Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၀)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၃၀)

မိုးမခ ၊ စက်တင်ဘာ ၁၃ ၊ ၂၀၂၆ 

ရှမ်းတပြည်လုံး ဆေးပြားနဲ့ ကျားဖြန့်အောက် ပြားပြားမှောက်အောင်၊ ဘိန်းပင်လေးနဲ့ မှိန်းချင်နေအောင် စစ်တပ်အစဉ်အဆက် အကွက်ချစီစဉ် လုပ်ကိုင်ပြီးတဲ့နောက် ရှမ်းပြည်ဟာ တော်လှန်ရေးသံ ပျောက်သလောက်ဖြစ်လာ။

လက်ကျန်တော်လှန်နေတဲ့ PNLA လည်း အဖွဲ့ပျက်၊ RCSS ဆီ ရောက်သွားတဲ့သူတွေလည်း PNO နဲ့ စစ်တပ်လက် ဝကွက်အပ်ခံရ။

ဆေးပြားက မိလိုက်ရင် သန်းချီ၊ ၁ သန်း၊ ၂ သန်း မဟုတ်။ သန်းဆယ်ချီ၊ ရာချီ။

ကျားဖြန့်ကလည်း မူဆယ်ဆို အိမ်ပေါက်စေ့ ကျားဖြန့်လုပ်နေသလား မှတ်ရတယ်။ အဖမ်းပြရုံကိုက ငါးဆယ်နဲ့ တစ်ရာကြားနော်။ ရှမ်းပြည်နယ်ရဲ့ ဘယ်မြို့ဘယ်ရွာ၊ ဘယ်တောင်ကြားမှာမဆို ဆေးပြားနဲ့ ကျားဖြန့်က ညီအစ်ကို။

စစ်အုပ်စုက ဆေးနဲ့ကျားကို တောင်ကြားပတ်ပို့၊ မြို့ကြီးတွေပေါ်က တံတိုင်းအမြင့်ကြီးတွေနဲ့ တိုက်ကြီးတွေဆီလွှဲ၊ စက်မှုဇုန်တွေဆီအပ်ပြီး ရခိုင်တွေကပဲ ဆေးပြားလုပ်နေသယောင်ယောင် အဖမ်းပြအူ။ ကျားတွေကလည်း သူ့ဘာသာ ဖြန့်နေသယောင်ယောင် အဟောင်ပြကိုက်၊ တိုက်တယ် ဖျက်တယ် ဟန်ပြ လှန်ပြ လုပ်နေတာ။ ကမ္ဘာအရပ်ရပ်က ကျားဖြန့်ကျွန်တွေ၊ ဆေးကျွန်တွေ တထွေးကြီး ကျန်သေးတယ်။ ဘယ်နေ့ အမေရိကန်က ဘယ်လို ဝင်စီးမယ်တော့ မသိဘူး။ စီးလည်း ထိုင်းနယ်စပ်လောက်ရမှာလေ။ နေပြည်တော်က မအလ ဝင်စီးရင်တော့ အကုန်ရမယ်။

ပြည်တွင်းကတော့ ပြောမနေနဲ့။ လုပ်ခကောင်းကောင်းနဲ့ အလုပ်ရှိတယ်ဆို ချိတ်ဆက်လိုက်သူတိုင်း ကျားဖြန့်နဲ့ အွန်လိုင်းလောင်းကစားဆီ နိဂုံးချုပ်ကြတာပဲ။ လူငယ်လူရွယ်တွေ တကယ် နိဂုံးကမ္ပတ် အဆုံးသတ်သွားကြတာ။ အဝင်သာရှိ အထွက်မရှိ။ အသွားပဲရှိ အပြန်မရှိ။ နောက်ဆုံး ဘာမှလုပ်မရရင် ပြန်တော့မလွှတ်၊ ကလီစာထုတ်ရောင်း သတ်ပစ်လိုက်တာလေ။ ကျားဖြန့်ထဲ ရောက်သွားရင် စစ်မှုထမ်းပါသွားတဲ့ ပ.စ လို ပြန်လမ်းမဲ့တွေချည်းပဲ။

မြန်မာပြည်က လူငယ်တွေလည်း ကျားဖြန့်ထဲသွားမလား၊ နိုင်ငံခြားထွက် အလုပ်လုပ်မလား၊ လက်နက်ကိုင် တော်လှန်မလား၊ မဟုတ်ရင် ပ.စ အဖြစ်ခံမလား၊ ဒါပဲရှိတာ။ ကျန်တာက အစိမ်းချုပ်ကြီးတွေ၊ ခရိုနီကြီးငယ်တွေ သားသမီးနဲ့ ဘုန်းကြီးပဲ ရှိတော့တာ။ ဒီလို အလုပ်လုပ်သူမဲ့၊ လုပ်စရာမဲ့ တိုင်းပြည်မှာ စစ်က အချိန်ပြည့် နေရာမလပ် ဖြစ်နေတာဆိုတော့ စစ်အုပ်စုဟာ ဒီနည်းနဲ့ ငွေရှာတာကလွဲရင် ဘာရှိတော့မတုံး။ ဒါကိုပဲ နည်းမျိုးစုံနဲ့ အမျိုးသားရေးတာဝန်တစ်ရပ် လုပ်ရပြီပေါ့။ တိုင်းပြည်မပြိုကွဲရေး အူရပြီပေါ့။ ပြိုကွဲသွားရင် ကျားဖြန့်နဲ့ ဆေးပြားက နေပြည်တော်မှာပဲ လုပ်ရတော့မယ်လေ။ လုပ်လည်း လုပ်နေပါပြီ။ ပြည်ပထွက် အလုပ်လုပ်သူတွေဆီက ဒေါ်လာတွေ မရမက ညစ်ပတ်လုယက် အနုကြမ်းစီးမယ်။ INGO တွေဆီက ဒေါ်လာတွေ အနုကြမ်းစီး ဓားပြတိုက်မယ်။ စီမံကိန်းလိုလို ဘာလိုလိုနဲ့ သူမပိုင်တဲ့ တိုင်းပြည်မြေတွေ ဖဲ့ရောင်းမယ်။ ပြီးရင်တော့ ခရိုနီဆီက နှိုက်မယ်။ နောက် စစ်ဗိုလ်ချုပ်ဟောင်းအုပ်စုတွေဆီက တိုက်မယ်။ ဒါ ၂၁ အာဏာသိမ်းအုပ်စု လုပ်တာတွေပဲ။ စီးပွားရေးကတော့ မပြောနဲ့၊ တစ်ခုတည်းသော ထာဝရအားကိုးရတဲ့ လယ်ယာတောင် လယ်လုပ်ပစ္စည်းအကုန်ဖျက်ထားလို့ လုပ်စားစရာ မကျန်တော့ဘူး။ စစ်ကြောင်းထိုး ဗုံးကြဲနေလို့ သွားလုပ်လို့ မရတော့ဘူး။ လယ်သမားတွေလည်း တော်လှန်ရေးသမား ဖြစ်ကုန်ပြီ။ 

ဒေါ်စုလက်ထက်မှာ တစ်လုံးတစ်ရာနဲ့ လိုသလောက် ထုတ်ပေးနိုင်တဲ့ ကြက်ဥကိုတောင် တသက်လုံး ကြက်မွေးမြူရေးလုပ်လာတဲ့ တပ်က တလုံး ခုနစ်ရာနဲ့ ခုနစ်ကမ္ဘာ ငရဲကျ၊ လိုသလောက်ရဖို့ထား၊ တအိမ် တလုံးသာ စားရမဲ့ကိန်း။ အသား၊ ငါး စားရဖို့အရေးတော့ ဝေးရော။ တွေးမနေနဲ့။ မီးဖိုချောင်ထဲ ဝင်လာတဲ့ကြွက်တွေကုန်ရင် သက်သတ်လွတ်နိုင်ငံ ဖြစ်တော့မှာ။

ဒါတောင် ငပုက သူ့လက်ထက်ကျမှ စီးပွားတက်လာတယ်လို့ ဟောင်သေးတာ။ ဗိုလ်သိန်းစိန်နဲ့ ဒေါ်စုလက်ထက် ပေါက်ကရတွေ လုပ်လို့ တိုင်းပြည်ကြီးစုတ်သွားတယ်လို့က လုပ်သေးတာ။ သူ့ဆရာ သူ့ဘာသာ မုန့်ဟင်းခါး ရောင်းနေတာကိုတောင် လှမ်းဟောင်လိုက်သေးတယ်။ သေထိ ဝမ်းလျှောမရပ်မယ့်ကောင်။

အင်း... လေကျယ်ဆို ပေပေတရုတ် ရှိသကိုး။ တရုတ်ကလည်း ရှမ်းပြည်ထဲ သူ့အကျိုးစီးပွား ကြီးလွန်းတော့ နှစ်ပေါင်းများစွာ တရုတ်တွေ စနစ်တကျသွင်း၊ ရှိသမျှ လက်နက်ကိုင်တွေပါ ကျုံးသွင်းထားပြီးပြီဆိုတော့ သူပိုင်သလိုဖြစ်နေတဲ့ ရှမ်းပြည်ကို မအလကလည်း အတည်ပေါက်ကြီး ပေပေကြီးကို ဆက်သပါတယ်ပေါ့။ အဲဒီလိုနဲ့ သူ့ကျားဖြန့်၊ ဆေးဖြန့်လည်း တရုတ်တွေနဲ့ ဖက်စပ်လုပ်တယ်ပေါ့လေ။ အဲဒီတော့ သူ့ကို ပြန်တိုက်မယ့်သူလည်းမရှိ၊ ဆေးပြားနဲ့ ကျားဖြန့်ကလည်း လိုသလောက်ငွေရ၊ တရုတ်ကြီးဆီက စစ်လက်နက်အကူတွေပါရတော့ လေကျယ်ပြီပေါ့။ လေကျယ်ပြီဆို ဖင်ပါကျယ်ပြီလေ။ အဲဒါကြောင့် ထိုင်ခုံဆို နှစ်ခု သုံးခုစာ ထိုင်ချင်တာ။ အခု ခင်ရီ့ထိုင်ခုံပါ မျက်စပစ်နေတော့ အဲဒီကောင် ခင်ရီ အသံလုံခန်းထဲဝင်ပြီး ငိုယိုတုတ်နေတယ်ဆိုပဲ။ ငါကိုင်တုတ်တယ်ဆိုလို့ မအလကို ဆဲနေတယ်မထင်နဲ့။ မဆဲရဲဘူး။ 

လောကမှာ ထင်သလိုလာဘ်စားပြီး ထင်သလို နှိပ်စက်သတ်ဖြတ်တတ်တဲ့ စစ်ဗိုလ်ချုပ်ထက် ကြောက်တဲ့ကောင် မရှိဘူး။ ခင်ရီ ငါကိုင်တုတ်တယ်ဆိုတာ ကိုယ့်ဟာကိုယ် ကိုင်တုတ်တာပြောတာ။ သူ့ခမျာ ဆင့်ဖင် ခွေးတက်ရိုးသလို ခံစားရတာလေ။ သူအသုံးချလို့ရမယ်ထင်ပြီး အာဏာသိမ်းဖို့ မြှောက်ပေးခဲ့တဲ့ ငပုက သူတို့တအုပ်လုံးကို ရှင်းတော့မယ်ဆိုတော့ ဒင်းမှမဆဲ ဘယ်သူ ဆဲမလဲ။ ငပုက သူ့ကို ခြေတွေ လက်တွေ ခုတ်ထစ်ပြီး စာခြောက်ရုပ် လုပ်ခိုင်းဦးမှာ။ 

အခုတော့ မစားရတဲ့အမဲ သဲနဲ့ပက်တဲ့ဒဏ် စပယ်ရှယ် ခံနေရပြီပ။ ကြံ့ဖွတ်ဖာထီဟာ တပ်ကထောင်ခဲ့တာမို့ တပ်ပိုင်ဖာထီလို့ သဘောထားတဲ့ ငပုက သူ့ကို ဖာထီစောင့်ခွေးလောက် သတ်မှတ်တာ။ ဖာထီရဲ့ တံခါးစောင့်ရာထူးတောင် ပေးမယ်မဟုတ်၊ ဖာထီက နွားတွေ စားဖို့ထားတဲ့ ကောက်ရိုးပုံစောင့်ခွေးလောက် ပေးမှာ။ ဖာထီမှာက စုံတယ်လေ။ ဖာထီအမည်တွေက ကြံ့နဲ့ဖွတ်ဆိုပေမယ့် အရင်ခေတ်ကတည်းက ကြံ့ဖွတ်ကတ်လေး ကိုင်ထားရင်ကို အလုပ်ဖြစ်တယ်ဆိုပြီး ဝင်လာတဲ့နွားတွေနဲ့၊ ၂၁ နောက်ပိုင်း ဝင်လာတဲ့ တပ်ထွက်ခွေးတွေရောဆိုတော့ အတော်စုံတယ်လေ။ ဟိုဖာထီ ဒီဖာထီက ပြောင်းလာတဲ့ ပဒတ်မကျ ဖွတ်မကျ အရောင်ပြောင်း ခေါင်းညိတ် ပုတ်သင်ညိုတွေကလည်း ရှိသေးတာ။

အင်း... အခုတော့ ဘာဘူကြီးလည်း မအလတပ် ဆေးပြားဒဏ် မခံနိုင်လို့၊ မြန်မာဘက်က မူးယစ်ဆေးဝါး ဝင်ရောက်မှုဒဏ် ဆက်မခံနိုင်တော့လို့ အိန္ဒိယ-မြန်မာနယ်စပ် လုံးဝပိတ်ပစ်မယ်ပြောပြီ။ အမှန်က မအလ ငလမတွေ သက်ဆိုးရှည်အောင် လုပ်နေတာကို ရပ်ရမှာ။ စစ်တပ်ရှိသရွေ့ တရုတ်က ဆေးပြားထုတ်ဖို့ကူပြီး အိန္ဒိယဘက် သွင်းနေမှာ။ စစ်တပ်မရှိရင် ဆေးပြားမရှိပဲလေ။ စစ်တပ်ရှိသရွေ့ ဆေးပြားက တစ်နည်းနည်းနဲ့ ဝင်နေမှာပဲ မဟုတ်လား။ အဲဒါကို မျက်ကွယ်ပြုပြီး ငပုကောင်ကို ဟောင်ခွင့်ပေးထားတော့ ခွေးလေးအရောဝင် ပါးလျက်နားလျက် လုပ်တာတင်မကတော့ဘူး၊ ဟိုကောင်က ပေါင်ကြားပါ တိုးတော့တာ။

ပေါက်ဖော်လည်းကြည့်၊ ငပုနဲ့ စစ်အုပ်စုကို ပစားပေးလိုက်တော့ မအလနဲ့ စစ်အုပ်စုက ကျားဖြန့်တွေ နိုင်ငံအနှံ့ ဖြန့်ပစ်လိုက်တယ်။ ကျားဖြန့်က တရုတ်ပင်စင်စားတွေရဲ့ ငွေကို အဓိကလိမ်တာလေ။ ရှမ်းမြောက် ကျားဖြန့်တွေကို နှိမ်နင်းနိုင်ပြီထင်ပြီး တဝက်တပျက် ရပ်လိုက်တဲ့ဒဏ် ခံနေရပြီပေါ့။ မအလက အခု တစ်ချက်ချင်း ရှယ်သမတာခံရပေါ့။ မအလက တရုတ်ကျားဖြန့်အရိုးနဲ့ တရုတ်ဖင် ပြန်ထိုးပြီလေ။ ကျားဖြန့်ကလည်း သူ ထွင်ထားတဲ့ ဝူဟန်ဗိုင်းရပ်စ်လိုပဲ သူ့နိုင်ငံပါ ကပ်ပြန်ဆိုက်တာ မဟုတ်လား။

တရုတ်နဲ့ အိန္ဒိယဟာ သူ့ပြည်သူက ထောက်ခံတဲ့ပါတီဆီက အာဏာသိမ်းပြီး အဲဒီပြည်သူကပဲ ဆန္ဒပြတော့ ဖမ်းဆီး၊ ထောင်သွင်း၊ သတ်ဖြတ်၊ ညှဉ်းဆဲ၊ အဲဒီလိုလုပ်လို့ အဲဒီပြည်သူက လက်နက်ကိုင် ပြန်တော်လှန်တော့ အဲဒီပြည်သူကိုပဲ ပြန်ပေးဆွဲပြီး အချင်းချင်း ပြန်တိုက်ခိုင်းတဲ့ကောင်ဆီက ဘာမျှော်လင့်ပြီး ဆက်ဆံတာလဲ မသိ။ အဲဒီလိုကောင်ဆီက ဘာမျှော်လင့်တာလဲ။ သူ့တပ်ကိုတောင် စမုံတုံးအောင် လုပ်ပစ်တဲ့ကောင်ဆီက ဘာမျှော်လင့်တာလဲ။ သူ့ပြည်သူအချင်းချင်း စစ်ခင်းခိုင်းနေတဲ့ကောင်ဆီက ဘာမျှော်လင့်တာလဲ။ ဆေးပြားနဲ့ ဗားရှင်းမြင့် ကျားဖြန့်ကလွဲရင် ဘာရမှာမို့လဲ။ တရုတ်ဟာ ဆေးပြားကို တားနိုင်ပေမဲ့ ကျားဖြန့်ကို မတားနိုင်တော့ဘူး။ ကျားဖြန့်အတွက် ဖြတ်စရာဂိတ် မလိုဘူး။ စစ်လို့မရဘူး။ အိုင်တီနည်းပညာ မသုံးတော့မှ ရမှာ။ ဘာဘူဟာ နယ်စပ်ဘယ်လိုပိတ်ပိတ် ဆေးပြားကို မတားနိုင်ဘူး။ တော်လှန်ပြည်သူကို ကူညီရင် အဲဒီပြဿနာတွေ အကုန်ပြေလည်သွားမယ်လေ။ ဒါတွေအားလုံးရဲ့ ဇစ်မြစ်က စစ်တပ်ပဲ။

ပြည်သူကို အခြေခံပါတယ်ဆိုတဲ့ ကွန်မြူနစ်ရော၊ ဒီမိုကရေစီရောက ဘာကိစ္စ ပြည်သူ့တော်လှန်ရေးကို အားမပေးတာလဲ။ ဘယ့်နှယ်ကြောင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုတာလဲ။ ပြည်သူကို မယုံကြည်ရင် ကျဆုံးရမှာပဲ။ တခြားပြည်သူကို ကိုယ်က မယုံကြည်ရင် ကိုယ့်ပြည်သူကရော ကိုယ့်ကို ယုံကြည်ပါ့မလား။ နိုင်ငံကြီးတွေဆိုပေမယ့် မြွေခြောက်ကိုက်ခံရနိုင်တယ်လေ။ တန်ပြန်သက်ရောက်မှုက ဆတူပဲ မဟုတ်လား။

နိုင်ငံတနိုင်ငံ ခံရတဲ့ဒုက္ခမျိုး နိုင်ငံတနိုင်ငံ ပြန်ခံရမှာပဲ။ အခုပဲ ပြည်တွင်းမကျေနပ်မှုတွေနဲ့ စူပါအယ်လ်နီညို သဘာဝဘေးဒဏ်တွေ အဆမတန် ခံနေရပြီ မဟုတ်လား။ မအလနဲ့ စစ်အုပ်စုရဲ့ အကုသိုလ်ထုထည်က ဆည်တွေ ကျိုးတာလောက်တော့ အပျော့ပေါ့။ အပါယ်တွေ ဒိုးတာလောက်လည်း အေးဆေးလေ။

ဒီ နဲ့ ရှီ အကုသိုလ်ကောင်ကို ရှောင်နိုင်ပါစေ။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား

 

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar