မောင်လူမွှေး - သုခနည်းနည်း ဒုက္ခများများ
မောင်လူမွှေး - သုခနည်းနည်း ဒုက္ခများများ
မိုးမခ ၊ ဩဂုတ် ၁၆ ၊ ၂၀၂၆
ဒီစာကိုတော့ မောင်လူမွှေး ကျေးဇူးတင်ကြောင်းနဲ့ ဖွင့်ချင်တယ်။ ပထမဦးဆုံး မောင်လူမွှေးတို့လို နိုင်ငံတွင်း တော်လှန်နယ်မြေမှာ နေနေတဲ့သူတွေရဲ့ ခံစားချက်တွေ၊ အမြင်တွေကို တင်ပြခွင့်ရအောင် သိက္ခာရှိတဲ့ စာပေပလက်ဖောင်းတစ်ခုကို အဆင်သင့် တည်ထောင်ဖန်တီးထားတဲ့ မိုးမခက ဆရာမောင်ရစ်တို့၊ ဆရာခင်လွန်း တို့ အပါအဝင် မိုးမခဝိုင်းတော်သားတွေကို ကျေးဇူးတင်တယ်။ ပြည်သူတွေ အလွယ်တကူ နားထောင်လို့ရအောင် အသံနဲ့ တင်ဆက်ပေးတဲ့ ဆရာရန်နိုင် အပါအဝင် m.CDM Myanmar ဝိုင်းတော်သားတွေကို ကျေးဇူးတင်တယ်။ ပြီးတော့ စစ်ဘေးရှောင်တွေအတွက် ထောက်ပံ့နေတဲ့ ဆရာကိုတင်မောင်ဝင်းတို့တတွေကိုလည်း ကျေးဇူးတင်တယ်။
"မောင်လူမွှေး၊ မင်း ဒီတစ်ခါ မင်းရေးတာက ငါတို့ဆီ ဦးတည်ပြီး ရေးနေတာလား" လို့ ဆရာမောင်ရစ်က မေးခဲ့ရင် "ဟုတ်ကဲ့ ဆရာ" လို့ ဖြေရမယ်။ "မျက်မှောက်ခေတ်" ပုံပြင်ပြောပြမဲ့သူတွေ လိုနေတဲ့အကြောင်း ဆရာမောင်ရစ်က ဆောင်းပါး ရေးခဲ့သလိုပဲ တော်လှန်နယ်မြေမှာလည်း လူငယ်တွေကို လက်တွေ့ကျကျ လမ်းညွှန်ပေးနိုင်တဲ့သူတွေ လိုနေတယ်။ ဦးဆောင်သူတွေကို အကြံဉာဏ်ပေးနိုင်မဲ့သူတွေ လိုနေတယ်။ စစ်ဘေးရှောင်တွေကို ရေရှည်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်မဲ့သူတွေ လိုနေတယ်။ မောင်လူမွှေးတို့လို လူတွေအဖို့လည်း စကားပြောဖော် ရင်ဖွင့်စရာ၊ တိုင်ပင်စရာ ပုဂ္ဂိုလ်တွေ လိုနေတယ်။ အရင်က ဘယ်လောက်ပဲ ပေါင်းသင်းခဲ့ ပေါင်းသင်းခဲ့၊ တော်လှန်နယ်မြေမှာ နေတဲ့သူနဲ့ စစ်တပ် ထိန်းချုပ်ထားတဲ့ မြို့မှာနေတဲ့သူတွေဆိုပြီး ကွဲသွားရင် နိုင်ငံခြားထက်တောင် ဝေးနေသလို ဖြစ်နေတဲ့အတွက် ဆရာတို့ဆီကိုပဲ ရင်ဖွင့်ရတော့တာပဲ ဆရာရေ...။
မောင်လူမွှေး ရင်ထဲမှာ ကျေးဇူးတင်ကြောင်း ပြောချင်နေတဲ့ ဆရာတွေထဲမှာ ဆရာမောင်တူးလည်း ပါတယ်။ ဆရာမောင်တူးရဲ့ ဆောင်းပါးတွေကြောင့် နိုင်ငံရေးမှာ ကိုယ်ကျိုးစွန့်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ လေးစားရတဲ့ ကဗျာဆရာ၊ စာရေးဆရာကြီးတွေအကြောင်း ဖတ်ပြီး ကြည်ညိုစိတ် ပွားရပါတယ်။ ကိုယ်လေးစားရတဲ့ ပုဂ္ဂိုလ်တွေအကြောင်းကို ဖတ်ပြီးရင် ဒီပုဂ္ဂိုလ်တွေအကြောင်း ပြောဆိုချင်တယ်။ ဆွေးနွေးချင်တယ်။ ပြောဆိုဆွေးနွေးရင်း တသသ လွမ်းရတဲ့ အရသာကို ခံချင်တယ်။ ဒါပေမဲ့ မောင်လူမွှေး ရောက်နေတဲ့တောမှာ ဒီလို ပြောဖော်ပြောဖက် မရှိဘူး။ ဒီတော့ ကိုယ်တစ်ယောက်ပဲ အတွေးနဲ့ အရသာခံ ကျေနပ်ရတာများတယ်။ အတွေးနဲ့ အရသာခံ ကျေနပ်ရတာများလာတော့ မနေနိုင်လို့ ခုလို ရင်ဖွင့်စာကို ရေးပြီး အထီးကျန်စာပေသမားတစ်ယောက် ဖြေဖျောက်ရတာလို့လည်း ဆိုနိုင်ပါရဲ့။
နောက်ပိုင်း မိုးမခမှာ စာပေဆောင်းပါးတွေ ရေးလာတဲ့ ဆရာနန္ဒအောင်ရဲ့ ဆောင်းပါးတွေကို ဖတ်ဖြစ်တယ်။ ဆရာနန္ဒအောင်ရဲ့ စာပေဆောင်းပါးတွေဟာ အချက်အလက် ခိုင်ခိုင်မာမာနဲ့ ဖတ်ရတာမို့ အရသာရှိတယ်ဗျာ။ မိုးမခက ဖော်ပြတဲ့ စာပေနဲ့ဆိုင်တဲ့အရာတွေဆို ဖုန်းထဲမှာ ပြန်ဖတ်လို့ရအောင် ကက်တလောက် ခွဲပြီး သိမ်းရတာပဲဗျ။ ဆရာမောင်တူးတို့၊ ကိုလေအိုးရဲ့ သတင်းထောက် အတွေ့အကြုံတွေ စသဖြင့် သိမ်းပြီး ပြန်ဖတ်ရတယ်ဗျာ။
ဆရာမ ဖလော်ဒါဟန်ရဲ့ ရေကြီးတဲ့ ဆောင်းပါးတွေကိုလည်း မောင်လူမွှေး ဖတ်ရပါတယ်။ ဆရာမ ပြောသလိုပဲ အမှောင်ထဲက အပျော်နဲ့ လွတ်လပ်မှုကို အဟုတ်ထင်နေကြသူတွေကို နေရာတိုင်းမှာ တွေ့နေရပါတယ်။ Myanmar Spring Humanity က ရေဘေးကို တတ်နိုင်သလောက် ကူဖို့ အားထုတ်နေတာတွေကိုလည်း လိုင်းပေါ်ကနေ မြင်ရပါတယ်။ ရေဘေးဆိုတာ ရေကျသွားပြီးတဲ့အချိန်မှာ ဒုက္ခအကြီးဆုံးကို ရင်ဆိုင်ရတတ်တယ်ဆိုတာ မောင်လူမွှေး ကိုယ်တွေ့သိတယ်။ ရေဘေးအကြောင်း စဉ်းစားနေတဲ့ အခုညနေမှာပဲ စစ်ရှောင်ကျောင်းတစ်ခုက ဖုန်းဝင်လာတယ် ဆရာ။ မောင်လူမွှေး တစ်ခါမှ မရောက်ဖူးသေးတဲ့ စစ်ရှောင်ကျောင်းတစ်ကျောင်းက ဖုန်းပါ။ မူလတန်းကလေးတွေကစ ပုံနှိပ်စာအုပ်တွေ လိုနေလို့ပါ။ "ဆရာ လာခဲ့ပါဦး" တဲ့။
တကယ်တော့ ဒီနှစ်ထဲ မောင်လူမွှေးဆီမှာ ဆရာတို့ ကူခဲ့တာ စစ်ရှောင်ကျောင်း ငါးကျောင်း ရှိပြီ။ စစ်ရှောင်ကျောင်းတစ်ကျောင်း ဆောက်လုပ်ရေးအတွက် ကူခဲ့တယ်။ နောက်စစ်ရှောင်ကျောင်းတစ်ကျောင်းကိုတော့ ဆန်ပြုတ်တိုက်၊ စာသင်ခုံနဲ့ စာအုပ် သုံးမျိုးလုံး ကူခဲ့တယ်။ နောက်သုံးခုမြောက် စစ်ရှောင်ကျောင်းကိုတော့ စာသင်ခုံအတွက်။ လေးခုမြောက် စစ်ရှောင်ကျောင်းအတွက်တော့ ဗလာစာအုပ်တွေ အများကြီး လှူခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က ဆရာတို့ ကျေးဇူးနဲ့ တနှစ်တာလုံး ထောင်မတ်ခဲ့ရတဲ့ ငါးခုမြောက် စစ်ရှောင်ကျောင်းကိုလည်း ဗလာစာအုပ် ကူပြီးဖြစ်တယ်။
ဒီနှစ်ထဲ မောင်လူမွှေး ရောက်တဲ့ စစ်ရှောင်ကျောင်း ငါးကျောင်းရှိပြီ ဖြစ်သလို မရောက်သေးတဲ့ စစ်ရှောင်ကျောင်းကလည်း နောက်ထပ် ငါးကျောင်း ရှိနေသေးတယ်ဗျာ။ ဒီစာရေးနေတုန်းမှာ ဖုန်းဆက်တဲ့ကျောင်းက မရောက်သေးတဲ့ ငါးကျောင်းထဲက တစ်ကျောင်းပေါ့ ဆရာ။ ဖုန်းဆက်တော့ စာအုပ်လှူဒါန်းတာဟာ လူသားချင်းစာနာမှုကို ပြတာဖြစ်ပြီး ကိုယ်တွေကိုယ်တိုင်က စည်းစည်းလုံးလုံး တိုးတက်အောင် လုပ်ကြဖို့က အဓိကဖြစ်ကြောင်း ပြန်ပြောလိုက်တယ်။ "စခန်းကို ဆရာ အရင်လာခဲ့ပါဦး" လို့ ဖိတ်ခေါ်တယ်။ မောင်လူမွှေး သွားရမှာပေါ့ ဆရာ။ ဒီလို သွားလာဖို့ ကုန်ကျစရိတ်အတွက် စာမူခအားလုံးကို အသုံးပြုဖို့ ပါမစ်ပေးတဲ့ မစ်(စ်)မွှေးကိုလည်း ကျေးဇူးတင်ရသေးတယ်ဗျ။
မောင်လူမွှေး သစ်ပင်တွေ အများကြီး စိုက်ခဲ့ဖူးတယ်။ သစ်ပင်ဆိုတာ ငယ်ရွယ်စဉ်မှာ ရေလောင်းပေါင်းသင်မှ ရှင်သန်နိုင်တာကိုး။ ခုလည်း ဆရာတို့က ရေလောင်းပေးကြသူတွေပါ။ ပေါင်းသင်တဲ့အလုပ်ကိုတော့ မောင်လူမွှေးရော၊ မစ်(စ်)မွှေးရော တတ်နိုင်သမျှ မနားမနေ လုပ်နေကြပါတယ် ဆရာ။ ရေလောင်းတဲ့အကြောင်း ပြောရင်း ရေဘေးဒုက္ခသည်တွေအကြောင်းက စိတ်ထဲ ပေါ်လာပြန်တယ်။ မောင်လူမွှေးတို့ နိုင်ငံကလည်း ဆရာသိတဲ့အတိုင်း ရှေ့နင်း နောက်မော့၊ နောက်နင်း ဦးမော့ပါ ဆရာရယ်။ အသက်ရှူကြပ်ရတာတွေ များလှချည်ရဲ့။ ဒါကြောင့်လည်း သက်သာလိုသက်သာငြား ဆရာတို့ဆီ ရင်ဖွင့်စာရေးပြီး ထွက်ပေါက်ရှာမိတာပါပဲ။
"မင့်စာကလည်းကွာ အစကတော့ လွမ်းစရာ ကြည်နူးစရာလိုလိုနဲ့ နောက်ဆုံးကျတော့ ဒုက္ခတွေပဲဟ" လို့ ဆရာတို့က ဆိုကြမလားမသိ။ ဒါဟာ Reality တွေပါ ခင်ဗျာလို့ပဲ ဖြေရတော့မှာပဲ ဆရာတို့ရေ...။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar