မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၂)
မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၂)
မိုးမခ ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၆
ချင်းပြည်သူတို့ အသည်းကွဲခြင်း
ချင်းပြည်နယ်မြောက်ပိုင်းက အရေးပါသော ဖလမ်းမြို့ကို သိမ်းပိုက်ခဲ့ပြီးနောက် သုံးလပြည့်ဖို့ ရက်ပိုင်းအလိုမှာ ချင်းပြည်သူတွေ အသည်းကွဲရသည့် ကိစ္စတစ်ခု ဖြစ်ပွားခဲ့ပါသည်။ ဖလမ်းမြို့နယ်တွင်းတွင် ဖလမ်းမြို့ကို သိမ်းပိုက်ထားသော ချင်းညီနောင် အဖွဲ့ဝင် CNO/CNDF နှင့် ချင်းပြည်ကောင်စီ CDF-Hualngoram (ဟွာငိုရမ်) တို့ ပဋိပက္ခဖြစ်ကြသည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၅ ရက်နေ့တွင် CDF-Hualngoram ထိန်းချုပ်ထားသော အိန္ဒိယ-မြန်မာ နယ်စပ်က ရိခေါဒါရ်မြို့ကို CNDF က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သိမ်းခဲ့ပါသည်။
ချင်းတော်လှန်ရေးတပ်ဖွဲ့နှစ်ခု အပြန်အလှန်ပစ်ခတ်မှုကြားမှာ ချင်းပြည်သူတွေသည် အိန္ဒိယနိုင်ငံဘက်ကို ကသောကမျော ထွက်ပြေးကြရသည်။ မိုးရာသီတွင် နှစ်နိုင်ငံကြားက တီးအိုချောင်းကို ဖြတ်ပြီး ပြေးကြရသည်။ အိန္ဒိယနိုင်ငံဘက်က ပရဟိတလူငယ်တွေသာ မကူညီခဲ့ပါက တီးအိုချောင်းတွင် မျောပါသေဆုံးမည့်သူတွေ ရှိမည်ဟု ဒေသခံအချို့က ပြောပါသည်။ နှစ်ဖက် ပစ်ခတ်မှုကြား အရပ်သား နှစ်ဦး သေဆုံးသည်ဟုလည်း ဒေသခံတွေဆီက သိရသည်။ တော်လှန်ရေးကို အစဉ်တစိုက် အားပေးထောက်ခံခဲ့သည့် ချင်းပြည်သူတွေအတွက် ဝမ်းနည်းဖွယ် ဖြစ်ပါသည်။
ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF-Hualngoram ထိန်းချုပ်ထားသည့် ရိခေါဒါရ်မြို့ကို ချင်းညီနောင် အဖွဲ့ဝင် CNDF က ဝင်ရောက်ပစ်ခတ်သိမ်းပိုက်သည့်အခါ ချင်းပြည်ကောင်စီ၏ ဦးဆောင်အဖွဲ့ဖြစ်သည့် CNA သည် CNDF ဌာနချုပ်နှင့် ဖလမ်းမြို့ကို ဝင်ရောက်သိမ်းပါသည်။ နယ်မြေချင်းထိစပ်နေသည့် တပ်ဖွဲ့နှစ်ခု ပြဿနာဖြစ်ပွားရာမှ ပဋိပက္ခသည် တော်လှန်ရေးအင်အားစုကြီးနှစ်ခု၏ ပြဿနာအဆင့်ထိ ရောက်သွားခြင်းဖြစ်သည်။
နှစ်ဖက် ပဋိပက္ခဖြစ်ရာမှာ ပစ်ခတ်ပြီး မြို့ကို ဝင်ရောက်ရသည်အထိ ပြဿနာမှာ ကြီးထွားခဲ့ပါသည်။ မည်သည့်ဘက်က မှန်သည်၊ မှားသည်ကို ပြောလို့ရသည့် ပြဿနာမဟုတ်ပါ။ ချင်းတောင်သည် ပထဝီအနေအထားအရ နိုင်ငံရေးစိန်ခေါ်ချက်ကြီးသော နေရာတစ်ခု ဖြစ်သည်။ တောင်တန်းတွေပေါ်မှာ အစဉ်အဆက် နေထိုင်ခဲ့ကြသော်လည်း လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဒေသတစ်ခုနှင့် တစ်ခု ကူးလူးဆက်ဆံမှု အလွန်နည်းခဲ့ကြသည်။ ဆက်သွယ်မှုပြတ်တောက်ခြင်းက ရိုးရာ၊ ဓလေ့၊ ဘာသာစကားတွေကို ကွဲပြားစေခဲ့ပါသည်။ ထိုကွဲပြားမှုနောက်က အစွဲကြီးမှုနှင့် မယုံကြည်နိုင်မှုက လိုက်ပါလာပါသည်။ ထိုစိန်ခေါ်ချက်များကို ကျော်လွှားနိုင်မှသာ ချင်းပြည်စည်းလုံးရေးကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။
ချင်းပြည်နယ်တွင် ချင်းညီနောင်အဖွဲ့နှင့် ချင်းပြည်ကောင်စီအဖွဲ့သည် အဓိက တော်လှန်ရေးအင်အားစုကြီး နှစ်ခု ဖြစ်သည်။ နှစ်ဖွဲ့လုံး ပူးပေါင်းဆောင်ရွက်ပါက ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်တပ်အတွက် နေရာမရှိနိုင်ဟု ချင်းပြည်သူတွေအပါအဝင် တနိုင်ငံလုံးက ယုံကြည်ကြသည်။ ချင်းညီနောင် အဖွဲ့ဝင် CNDF နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် CDF-Hualngoram တို့ ပြဿနာဖြစ်ပွားရာတွင် ချင်းဒေသတွင်းမှ လူအချို့သည် လိုင်းပေါ်တွင် ကိုယ့်ချင်းလူမျိုးအချင်းချင်း အမုန်းတရားပွားစေမည့် အကြောင်းအရာ၊ စကားအသုံးအနှုန်းများစွာကို ဖြန့်ဝေခဲ့ကြသည်မှာ အလွန်ဝမ်းနည်းဖွယ် ကောင်းပါသည်။ ထိုသို့ ဖြန့်ဝေသည့် အကောင့်အများစုသည် စစ်တပ်ဘက်ကနေ ချင်းပြည်သူအချင်းချင်း သွေးကွဲစေရန် လုပ်ဆောင်သည့် အကောင့်များ ဖြစ်ပါသည်။
တပ်ဖွဲ့နှစ်ခု၏ ပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ ချင်းပြည်သူတရပ်လုံးက တောင်းဆိုကြသည်။ စစ်ရေးပဋိပက္ခတွေကို ချက်ချင်းရပ်ပြီး နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ၂၀၂၀ ခုနှစ်တွင် ရွေးကောက်ခံရသည့် ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေက ဇူလိုင် ၁၀ ရက်နေ့တွင် တောင်းဆိုကြသည်။ ဇူလိုင် ၁၁ ရက်နေ့တွင် CNDF တပ်ဖွဲ့ဝင်တွေ ရိခေါ်ဒါရ်မြို့ကနေ ပြန်လည်ဆုတ်ခွာကြောင်း သတင်းတွေ ကြားရသည်။ ထို့နောက် CNA ကလည်း ဖလမ်းမြို့မှနေပြီး ဆုတ်ခွာကြကြောင်း သိရသည်။ ချင်းတော်လှန်ရေးအင်အားစုနှစ်ခုကြား ပစ်ခတ်မှုကို ရပ်တန့်ပြီး ကိုယ့်နေရာကိုယ် နားလည်မှုယူနိုင်ခြင်းသည် ကောင်းမွန်သော ရလဒ် ဖြစ်ပါသည်။
ချင်းပြည်နယ်မြောက်ပိုင်းမှသာ ဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်အချင်းချင်း ပွတ်တိုက်မှုတွေ ဖြစ်ခဲ့သည်မဟုတ်ပါ။ ချင်းပြည်တောင်ပိုင်းတွင်လည်း ဖြစ်ပွားခဲ့သည်သာ ဖြစ်သည်။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှစပြီး ချင်းပြည်သူတွေသည် တော်လှန်ရေးတပ်ဖွဲ့တွေအချင်းချင်း ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းကြဖို့ တောင်းဆိုမှုတွေ ပိုမိုပြုလုပ်ခဲ့ပါသည်။
နယ်မြေထိန်းချုပ်ရေးအတွက် ချင်းတပ်ဖွဲ့များကြား အားပြိုင်မှုများသည် ရန်ဘက်အသွင် ဆောင်နေပြီး ချင်းဘုံရည်မှန်းချက် တည်ဆောက်ရေးအတွက်ပါ အဟန့်အတားဖြစ်နိုင်ကြောင်း ISP-မြန်မာက ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ချင်းလက်နက်ကိုင် အဖွဲ့အစည်းတွေကြား ပဋိပက္ခ လျှော့ချနိုင်ရေး၊ ပဋိပက္ခတွေကို ဖြေရှင်းရာတွင် စစ်ရေးဖြင့် ဖြေရှင်းခြင်းကို ရှောင်ရှားနိုင်ရေး၊ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်ရေးတို့အတွက် ချင်းလူထုလှုပ်ရှားမှု အွန်လိုင်းကမ်ပိန်းကိုလည်း Chin Civic Movement က ၂၀၂၅ ခုနှစ် ဇွန် ၂၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့ပါသည်။
အဆိုပါ ပဋိပက္ခ ဖြစ်ပွားပြီးနောက် ချင်းဆိုသည်မှာ ညီအစ်ကိုအရင်း ဖြစ်သည်။ ချင်း ဆိုသည့် ညီအစ်ကိုခေါင်းစဉ်အောက်မှာ အားလုံး ပါဝင်နေကြသည် ဆိုသည်ကို သတိရစေခဲ့ပါသည်။ သစ္စာတရား၊ သတ္တိသွေး၊ ခံနိုင်ရည်ရှိမှုတို့ဖြင့် ဘိုးဘွားတွေ နေထိုင်ခဲ့ကြသည့် တောင်တန်းကြီးတွေကို ချင်းပြည်သူလူထုကသာ ပိုင်ဆိုင်ရမည် ဖြစ်ပါသည်။
👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar