Breaking News

ပြည်တွင်းစစ် အရှိန်မြင့်ချိန် ငွေဖောင်းပွမှု အရှိန်မြင့်တက်လာနေတာကြောင့် ဝမ်းဝဖို့အရေး ရုန်းကန်ကြရမဲ့ မြန်မာလူထုရဲ့ အခြေအနေ

May be an image of slow loris 

ပြည်တွင်းစစ် အရှိန်မြင့်ချိန် ငွေဖောင်းပွမှု အရှိန်မြင့်တက်လာနေတာကြောင့် ဝမ်းဝဖို့အရေး ရုန်းကန်ကြရမဲ့ မြန်မာလူထုရဲ့ အခြေအနေ  

မြန်မာနွေဦးခရိုနီကယ်၊ နိုဝင်ဘာ ၁၅ မြင်ကွင်း

(မိုးမခ) နိုဝင်ဘာ ၁၆၊ ၂၀၂၆


နှစ်နှစ်ဝန်းကျင်လောက် ကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၄၄၀၀ ကျပ်ဝန်းကျင်မှာ တန့်နေခဲ့ရာက ပြီးခဲ့တဲ့လတွေမှာ မြန်မာကျပ်ငွေ ဈေး စတင်လှုပ်ခတ်လာခဲ့ပါတယ်။ လှုပ်ခတ်လာတဲ့ အကြောင်းအချက်တွေက မကြာသေးခင်လပိုင်းက ဘီလာရုစ် နိုင်ငံက ငွေချေးမဲ့ သတင်းပေါ်ထွက်လာခဲ့တာနဲ့ လွှတ်တော်မှာ နေပြည်တော် စစ်အစိုးရက ဗဟိုဘဏ်ကနေ ဘီလျံ ၂၁၀၀ ချေးမဲ့ကိစ္စ အတည်ပြုတဲ့ သတင်းတွေ ထွက်ပေါ်လာချိန်က စလို့ ဒေါ်လာနဲ့ ကျပ်ငွေလဲနှုန်း မတည်မငြိမ်ဖြစ်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းလာတာပါ။

အဆိုပါကိစ္စတွေ ဖြစ်ပေါ်ပြီးနောက် သီတင်းပတ် အနည်းငယ်အကြာ ခုရက်ပိုင်းအတွင်း အစိုးရ အသုံးစရိတ် ထပ်တိုးတောင်းခံတဲ့ ကိစ္စ၊ စစ်အသုံးစရိတ် ကျပ်ဘီလျံ ၁ သောင်းကျော်အထိ လွှတ်တော်မှာ တောင်းခံခဲ့တာ၊ ဗဟိုဘဏ်က ငွေစက္ကူရိုက်နှိပ်ဖို့အတွက် ကျပ် ဘီလျံ ၅၀ တောင်းခံတဲ့ သတင်းတွေနဲ့အတူ မြန်မာကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းလာတာ တွေ့ရပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်နီးပါး ကာလအတွင်းမှာ ဘဏ္ဍာရေးဆိုင်ရာ အသုံးစရိတ်တွေနဲ့ ပတ်သက်လို့ အသေးစိတ် မသိရှိရပါဘူး။ အချို့သော ကိစ္စရပ်တွေနဲ့ ငွေပမာဏ တချို့သာ သိရှိကြရပြီး အခု ၂၀၂၆ ခုနှစ်ထဲမှာတော့ လွှတ်တော် ရှိနေခြင်းတာကြောင့် ဘဏ္ဍာရေးဆိုင်ရာ သုံးစွဲတဲ့ ပမာဏတွေ လွှတ်တော်မှာ အစီရင်ခံ တင်ပြရတာ၊ တောင်းခံရတာတွေကြောင့် ကိန်းဂဏန်းတွေ သိရှိလာရတဲ့ သဘောဖြစ်ပါတယ်။

မကြာသေးတဲ့ ၂၀၂၃-၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်က ကာကွယ်ရေးအသုံးစရိတ် (စစ်အသုံးစရိတ်) က ကျပ် ဘီလျံ ၅၆၀၀ ကျော်အသုံးပြုခဲ့ပြီး အဲဒီနှစ်တွေက အမြင့်ဆုံး ပမာဏဖြစ်ခဲ့ပေမယ့် ၃ နှစ်အကြာမှာ ကျပ်ဘီလျံ ၁ သောင်းလောက်ထိ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ကျပ်ငွေတန်ဖိုး ကျလာတဲ့အချက်ကြောင့်လို့ ဆိုကောင်းဆိုနိုင်ပေမဲ့ အဲဒီအချိန်ကာလ ( ၂၀၂၄ ခုနှစ်မေလ) က ကန် ၁ ဒေါ်လာကို ၃၆၀၀ ကျပ်ဝန်းကျင်ရှိခဲ့ပြီး အခုအခါ ၄၇၀၀ ဝန်းကျင် ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်မှုထမ်းဥပဒေ အသက်သွင်းခဲ့ပြီး လစဥ် စစ်မှုထမ်း ၅၀၀၀ စုဆောင်းတဲ့အချက်က စစ်အသုံးစရိတ် မြင့်တက်လာရတဲ့ အကြောင်းတွေထဲက တချက် ဖြစ်နိုင်ပါတယ်။ ၂၀၂၄ ခုနှစ်နောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုတွေက အဆိုပါနှစ်တွေ မတိုင်ခင်ကနဲ့ နှိုင်းစာရင် အဆနဲ့ချီ မြင့်တက်လာနေတာကလည်း လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းလက်နက်နဲ့ နည်းပညာတွေ ပြည်ပက ဝယ်ယူတပ်ဆင်တာတွေက စစ်အသုံးစရိတ်ကို သိသာစွာ မြင့်တက်လာစေတဲ့ အကြောင်းအချက်တွေ ဖြစ်နေတာပါ။

နိုင်ငံရဲ့ စီးပွားရေးက စစ်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ပုံမှန် မလည်ပတ်နိုင်ဘဲ ကျဆင်းတာ၊ ပြည်ပပို့ကုန်တွေ ဖြစ်တဲ့ စိုက်ပျိုးရေးထွက်ကုန်တွေသာမက၊ ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်တဲ့ ထုတ်ကုန်တွေပါ စစ်ပွဲတွေကြောင့် ထုတ်လုပ်မှု လျော့ကျသလို၊ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက် လုပ်သားအင်အား ရှားပါးလာတာကလည်း ပြည်တွင်းထုတ်လုပ်မှုတွေကို လျော့ကျစေတာ ဖြစ်ပါတယ်။

စစ်ပွဲကြောင့် စီးပွားရေးက ပုံမှန်မလည်ပတ်နိုင်တဲ့ အခြေအနေမှာ မြန်မာ့စီးပွားရေးကို လွဲမှားတဲ့ မူဝါဒတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စီမံခန့်ခွဲနေတာကလည်း ပို့ကုန်၊ သွင်းကုန်နဲ့ နိုင်ငံခြားငွေ သုံးစွဲမှု စတဲ့အကြောင်းအရာတွေမှာ ကမောက်ကမတွေ ဖြစ်နေတာ သာမန် အရပ်သားတယောက်ပင်လျှင် ဝေဖန်ထောက်ပြနိုင်တဲ့အထိ လွဲမှားတဲ့မူဝါဒတွေ ၊ ဥပဒေ၊ အမိန့်တွေနဲ့ နိုင်ငံရေး၊ စစ်ရေးသာမက စီးပွားရေးကိုပါ စီမံခန့်ခွဲနေတာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေ များများရဖို့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေဆီက မိသားစုလွှဲငွေ၊ ဝင်ငွေခွန် စတာတွေကို တရစ်ပြီးတရစ် ကြပ်ကာ ကောက်ယူနေတာလည်း သတင်းတွေမှာ တွေ့မြင်နေကြရတာ ဖြစ်ပါတယ်။ လူထုအတွက် အမှန်တကယ် လိုအပ်တဲ့ လူသုံးကုန်ပစ္စည်းတွေကို ပါမစ်တွေ မကြုံဖူးလောက်အောင် တင်းကြပ်ပြီး ပြည်တွင်းမှာ မရှိမဖြစ် သုံးရတဲ့ နိုင်ငံခြားထုတ်ကုန်ပစ္စည်းတွေက ဈေးမတန်တဆ မြင့်တက်လာပါတယ်။ ဇိမ်ခံပစ္စည်းလိုမျိုးတွေ ဈေးနှုန်းမြင့်တာ အရေးမကြီးပေမဲ့ စားသုံးဆီ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဆေးဝါး၊ လောင်စာ စတဲ့ ကုန်စည်တွေကို တင်သွင်းတဲ့ ပမာဏ သိသိသာသာ လျော့ချလိုက်လို့ ကုန်ပစ္စည်းဈေးတွေက မတန်တဆ ဖြစ်ကုန်တဲ့ အနေအထား ဖြစ်ပါတယ်။

အထက်က ဆိုတဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေမှာတောင် ရှားပါးစျေးနှုန်းမြင့်နေတာဖြစ်လို့ သယ်ယူခွင့် ကန့်သတ်ခံထားရတဲ့ မြန်မာနိုင်ငံက အခြားဒေသတွေမှာ ပိုမိုမြင့်မားတဲ့ ဈေးနှုန်းတွေ ဖြစ်နေတာလည်း တွေ့ကြရမှာပါ။

ပြည်တွင်းစစ်ကာလ စီးပွားရေးလို့ ခေါ်ဝေါ်ကောင်း ခေါ်ဝေါ်ကြပေမဲ့ ဒီဒဏ်ကို ခံစားနေကြရတဲ့ ပြည်သူလူထုတွေရဲ့ လက်တွေ့ ဘဝတွေက ဆိုးရွားလှပါတယ်။ ဝင်ငွေနဲ့ ကုန်ဈေးနှုန်း အချိုးအစား မမျှတဲ့ မြားဟာ တလထက် တလ၊ တနှစ်ထက် တနှစ် အပေါ်ကို မြင့်ပြီးရင်း မြင့်တက်လာနေတာပါ။

နိုင်ငံခြားငွေ ချွေတာဖို့ လောင်စာဆီ တင်သွင်းမှုကို အီရန်-အမေရိကန် စစ်ပွဲစတင်ပြီးနောက် ရာခိုင်နှုန်း ၃၀ ကနေ ၄၀ ဝန်းကျင် လျှော့ချခဲ့တာကြောင့် ပြည်တွင်းမှာ မလောက်ငမှု၊ မှောင်ခိုစျေးကွက် ပိုမိုကျယ်ပြန့်လာနေပြီး လောင်စာဆီ စျေးတက်တဲ့ အကျိုးဆက်က ကုန်ထုတ်လုပ်မှုကို တပြန် ဆိုးကျိုးသက်ရောက်စေပြီး လူထုတွေရဲ့ လူနေမှု အဆင့်အတန်းကို ထပ်ပြီး နိမ့်ကျစေပြန်တာ ဖြစ်ပါတယ်။

ခေတ်အပျက်မှာ လာဘ်စားမှု၊ အလွဲသုံးစားမှု၊ တာဝန်ခံစရာ၊ ပွင့်လင်းမြင်သာမှုရှိစရာ မလိုတဲ့ တင်ဒါခေါ်တာတွေ၊ လုပ်ပိုင်ခွင့်တွေ ရောင်းစားကြတာ၊ သယံဇာတ အလွန်အကျွံထုတ်လုပ်မှုတွေက ရတဲ့ အကျိုးအမြတ်တွေနဲ့ လက်တဆုပ်စာမျှသော လူအချို့က ပေါပေါသီသီ ဖြုန်းတဲ့ အနေအထားမျိုးတွေနဲ့ သုံးစွဲနေကြတာလည်း တွေ့ကြရမှာ ဖြစ်ပါတယ်။

အခုလို ခေတ်အပျက်၊ ပြည်တွင်းစစ်ကာလမှ ငွေကြေး အကျိုးအမြတ်တွေ အလွယ်တကူ ရှာဖွေသုံးဖြုန်းနိုင်တဲ့ အဖြစ်တွေက ဆင်းရဲချမ်းသာ ကွာဟမှု ကြီးမားလာတာလို့ အချို့က ဆိုကောင်းဆိုပါလိမ့်မယ်။ မြန်မာနိုင်ငံ အခြေအနေက ဆင်းရဲ ချမ်းသာ ကွာဟတယ်ဆိုတဲ့ အသုံးအနှုန်းထက် ခေတ်အပျက်မှာ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အနေအထားနဲ့ ငွေကြေးရှာဖွေချမ်းသာတာလို့သာ သုံးနှုန်းသင့်တာပါ။ ပုံမှန်သမာအာဇီဝ စီးပွားရေးလုပ်ငန်းတွေနဲ့ ကြီးပွားချမ်းသာတာထက်၊ တရားဝင်မဟုတ်တဲ့ ခြစားတာ၊ အလွဲသုံးစားလုပ်တာ၊ လာဘ်စားတာတဲ့ စစ်ပွဲနဲ့ ဆက်စပ်နေတဲ့ စီးပွားရေးတွေက ရတဲ့ဝင်ငွေတွေနဲ့ ချမ်းသာကြတာမျိုးက အများစု ဖြစ်နေတာပါ။

မြန်မာလူထုတွေအဖို့ စစ်ဘေးရှောင်ရတဲ့ ဒုက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒုက္ခ၊ စစ်မှုထမ်း အဓမ္မဖမ်းဆီးခံရတဲ့အခါ ရှိစုမဲ့စု ငွေကြေးပေးပြီးရွေးရတဲ့ ဒုက္ခတွေနဲ့အတူ ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်လာတဲ့ မူမမှန်တဲ့ ရာသီဥတုဘေးဒဏ်ကိုလည်း ခါးစည်းခံနေကြရတဲ့ အနေအထား ဖြစ်ပါတယ်။

 

Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar