Breaking News

ကမ္ဘောဒီးယားရောက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်

May be an image of one or more people and the Oval Office

 

မြန်မာနွေဦးခရိုနီကယ် - စက်တင်ဘာ ၁၀ မြင်ကွင်း

(မိုးမခ) ၊ စက်တင်ဘာ ၁၁ ၊ ၂၀၂၆

 

ကမ္ဘောဒီးယားရောက် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်

ဧပြီလဆန်း သင်္ကြန်မကျမီ ရက်အနည်းငယ်အလိုမှာ သမ္မတရာထူးကို ရယူခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သမ္မတရာထူးယူပြီးနောက် ၅ လ ကျော်ကာလအတွင်း နိုင်ငံ ၈ နိုင်ငံကို တရားဝင် ခရီးစဥ်အနေနဲ့ သွားရောက်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီခေါင်းဆောင်၊ ဝန်ကြီးချုပ်၊ ယာယီသမ္မတ စသဖြင့် ၄င်းဆုံးဖြတ်ချက်နဲ့ ၄င်းရယူခဲ့တဲ့ ရာထူးရယူထားစဥ်ကာလတွေမှာ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘယ်လာရုစ်၊ ဗီယက်နမ်နဲ့ အခုစက်တင်ဘာ ၁၁ ရက်နဲ့ ၁၂ ရက်တွေမှာ အရှေ့တောင်အာရှ အာဆီယံနိုင်ငံတနိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားနိုင်ငံကို သွားရောက်နေတာ ဖြစ်ပါတယ်။

သမ္မတရာထူး ရယူပြီး ပထမဆုံး တရားဝင်ခရီးစဥ်ကို အိန္ဒိယနိုင်ငံနဲ့ စတင်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံလည်းဖြစ်သလို ကမ္ဘာမှာ စီးပွားရေးနဲ့ လူဦးရေအရ အင်အားကြီးနိုင်ငံတနိုင်ငံ ဖြစ်ပြီး လူဦးရေအရကြည့်ရင် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ် နေရင်ဒရာမိုဒီက စစ်တပ်ရာထူးကနေ သမ္မတရာထူးပြောင်းလဲ ရယူထားတဲ့ မင်းအောင်လှိုင်ကို တရားဝင် ခရီးစဥ်ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာမှာ လူဦးရေအားဖြင့် အကြီးဆုံး ဒီမိုကရေစီနိုင်ငံက မြန်မာစစ်ခေါင်းဆောင်ကို တရားဝင် ခရီးစဥ်လာရောက်ဖို့ ဗွေဆော်ဦး ဖိတ်ကြားလိုက်တာဟာ ကျန်တဲ့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံအချို့ကပါ ဖိတ်ကြားဖို့ လမ်းဖွင့်ပေးလိုက်သလို ဖြစ်စေခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးကာလ တလျှောက်လုံး နိုင်ငံခေါင်းဆောင် တဦးအနေနဲ့ တရားဝင် လာရောက်ဖို့ ဖိတ်ကြားခြင်း မပြုခဲ့တဲ့ ထိုင်းနိုင်ငံကတောင် အိန္ဒိယ၊ တရုတ် နိုင်ငံတွေကို မြန်မာစစ်ခေါင်းဆောင် သွားရောက်ပြီးနောက်မှာ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထားကို အသုံးချဖို့ တရုတ်နိုင်ငံရဲ့ စွမ်းအင်လုံခြုံရေးအတွက် အရန်စွမ်းအင် သယ်ယူတဲ့ လမ်းကြောင်းတခုအဖြစ် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းနဲ့ နောက်ထပ်တည်ဆောက်ဖို့ စီစဥ်ထားတဲ့ ရထားလမ်း စတဲ့အကြောင်းခြင်းရာတွေက မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးဖြစ်တဲ့ ဗဟိုအစိုးရလို အင်အားစုတခုကို ထောက်ခံအားပေးခြင်းဖြင့် တရုတ်နိုင်ငံအတွက် အကျိုးရှိလိမ့်မယ်လို့ ယုံကြည်တာကြောင့် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ကို ထောက်ခံရပ်တည်ပေးခဲ့တာ ဖြစ်ပါတယ်။

သမ္မတရာထူး ရပြီးခါစ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အိန္ဒိယ၊ တရုတ်နိုင်ငံတွေရဲ့ တရားဝင် ဖိတ်ခေါ်မှုက ကျန်ဒေသတွင်း နိုင်ငံအချို့ကို ပုံမှန်ဆက်သွယ်ရေး အနေအထားမျိုး ပြန်ရောက်စေဖို့ တွန်းအားဖြစ်စေခဲ့တဲ့ သဘောလို့လည်း ယူဆနိုင်ပါတယ်။

စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်အနေနဲ့ ၈ နိုင်ငံမြောက်အဖြစ် ကမ္ဘောဒီးယားကို တရားဝင် ဧည့်သည်တော်အဖြစ် သွားရောက်ရာမှာ ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ခေါင်းဆောင်ဖြစ်နေဆဲ ဟွန်ဆန်၊ ၄င်းရဲ့သားဖြစ်သူ ဝန်ကြီးချုပ် တာဝန်ယူထားသူ ဟွန်မာနက် တို့နဲ့ တွေ့ဆုံပြီး အာဆီယံမှာ မြန်မာနိုင်ငံကို မူလအခွင့်အရေးနဲ့ အခန်းကဏ္ဍတွေ ပြန်လည်ရရှိရေး၊ ကုလသမဂ္ဂနဲ့ ILO တို့မှာ မြန်မာနိုင်ငံကို ဆက်လက်ထောက်ခံပေးရေးတို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်အစိုးရဘက်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီအရေးကိစ္စတွေ အပြင် အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းလောင်းကစားမှုနဲ့ နယ်စပ်ဖြတ်ကျော်ကာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ သတင်းအချက်အလက် မျှဝေပြီး ပူးပေါင်းတိုက်ဖျက်သွားဖို့ ဆန္ဒရှိတယ်လို့ မြန်မာစစ်ခေါင်းဆောင်က ပြောကြောင်း သတင်းတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

အရှေ့တောင်အာရှမှာ တရုတ်ဘာသာနဲ့ ကျားဖြန့်လို့ ခေါ်ဆိုတဲ့ အွန်လိုင်းငွေလိမ်လည် ရာဇဝတ်ဂိုဏ်းတွေ အများဆုံးအခြေစိုက်တာ မြန်မာနိုင်ငံ နဲ့ ကမ္ဘောဒီးယား ၂ နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အစိုးရနဲ့ မဟာမိတ်ရော မဟာမိတ်မဟုတ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေ အများအပြားရှိကြရာမှာ ကျားဖြန့်ဂိုဏ်းတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကာအကွယ်ပေးထားပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြသလို ကမ္ဘောဒီးယားနိုင်ငံမှာလည်း ထိုင်းနယ်စပ်နဲ့ ပင်လယ်ကမ်းခြေမြို့တမြို့ဖြစ်တဲ့ သီဟာနုဗေးလ် လိုမြို့တွေမှာ ကျားဖြန့်ဂိုဏ်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေကြတဲ့ အနေအထားချင်း တူညီနေကြတာပါ။

ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရစစ်တပ်ကလွဲလို့ အခြားသော လက်နက်ကိုင်တပ်ဖွဲ့ မရှိပါဘူး။ ပြည်တွင်းစစ်လည်း မရှိတာကြောင့် ကျားဖြန့်ဂိုဏ်းတွေ ရပ်တည်လုပ်ကိုင်နိုင်တဲ့ အနေအထားဟာ တရားဥပဒေ စိုးမိုးမှုမရှိတာ သို့မဟုတ် အစိုးရအဖွဲ့က အဆင့်ဆင့်သော တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တာ ဖြစ်ပါတယ်။

ယမန်နှစ်နဲ့ ယခုနှစ်ဆန်းပိုင်းက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မှာ နယ်စပ်မျဥ်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေကနေ နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး အာဆီယံ၊ အမေရိကန်တို့က ကြားဝင်ဖျန်ဖြေခဲ့ပြီးနောက် အပစ်အခတ် ရပ်စဲခဲ့တဲ့ ဒေသတွေမှာလည်း ကျားဖြန့်ဂိုဏ်းတွေ လုပ်ကိုင်ခဲ့ကြတဲ့ သက်သေအထောက်အထားတွေ ရှိတယ်လို့ ထိုင်းဘက်က ကြေညာခဲ့တာပါ။

မြန်မာနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံဟာ အရှေ့တောင်အာရှမှာ ကျားဖြန့်ဂိုဏ်းတွေ အများဆုံး အခြေစိုက်လုပ်ကိုင်ကြတဲ့ နိုင်ငံတွေ ဖြစ်နေတာချင်း တူညီကြပါတယ်။ ဒီနှစ်နိုင်ငံက အစိုးရတွေအနေနဲ့ ၄င်းတို့အစိုးရအဖွဲ့ထဲက အရာရှိတွေ၊ လက်နက်ကိုင်တပ်က အရာရှိကြီးတွေ တနည်းတဖုံပါဝင် ပတ်သက်မှုရှိနေသလား ဆိုတာလည်း မေးခွန်းထုတ်ခံနေရတဲ့ နှစ်နိုင်ငံ ဖြစ်နေတာပါ။

မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင် အနေနဲ့ ကမ္ဘောဒီးယားကို တရားဝင် အလည်အပတ်သွားရောက်တာဟာ တဖက်မှာ သံတမန်ရေးအရ အောင်မြင်မှုလို့ ယူဆသည့်တိုင် အခြားတဖက်မှာ ကျားဖြန့်ဂိုဏ်းတွေ အခြေစိုက်တဲ့နိုင်ငံ ၂ နိုင်ငံရဲ့ ခေါင်းဆောင်တွေ ဖြစ်နေတဲ့အချက်က ဝေဖန်ထောက်ပြစရာ ဖြစ်နေတာပါ။

ပြီးခဲ့တဲ့ ၄ နှစ်ကျော် ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူခဲ့စဥ်က ကမ္ဘောဒီးယားကို ဆယ်စုနှစ်ချီ ဆက်တိုက်အုပ်ချုပ်လာတဲ့ ဟွန်ဆန်က မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့မှာ အပြည့်အဝကိုယ်စားပြု တက်ရောက်နိုင်ဖို့ ကြိုးပမ်းခဲ့ပါသေးတယ်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလက ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန် မြန်မာနိုင်ငံ နေပြည်တော်ကို သွားရောက်ကာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံပြီး အာဆီယံအစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီ အနေနဲ့ ပြန်လည်ပါဝင်နိုင်အောင် ကြိုးစားခဲ့ပါသေးတယ်။ သို့ပေမဲ့ မြန်မာစစ်ခေါင်းဆောင်တွေဟာ ကမ္ဘောဒီးယားလို အာဏာရှင်ခေါင်းဆောင်က လက်မြှောက်ရလောက်အောင် အာဆီယံသဘောတူညီမူ ၅ ချက်ထဲက တချက်တလေကိုမျှ အကောင်အထည်ဖော်ခြင်း မရှိတာတွေနဲ့ တင်းမာတဲ့ ရပ်တည်ချက်တွေကြောင့် ၂၀၂၂ ခုနှစ် အလှည့်ကျဥက္ကဋ္ဌ သက်တမ်းကုန်တဲ့အထိ ရလဒ်ကောင်းတခုမှ ပေါ်ထွက်မလာခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ် အနေနဲ့ နိုင်ငံတကာ သံတမန်ရေးထက် ပြည်တွင်းစစ်ပွဲမှာ စစ်ရေး အသာစီးရဖို့ အချက်ကိုသာ ဦးစားပေးနေတာကို နောက်ဆုံး ကမ္ဘောဒီးယား ခေါင်းဆောင် ဟွန်ဆန် နားလည်သဘောပေါက်ခဲ့ပြီး မြန်မာနိုင်ငံက သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာနိုင်ငံအနာဂတ်နဲ့ ပတ်သက်လို့ စိုးရိမ်တာ ပူပန်တာမရှိရင် ကျန်တဲ့နိုင်ငံတွေ အနေနဲ့ ဘာမှ တတ်နိုင်မှာမဟုတ်ဘူးဆိုတဲ့ သဘောသက်ရောက်တဲ့ လက်လျှော့စကားနဲ့ အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါတွေက လွန်ခဲ့တဲ့ ၄ နှစ်ဝန်းကျင် က ကမ္ဘောဒီးယားရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ သံတမန်ရေး အတွေ့အကြုံတွေ ဖြစ်ပါတယ်။

၂၀၂၆ ခုနှစ်မှာတော့ ရွေးကောက်ပွဲကျင်းပပြီး သမ္မတရာထူးရလာတဲ့ စစ်ခေါင်းဆောင်ကို ဖိတ်ကြားပြီးနောက် ကမ္ဘောဒီးယား ခေါင်းဆောင်အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ဘယ်လို နားချနိုင်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထားတရပ် ဖြစ်ပါတော့တယ်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar