Breaking News

နေသွင်ညိဏ်း - သမိုင်းထဲက လူတယောက် သေဆုံးသွားတာနဲ့ ပတ်သက်၍

May be a graphic of text 

နေသွင်ညိဏ်း - သမိုင်းထဲက လူတယောက် သေဆုံးသွားတာနဲ့ ပတ်သက်၍

မိုးမခ ၊ ဩဂုတ် ၂၉ ၊ ၂၀၂၆

 

၂၀၀၄-၅ လောက်က ထောက်လှမ်းရေးက မှားယွင်းဖမ်းခံထားတဲ့လူတွေကို ပြန်လွှတ်ပေးလိုက်ပါတယ်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်လာကြတယ်။ ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့်ကို ဗိုလ်ချုပ်သန်းရွှေက ပြန်ဖမ်းလိုက်တယ်။

အဲဒီအချိန်က ကျနော်က နယ်စပ်မှာ ထုတ်တဲ့ မိုးကြိုးသတင်းစာမှာ လက်သင်သတင်းစာသမားဘဝ။ ကျနော်တို့ သတင်းစာတိုက်က ဒိုနာတွေ ဘာတွေ မရှိတော့ ပြည်ပရောက်တွေကို လစဉ် သတင်းစာရောင်းတယ်။ အများစုကိုတော့ မြန်မာ အလုပ်သမားတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ အခမဲ့ ဝေပါတယ်။

ပြောလက်စ ပြန်ကောက်ရရင် ပြန်လွတ်လာတဲ့ နိုင်ကျဉ်းဟောင်းတွေ ပြည်တွင်းမှာ နိုင်ငံရေး ပလက်ဖောင်း မရှိတော့ တတိယနိုင်ငံတွေဆီ ထွက်ကြတယ်။ ကျနော်တို့က မဲဆောက်အခြေစိုက် ဆိုတော့ လူတော်တော်များများက ကျနော့်အသံဖမ်းစက်ကို ဖြတ်ရတယ်။ အဲဒီအချိန်က ကျနော်တို့ကလည်း သမိုင်းကို မှတ်တမ်းတင်ထားဖို့ လိုတယ်ဆိုပြီး နှုတ်ပြောသမိုင်းတွေကို ရသလောက် အသံဖမ်းထားတယ်။ ကျနော်က အသံဖမ်းသမား၊ တခြားလူတွေလည်း ကြုံသလို ဖမ်းကြပါတယ်။

နိုင်ကျဉ်းတွေက ၁၉၈၈ ကို ဖြတ်ခဲ့တဲ့သူတွေ။ ၁၉၈၈ အကြောင်းကတော့ ကျနော် ငယ်ငယ်က စစ်အစိုးရက ထုတ်တဲ့ စာအုပ် ၂ အုပ်၊ (အနီနဲ့ အစိမ်း ထင်တယ်) မှာ ဖတ်ဖူးတယ်။ မယုံပေမဲ့ ကျနော်က အကြိမ်များစွာ ဖတ်ခဲ့တယ်။ အခု အင်တာဗျူးတဲ့အခါ စာအုပ်ထဲက တချို့လူတွေကို အရှင်လတ်လတ်တွေ့ရတယ်။ တချို့လည်း လက်ဝဲနိုင်ငံရေးသမားတွေ။ သူတို့ထဲက ဦးသန်းနိုင်ကို ကျနော် သိပ်မှတ်မိတယ်။ သူက စာအုပ် အနီထဲလား၊ အစိမ်းထဲလား မသိပါတယ်။ ကျန်းမာရေးက အတော် မကောင်းတော့ဘူး၊ အသံဝါကြီးနဲ့ နိုင်ငံရေးသီချင်းဆိုတဲ့အခါ တမျိုးတမည် ခံစားရတယ်။ ဦးသန်းနိုင်က ၈၈ မျိုးဆက်တော့ မဟုတ်ပါဘူး။ မှိုင်းရာပြည့် မျိုးဆက်လောက် ထင်ပါတယ်။

တချို့လည်း ကျနော်နဲ့ တခန်းတည်းမှာ ခဏ နေကြတယ်။ ညဆို စကားတွေ ပြောကြတယ်။ ကျနော်က နားထောင်သူ။ ဦးလှရွှေရဲ့ သား ကိုဆက်နဲ့လည်း ကျနော် ခဏနေဖူးသေးတယ်။ ကျနော်က သူ့ကို လူပုဂ္ဂိုလ်အရ ချစ်ခင်တယ်။ သူလည်း ကျနော့်ကို ကြင်ကြင်နာနာ ဆက်ဆံပါတယ်။ သူ့ဆီက ၈၈ မျိုးဆက်တွေအကြောင်း ကျနော် နားထောင်ရတယ်။ သူတို့ နိုင်ငံရေး အကြောင်းကို မဟုတ်။ လူအဖြစ်ကို။ ဆရာဒဂုန်တာရာရဲ့ ရုပ်ပုံလွှာအဖွဲ့တွေကို ကြိုက်တဲ့ ကျနော်က နိုင်ငံရေးထက် လူကို ပိုစိတ်ဝင်စားတယ်လေ။

ဒီလိုနဲ့ ကိုမင်းကိုနိုင် အစရှိတဲ့ ကျောင်းသားခေါင်းဆောင်တွေ အကြောင်း သူတို့ရဲ့ လူသားဘဝကို ကျနော် ပုံပြင်လို နားထောင်ခဲ့ရတယ်။ နောက်ထပ်လည်း နိုင်ကျဉ်းဟောင်းတွေ အများကြီး ကျနော် ဆုံပါတယ်။ တချို့လည်း ကျနော်နဲ့ မတိမ်းမယိမ်းဆိုပေမဲ့ ထောင်ထဲ သူတို့ဆုံတဲ့ နောင်တော် ကျောင်းသားတွေအကြောင်း ပြောကြတယ်။ ဒီလိုနဲ့ ကိုမောင်မောင်ကျော် အကြောင်းလည်း ပါတယ်။ ဘယ်သူက ပြောမှန်း ကျနော် မမှတ်မိတော့ပါ။ သပိတ်တုန်းက ဘယ်လို ဘယ်ပုံပေါ့လေ။ နောက်တော့ ကျနော် မေ့သွားတယ်။

ကိုမောင်မောင်ကျော် ဆုံးသွားတဲ့အခါ သူနဲ့ ခေတ်ပြိုင်တွေက ရေးကြတာကို ကျနော် လိုက်ဖတ်ကြည့်ရင်း ကျနော့် ခေါင်းထဲ အတွေးတခု ဝင်လာတယ်။ အရင်တလောက ၈၈ မျိုးဆက် တယောက်ပဲ (ဘယ်သူလဲ ကျနော် မမှတ်မိတော့ပါ) စာတိုလေး ရေးထားတယ်။ သူတို့ မျိုးဆက်ဟာ စစ်အာဏာရှင်ခေတ်မှာ မွေးဖွား၊ စစ်အာဏာရှင်ခေတ်ထဲ လူလားမြောက်ပြီး၊ စစ်အာဏာရှင်ခေတ်အောက်မှာ ဇရာအရွယ် မရဏ အရွယ်ကို ရောက်ရတယ်လို့ ရေးထားတယ်။

ဒီသဘောကို အာရင်ဘတ်က သူ့မှတ်တမ်းမှာ ရေးဖူးတာကို ကျနော် မှတ်မိနေတယ်။

ကျနော်သည် နံနက်ဆည်းဆာလား၊ ညနေဆည်းဆာလား ဝေခွဲမရသော အလင်းရောင်ပျပျထဲတွင် ကြီးပြင်း လူလားမြောက်ခဲ့ကာ ထိုအလင်းရောင် ပျပျထဲတွင် တလျှောက်လုံးနေခဲ့ရပြီး ထိုအလင်းရောင်ပျပျထဲမှာပင် ဇရာသို့ ရောက်ခဲ့ရပါသည်။’ (ဆရာမြသန်းတင့် ဘာသာပြန်)

မနေ့က ကျနော် စကားပြောခွင့်ရတဲ့အခါ ကျနော်က လူတယောက် သေသွားတဲ့ အကြောင်းက စလိုက်တယ်။ သူ့နာမည်က ကိုမောင်မောင်ကျော်ပါ။ သူ့နာမည်ကို မိတ်ဆွေတို့ ကြားဖူးလိမ့်မယ် မထင်ဘူးလို့ အစချီပြီး မြန်မာပြည်ရဲ့ အရေးတော်ပုံတွေ အကြောင်း နည်းနည်းမိတ်ဆက်တယ်။ ပြီးတော့ စောစောက ၈၈ မျိုးဆက်တယောက် ပြောတဲ့ စကားကိုပဲ ကျနော် ကိုးကားပြောခဲ့ပါတယ်။

ပြီးတော့ ကိုမောင်မောင်ကျော်ရဲ့ ရှေ့က မျိုးဆက် ကျနော် ဆုံဖူးတဲ့ အသံဝါကြီးနဲ့ သီချင်းဆိုတဲ့ ဦးသန်းနိုင်ကို ကျနော် သတိရတယ်။ ပြီးတော့ ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ပြီးတော့ သူတို့မျက်နှာတွေနဲ့ တခြား မျက်နှာတွေ ရောကုန်တယ်။ မျက်နှာတွေ၊ မျက်နှာတွေ။ 

ကျနော်တို့က သမိုင်းခေတ်ထဲ ဖြတ်သန်းနေရတယ်။ သမိုင်းသင်ခန်းစာတွေလည်း အများကြီး ထုတ်ယူလို့ ရတဲ့ခေတ်တခေတ်ပဲလို့ ကျနော် ထင်တယ်။

ကျနော် အကြိုက်ဆုံးစာတအုပ်ဖြစ်တဲ့ လူများ သက္ကရာဇ်များထဲမှာ ဖောက်ပြန်တဲ့ ပြည်ပြေး ကဗျာဆရာအဖြစ် မတော်မတရား မှတ်တမ်းတင်ခံရတဲ့ ဘဲလမောင့် အကြောင်း ပါတယ်။ ရယ်စရာ ပြောတတ်၊ စတတ်နောက်တတ် လူတွေ ကူညီတတ်ပြီး တော်လှန်ရေးဘက် မပါဘဲ တော်လှန်ရေးကို ရိုးရိုးသားသား နားလည်ဖို့ ကြိုးစားနေတဲ့ မက်စ်ဗိုလိုရှင် အကြောင်းပါတယ်။ ဗိုလိုရှင် အကြောင်းကို ရေးတဲ့စာကို အာရင်ဘတ် နိဂုံးချုပ်ပုံကို ကျနော် သိပ်ကြိုက်တယ်။

သူ့ကို သတိရတိုင်း တခါတရံ ရယ်မိပါသည်။ တခါတရံတွင် စိတ်ထိခိုက်ရပါသည်။ သို့ရာတွင် ဂုဏ်ငယ်ရသည့်အခါဟူ၍ကား တခါမျှ မရှိပါ။ ထိုမျှလောက်ဆိုရင် လုံလောက်ပါပြီ’

ကျနော်တို့ ဖြတ်သန်းနေတဲ့ခေတ်ကလည်း လူတွေကို အမျိုးအစားခွဲပစ်လိုက်တယ်လို့ ကျနော် ခံစားရတယ်။ တခါတလေလည်း ကျနော်တို့တွေ တော်လှန်ရေးကို အိပ်မက်မက်တယ်။ နောက် ကမ္ဘာပျက်နေ့ကို အိပ်မက် မက်တယ်။ တချို့လည်း စိတ်ပျက်လက်ပျက်နဲ့ ဘေးထွက်နေလိုက်တယ်။ တချို့လည်း အာဘောင်အာရင်း သန်သန်နဲ့ ငရဲပြည်ကနေ နတ်ပြည်ကို ဖြိုချမယ် ကြိမ်းဝါးနေကြတယ်။ တချို့လည်း ခေတ်ကို ကျိန်ဆဲတယ်။ တချို့လည်းအချင်းချင်း ကျိန်ဆဲတယ်။ မုန်တိုင်းထန်တဲ့ နှစ်တွေ။

ကိုမောင်မောင်ကျော်ရဲ့ နောက်ဆုံးနှစ်တွေ အကြောင်း ကျနော် အသေးစိတ်မသိပါ။ ကျနော်က ကိုမောင်မောင်ကျော် ဆိုတဲ့ လူတယောက် အကြောင်း ပြောဖို့အတွက် သူနဲ့ ရင်းနှီးဖို့ မပြောနဲ့၊ နာမည်ကိုတောင် သေမှ ပြန်သတိရတာမျိုးပါ။ ကျနော် စိတ်ထင်တော့၊ သူ့မိတ်ဆွေတွေ ရေးထားသမျှကို ဖတ်ကြည့်ရသလောက် သူဟာလည်း တခါတလေ ရယ်စရာကောင်းသူ၊ တခါတလေလည်း စိတ်ထိခိုက်စရာ၊ ဒါပေမဲ့ သူ့အတွက် ဂုဏ်ငယ်ရတယ်ဆိုတာ ရှိလိမ့်မယ်မထင်ပါ။ ဒီထက်တောင် ပိုနိုင်ပါတယ်။

သူလို လူတွေနဲ့ ပြောင်းပြန် တချို့လူတွေက သူတို့နားမလည်နိုင်တဲ့၊ ဒါမှမဟုတ် ကိုယ်ကျိုးစီးပွားနဲ့ မကိုက်တဲ့ သမိုင်းအဖြစ်အပျက်တခု၊ တော်လှန်ရေး တရပ်ကို ကိုယ်လိုသလို အဓိပ္ပာယ်ဖွင့်ပြီး ဆန္ဒစွဲနဲ့ ဒါမှမဟုတ် အချက်အလက်တွေကို ကောက်သင်းကောက်ပြီး သဘောတရားတခု၊ အဘိဓမ္မာတခု ဖန်တီးနေတာလည်း တွေ့ရပါတယ်။ ဒါပေမဲ့ သမိုင်းအဖြစ်အပျက်တွေဆိုတာကို လူတယောက်က ဖန်တီးတာ မဟုတ်ပါဘူး။ လူတယောက်တလေက ဖြစ်သလို စပ်ဟပ်လိုက်တာနဲ့ သမိုင်းဖြစ်မလာနိုင်ပါဘူး။ တချိန်ချိန်မှာ ကိုယ့်အကြောင်းကို တခြားလူတွေက ပြန်ပြောတဲ့အခါ ဂုဏ်ယူစရာ မဖြစ်နိုင်ရင်တောင် ဂုဏ်ငယ်ရတဲ့ အဖြစ်ကိုတော့ ဘယ်သူမှ လိုချင်မယ်လို့ ကျနော် မထင်ပါဘူး။ ကျနော် ပြောလိုတာလည်း ဒီလောက်ပါပဲ။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar