Breaking News

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၃)

မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း (၁၃)

မိုးမခ ၊ စက်တင်ဘာ ၂၀ ၊ ၂၀၂၆

 

တီးတိန်မြို့သိမ်းမည့် အရေး

ချင်းပြည်မြောက်ပိုင်းတွင် ဖလမ်းမြို့ကို မသိမ်းမီ တစ်နှစ်ခန့်စောပြီး ၂၀၂၄ ခုနှစ်၊ မေလတွင် ချင်းညီနောင် အဖွဲ့ဝင် PDF-Zoland ဦးဆောင်ပြီး တီးတိန်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည်။ မြို့တွင်းတွင် တိုက်ပွဲများဖြစ်ပွားပြီး အာဏာသိမ်း စစ်တပ်အဖွဲ့ဝင်တွေ သေဆုံးမှုများပြားခဲ့သော်လည်း မြို့ကို သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ပါ။ တီးတိန်မြို့တွင်းက နေအိမ်တွေသည် စစ်တပ်၏ လက်နက်ကြီးနှင့် ပစ်ခတ်မှုတွေကြောင့် ပျက်စီးခဲ့ရသည်။ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် တီးတိန်မြို့က နေအိမ်အလုံး ခုနစ်ဆယ်ဝန်းကျင် မီးလောင်ပျက်စီးခဲ့ရသည်။ ၂၀၂၄ ခုနှစ်တွင် ဆင်နွှဲခဲ့သော တီးတိန်မြို့သိမ်းစစ်ဆင်ရေးသည် မအောင်မြင်ခဲ့ပါ။ တီးတိန်မြို့ပေါ်ကနေ ပြည်သူတွေ စစ်ဘေးရှောင်ခဲ့ကြရသည်။ အခြေအနေ အေးသွားပြန်တော့ မြို့ထဲကို ပြန်ပြီးနေကြသည်။ ချင်းတောင်ပေါ်မှာ နေထိုင်စရာ အခင်းအကျင်းတစ်ခုကို ဖန်တီးဖို့ဆိုတာ မလွယ်လှပါ။

တီးတိန်မြို့နယ်တွင် PDA-Tedim, CDM-Siyin, CDF-Hualngoram, PDF-Zoland နှင့် ZRA ဆိုသည့် လက်နက်ကိုင်အဖွဲ့ ငါးခုရှိသည်။ ထိုအဖွဲ့ငါးခုအနက်မှ PDA-Tedim, CDM-Siyin နှင့် CDF-Hualngoram တို့သည် ချင်းပြည်ကောင်စီ အဖွဲ့ဝင်တွေဖြစ်ပြီး PDF-Zoland သည် ချင်းညီနောင် အဖွဲ့ဝင်ဖြစ်သည်။ ZRA သည် အာဏာသိမ်းချိန်ကတည်းက စစ်တပ်နှင့် ပူးပေါင်းနေသည့် ချင်းလက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သည်။ တီးတိန်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်ကို တော်လှန်တိုက်ခိုက်နေသည့် ချင်းပြည်ကောင်စီ၊ ချင်းညီနောင်နှင့် စစ်တပ်နှင့် ပူးပေါင်းနေသည့် ZRA တပ်တို့ တည်ရှိနေခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလတွင် တီးတိန်မြို့ကို မြို့သိမ်းတိုက်ပွဲဆင်နွှဲဖို့ သတင်းတွေ ထွက်ပေါ်လာပြန်ပါသည်။ ချင်းပြည်ကောင်စီ အဖွဲ့ဝင် PDA-Tedim က တီးတိန်မြို့ကို မဟာမိတ်တွေနှင့်အတူ မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဖြစ်သောကြောင့် တီးတိန်မြို့နယ်တွင်းက ပြည်သူတွေအနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားကြဖို့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ PDA-Tedim ၏ ထုတ်ပြန်ချက်တွင် တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည့်အရေးကို မည်သည့်အဖွဲ့အစည်းကမျှ ကန့်ကွက်ခွင့်မရှိကြောင်း၊ ချင်းပြည်နယ်မှာ စစ်တပ် ကင်းစင်စေလိုသည့် မည်သည့်အဖွဲ့အစည်းမဆို လာရောက်ပူးပေါင်းနိုင်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

တီးတိန်မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည့်ကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်ကောင်စီ အဖွဲ့ဝင် PDA-Tedim က ထုတ်ပြန်သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှာပင် ချင်းညီနောင် အဖွဲ့ဝင် PDF-Zoland ကလည်း တီးတိန်မြို့သိမ်း ဖော်ဆောင်ရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ တီးတိန်နယ်မြေကို အာဏာသိမ်းစစ်တပ်နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် CNF/CNA, PDA-Tedim အပါအဝင် မည်သည့်အဖွဲ့အစည်းကိုမှ ပေးအပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့သည်။ အထက်ပါ ထုတ်ပြန်ချက် နှစ်စောင်သည် ချင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်း သဘောထားတင်းမာမှုကို ပြနေခြင်းဖြစ်ကြောင်း နားလည်ရပါသည်။

တီးတိန်မြို့ပေါ်က ပြည်သူတွေမှာ ရှောင်သည့်သူကရှောင်ကြ၊ အခြေအနေကြည့်ပြီး နေသည့်သူကနေကြနှင့် ဗျာများကြရပါသည်။ တီးတိန်မြို့ပေါ်က မောင်လူမွှေး မိတ်ဆွေဆီ ဖုန်းဆက်တော့ သူလည်း တော်လှန်ရေးတပ်ဖွဲ့ချင်း ပဋိပက္ခအသွင်ဆောင်နေသည့်အတွက် စိတ်မကောင်းဖြစ်နေပါသည်။ သူ့စကားသံကို နားထောင်ရသည်မှာ မည်သည့်ဘက်က အမှား၊ အမှန် ဆိုတာမျိုးကို မကြားရပါ။ အချင်းချင်း ညီညီညွတ်ညွတ်နဲ့ ချင်းပြည်လွတ်မြောက်ရေးကိုသာ သူ မျှော်လင့်နေပါသည်။ တော်လှန်ရေးတပ်ဖွဲ့တွေ ညီညွတ်လျှင် တီးတိန်မြို့ကို သိမ်းပိုက်နိုင်ကြောင်း အားလုံးက သိကြပါသည်။

တီးတိန်မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး အလုပ်ရှုပ်ရဆုံးမှာ မြို့တွင်းနေ ပြည်သူများ ဖြစ်ပါသည်။ မြို့သိမ်းတိုက်ပွဲ သတင်းတွေ ထွက်လာလိုက်၊ မြို့ကို စွန့်ခွာရှောင်နေလိုက်၊ အခြေအနေ မထူးခြားလျှင် ပြန်လာနေကြလိုက်နဲ့ ဗျာများခဲ့ကြရပါသည်။ တီးတိန်မြို့မှာ အာဏာသိမ်းစစ်တပ် အားနည်းနေသည့် အချိန်ကာလ ဖြစ်သည့်အတွက်လည်း မြို့သိမ်းတိုက်ပွဲ ဖြစ်နိုင်ခြေကလည်း ရှိနေသည်။ တီးတိန်မြို့သိမ်းတိုက်ပွဲ သတင်းကို စိတ်ဝင်စားစွာ စောင့်နေကြသည့် ချင်းပြည်သူတွေ များစွာရှိကြပါသည်။ သို့သော် တီးတိန်မြို့သိမ်းတိုက်ပွဲသည် ထုတ်ပြန်ချက်တွေဖြင့်ပင် တစ်ခန်းရပ်သွားခဲ့ရပါသည်။

လက်ရှိ ၂၀၂၆ ခုနှစ်တွင်တော့ တီးတိန်မြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က အင်အားတွေ ထပ်ဖြည့်ထားသည့်အပြင် စစ်တပ်သည် ZRA နှင့်ပေါင်းပြီး ချင်းပြည်ကောင်စီ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားသည့် တွန်းဇံမြို့ကိုပါ ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ပါသည်။ အာဏာသိမ်းစစ်တပ်နဲ့ ZRA ပူးပေါင်းအဖွဲ့သည် တွန်းဇံမြို့ကို ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက်နေ့မှာ သိမ်းပိုက်ခဲ့ပြီး မေ ၂၀ ရက်နေ့မှာ ဒေသခံ မိဘပြည်သူတွေ ငြိမ်းချမ်းစွာ အတူလက်တွဲ နေထိုင်နိုင်ရေး၊ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ကောင်းမွန်သောအနာဂတ် တည်ဆောက်နိုင်ရေးဆိုသည့် အချက်တွေ ပါဝင်သော ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။

တီးတိန်မြို့သည် လင်းလက်နေသော ရေပြည့်အိမ်နှင့် တူသောမြို့ဟု ချင်းလူမျိုးတို့ထံက မှတ်သားဖူးပါသည်။ ဟိုရှေးအရင်က တီးတိန်မြို့နေရာသည် ရေကန်ကြီးနှင့်တူပြီး ညဆိုလျှင် မီးလင်းသည့် ပိုးစုန်းကြူးလေးတွေ နေထိုင်ကြသော နေရာဟု ဆိုသည်။ လက်ရှိအချိန်တွင်တော့ တီးတိန်မြို့သည် စစ်အာဏာရှင်အောက်မှာ အမှောင်ကျနေဆဲ ဖြစ်သည်။

တွန်းဇံမြို့သည် ဝိုက်ဝိုက်ကွေ့ကွေ့နှင့် လှပသည့် တောင်ပေါ်မြို့လေး ဖြစ်ပါသည်။ မောင်လူမွှေး ရောက်ခဲ့သည့် ၂၀၁၅ ခုနှစ်က တွန်းဇံမြို့လေးသည် ဖုန်းလိုင်းကောင်းကောင်း မရသေးပါ။ ဖုန်းလိုင်းမိသည့် နေရာတွေကို တမင်သွားပြီး ဖုန်းပြောရပါသည်။ နည်းပညာကမ္ဘာနှင့် ကင်းကွာနေခဲ့သည့် မြို့ကလေးသည်လည်း စစ်အာဏာရှင်၏ အမှောင်ဖုံးခြင်းကို ခံနေရပါလိမ့်မည်။

"တွန်းဇံမြို့နယ်ကတော့ကွာ ဘိန်းခင်းတွေ တအားများသွားပြီ။ တီးတိန်နယ်ထဲထိတောင် ဘိန်းခင်းစိုက်တာတွေ ရှိလာပြီ" ဆိုသည့် မောင်လူမွှေး ချင်းလူမျိုးသူငယ်ချင်း တစ်ဦး၏ စကားကိုလည်း ကြားယောင်နေမိပါသည်။

 

👉 မောင်လူမွှေး - ဒဏ်ရာများနှင့် တောင်တန်း    


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar