နီမင်းထက် - အံသွားတွေငုံ့ပြီးငါ့ကိုကြိတ်ဝါး
အံသွားတွေငုံ့ပြီး ငါ့ကိုကြိတ်ဝါး
နီမင်းထက်
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၂၆
တယောက်ကဖုန်းခေါ်ဖို့ပြောတယ်
တယောက်ကဖုန်းခေါ်မယ်ပြောတယ်
ညကငါ့အပေါ်ပိကျလို့နေတယ်လား
လသာတာခဏ ပင်လယ်ဟာဒီတက်လို့ ဆိုတာပါပဲလား
တခါတခါတော့ ခွေးကိုက်တတ်တဲ့လမ်းနဲ့ သော့ခတ်မရတဲ့တံခါးနဲ့
ကဗျာကလည်း ဗျာပါဒမှာပဲ က,နဲ့
ကိုခင်ဝမ်းလိုတွင်းထဲကိုငုံ့ပြီးအော်လိုက်ရမလား
ကမ္ဘာကြီးရေ အရက်ပုလင်းဟာကုန်ဖို့အမြဲလက်တလုံးဘာလို့လိုနေတာလားပေါ့
ပလ္လင်ပေါ်ကမျောက်ကလေး ဆော့စရာပါးစပ်ကလေး ဘော်လုံးကန်တယ်
အဆီတဝင်းဝင်း ဂျီဒီပီအရ ကော်ခွက်စုတ်စက္ကူစုတ်တွေဈေးပြန်ကောင်း
ပလတ်စတ်ကောက်တဲ့ခေတ်ပြန်ရောက်တော့မှာမလွဲပဲ
စိတ်ကိုလည်းချထားရ လက်ကိုလည်းချထားရ
အကျအန အနာကျနေတဲ့ ညကြီးမွန်းတည့်ရဲ့
တလွမ်းဝင်တလွမ်းထွက် ခရေပွင့်ကြွေတွေကောက်
လေးဆယ်ကျော်မှဘဝစတဲ့ မေ့သားရွှေသွေး လူမမယ်လေးရဲ့
ဒါဝင်ကိုငါကျေးဇူးတင်မိ ဒါလီကိုတော့ငါသနားမိ
ဒိုင်ခွက်မပါတဲ့နာရီတလုံးဟာ လက်ပဲဆော့မှာပေါ့တဲ့
ဒါနဲ့မင်းကရောငါလားပဲ
အဲ့ဒီနေ့ညနေကပေါ့
မိုးတွေတအားရွာချလို့ပေါ့
အမှောင်ပေါ့
ဟာပေါ့
ဗွက်ပေါ့
နစ်ပေါ့။ ။
၂၃.၉.၂၆
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
