Breaking News

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သင်ခန်းစာယူတတ်လျှင်ယူရန်

Hugo Chavez (left) and Alvaro Uribe

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) - သင်ခန်းစာယူတတ်လျှင်ယူရန် 

ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ – အခန်းဆက် ၃၂
(မိုးမခ) မေ ၃၊ ၂၀၁၉

Steven Levitsky နှင့် Daniel Ziblatt တို့ရေးသားသော HOW DEMOCRACIES DIE စာအုပ်မှ Saving Democracy အခန်းကို ဆက်လက်၍ ဘာသာပြန်ခြင်းဖြစ်သည်။

ဗင်နီဇွဲလားနိုင်ငံ (Venezuela) တွင် ဟူဂိုရှာဗက် (Hugo Chavez) သည် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်ခြင်းကို ဒီမိုကရေစီဘက်သားများက တော်လှန်ရန်ကြိုးပမ်းခြင်းသည် ကျရှုံးခဲ့ရသည့်အကြောင်းနှင့် ကိုလံဘီယာနိုင်ငံတွင် သမ္မတအယ်(လ)ဘာရို (President Alvaro) အာဏာရှင်ဆန်ဆန်အုပ်ချုပ်ခြင်းကို တော်လှန်သည့်ဖြစ်ရပ်တွင် ဒီမိုကရေစီဘက်သားများက အောင်မြင်ခဲ့သည်။ ထိုအဖြစ်အပျက်နှစ်ခုကို နှိုင်းယှဉ်၍ လေ့လာကြည့်ပါမည်။

ဗင်နီဇွဲလားနိုင်ငံတွင် ဟူဂိုရှာဘက် စတင်အုပ်ချုပ်စဉ်က ဒီမိုကရေစီစနစ်ဖြစ်ခဲ့ပါသည်။ သို့သော် ဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်နေစဉ်ပင်လျှင်၊ သူ့ကိုပြည်သူလူထုက ကြိုက်နှစ်သက်ခြင်းကို အခွင့်ကောင်းယူ ၍၊ သူသည် အာဏာရှင်စနစ်ဘက်သို့ ဦးတည်နေခြင်းကို နိုင်ငံရေးသိပ္ပံပညာရှင်များကမြင်သည်။ ထို့ကြောင့် နိုင်ငံတွင် အာဏာရှင်စနစ်မလွှမ်းမိုးမှီ၊ ၄င်းကို ကာကွယ်သည့်အနေဖြင့် ဖယ်ပစ်ရန်ကြိုပမ်းကြသည်။ သို့သော် ယင်းကြိုးပမ်းမှုသည် မအောင်မြင်ရုံသာမက၊ အတိုက်အခံများသည် နာမည်ပျက်သွားကြသည်။ သူတို့ကို ဒီမိုကရေစီအတွက် ပြုလုပ်သည်ဟူသည်ကိုပင် သံသယဝင်လာကြသည်။ သို့သော် အတိုက်အခံ များသည် အားမလျော့ဘဲ ၂၀၀၂ ဒီဇင်ဘာတွင် အထွေထွေဆန္ဒပြပွဲတစ်ခုကို ဆင်းနွဲကြပြန်သည်။ ယင်းဆန္ဒ ပြပွဲသည် နှစ်လကြာခဲ့ပြီး၊ နိုင်ငံတော်ကို ဒေါ်လာ ၄၅ သန်း ဆုံးရှုံးစေခဲ့သည်။ ဟူဂိုရှာဗက် နှုတ်ထွက်ရန် ရည်ရွယ်ချက်သည် မအောင်မြင်ဘဲ ယင်းဆန္ဒပြပွဲသည်လည်း ပျက်ပြားသွားခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ရှာဗက်ဆန့်ကျင်ရေး (Anti-Chavez) ဆန့်ကျင်ရေးအဖွဲ့တို့သည် ရွေးကောက်ပွဲ များကို သပိတ်မှောက်ကြပြန်သည်။ ထိုသို့ပြုလုပ်ခြင်းကြောင့် ရှာဗက်အဖွဲ့သည် လွှတ်တော်တွင် ပို၍အသာစီး ရလာသည်။ အတိုက်အခံ၏လုပ်ဆောင်ချက်သုံးခုဖြစ်သော - စစ်တပ်မှအာဏာသိမ်းပွဲလုပ်ရန် ကြိုးပမ်းခြင်း၊ ဆန္ဒပြခြင်း၊ ရွေးကောက်ပွဲများကို သပိတ်မှောက်ခြင်းတို့သည်၊ အတိုက်အခံများအဖို့ ဆုုံးရှုံးရာသာမက၊ နာမည်ပျက်ခြင်းသာ အဖက်တင်သည်။ ရှာဗက်ပြုတ်မကျသည့်အပြင် ပို၍ပင်အားကောင်းလာသည်။ ရှာဗက်သည် အတိုက်အခံများအား ဒီမိုကရေစီဆန့်ကျင်သောသူများဟူ၍ သမုတ်နိုင်သွားသည်။ ရှာဗက်သည် စစ်တပ်၊ ရဲတို့နှင့် တရားရုံးတို့အား သန့်စင်ပစ်ရန် အခွင့်အလမ်းများရရှိသွားသည်။ ဖမ်းစီးခြင်း၊ ပြည်နှင်ဒဏ် ပေးခြင်းနှင့် လွတ်လပ်သော မီဒီယာများကို ပိတ်ပင်ခြင်းတို့ကိုပါ ပြုလုပ်နိုင်သွားသည်။ အတိုက်အခံအဖွဲ့များ သည် အင်အားလျော့၊ နာမည်ပျက်ပြီး၊ နောက်ပိုင်းတွင် ရှာဗက်အစိုးရ၏ အာဏာရှင်ဖြစ်သွားခြင်းကို မတားဆီးနိုင်ဖြစ်သွားခဲ့လေသည်။

ဤသည်ကား ဗင်နီဇွဲလားနိုင်ငံတွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။ သမ္မတ အယ်(လ)ဘာရို (Alvaro) လက်ထက် ကိုလံဘီယာ (Colombia) နိုင်ငံတွင်၊ အတိုက်အခံတို့၏ ဗျူဟာသည် ပို၍အောင်မြင်သည်ကို တွေ့ရသည်။ ဖြစ်ပုံမှာ ဤသို့ဖြစ်၏။

၂၀၀၂ တွင် အယ်(လ)ဘာရိုယူရိ (Alvaro Uribe) သည် ပြည်သူလူထုရွေးကောက်၍ တက်လာ သော ခေါင်းဆောင်ဖြစ်သည်။ ဒီမိုကရေစီစနစ်အရ ရွေးကောက်ခံ၍တက်လာသော သမ္မတ အယ်(လ)ဘာရို သည် အာဏာရှင်စနစ်သို့ ဦးတည်သောလုပ်ရပ်များကို လုပ်လာသည်ကို တွေ့ရသည်။ အယ်(လ)ဘာရို၏ အဖွဲ့က အစိုးရကို ဝေဖန်သူအားလုံးကို တိုက်ခိုက်သည်။ ဖောက်ပြန်ရေးသမားများ၊ အကြမ်းဖက်သမားများ ဟူ၍သမုတ်သည်။ ၄င်းပြင် အယ်(လ)ဘာရို၏ အဖွဲ့သားများသည် အတိုက်အခံများနှင့် သတင်းသမားများ ကို တိတ်တဆိတ်သူလျှိုလုပ်သည်။ စောင့်ကြည့်သည်။ ထောက်လှမ်းသည်၊ တရားရုံးများကိုလည်း အင်အားလျော့အောင် အမျိုးမျိုးလုပ်သည်။ အခြေခံဥပဒေကိုလည်း၊ သူ့စိတ်ကြိုက်အရာရာကို လုပ်နိုင် အောင် ပြင်ဆင်ဖို့ကြိုးပမ်းသည်။ ကိုလံဘီယာနိုင်ငံ၏ အတိုက်အခံများသည် နိုင်ငံတော်တရားရုံးတော်နှင့် တရားသူကြီးများထံတွင် ဥပဒေနဲ့အညီ အရေးယူဖို့သာ တောင်းဆိုခြင်းဖြင့် တုန့်ပြန် ဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော်တရားရုံးတော်ကလည်း ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့သည်။ သမ္မတ အယ်(လ)ဘာရို၏ အစိုးရသည် အတိုက်အခံများကို ဥပဒေကို ဆန့်ကျင်သောသူများ၊ ဒီမိုကရေစီ၏ အတိုက်အခံများဟူ၍ စွပ်စွဲ ဖို့ တော်တော်ခက်သွားစေပါသည်။ အစိုးရအနေဖြင့် သူပုန်များကို နှိမ်နင်းသကဲ့သို့ ပြုကျင့်ရန် တရားသော နည်းလမ်းမရှိဖြစ်သွားစေသည်။ ကိုလံဘီယာနိုင်ငံ၏ ဒီမိုကရေစီအဖွဲ့အစည်းများသည် ဥပဒေအရိပ်အောက် တွင် ဆက်လက်၍တည်ရှိနေနိုင်လေသည်။

၂၀၁၀ ဖေဖော်ဝါရီလတွင် သမ္မတကပြင်ဆင်ရန် ကြိုးပမ်းခဲ့သော အခြေခံဥပဒေကိုသုံးရန် အတိုက်အခံသည် အခွင့်အလမ်းရရှိခဲ့သည်။ သမ္မတအယ်(လ)ဘာရို သည် နှစ်ကြိမ်တိုင်တိုင်ရွေးကောက်ခံ ခဲ့ပြီး၊ တတိယအကြိမ် ရွေးကောက်ခံရန် ကြိုးပမ်းပြန်သည်။ ထိုအခါ အတိုက်အခံများက အခြေခံဥပဒေနှင့် မညီညွှတ်ကြောင်းကို ထောက်ပြ၍၊ သမ္မတ အယ်(လ)ဘာရိုကို ထွက်ခိုင်းခဲ့သည်။ ဤနည်းဖြင့် သမ္မတ အယ်(လ)ဘာရိုသည် နောက်ဆုံးတွင် ထွက်ခဲ့ရသည်။

ယူရမည့်သင်ခန်းစာမှာ ဤသို့ဖြစ်သည်။

အဖွဲ့အစည်းများကို သုံးနိုင်သော နည်းလမ်း၊ အခြေခံဥပဒေကိုသုံးနိုင်သော နည်းလမ်းရှိနေသ၍၊ ဤနည်းလမ်းများကို မပစ်ပယ်ဘဲသုံးရန်ဖြစ်သည်။

ထို့နောက် ဤစာအုပ်ကိုရေးသားသူများသည် အမေရကန်နိုင်ငံတွင် သမ္မတထရမ့်ကိုဖြုန်ရန်နှင့် ဒီမိုကရေစီပြန်လည်ထွန်းကားသောနည်းဗျူဟာများကို ဆက်လက်၍ဆွေးနွေးသည်။

သမ္မတထရမ့် ပြုတ်လျှင်ပြီးရောဟူသော အတွေးဖြင့် မည်သည့်နည်းကိုမဆိုသုံးမည်ဆိုလျှင်၊ ရေရှည် အတွက် မကောင်းပါ။ ဖြစ်နိုင်သော အရာတစ်ခုမှာ - သမ္မတထရမ်း၏နေရာကို တက်လာသော ကိုယ့်စိတ်ကြိုက် သမ္မတသည် မည်သည့်နည်းကိုမဆို သုံးနိုင်သော၊ သုံးခွင့်လျှင် ရှိသော အတိုက်အခံဖြင့် တွေ့နိုင်သည်။ ထိုအခါ ဒီမိုကရေစီစံနှုန်းများ ပျက်စီးခြင်းသာ အဖတ်တင်သွားမည်။ ရရှိသော ဒီမိုကရေစီ စနစ်သည် ဒီမိုကရေစီကို ကာကွယ်သည့်အဖွဲ့အစည်းများမရှိသော ဒီမိုကရေစီဖြစ်၍၊ ဘာတွေဖြစ်လာနိုင် သည်ကို ရေးသားဖော်ပြခဲ့ပြီးဖြစ်လေသည်။ (ဒီမိုကရေစီကို စောင့်ရှောက်ပေးသော အဖွဲ့အစည်းများမရှိခဲ့ လျှင် - ဟူသော ခေါင်းစဉ်တွင်ကြည့်ပါ။)

ထို့ကြောင့် သမ္မတထရမ့်ကို ဆန့်ကျင်သော အတိုက်အခံများသည် ဆန့်ကျင်ဘက်အလုပ်နှင့်အတူ နှစ်ဦးနှစ်ဖက်သည်းခံခြင်းနှင့် အဖွဲ့အစည်းများပေါ် စိတ်ရှည်၍လက်ခံခြင်းဟူသော စံနှုန်းများကို ပါမပျက် အောင် ထိန်းသိမ်းသည့်အလုပ်ကိုပါ ပြိုင်တူလုပ်ရမည်ဖြစ်သည်။ ပိုတော့ခက်ပါလိမ့်မည်။ သို့သော ရေရှည် အတွက် ကောင်းကျိုးဖြစ်နိုင်သောနည်းသည် ဤနည်းသာရှိပါသည်။ ဤသို့မပြုကျင့်နိုင်လျှင် နောင်တွင် ထရမ့်ထက်ပိုဆိုးသော သမ္မတနဲ့သာတွေ့နိုင်သည်။ အချုပ်အားဖြင့်ဆိုရသော် ထရမ့်ကိုဆန့်ကျင်သော အတိုက်အခံများသည် လွှတ်တော်၊ တရားရုံးနှင့် ရွေးကောက်ပွဲနည်းလမ်းများကိုသာသုံးရမည်ဖြစ်သည်။

ဤဆောင်းပါးကို ပြန်လည်၍ချုပ်ရလျှင် -

ကမ္ဘာပေါ်တွင် အာဏာရှင်အစိုးရကို ဆန့်ကျင်၍ ဒီမိုကရေစီစနစ်ကို ထူထောင်ရာတွင် ကျရှုံးခဲ့ သော ဥပမာနှင့်အောင်မြင်ခဲ့သော ဥပမာနှစ်ခုကို လေ့လာကြည့်သော်၊ ကျရှုံးသော ဥပမာသည် သမ္မတ ရှာဗက်လက်ထက် ဗင်နီဇွဲလားနိုင်ငံနှင့် အောင်မြင်သော ဥပမာအနေဖြင့် သမ္မတ အယ်(လ)ဘာရို လက်ထက် ကိုလံဘီယာနိုင်ငံဖြစ်သည်။

ထိုမှတစ်ဆင့် ယူရမည့်သင်ခန်းစာမှာ - အာဏာရှင်အစိုးရကို ပြုတ်ကျစေးပြီး၊ ပြုတ်ကျစေပြီး၊ ဒီမိုကရေစီပြန်လည်ထွန်းကားလိုသော အတိုက်အခံများသည် တရားဝင်အဖွဲ့အစည်းများနှင့် အခြေခံဥပဒေ ရှိနေသ၍ ရှိသလောက်ကိုသုံးရန် ဖြစ်သည်။ ထိုနည်းတူစွာ လွှတ်တော်၊ တရားရုံး၊ ရွေးကောက်ပွဲ နည်းလမ်း များကိုသာသုံးရန်ဖြစ်သည်။

အတိုက်အခံများသည် ဒီမိုကရေစီ၏စံနှုန်းနှစ်ခုဖြစ်သော နှစ်ဦးနှစ်ဖက်သည်းခံခြင်းနှင့်အဖွဲ့အစည်း များအပေါ် နားလည်စိတ်ရှည်ခြင်းတို့ကို မပျက်စေအောင် ပိုမို၍ပင် အင်အားကောင်းလာအောင် အတိုက် အခံများက ကြိုးပမ်းရမည်။ ဤအလုပ်သည် ပို၍တော့ခက်ပါသည်။ သို့သော် ရေရှည်ကောင်းကျိုးအတွက် လုပ်ရပါလိမ့်မည်။

ကိုယ်မကြိုက်သည့် ခေါင်းဆောင်ပြုတ်လျှင် ပြီးရောပြီးရောဟူ၍ ဘယ်နည်းလမ်းမဆို၊ တရားသည် ဖြစ်စေ မရားသည်ဖြစ်စေ သုံးခြင်းကြောင့်ရရှိသော ရလဒ်တစ်ခုမှာ၊ ကိုယ်ထောက်ခံသော ခေါင်းဆောင် သည်လည်း၊ ထိုကဲ့သို့သော အတိုက်အခံဖြင့်သာတွေ့နိုင်သည်။ ထိုအခါ ဒီမိုကရေစီပျက်စီးယိုယွင်းခြင်း သည်သာ အဖတ်တင်လိမ့်မည်။

(ဆက်လက်ဖော်ပြပါမည်)