သက်တန့်နွေဦး(နွေဦးနိုင်ကျဉ်းဟောင်း) - လွတ်လပ်စွာ ပြောဆိုခွင့် ပျောက်ဆုံးခြင်းနှင့် လူနည်းစု အခွင့်အရေး
သက်တန့်နွေဦး(နွေဦးနိုင်ကျဉ်းဟောင်း) - လွတ်လပ်စွာ ပြောဆိုခွင့် ပျောက်ဆုံးခြင်းနှင့် လူနည်းစု အခွင့်အရေး
မိုးမခ ၊ စက်တင်ဘာ ၂၆ ၊ ၂၀၂၆
ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းတစ်ခု၏ အသက်သွေးကြောသည် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Speech) ဖြစ်သည်။ သို့သော် လွတ်လပ်စွာ ပြောဆိုခွင့် ကွယ်ပျောက်ခြင်း သို့မဟုတ် ပိတ်ပင်ခံရသည့်အခါ ယင်း၏ ဆိုးကျိုးကို ပထမဆုံးနှင့် အပြင်းထန်ဆုံး ခံစားရသူများမှာ လူနည်းစုများ (Minorities) သာ ဖြစ်သည်။ လူနည်းစု ဆိုသည်မှာ လူမျိုး၊ ဘာသာ၊ လိင်စိတ်ခံယူမှု သို့မဟုတ် နိုင်ငံရေး အမြင်ကွဲပြားသည့် လူနည်းစု အုပ်စုများကို ဆိုလိုသည်။
လွတ်လပ်စွာ ပြောဆိုခွင့်မရှိသည့် ပတ်ဝန်းကျင်တွင် လူနည်းစုများသည် သူတို့ကြုံတွေ့နေရသည့် မတရားမှုများ၊ ဖိနှိပ်မှုများနှင့် လိုအပ်ချက်များကို ထုတ်ဖော်ပြောဆိုခွင့်များ ဆုံးရှုံးသွားကြရသည်။ မိမိတို့လူနည်းစုအခွင့်အရေးအတွ က် မတောင်းဆိုနိုင်သောအခါ လူများစု၏ လွှမ်းမိုးမှုအောက်တွင် ပိုမို ဘေးဖယ်ခံလာရခြင်း၊ မတရား စွပ်စွဲချက်များနှင့် အမုန်းစကားများကို ပြန်လည် တုံ့ပြန်ခြေပခွင့် မရတော့ခြင်းနှင့် လူမျိုးကြီးဝါဒများ လွှမ်းမိုးခံလာရတော့သည်။ ထို့အပြင် တရားဥပဒေ၏ ကာကွယ်စောင့်ရှောက်မှုကို ခံစားပိုင်ခွင့် လျော့နည်းလာခြင်း စသည့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာသည်။
ဒါတွေအပြင် လူများစု အာဏာရှင်ဆန်မှုနှင့် ဖိနှိပ်မှုများကြောင့် လူနည်းစုများဟာ ပြောဆိုခွင့် ပိတ်ပင်ခံရသည့်အခါ လူများစု၏ အသံ သို့မဟုတ် အာဏာရှိသူတို့၏ စကားသည်သာ အမှန်တရား ဖြစ်လာလေ့ရှိသည်။ ယင်းသည် "လူများစု အာဏာရှင်ဆန်မှု" (Tyranny of the Majority) ကို ဦးတည်စေပြီး လူနည်းစုများ၏ ယဉ်ကျေးမှု၊ ဘာသာစကားနှင့် သမိုင်းကြောင်းများကိုပင် မှေးမှိန်ခြင်း သို့မဟုတ် ပျောက်ကွယ်သွားအောင် ဖိနှိပ်ခြင်းမျိုးအထိ ဖြစ်ပွားနိုင်သည်။
စစ်မှန်သော ငြိမ်းချမ်းရေးသည် ကွဲပြားခြားနားမှုများကို လက်ခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခြင်းမှ လာသည်။ လူနည်းစုများ၏ အသံကို ပိတ်ပင်ထားပါက အချိန်တန်လာသည်နှင့်အမျှ အမုန်းတရားများ၊ မကျေနပ်မှုများ၊ ခံပြင်းမှုများ စုပုံလာပြီး လူမှုရေး ပဋိပက္ခများ ပိုမို ကြီးထွားလာနိုင်သည်။ လွတ်လပ်စွာ ပြောဆိုခွင့်သည် တူညီသောအမြင်ရှိသူများအတွက်သာမက မတူညီသော အသံနှင့် လူနည်းစုများအတွက်ပါ ကာကွယ်ပေးထားသည့် ဒိုင်းလွှားတစ်ခု ဖြစ်သည်။
လွတ်လပ်စွာ ပြောဆိုခွင့် ပျောက်ဆုံးခြင်းသည် လူနည်းစုများ၏ အခွင့်အရေးကို ပိတ်ပင်ရုံမျှမကဘဲ လူ့အဖွဲ့အစည်း တစ်ခုလုံး၏ တရားမျှတမှုနှင့် ဒီမိုကရေစီ စံနှုန်းများကိုပါ ပျက်စီးစေသည်။ ထို့ကြောင့် လူနည်းစုများ၏ အခွင့်အရေးနှင့် အသံကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွ က် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အသက်ဝင်နေအောင် စောင့်ရှောက်ရန်မှာ လူ့အဖွဲ့အစည်းဝင် အားလုံး၏ တာဝန်ဖြစ်သည့်အပြင် မီဒီယာ၏ တာဝန်လည်းဖြစ်သည်။
မြန်မာနိုင်ငံသည် လူ့အခွင့်အရေး အပြည့်အဝ မရရှိခဲ့ခြင်းသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ ယနေ့အချိန်ထိဟု ဆိုရပါလိမ့်မည်။ လူ့အခွင့်အရေး နည်းတူစွာ LGBTQ များ၏ အခွင့်အရေးသည် ပိုမိုဆိုးရွားစွာ ထိခိုက်နေသည်ကို စစ်တပ် အာဏာသိမ်းပြီးနောက် မီးမောင်းထိုးပြနေသည်ဟု ဆိုရမည်။
မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံ ဖွဲ့စည်းစုပေါင်းနေထိုင်သည့် နိုင်ငံ ဖြစ်သည်။ အများစုက ဗုဒ္ဓဘာသာ ကိုးကွယ်ယုံကြည်သည့်နိုင်ငံ ဖြစ်သည်ဟု ဆိုလျှင် မမှားပါ။ ထို့ကြောင့် LGBTQIA (Lesbian, Gay, Bisexual, Transgender, Queer, Intersex, Asexual) များ တန်းတူညီမျှ အခွင့်အရေးရရှိရန် ခက်ခဲနေသည့်အပြင် အခြေခံအခွင့်အရေးများသည်လည်း တန်းတူညီမျှ ရရှိရန် ခက်ခဲနေသည်ဟု ဆိုရပါလိမ့်မည်။
ထေရဝါဒနိုင်ငံ ဖြစ်သည့်အပြင် ဓလေ့ထုံးတမ်း ရိုးရာယဉ်ကျေးမှုများကြောင့် အရပ်ဘက်အဖွဲ့အစည်းအများစုသည် LGBTQIA အခွင့်အရေးများ ဆောင်ရွက်သည့် အရပ်ဘက်အဖွဲ့အစည်းများ နည်းပါးနေပါသည်။ LGBTQIA တို့၏ အခွင့်အရေးများကို ကာကွယ်ရန်နှင့် တိုးတက်စေရန် အရပ်ဘက်အဖွဲ့အစည်းအနေဖြင့် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ သို့သော် ယခုအခါ အရပ်ဘက်အဖွဲ့အစည်း၏ ပါဝင်မှုသည် နည်းပါးနေသည်ဟု ဆိုရပါလိမ့်မည်။
အစိုးရတရပ်သည် ဥပဒေတရပ်ဖြင့် LGBTQIA များ၏ အခွင့်အရေးကို ကိုင်တွယ်ဖြေရှင်းရန် အားနည်းနေခြင်းကြောင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု (Sexual Harassment) နှင့် အနိုင်ကျင့်မှုများ ခံစားနေကြရသည်ဟု ပြောလျှင် ထူးဆန်းအံ့ဩကြမည်လော။ ထိုကဲ့သို့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရသည့် LGBTQIA များမှာ ၎င်းတို့၏ ဖြစ်တည်မှုကြောင့်ဟုဆိုကာ မြန်မာ့လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းက လက်ညှိုးထိုး အပြစ်တင်ကြမည်ပင် ဖြစ်သည်။
ဥပဒေကြောင်းအရ လိင်တူချစ်သူများကို ကာကွယ်သည့်ဥပဒေများ မရှိသည့်အပြင် မြန်မာနိုင်ငံ၏ ရာဇသတ်ကြီးပုဒ်မ ၃၇၇ သည် လိင်တူများကို ကာကွယ်ခြင်းမဟုတ်ဘဲ မသမာသူများအတွက် လက်နက်သဖွယ် ခြိမ်းခြောက်အကြပ်ကိုင်လာသည့် ဥပဒေများ ဖြစ်လာစေသည်။
အရပ်သားအစိုးရ ပုံစံဖမ်းနေသော အာဏာရှင်လက်ထက် ၂၈ ဩဂုတ် ၂၀၂၆ တွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များသည် အခြေခံလူ့အခွင့်အရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်များ ကို တရားဝင် ချိုးဖောက်နေကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းကို လှစ်ဟပြနေခြင်း ဖြစ်သည်။
ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသော အစိုးရတရပ်ပါဟု ပြောဆိုနေသော်လည်း အခြေခံလူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့်များ ဆိတ်သုဉ်းနေသည့် မြန်မာပြည်သည် အမှ န်တကယ် ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်နေပါ၏လော။ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပါမည် ဆိုသည့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းသည် စာရွက်များ ထုတ်ပြန်နေရုံဖြင့် ကျေနပ်နေပြီလော။ မိမိတို့ တိုင်းရင်းသား ညီအစ်ကိုများနှင့် ပြည်သူများအနေဖြင့်ရော... ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်း စက်ဝိုင်းထဲတွင် လွတ်လပ်စွာ ပြောဆိုခွင့်နှင့် လူနည်းစု အခွင့်အရေးများ အပြည့်အဝ ရရှိလာစေရန် နိုင်ငံသားကောင်းတစ်ယောက်အနေဖြ င့် မည်သို့ ပါဝင်ဆောင်ရွက်ကြမည်နည်း။
ဒါတွေသည် သမိုင်းဖြစ်ရပ်များဖြစ်ပြီး ပြည်သူများကတော့ မှတ်တမ်းတင်ထားဦးမည်ပင် ဖြစ်သည်။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar