တံခါးဖျက်ဝင်ပြီး ပိုက်ဆံသေတ္တာကအစ လိုချင်တာ အကုန်ယူတယ်။ ဆိုင်က ပစ္စည်းတွေ ပြန့်ကျဲနေအောင် လုပ်ထားခဲ့သေးဗျ။ စကားမစပ် ရွာတရွာမယ် စစ်ကြောင်းထိုးတော့ ကုန်စုံဆိုင် ပိုင်ရှင်တယောက် ပြေးရင်း စခတွေနဲ့ မိပါလေရော။ ခုနကအတိုင်း ဈေးဆိုင်လိုက်ပြခိုင်းတော့ သူနဲ့ပြိုင်ဘက်ဆိုင် လိုက်ပြတာပေါ့လေ။ ဟိုဆိုင်ကလည်း ဘာမှ ကောင်းကောင်းသိမ်းမသွားနိုင်ဘူးနဲ့ တူပါတယ်၊ ပြေးဆို ‌တံခါးပိတ်ပြီး အမြန်ထွက်ပြေးရရှာတာ နေမှာပေါ့။ အဲဒါ တံခါးဖျက်ပြီး ဝင်ယူတာ၊ အတော်လေး ပါသွားတယ်။ ပိုက်ဆံကိုက သိန်း ၁၅၀-၂၀၀ လောက်တဲ့ဗျ။ ဆိုင်က အဝတ်အထည်တွေရော၊ ဆန်အိတ်၊ ဆီပုံးတွေရော။ အဲ အဲ၊ ပြဿနာက အဲသည်အိမ်နားက မပြေးဘဲနဲ့ သော့ခတ် တံခါးပိတ် ငြိမ်ငြိမ်လေး ပုန်းနေတဲ့သူက ချောင်းကြည့်ပြီး မြင်ပါလေရော။ စစ်ကြောင်းပြန်သွားတော့ လျှောက်ပြောတော့တာပေါ့ဗျား၊ ခွေးဘယ်နှကောင်၊ ဘယ်သူ လိုက်ပို့၊ ပြဿနာ ပေါ့ဗျာ။"

"အဲသည်ပြဿနာ ပ-သုံးလုံးဆီရောက်၊ တခါ နုကြည်ဆီ ထပ်ရောက်၊ ဒီလိုလား။ ဒါမှမဟုတ် ကုန်စုံဆိုင်ချင်း တွယ်ကြရောလား။ ဒါ သမဒတု မင်းအောင်လှိုင် စစ်ခွေးတွေရဲ့ စစ်ကြောင်းထိုး သွေးခွဲရေး ဖော်မြူလာပဲဗျ။ ပြည်သူအချင်းချင်းကြား သွေးခွဲတာလေ။ ရှိသေးတယ်။ ပီဒီအက်ဖ် ယူနီဖောင်းတွေဝတ်ပြီး ပြည်သူနဲ့ ပီဒီအက်ဖ်ကြား သွေးခွဲတတ်သေးတယ်။ ပီဒီအက်ဖ် အချင်းချင်းထဲလည်း သွေးခွဲဦးမှာပဲ။ ဒေါ်စိန်အေးကျောင်းက သင်လွှတ်လိုက်တဲ့ ဖော်မြူလာလေ။"

"အခုတလော ကြားမိတယ်မို့လား ဆရာကြီး။ ဗိုလ်ချုပ်ရုပ်တုတွေ လိုက်ဖျက်နေတာလေ။ ပုံမကျပန်းမကျလို့ ဆိုလား။ ပုံမကျပန်းမကျလို့သာ ဖျက်ချင်ရင် သူတို့ရဲ့ သမဒအတု မအလကို အရင် ပစ်သတ်ရမှာ။ အရပ် ၄ ပေလောက်နဲ့ ပုံမကျပန်းမကျ။"

"ဘယ်လိုပဲ ဗိုလ်ချုပ်ရုပ်တုတွေ လိုက်ဖျက်နေနေ၊ ဒီကောင်တွေ 'သားအဖတတွေ ထင်းစည်းကို ဒူးနဲ့ တိုက်ချိုးနေတဲ့ ရုပ်တု' ကိုတော့ ဘယ်တော့မှ မဖျက်ရဲဘူးဗျ။ သူတို့ခွေးအချင်းချင်း သွေးကွဲမှာ သေမလောက် ကြောက်တဲ့ အကောင်တွေပဲ။"

"၈-လေးလုံးနောက်ပိုင်း၊ ရန်ကုန် စစ်ရုံးချုပ်မှာ စစ်ခွေး ပီအေ အချင်းချင်း ပစ်ကြလို့၊ ဒီမုံရွာသားပါပဲဗျာ၊ ဗက မောင်အေးရဲ့ ပီအေ သေပါလေရော။ အရင် မုံရွာ့တောင် သင်္ချိုင်း၊ အခု ကားလေးဝင်းမယ် အုတ်ဂူလုပ်ထားတာ။ နောက်ပိုင်း အဲသည်သုသာန် အဖျက်ခံရပြီး အခု ကားလေးဝင်း ဖြစ်နေတယ်လေ။ ကရုဏာမြင့်မိုရ် လူမှုကူညီရေးဆေးခန်း သွားပြရင်းနဲ့ မကျီးအုပ်ကျောင်း ရှစ်မျက်နှာဘုရားမယ် ကောင်းမှုကမ္ပည်း တွေ့သဗျ။ ဆိုလိုချင်တာက၊ ပြည်သူကိုတော့ သွေးမကွဲ ကွဲအောင် လုပ်ပြီး၊ သူတို့စစ်ခွေး အချင်းချင်း ဆော်ကြတာကျ တိတ်တိတ်လုပ်သွားတာကိုပါ၊ ခုတောင် မေမြို့ ဗိုလ်သင်တန်းကျောင်းမယ် စစ်ခွေးလောင်း အချင်းချင်းဆော်လို့ သေတာတွေ၊ တိတ်တိတ်လုပ်သွားတာပါပဲ။ ကဲ ဆရာကြီး၊ ဆက်ပါဦးဗျ။"

"စစ်ကြောင်းထိုးတဲ့အချိန် စခနဲ့တွေ့လို့ကတော့ အနှိပ်စက်လည်း ခံရမယ်၊ ပိုက်ဆံနဲ့လည်း အရွေးခိုင်းမယ်၊ မထင်မထင်သလို သတ်မယ်။ သတ်ပြီး အလောင်းပါ အိမ်ထဲထည့် မီးရှို့ ဖျောက်ပစ်မယ်ဗျ။ ဒင်းတို့နဲ့ မတွေ့ရအောင်လို့ ပြေးကြရပြန်တော့လည်း နေအိမ်တွေ ဖောက်ဝင်ပြီး ပရိဘောဂတောင် မချန်ဘူးဗျာ၊ ယူကြတာ။ ဒါ သမဒတု မင်းအောင်လှိုင် စစ်ခွေးတွေရဲ့ စစ်ကြောင်းထိုး ဖော်မြူလာပဲ။ ပြီးတော့ အရပ်ဘက်ဆေးရုံ ဆေးပေးခန်းတွေကို ဗုံးကြဲတယ်၊ စာသင်ကျောင်းတွေကို ဗုံးကြဲတယ်။"

"တနေ့က စစ်ကြောင်းထိုးတာ ဟိုဘက်ရွာက ကလေးမလေးခမျာ ဗျာ၊ ပြေးတာ ဘုန်းကြီးကျောင်းထဲ ရောက်ပြီးသား၊ အေးဆေးတယ် ဆိုပြီး ရွာထဲ ပြန်သွားသတဲ့။ အိမ်လည်းရောက်ရော စစ်ခွေးသုံးကောင် ဝင်လာသတဲ့ဗျ။ အဲဒီအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် ဖုန်းက ဝင်လာသတဲ့။ 'စပီကာဖွင့်ပြီး ကိုင်လိုက်' လို့ ခိုင်းသတဲ့၊ 'ညည်း ဘယ်မလဲ၊ ဒို့ကတော့ ကျောင်းထဲမှာ၊ ပြန်ပြေးခဲ့၊ သူတို့များ သွားမယုံလေနဲ့ ဘာညာ' ပြောတော့၊ 'ဒီလိုလား' ဆိုပြီး မုဒိမ်းကျင့်လွှတ်လိုက်တာ။ သူတို့အလစ်မယ် ဝတ်လစ်စလစ်ကြီးနဲ့ ထွက်ပြေးခဲ့ရရှာသတဲ့ဗျာ၊ အသက်ထက်တော့ မရှက် မကြောက်နိုင်တော့ဘူး။"

"အင်း။ ဒါကြောင့် လုပ်သလိုသာ ပြန်လုပ်လိုက်ရရင်ဖြင့်၊ နောက်နောင် အမှတ်လည်း ရှိသွားမယ်၊ တော်လှန်ရေးကြီးလည်း အမြန်ပြီးစီးမယ်။ ဒါပေမဲ့ သက်ဆိုင်ရာတွေက ခုကတည်းက သန္ဓေပါသွားအောင် တော်လှန်ရေးအဖွဲ့တွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေကြတာကို သင်းတို့က ရောင့်တက်သဗျာ။"

"တချို့ရွာတွေများဆို ဆရာကြီးရယ်၊ ရွာပျက်ကြီးတွေတောင် ဖြစ်လို့။ ဆင်စွယ်ရွာထဲလည်း တပ်စွဲထားကြတယ်ဗျ။ လယ်ငေါက်ဆို တနေ့ကဟာနဲ့ဆိုရင် မီးအရှို့ခံရတာ ငါးကြိမ် ရှိပြီ။ မိုင်းတွေထောင်ထားတာကလည်း ပွစာတက်လို့ဗျာ။ တလောက ဖိုဝင်းတောင်လမ်းမယ် အပေါ့သွားချင်တာနဲ့ ကားရပ်ပြီး အပေါ့သွားရင်း မိုင်းနင်းမိလို့ သေရှာပါရောလား။ သူ့ညီမောင်တောင် ကားပေါ်က အဆင်း ဖိနပ်ရှာမတွေ့လို့ လွတ်တာ။"

"တလောက ဗုံးကြဲတဲ့ထဲ ပါသွားတာက တူတော်မောင် ဒေါက်တာလေ။ သူ့မိန်းမလေးကလည်း ပုလဲနယ်ဘက်ကပါပဲ။ ခွဲစိတ်ခန်းအပြီး နားနေကြချိန်မို့ သူ့တစ်ယောက်တည်း ထိသွားရှာတာ။ နေ့လယ် နှစ်ချက် သူ့နာရေးကိုတောင် သုသာန်မှာ အချိန် အတိအကျနဲ့ ဗုံးလာကြဲသေးတာ ကလား။ အဲ့သလောက်ထိအောင်တောင် ယုတ်မာလွန်းတဲ့ စစ်မိစ္ဆာတွေပါဗျာ။ ညှာတာပေးဖို့ လုံးဝ မထိုက်တန်တဲ့ စစ်မိစ္ဆာတွေဗျ။ ဆေးကုလာတဲ့ လူနာက လက်ထောက်ချတယ်လို့ ပြောကြတာပဲဗျာ။"

"စီဒီအမ် ကျန်းမာရေးဝန်ထမ်းတွေခမျာလည်း ခက်ပါတယ်။ မကုမကောင်း၊ ကုမကောင်း။ ကုမပေးပြန်လည်း မကောင်း၊ ကုပေးပြန်တော့လည်း ဒလန်နဲ့တွေ့။ ဒါမျိုးတွေ တော်လှန်ရေးကာလကြီးထဲမှာ မိလို့ကတော့ လူ့အခွင့်အရေးတွေ ဘာညာတွေ ခဏ ဘေးဖယ်ထားပြီး တော်လှန်ရေးကာလနဲ့တူအောင် လုပ်သင့်တာပါပဲဗျာ။ ကျနော်တောင် မနက်ဖြန် သန်ဘက်လောက်တောင် ပြန်သွားရဦးမယ်ဗျ။ ဟိုမှာ ကျောင်းအပ်တဲ့ကိစ္စတွေက အမယ်ဘုတ်ရဲ့ သူ့ချည်ခင်ထက်တောင် ပိုပြီးတော့ ရှုပ်နေသဗျ။ အင်း၊ ကျန်းမာရေးဝန်ထမ်းတွေမှ ခက်တာမှတ်နေ၊ စီဒီအမ် ပညာရေးဝန်ထမ်းတွေခမျာလည်း ခက်ကြရရှာတာပဲလေ။"

"အိမ်ဘေးမယ် အိမ်ငှားလာနေတဲ့ ဓာတ်ခွဲခန်းက ကလေးမလေး ပြောပြလို့။ 'ဘလက်လစ်ဖြည်တာ' ဆိုလား။ စီဒီအမ်ကနေ နန်းစီဒီအမ် ပြန်ပြောင်းတာပေါ့။ 'ဘာပြုလို့ စီဒီအမ်ဝင်သလဲ ခိုင်လုံအောင်ပြော' လို့ ဆိုသတဲ့။ နှစ်သိန်းခွဲ-သုံးသိန်း လောက်ကုန်သတဲ့။ ဆရာဝန်တွေဆို သိန်း၅၀-၆၀ လောက်ကုန်တယ်ဆိုပဲ။ ပညာရေးဌာနက ကျောင်းဆရာမတယောက် ပြောတာကတော့ ဘလက်လစ် ဖြေချင်လို့ ပညာရေးမှူးဆီ သွားတာ ငေါက်လွှတ်ခံရသတဲ့။ 'ကျုပ်ဆီမလာနဲ့၊ ဘဏ်အရင်သွား' တဲ့။ အမေစုလက်ထက်က ပေးထားတဲ့ ပိုက်ဆံကို ကျေအောင် အရင်သွင်း၊ ရပ်ကွက်ထောက်ခံစာတွေ ရဲစခန်းထောက်ခံစာတွေ ယူ၊ အဆင့်ဆင့် တော်တော်ကြာအောင် လုပ်မှရသတဲ့။ ရပြန်တော့ အရင်ရောက်နှင့်နေတဲ့ နန်းတွေက နှိမ်လိုက်တာ မပြောပါနဲ့တော့ တဲ့။"

"ဒါနဲ့ ကိုရင်တို့ အနောက်ဘက်ဆီမလည်း အခု ရွေးတုအစိုးရရဲ့ စာသင်ကျောင်းတွေဆီ သွားအပ်ရင်၊ ဘာတဲ့၊ ရွာပြန်မလာရဘူးတွေ ဘာညာတွေနဲ့ ရှုပ်နေတယ် ဆို။ တနေ့ကလည်း အရှေ့မြောက်လက်က ဆရာမတစ်ယောက် ဈေးဝယ်ရင်း ဝင်လာတယ်။ သူတို့ဆီကျတော့ ရွေးတုကျောင်းကို သွားထားတဲ့ ကလေးတွေကို ကျူရှင်သင်လို့တဲ့။ ဆဲတဲ့စာ ဆိုလား၊ သတိပေးတဲ့စာ ဆိုလား အိမ်မှာ ချိတ်သွားလို့တဲ့ ဗျ။"

"ဟော။ အတော်ပဲဗျာ။ မဟေသီလက်ရာ ခေါက်ဆွဲကြော်လေး။ ပွဲလေး ၆၅၀၀-၇၀၀၀ ၊ ပွဲကြီး ၁ သောင်း- သောင်းကျော်တန်တွေနဲ့ ဘယ်လိုများ နေမလဲ၊ မြည်းကြည့်စမ်းပါဦး၊ အကဲဖြတ်စမ်းပါဦး။ အဂတိတရား ၄-ပါးနဲ့ ညီညွတ်အောင်တော့ အကဲဖြတ်ရမယ်ဗျနော။"

"ဒါကတော့ ဆရာကြီးရယ်၊ ပညာရေးမှူးဘဝ သင်္ကြန်ဗဟိုဆုပေးမဏ္ဍပ်မယ် အကဲဖြတ်ခိုင်းတုန်းကလိုပေါ့။ ပြိုင်ပွဲဝင်အဖွဲ့တွေရဲ့ ကုန်ကျစရိတ်လည်း ကာမိအောင် ဆုကို မျှပေးဖို့ လမ်းညွှန်ချက်ကြီးနဲ့ အကဲဖြတ်ခဲ့ရတာလေ။ ပရင်စီပယ် စည်းမျဉ်းစည်းကမ်း 'မူ' ကိုက။ လွတ်လပ်စွာဆို လွတ်လပ်စွာပေါ့။ ဒီလိုလေးဆိုရင် ပိုမကောင်းဘူးလား ဆိုတော့လည်း ကောင်းတယ်၊ မကောင်းဘူးဆိုတာကို ပြန်လည်ပြောဆို ဆွေးနွေးခွင့် ရှိ၊ မရှိတို့၊ သင့်၊ မသင့်တို့ပေါ် မူတည်ပြီးတော့ တခါတလေ အမြဲတမ်းလိုလို ရေလိုက်ငါးလိုက် လုပ်ရတာပါပဲဗျာ။ အရှင်နာဂသေနတောင်မှ မိလိန္ဒမင်းကြီးရဲ့ အမေးကို မဖြေခင်၊ ပညာရှင်အနေနဲ့ ဖြေရမှာလား၊ အရှင်သခင်အနေနဲ့ ဖြေရမှာလား အရင်မေးရသေးတယ်လေ။ 'လွတ်လပ်စွာ' လို့ လမ်းဖွင့်ပေးပြီးမှ ကိုယ့်နဲ့ မတိုက်ဆိုင်လို့ မကျေနပ်တာတို့၊ ရေခပ်မကြုံ ထင်းခွေကြုံတို့၊ ကာယကံရှင်ကိုယ်တိုင် မကျေမနပ်တာ မရှိဦးတောင်မှ နောက်လိုက် ဘောမတွေရဲ့ရန်က ကြောက်ရသေးတာကလား။ အခုလည်း ဒီအသက်ဒီအရွယ်ကြီး နေဝင်ခါနီးမှ အဂတိဖက်လို့ ကတော့၊ ဟင်းဟင်း။ အဲ ဟိုဒင်း၊ နောက်အခေါက်တွေမယ် ကျွေးချင် မွေးချင်တဲ့ စိတ်စေတနာလေး ကွက်မသွားအောင် မုသားမပါ လင်္ကာမချောလေးကတော့။"

"အဲသည့် မုသားမပါ လင်္ကာမချောတို့၊ မကောင်းပါဘူးကွာတို့၊ အားနာစရာကြီးတို့၊ ဘယ်သူဘယ်ဝါ့မျက်နှာထောက်ရတာတို့၊ ဆိုတာတွေဟာ ဗုဒ္ဓဘာသာ မြန်မာတွေမှာပဲ တယ်အားကြီးတာကလား။ ကျနော်တို့ ဘာသာရေးခေါင်းဆောင်တွေကိုယ်တိုင်ကကို။ အင်း။ ကဲကဲ၊ သုံးဆောင်ပါဦးဗျ။ ပြောမဆုံးပေါင် တောသုံးထောင်။ စားရင်းနဲ့ ဆက်ပြောကြတာပေါ့ဗျာ။"

"ဇွန်းခက်ရင်း စိုက်ထားပြီးမှ နံဘေးမယ် တူတစုံ ချထားတာက။ ဆရာမကြီးရယ်၊ ကျနော်ကတော့ ဝမ်ပေါင်ထဲကနေ စခတွေ ထွက်ထွက်လာလွန်းလို့ တီလုပ်ဆိုရင် အတတ်နိုင်ဆုံး 'ဝေရာမဏိ' ထားပါတယ် ခင်ဗျ။ ပြောသာပြောရ၊ မနက် အိပ်ရာထတာနဲ့ တီလုပ်သွားတိုက်တံ တီလုပ်သွားတိုက်ဆေး၊ တီလုပ်မျက်နှာသုတ်နဲ့ တီလုပ်လ္ဘက်ခြောက်လေးသောက်ရင်း တီလုပ်ဖုန်းလေးကို ဖွင့်ကြည့်။ အခု လာတာတောင် တီလုပ်ဆိုင်ကယ် အဟောင်းလေးနဲ့။ ဧည့်ခံတဲ့သူကလည်း တီလုပ်ခေါက်ဆွဲ။ အမယ်။ ငုံးဥတွေ ဘာတွေနဲ့ပါလား၊ ခေါက်ဆွဲသားကလည်း အိစက်လို့ပါလား၊ အသီးအရွက်ကလည်း အပျော့ အမာ အနေတော်။ ဆရာကြီးတို့ ကျုပ်တို့အရွယ် သွားတွေနဲ့က ဖစ်ဆိုက်။ ကြက်သွန်နီနဲ့ ဆော့ချဉ်က အိမ်တင် သေချာလုပ်ထားတာ ထင်တယ်။ သိပ်ကြီးလည်းမချို၊ သိပ်ကြီးလည်းမစပ်၊ အချိုအချဉ် အငန်အစပ် အနေတော်ပဲဗျ။ အင်း။ ဟင်းချိုရည်က တယ်ဟုတ်ပါလား။ ကြက်စွပ်ပြုတ်ပါလား။ တရုတ်နံနံ၊ ဟို ဟို၊ 'ကျင်ဆိုင်' နံ့လေးက သင်းလို့။ စောက်တလုပ် နာမည်ကိုတော့ ဘယ်နေရာမှ ထည့်မခေါ်ချင်ဘူးဗျာ။ ကျနော်တို့ ပြည်သူတွေအပေါ်မယ် တချက်ကလေးမှ ကောင်းကျိုးမပေးတဲ့ဟာကို။"

"သူမပါလည်း မပြီးပြန်ဘူးဗျ။ ဟိုနေ့ကတောင် ပုဂ္ဂိုလ်တယောက် ပြောသွားသံ ကြားလိုက်ပါရဲ့။ တရုပ်နဲ့ ဆက်ဆံရာမှာ ထိမ်းထိမ်းသိမ်းသိမ်း သတိထားရမယ် ဆိုလား။"

"ဒါနဲ့ ခုနက အမယ်ဘုတ်ချည်ခင်လေး ဆက်ပါဦးလေ။"

"ပလေ့စ်မင့် သွားဖြေကြတဲ့ ကျောင်းသားတွေရဲ့ ကားဆရာကို အယ်ဒီအက်ဖ်က ဖမ်း။ ကျောင်းသား မိဘတွေကို ဖမ်း။ ဖမ်းတော့ ဆန္ဒပြ။ နေဦးဗျ။ ဖမ်းပြီး လက်လွန်သွားလို့ တယောက်က သေ။ ဖမ်းတဲ့သူတွေဟာ သူတို့သားသမီးတွေကျတော့ ရန်ကုန် မန္တလေး မေမြို့ နေပြည်တော် ကျောင်းတွေထားတယ် ဆိုလား။"

"ဒါလား၊ ဒါများ အမယ်ဘုတ်ရဲ့ချည်ခင် မဟုတ်သေးပါဘူးဗျာ။ ဆုပေး-ဒဏ်ပေးကို ပြတ်ပြတ်သားသား ကြေညာ။ ကြေညာတဲ့အတိုင်း တိတိကျကျလုပ်နိုင်ရင် ပြီးတာပါဗျာ။ အဲ၊ ပအဖ၊ ပလဖ၊ ပကဖကတော်တွေ၊ သူတို့ရဲ့ နှမအစ်မ အဒေါ်တွေက 'နန်း' တွေဖြစ်နေလို့၊ သူတို့သားသမီးတွေကိုယ်တိုင် ရွေးတုကျောင်းကို သွားထားလို့၊ 'ဘွာတေး' တော့ မပါနဲ့ပေါ့နော။"

" 'အခြေခံပညာ' ဆိုတာမယ် 'အခြေခံ' ဆိုတဲ့ အဓိပ္ပာယ်၊ 'ပညာ' ဆိုတဲ့ အဓိပ္ပာယ်တွေက ဘာလဲ။ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်တွေမှာ ဘာတွေကို မဖြစ်မနေ သိထားသင့်သလဲ။ မူ-လယ်-ထက်တွေမှာ ကာယဗလ ဉာဏဗလ စာရိတ္တဗလပိုင်းဆိုင်ရာတွေ အဆင့်ဆင့် ဘယ်လောက်အထိ ပြည့်စုံထားသင့်သလဲ။ မိမိတို့ရဲ့ ရင်နှစ်သည်းချာ သားသမီးရတနာ လေးတွေကို မိဘများအနေနဲ့ ဘယ်လို စာရိတ္တအမွေမျိုး ပေးခဲ့ချင်သလဲ။ သဘောကတော့ လူလိမ်ကျောင်း၊ သူခိုးကျောင်း ဓားပြကျောင်း၊ မုဒိမ်းကျင့် သင်ပေးတဲ့ကျောင်း၊ လာဘ်ပေးလာဘ်ယူ သင်ပေးတဲ့ကျောင်းမျိုးမှာ အပ်နှံထားချင်ကြသလား ပေါ့ဗျာ။"

" 'အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းက' ဆိုတာနဲ့ရော အဲဒီကျောင်းက ပြည့်စုံရဲ့လား။ အထက်က ပြောခဲ့သလို လူသတ် မုဒိမ်းကျင့်၊ ဆေးရုံ ဆေးခန်းတွေ စာသင်ကျောင်းတွေကိုတောင် ဗုံးကြဲ သတ်ဖြတ်တတ်တဲ့ စစ်အစိုးရကျောင်းလိုမျိုးမှာ ငါ့သားသမီးလေးသွားထားတော့ ဘာပညာအမွေတွေ ရလာမလဲ။ လိမ်ပြောတတ်မယ်၊ ခိုးတတ်မယ်၊ ဓားပြတိုက်တတ် လူသတ်တတ်မယ်။ လူ့လောက ငါတို့မရှိတော့တဲ့နောက်ကွယ် ငါတို့သားသမီးလေးတွေ ဘယ်လိုနည်းနဲ့ အသက်မွေးဝမ်းကျောင်းရှာကြမလဲ။ စကစကျောင်းကို ဝင်ခွင့်ရအောင် ကျောင်းထွက်လက်မှတ်ရဖို့ကအစ လာဘ်ထိုးရကတည်းက မိမိတို့ သားသမီးတွေရဲ့ စိတ်အစဉ်မှာ '...ဒီလိုလုပ်ရင် လွယ်လွယ်ရတယ် ငါလည်း လုပ်မယ်...' ဆိုတဲ့ အသိက ဝင်သွားပြီပဲ။ ပြီးတော့ ငါ့မိဘက လာဘ်ထိုးထားတာပဲ ဆိုပြီးတော့ အာစရိယ ဆရာ၊ ဆရာမတွေ အပေါ်မှာ မရိုသေတော့ဘူး မလေးစားတော့ဘူး။ သူငယ်ချင်း အချင်းချင်းအပေါ်မှာတောင် မောက်မာတဲ့စိတ်တွေ ဝင်သွားပြီလေ။ ဒါကြောင့်မို့ ကျောင်းသားချင်း ရန်ဖြစ်ကြ၊ သေတဲ့အထိတောင် ဖြစ်ကြတာပဲ။ ဒါတွေကို နီးရာနကတွေတော့ ရှင်းပြခဲ့ပါရဲ့။ တချို့လည်း သဘောပေါက်ကဲ့။ တချို့ကတော့ သဘောပေါက်သလိုလိုနဲ့ မြို့က စကစကျောင်းတွေဆီ သွားအပ်ကြတာပါပဲဗျာ။ ပြီးတော့ မြိန်ရေယှက်ရေ ကြွားလုံးထုတ်ကြပါလိမ့်ဦးမယ်။ 'ကျုပ်သားက ဆရာအတတ်သင်ကျောင်းမှာလေ။ ကျုပ်သားက ဝမ်းကျောင်း၊ တူးကျောင်း၊ သရီးကျောင်း၊ ထ-၄၊ ထ-၅၊ ထ-၆၊ ထ-၇။ သမီးလေးက ခရိုင်တရားရုံးလေ။ ကျုပ်သားက 'စ' သုံးလုံးမယ်ဗျ။ ကျုပ်သားက ထောက်လှမ်းရေး။ ကျမသားကတော့ ပြင်ဦးလွင် ဒေါ်စိန်အေးကျောင်း။"

"မယုံမရှိပါနဲ့ ဆရာမကြီးရယ်၊ အခု အိမ်မှာမနေရဲလို့ မေမြို့တို ရန်ကုန်တို့ နေပြည်တော်တို့ဆီ ခြံဝင်းဝယ်ပြီး သွားရှောင်နေကြတဲ့သူတွေထဲမှာ 'သားအရင်း သမီးအရင်းက ခွေးတပ်ကမို့' ဆိုတာထက် သမက်က 'ခွေးဗိုလ်' မို့လို့ ရှောင်နေကြသူတွေက ပိုများလှဗျာ။"

"အခုလမ်းလျှောက်လာတော့တောင် ကျောပိုးအိတ်လေးတွေ ထမင်းဘူး၊ သောက်ရေဘူးလေးတွေနဲ့ ကျောင်းစိမ်းလေးတွေကို အတော်လေးရှောင်လာရသဗျ။ တချိန်က နားရွက်မခတ်ရဲ အမြီးတောင် မနန့်ရဲတဲ့ နန်းဆရာဆရာမတွေနဲ့ တိတ်ဆိတ်ငြိမ်သက်နေခဲ့တဲ့ စစ်ကိုင်းတိုင်းရဲ့ မြို့တော်ကြီးမှာ၊ ခုများဖြင့် အပြင်ထွက်ရင် 'ကျောင်းချိန်' နဲ့ မတိုက်အောင်ကို သတိထား ရှောင်နေရသဗျား။"


"ဒါနဲ့ ဆရာကြီး။ ဝိပဿနာတရားစခန်းမှာတုန်းက အနိစ္စလက္ခဏာ၊ ဒုက္ခလက္ခဏာ၊ အနတ္တလက္ခဏာ၊ ရှူပုံရှူနည်း 'တော-၄၀' တောင်မှပဲနော်။ အခု အောက်ချင်းတွင်း အညာမုံရွာရဲ့ တော်လှန်ရေးလက္ခဏာတွေကတော့၊ 'တော လေးဆယ်မက၊ ပြောမဆုံးပေါင် တော သုံးထောင်' အထိတောင်' ပါပဲနော။"

"ကဲ၊ ကျောင်းဆင်းချိန်နဲ့တွေ့နေလို့ လမ်းကြပ်ပြီး တော်တော်နဲ့ အိမ်ပြန်မရောက်ပဲနေလိမ့်။ ပြန်ဦးမှပဲ ဆရာကြီး ဆရာမကြီးတို့ရေ။ ဘရိတ်ဖတ်ခေါက်ဆွဲကြော်အတွက် ကျေးဇူးပါခင်ဗျ။"

သုခိတာ ဟောထ ၊ တော်လှန်ရဲဘော်အပေါင်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ ။


မောင်ဘဦး 

(၁၃၈၈ ၊ ပဝါကွယ်)



Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar