Breaking News

ဖလော်ဒါဟန် - ၅ နှစ်တာ သက်တမ်း ပဝါတထည်မှ သန်း ၅၀ သော ပြည်သူများ ကျခဲ့ရသည့် မျက်ရည်

ဖလော်ဒါဟန် - ၅ နှစ်တာ သက်တမ်း ပဝါတစ်ထည်မှ သန်း ၅၀ သော ပြည်သူများ ကျခဲ့ရသည့် မျက်ရည်

မိုးမခ ၊ နိုဝင်ဘာ ၁၊ ၂၀၂၆



လူတယောက်အတွက် ၅ နှစ်တာ သက်တမ်းက ဝန်ထမ်းဆို ရာထူးတဆင့်တက်ဖို့ အချိန်ကာလလို့ ဆိုရပါမယ်။ ဒါက မြန်မာနိုင်ငံရဲ့ မူတခုပါ။ တခါတလေကျရင် အချို့သော လူကြီးများ လူခင်ရင် မူပြင်သွားတာမျိုးတွေလည်း ရှိပါတယ်။

မြန်မာပြည် စစ်ရှောင်တွေရဲ့ ၅ နှစ်တာ သက်တမ်းကရော ဘယ်လိုများ လုပ်ကိုင်နေထိုင် စားသောက်နေကြပါသလဲ။ ကျွန်မ တွေ့ဖူးတဲ့ စစ်ရှောင်တွေဟာ မိမိရပ်ရွာကို ပြန်လို့ မရနိုင်သလို ပြန်စရာ အိမ်တွေလည်း မရှိတော့ပါဘူး။ လမ်းတွေလည်း ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေသလို မီးလည်း မရနိုင်တော့ပါ။

စစ်ရှောင်၊ စစ်ပြေး ဆိုတာ အသက်ကို လုပြေးရတဲ့ အနေအထားပါ။ တနေ့က (အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီလာရာဇရို) က တောင်ကြီးကို သွား၍ စစ်ရှောင်များကို လှူဒါန်းထောက်ပံ့နိုင်ဖို့ သွားသည်ဆိုသည့် သတင်းမျိုး ဖတ်ရပါတယ်။ တောင်ကြီးမြို့မှာ ၂၁ ခရိုင် ရှိတာပါ၊ ဘယ်ဒေသကို ရောက်တာလဲ ဆိုတာ အတိအကျ မသိရပါဘူး။ တောင်ကြီး ဆိုတာ စစ်ရိပ်စစ်ငွေ့ မရှိသလို လူတန်းစား အမျိုးစုံ နေထိုင်နေသည့် တောင်ပေါ်မြို့ကလေးပါ။

၂၀၂၁ လောက်ကစလို့ တောင်ကြီးမြို့ရဲ့ တဝိုက် အစွန်အဖျားရွာ၊ ရပ်ကွက်တွေဟာ စစ်ရှောင်များ နားခိုရာအဖြစ် ရွှေ့ပြောင်းလာသူတွေ ရှိသလို မိမိဒေသကို စစ်ငွေ့တွေအောက် ပြန်သွားကြသူတွေလည်း ရှိပါတယ်။ ကယားပြည်နယ်နဲ့ နယ်စပ်ချင်း ထိစပ်နေပေမဲ့ မတူညီတဲ့ လူ့အဖွဲ့အစည်းများအောက်မှ မိသားစုတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။ အခုဆို တောင်ကြီးမြို့ရဲ့ အေးချမ်းစွာ ရပ်တည်နေမှုကြီးအောက်မှာ စစ်ဘေးရှောင်သူတွေ ၅ နှစ် သက်တမ်းကို ရောက်ခဲ့ကြပါပြီ။

အခုချိန်မှာ ပေါ်လာတဲ့ ကူညီထောက်ပံ့မှု ဆိုသည်မှာ ၂၁ ခရိုင်မှ မည်သည့်မြို့ကို သွားခဲ့သည်ဆိုတာမျိုး အတိအကျ မသိရပါ။ တကယ် လက်တွေ့ ဆင်းရဲဒုက္ခ အမျိုးစုံကို အန်တုနေသူများက မြို့ပေါ်မှာ မနေနိုင်ကြသလို နေနိုင်သည်ထားဦး ကူညီပေးမဲ့သူ မရှိပါ။ ဒါကြောင့် အိုးအိမ်ပစ်လို့ နီးစပ်ရာ တောတောင်များမှာ ဘဝတွေ အဆင်ပြေသလို နေထိုင်နေကြသူတွေ အတော်များပါတယ်။

၅ နှစ်သက်တမ်း စစ်ရှောင် စစ်ပြေးခဲ့ရသည့် ဒုက္ခသည် အနည်းဆုံးတော့ မိမိတို့ရဲ့ အိုးအိမ်နှင့် နေရပ်ကို စွန့်ခွာခဲ့ကြရသူတွေ ဖြစ်တာကြောင့် နေစရာနှင့် အလုပ်အကိုင်ဟာ ၅ နှစ် သက်တမ်းကို အန်တုကြရတာ အမှန်ပါ။ ဒီနေ့အချိန် ခေတ်နဲ့ စနစ်ဟာ စစ်ရှောင်တွေအတွက်တင် မဟုတ်ရပါ။ ဘယ်နေရာ ဘယ်ဒေသမှာပဲနေနေ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကစလို့ အသစ်ကနေ ပြန်စကြရတာပါ။

ဒီနေရာမှာ ခံယူချက် အမျိုးမျိုးဖြင့် မိမိတို့ဘဝများကို ရုန်းကန်ကြသလို ပညာရေးကိုလည်း မိမိတို့ ခံယူထားတဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုအောက်မှာ ကလေးတွေရဲ့ အနာဂတ်ကို ပြုစုပျိုးထောင်ကြပါတယ်။ ကျွန်မ သိတဲ့ စစ်ရှောင်သူများ၊ စစ်ထိုးလို့ ပြေးရသည့် ပြည်သူတွေဘဝသည် ပို၍ ခက်ခဲကြပါတယ်။

ယနေ့အချိန်မှာ အချို့သော ဒေသများတွင် အပျော်နဲ့ မြူစွယ်ထားသည်။ ဒုက္ခအမျိုးစုံအောက်မှာ ဆိုင်းသံဗုံသံသည် လွတ်လပ်ခြင်း၊ လွတ်မြောက်ခြင်း မဟုတ်ရပါ။ ပြည်သူများကို ပြုံးပျော်ခွင့် ပေးထားခြင်းလည်း မဟုတ်ပါ။ အာရုံပြောင်း၍ နိုင်ငံအရေးကို အပျော်ဖြင့် အမှောင်ချထားခြင်းသာ ဖြစ်သည်။ ဤသည်မှာ အာဏာရှင်၏ လှည့်ကွက်သာ ဖြစ်သည်။

ပြည်သူတွေဘက်မှ စစ်မှုထမ်းလည်း အပတ်စဉ် ပေးပို့နေရသလို ငွေဝယ်ကျွန် အဆင့်ဖြင့် မြန်မာပြည်၏ လူငယ်များဘဝကို တိတိပပ ကျင့်သုံးခံနေရသည်။ အခန့်မသင့်ပါက ပေါ်တာဆွဲခံရနိုင်သေးသည်။ ဤသည်ကိုလည်း ငွေနှင့် လဲလှယ်၍ ပြန်ရွေးထုတ်ရသည်။ အာဏာရှင်ခေတ် အာဏာရှင်စနစ်မှာ ပြည်သူကို အများဆုံး ပေးနေရသည့် အခွန်အတုတ်သည် ငွေကြေးထက် ဆိုးသည်က လူသားအချင်းချင်း အနိုင်ကျင့်စနစ်ဖြင့် အသက်ပေးရခြင်း ဖြစ်သည်။

သမ္မတလို့ ခံယူသူမှစလို့ သမ္မတလက်အောက်မှ ထောက်ခံသူအဆုံး လက်နက်အားကိုးဖြင့် ထိုစနစ်ကို အကောင်အထည်ဖော် ကျင့်သုံးခဲ့သည်မှာ နှစ်ဆယ်ချီခဲ့ပါပြီ။ အကြောင်းအရာများစွာဖြင့် ဆက်စပ်ပြီး တလရ (တော်လှန်ရေး) ၏ ၅ နှစ်တာ သက်တမ်းမှသည် လက်ကိုင်ပုဝါလေး တစ်ထည်သည် သန်း ၅၀ သော ပြည်သူတို့၏ ဘဝ မျက်ရည်များကို UN က ကယ်တင်နိုင်ပါ့မလား။

ကျွန်မရဲ့ အတွေးအငေး အရေးများစွာဖြင့် မြန်မာပြည်ကြီးကို ပုံဖော်နေမိတော့သည်။

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar