Breaking News

သန်းဝင်းလှိုင် - လက်ရှိတပ်မတော်အနေအထား

Photo - Irrawaddy


သန်းဝင်းလှိုင် - လက်ရှိတပ်မတော်အနေအထား

(မိုးမခစာအုပ်စင်၊ သန်းဝင်းလှိုင်၏ သူရရွှေမန်းကို လေ့လာခြင်း)
မိုးမခ၊ မေ ၁၅၊ ၂၀၁၉

အခန်း (၁၁) - လက်ရှိတပ်မတော်အနေအထား

''နိုင်ငံရေးလောကဟာ တပ်မတော်ရဲ့နေရာလို့ ကျွန်မတို့ မထင်ပါ ဘူး။ ဒီတော့ နိုင်ငံဖခင်ကြီးတွေ မျှော်မှန်းထားတဲ့ ဒီမိုကရေစီပြည်ထောင်စုအဖြစ် မြန်မာနိုင်ငံကို ပြောင်းလဲတည်ဆောက်ဖို့ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ ဆက်ကြိုးစားမှာပါ'' ဟူ၍ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ရွေးကောက်ပွဲ အကြိုကာလကပင် ပြောဆိုခဲ့ဖူးသည်။

မှန်ပေသည်။ ဒီမိုကရေစီသန္ဓေမှန်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ရပ် ပေါ်ထွန်းရေးသည် ပြည်သူ့အခွင့်အရေးများကို အာမခံချက် ပေးနိုင် မည် ဖြစ်သလို စစ်ရေးရည်မှန်းချက်ရှိသော အရပ်သားနိုင်ငံရေးသမားများနှင့် နိုင်ငံရေးရည်မှန်းချက်ရှိသော စစ်ရေးခေါင်းဆောင်များသည် တိုင်းရင်းသား ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ပြည်ထောင်စု မြန်မာနိုင်ငံတော်အား စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စုတစ်ခု တည်ဆောက်ရေးအတွက် အရေးပါ လှပေသည်။

သို့ရာတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေသည်ကား စစ်အာဏာရှင် စနစ်ကို သက်ဆိုးရှည်မည့်အပြင် ယင်းအခြေခံဥပဒေဖြင့် မည်သို့မျှ တိုင်းရင်း သား သွေးစည်းညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင် မည် မဟုတ်ပေ။

သို့ဖြစ်ရာ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒီမိုကရေစီပြည်ထောင်စု၌ စစ်တပ်၏အခန်းကဏ္ဍအား တိတိပပပိုင်းဖြတ်ပေးနိုင်သော ဖွဲ့စည်းပုံအခြေခံ ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲရေးသည် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ အဓိကလိုအပ်ချက်အဖြစ် ကျန်ရှိနေဆဲဖြစ်သည်။ ထိုလိုအပ် ချက်ကို ဖြည့်ဆည်းနိုင်ပါက မျက်မှောက်ကာလ ရင်ဆိုင်နေရသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး ပြဿနာများစွာကို ဖြေရှင်းနိုင်မည် ဖြစ် သည်။

ဤသည်ကို နားလည်သဘောပေါက်ခဲ့သော သူရဦးရွှေမန်းသည် ပထမအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂၀၁၁ ဇန်နဝါရီလ ၃၁ ရက် မှ ၂၀၁၆ ဇန်နဝါရီလ ၂၉ ရက်နေ့အထိ ပြည်ထောင်စုလွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းရွက်ခဲ့စဉ်က ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေံဥပဒေ ပြင်ဆင်ရေးကို တစိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိ ရသည်။

မြန်မာ့နိုင်ငံရေးလောကကို နှစ်ပေါင်း ၆၀ ကျော်ကြာ လွှမ်းမိုးလာခဲ့ သည့် တပ်မတော်သည် ၂၀၁၀ ပြည့်နှစ်မှ လက်ရှိအစိုးရအထိ သမ္မတ နှစ်ဆက်ကို နိုင်ငံရေးအာဏာ လွှဲပြောင်းပေးခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တပ်မတော်သည် လုံခြုံရေးဆိုင်ရာဌာနဖြစ်သည့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာနများကို ဆက်လက် ထိန်းချုပ်ထားနိုင်ခြင်း၊ လွှတ်တော်၌ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အသီးသီးထားရှိနိုင်ခြင်း၊ ဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲရေးလုပ်ငန်း ကို တစ်ချက်လွှတ် ဟန့်တားထားနိုင်ခြင်း စသည့် အခွင့်အရေးများ ရရှိထား သည်။

အလားတူ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၆(စ)၌ ''နိုင်ငံတော် အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်သည်''ဟူ၍ ထည့်သွင်း ထားသည်။ တစ်ဖန် ပုဒ်မ ၂၀ (ခ)၌ တပ်မတော်သည် တပ်ပိုင်းဆိုင်ရာကိစ္စ အားလုံးကို လွတ်လပ်စွာ စီမံခန့်ခွဲ စီရင်ဆောင်ရွက်ပိုင်ခွင့်ရှိသည်။ ပုဒ်မ ၂၀ (ဂ) ၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့အားလုံး ၏ အကြီးအကဲဖြစ်သည်။ ပုဒ်မ ၂၀ (ဃ) ၌ တပ်မတော် နိုင်ငံတော်လုံခြုံ ရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံ ဆောင်ရွက်ခွင့် ရှိသည်။ ပုဒ်မ၂၀ (င)၌ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်း သား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင် အဓိကတာဝန်ရှိသည်။ ပုဒ်မ ၂၀ (စ)၌ တပ်မတော်သည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိသည် ဟူ၍ ထည့်သွင်းထားခြင်း ဖြင့် နိုင်ငံရေးလောကတွင် ဆက်လက်ပါဝင်နေဦးမည် ဖြစ်သည်။

ဤသို့ဆိုလျှင် နိုင်ငံရေးလောကကို တပ်မတော်က စွန့်မည် မစွန့်မည် ဟူသောအချက်မှာ တိုင်းရင်းသားများ၏ အရေးအား ဦးစားမပေးနိုင်ခဲ့ခြင်း ကြောင့် သက်တမ်းရှည်ကြာခဲ့သော ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခအပေါ် မူတည်ခြင်းမရှိပေ။ လက်ရှိ ကျင့်သုံးဆဲ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပေါ်တွင်သာ မူတည်နေသည်။ နိုင်ငံရေးသဘောထား ကွဲလွဲမှုများကြောင့် ပေါ်ပေါက်ခဲ့ရသည့် လက်နက်ကိုင် ပဋိပက္ခများကို အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်များကသာ အဓိကဖြေရှင်းရမည် ဖြစ်သည်။ စစ်ခေါင်းဆောင်များ ဝင်ရောက်စွက်နေသမျှ ထာဝရငြိမ်းချမ်းရေး မည်သို့မျှ မရနိုင်ပေ။

သို့ဖြစ်ရာ နိုင်ငံရေးနှင့် တပ်မတော်အကြား ကတ္တားခြားနိုင်သည့် နိုင်ငံတော် တစ်နည်းအားဖြင့် ပြည့်ဝသောဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အဖြစ် ရပ်တည်လိုလျှင် နိုင်ငံရေးစနစ်သစ်ကို ဖော်ဆောင်ရပေမည်။ ဤ သည်မှာ နိုင်ငံတကာစံကိုက် ဒီမိုကရေစီစံနှုန်းများ ကိုက်ညီသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြဋ္ဌာန်းနိုင်မှသာလျှင် နိုင်ငံတော်၏ ဒီမိုကရေစီအနာဂတ်ကို ထုဆစ်နိုင်မည် ဖြစ်လေသည်။

ဒီမိုကရေစီစနစ် ကျင့်သုံးသော နိုင်ငံတိုင်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေ တွင် တပ်မတော်သည် လုံခြုံရေးယန္တရားအနေဖြင့် အုပ်ချုပ်ရေးမှ ကင်းလွတ် စွာ တာဝန်ထမ်းရွက်ကြရသဖြင့် အရပ်သားအစိုးရ လက်အောက်ခံဝန်ထမ်း အဖွဲ့အစည်းသာ ဖြစ်သည်။ တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနှင့် ကာ ကွယ်ရေးကိုသာ တာဝန်ထမ်းရွက်ကြရသည်။

အရပ်သားအစိုးရနှင့် တပ်မတော်သည် လုံခြုံရေးနှင့် အေးချမ်းရေး ကို နီးကပ်စွာ တာဝန်ထမ်းဆောင်ကြရသော်လည်း တပ်မတော်သည် အစဉ် အမြဲ အစိုးရ၏အမိန့်ကိုသာ နာခံကြရသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတသည် စစ်သေနာပတိချုပ်၏ တာဝန်ကို ပူးတွဲထမ်းဆောင်ရသည်။

ဒီမိုကရေစီစံကိုက် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတိုင်းတွင် တပ်မတော်သားများသည် အုပ်ချုပ်ရေးယန္တရားများ၌ ပါဝင်ခွင့်မရှိသည့်အပြင် တာဝန်ထမ်းခွင့် မရှိချေ။ ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရာထူးကို တပ်မတော်သားများအား ခန့်အပ် တာဝန်ပေးခြင်း မရှိပေ။ ကာကွယ်ရေးဝန်ကြီးသည် အရပ်သားတစ်ဦးသာ ဖြစ်ရမည်။ နိုင်ငံရေးတာဝန် ထမ်းရွက်လိုသော တပ်မတော်သားတိုင်း တပ်မတော်မှ တရားဝင်နှုတ်ထွက် ပြီးမှသာ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ပြီး နိုင်ငံရေးတာဝန် ထမ်းဆောင် ရသည်။

သို့သော် လက်ရှိအနေအထားအရ တပ်မတော်သည် နိုင်ငံရေးလောကမှ ထွက်ခွာရန် စိတ်ကူးမရှိသေးပေ။ ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် တော်လှန် ရေးကောင်စီ အမည်ဖြင့် အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင် သည့် တပ်မတော်၏အင်အားသည် တစ်သိန်းကျော်မျှသာ ရှိသော်လည်း ယခုအခါ အင်အား ၄ သိန်းကျော် (ကြည်း-၃၇၅၀ဝ၀၊ ရေ-၃၆၀ဝ၀၊ လေ- ၂၅၀ဝ၀) အထိ တိုးချဲ့လာခဲ့သည်။ ၁၉၆၂ ခုနှစ်ထက် စစ်သည် အင်အား (၃) ဆမျှ ကြီးထွားလာခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ်မှစ၍ ကာကွယ်ရေးဌာန အထူးစစ်ဆင်ရေးအဖွဲ့ (၆)ခုအထိ တိုးချဲ့ ဖွဲ့စည်းခဲ့သည်။ စစ်တိုင်းကြီး (၉)တိုင်းကိုလည်း တိုင်း (၁၃) တိုင်းအဖြစ် တိုးချဲ့ခဲ့သလို ခြေမြန်တပ်မများကိုလည်း (၁၀)ခုအထိ တိုးချဲ့ခဲ့သည်။ ထို့ပြင် ၂၀ဝ၀ ပြည့်နှစ်၌ အထူးစစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့ သည် (၂၁) ခုအထိ တိုးပွားလာခဲ့သလို ၁၉၈၈ ခုနှစ် တပ်ရင်းစုစုပေါင်း (၁၉၈) ရင်းသာ ရှိခဲ့ရာမှ ယခုအခါ တပ်ရင်းပေါင်း (၆၀၅) ရင်းအထိ တိုး တက် များပြားလာခဲ့သည်။

၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ဆရာဝန်များ၊ အင်ဂျင်နီ ယာများကိုယ်တိုင် ဆန္ဒပြခဲ့မှုကြောင့် ယင်းကို သင်ခန်းစာယူပြီး နဝတ အစိုးရသည် တပ်မတော် ဗိုလ်သင်ကျောင်းများအပြင် တပ်မတော် ဆေး တက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာ ပညာသင်တန်းကျောင်း၊ စစ်အင်ဂျင်နီယာ သင်တန်းကျောင်းများကို ပြင်ဦးလွင်မြို့နှင့် အခြားမြို့များ၌ တိုးချဲ့ဖွင့်လှစ် ခဲ့သည်။ ယင်းသို့ သင်တန်းမျိုးစုံ ဖွင့်လှစ် တည်ဆောက်နေသည့်အတွက် မြန်မာ့ တပ်မတော်၏ ကာကွယ်ရေးအသုံးစရိတ်သည် အလွန်မြင့်မားလာခဲ့သည်။ ၂၀၁၄ ခုနှစ်က နိုင်ငံတော်ဘတ်ဂျက်၏ ၁၄ နှုန်းဖြစ်သော မြန်မာကျပ်ငွေ ၂ ဒသမ ၃၆ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၉ ဘီလီ) ကို သုံးစွဲခွင့်ရထားသည်။ ၂၀၁၆၊ ၂၀၁၇ ခုနှစ်၌ ဤစံနှုန်းအတိုင်းပင် သုံးစွဲခဲ့ ကြသည်။ ထို့ပြင် ခေတ်မီတပ်မတော် ဖြစ်စေရေးအတွက် လက်နက်ကြီးများနှင့် သံချပ်ကာများ၊ အပေါစားတင့်ကားများ၊ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ် များကိုလည်း ဝယ်ယူ ဖြည့်တင်းခဲ့ကြသည်။

တပ်မတော်သည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်း၊ မြဝတီဘဏ်လီမိတက်၊ တပ်မတော်အထည်ချုပ် စက်ရုံကုန်တိုက်ကြီးများနှင့် အခြားစီးပွားရေး လုပ်ငန်းများကို ထူထောင်ထား သည်။ တပ်မတော်ပိုင် စီးပွားရေး အဖွဲ့အစည်းကြီးများသည် သစ်လုပ်ငန်း၊ ကျောက်မျက်လုပ်ငန်း စသည့် သယံဇာတထုတ်လုပ်ရေးမှ ကူးသန်းရောင်းဝယ် ရေး လုပ်ငန်းများနှင့် အကျိုးအမြတ် အဖြစ်ထွန်းဆုံး စီးပွားရေးလုပ်ငန်း မှန်သမျှ လက်ဝါးကြီးအုပ် စိုးမိုးလုပ်ကိုင်ခွင့် ရရှိခဲ့သည်။

ယင်းသို့ မြန်မာ့နိုင်ငံရေးလောက၌ တပ်မတော် ပါဝင်ပတ်သက်ခဲ့မှု ကြောင့် မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် အောက်တန်းနောက်တန်းကျခဲ့ရ သည်ကို မည်သူမျှ မငြင်းနိုင်ပေ။ တိုင်းပြည်၏စီးပွားရေး တစ်ခုလုံး အောက် ဆုံးသို့ ရောက်သွားသည့်အတွက် ပြည်သူလူထုသည် ဆင်းရဲမွဲတေ ဒုက္ခ ပင်လယ်ဝေခဲ့ရသည်။ နိုင်ငံ၏အညွန့်အဖူး လူငယ်များသည် ဘွဲ့ရ ပညာ မတတ်ဘဝသို့ ရောက်ရှိကာ တိုင်းခြား၌ သူ့ကျွန်ခံနေရသည်မှာ ယနေ့ တိုင်အောင် ဖြစ်သည်။  NLD အစိုးရသက်တမ်း ၂ နှစ်ကျော် ရှိခဲ့သည့်တိုင် အလုပ်သမားများ၏ ထိုအခြေခံ လစာ ၅၀ဝ၀ ကျပ် ရရှိရေးကို အာ မခံ နိုင်သေးသလို အလုပ်အကိုင်ရရှိရေးကိုလည်း မဖန်တီးနိုင်သေးပေ။ သို့သော် စစ်အာဏာရှင်နှင့် ခရိုနီလူတန်းစားများသည် ထားစရာမရှိအောင် ကျိကျိတက် ချမ်းသာ ကြွယ်ဝခဲ့ကြသည်မှာ မြင်မကောင်းပေ။

၁၉၆၂ ခုနှစ်မှ တာဝန်ယူခဲ့သော စစ်ခေါင်းဆောင်များ၏ အမှား အယွင်းကို ယနေ့တပ်မတော်ခေါင်းဆောင်များသည် သင်ခန်းစာယူ၍ နိုင်ငံ တော် ချစ်စိတ်ဖြင့် အဖတ်ဆယ်ရမည့်အချိန် ရောက်နေပြီဖြစ်သည်။ တစ် နည်းဆိုရသော စစ်အာဏာရှင်အဆက်ဆက် ခေါင်းဆောင်များ၏ အစီအမံ ညံ့ဖျင်းမှုများ၊ အလွဲသုံးမှုများ၊ အခွင့်ထူးခံမှုများ၊ ကိုယ်ကျိုးရှာမှုများကို သိ မြင်ပြီး ပြုပြင်ပြောင်းလဲရန် အားထုတ်ကြရမည့်အချိန် ဖြစ်သည်။

မည်သို့ဆိုစေ စစ်အာဏာရှင် စနစ်ဆိုးကို ဖယ်ရှား၍ ပြည်သူလူထု အကျိုး၊ နိုင်ငံတော်၏အကျိုးကို သယ်ပိုးလိုသော မူဝါဒပြောင်းလဲလာသည့် သူရ ဦးရွှေမန်းကဲ့သို့ တပ်မတော်ဗိုလ်ချုပ်များကို ကြိုဆို၍ ထိုက်တန်သည့်နေရာ ပေးရမည်မှာ အထူးပင် အရေးကြီးလှပေသည်။